Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“မိုးပြောင်းဖူးများထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ”

              မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် မိုးပြောင်းဖူးသီးနှံကို ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၈၀၈)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၁၇၆၁)ဧက၊မြစ်သား မြို့နယ်တွင်(၂၇၅)ဧက၊စုစုပေါင်း(၂၈၄၄)ဧကစိုက် စိုက်ပျိုးခဲ့ပြီး စဉ့်ကိုင်မြို့နယ်တွင်(၇၉)ဧက ရိတ်သိမ်းပြီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများ အရသိရှိရသည် ။ အများဆုံးစိုက်ပျိုးသော မျိုးများမှာ သကြားပြောင်းမျိုးဖြစ်ပြီး (၁)ဧက မျိုးအနေဖြင့် ပြောင်းဖူးစေ့(၈)ပြည် စိုက်ပျိုးရကြောင်း ၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည် လျှင်(၇၀၀၀/-)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ မေလတွင် စိုက်ပျိုးခဲ့သော မိုးပြောင်းဖူးများ သြဂုတ်လမှစတင်၍ ထွက်ရှိနေပြီး (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၆၀၀၀၀၀/-)ကျပ်အထိ ကုန်ကျကြောင်း ၊ (၁)ဧက အထွက်နှုန်း အနေဖြင့် ပြောင်းဖူးစုစုပေါင်း(၄၀၀၀-၄၅၀၀)ဖူးခန့် ထွက်ရှိ ကြောင်း ၊ ပြောင်းဖူးစျေးနှုန်းအနေဖြင့် တစ်ဖူးလျှင် လက်ကား(၄၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိ ကြောင်း၊ ပြောင်းဖူးပြုတ် တစ်ဖူးလျှင် (၇၀၀-၈၀၀)ကျပ် စျေးများဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း ၊ ပြောင်းဖူးသီးနှံကိုသ‌ရေစာအဖြစ် စားသုံးကြသလို ပြောင်းဖူးကြော်၊ ပြောင်းဖူးသုပ်၊ ပြောင်းဖူးထောင်း အနေဖြင့် အမျိုးမျိုး စားသုံးကြကြောင်း ၊ ပြောင်းဖူးကို ပွဲစားများမှ အခင်းထဲအရောက် လာရောက် ဝယ်ယူကြကြောင်း၊ ပွဲစားများမှတဆင့် ရန်ကုန်၊မန္တလေးမြို့များရှိ ကုန်စိမ်းသီးနှံပွဲရုံများသို့ တစ်ဆင့် ပြန်လည်ရောင်းချကြောင်း ၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး(၇၀၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်းပြောင်းဖူး စိုက်ပျိုးသောတောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

မုံရွာမြို့နယ်တွင် ရွှေဖရုံသီးများ စိုက်ပျိုးလျက်ရှိ

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်၊ သစ်စိမ့်၊ထနောင်းတောကျေးရွာတွင် နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင်  စိုက်ပျိုးလျက်ရှိရာ ညောင်ဖြူပင်ကျေးရွာတွင် ရွှေဖရုံသီး စိုက်ဧက ၃ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

          ရွှေဖရုံသီးကို ဇူလိုင်လတွင် စတင်စိုက်ပျိုး၍ အောက်တိုဘာလတွင် အသီးရင့်မှည့်ကာ ခူးဆွတ်နိုင်ကြောင်း၊ မျိုးအနေဖြင့် အလုံးပြား ရွှေဖရုံသီးမျိုးကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၁၀၀ ဂရမ်ပါအထုပ် ၁၆ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ပေခွဲအကွာ ကျင်းများတူး၍ အစေ့ချစိုက်ပျိုးရကြောင်း၊  စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၆ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်  တစ်ဧကလျှင် အလုံးရေ ၁၀၀၀-၁၅၀၀ ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ ဒုတိယပတ်တွင် ရွှေဖရုံသီးတစ်လုံးလျှင် အကြီး၊ အသေးအပေါ်မူတည်၍ လက်ကားဈေး ငွေကျပ် ၃၀၀၀-၄၀၀၀-၂၀၀၀-၁၀၀၀ ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၄ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် လက်လီ လက်ကားကုန်စိမ်းသည်များမှ စိုက်ခင်းအထိ လာရောက် ဝယ်ယူကြပြီး မုံရွာမြို့ပေါ်ရှိ ကုန်စိမ်း ပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ ရွှေဖရုံသီးပင် စိုက်ပျိုးခြင်းသည် အသီးများသာမက အညွန့် (အရွက်)များပါ ရောင်းချရသောကြောင့် အပိုဝင် ငွေများရရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့နယ်တွင် ဂန္ဓမာပန်း အဖြူနှင့် အဝါ စိုက်ပျိုးခြင်းဖြင့် ဈေးကောင်းရရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နဂါးတွင်းကျေးရွာတွင် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးမှုပုံစံ အနေဖြင့် မြေဘောင်တင်စနစ်၊ မြေအောက်ရေတင်စနစ်တို့ဖြင့် စိုက်ပျိူးကာ မြေအကျယ်အဝန်း ပေ ၄၀  ပတ်လည်တွင် အပင်အ‌ရေ အတွက် ၅၀၀၀ ခန့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

     ဂန္ဓမာပန်းကို မေလတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၄လအကြာ အောက်တိုဘာလတွင် ခူးဆွတ် ရောင်းချကြောင်း၊ မျိုးအနေဖြင့် ဂန္ဓမာပန်း အဖြူနှင့် အဝါမျိုးကို ယခင်နှစ် စိုက်ပျိုးပြီး အညွန့်ကိုဖြတ်၍ စိုက်ပျိုးခြင်းနှင့် ကိုင်းကိုဖြတ်၍ ကျန်သည့်အမြစ်ပါသော ကိုင်းများကို ပျိုးထောင်၍လည်း စိုက်ပျိုးကြ ကြောင်း၊ စိုက်ပျိုးပြီး ပန်းပင်များကို  ၅ရက်-၇ရက်ခြား တစ်ကြိမ် ပိုးသတ်ဆေး ဖြန်းပေးရပြီး ဂန္ဓမာပန်း စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မြေဘောင်တင်ခြင်း၊ မြေပြုပြင်ခြင်း၊ သွင်းအားစု၊ ရေတင်သွင်းခြင်း၊ လုပ်သားခအပါအဝင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ ဂန္ဓမာပန်း အဖြူ၊ အဝါ အရောင်း အဝယ်ဖြစ်သည့်ဈေးနှုန်းအနေဖြင့် ပန်း ၆ပွင့်-၇ပွင့်ပါ တစ်စည်းလျှင် ၁၅၀၀ ကျပ် ရောင်းချရကြောင်း၊ ပန်း ၁၀ ပွင့် ၁၅ ပွင့်ပါတစ်စည်းလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ထိ ရောင်းချရပါကြောင်း၊ အကျိုးအမြတ်အနေဖြင့် သိန်း ၂၀ ကျော်ရရှိကြောင်း ၊ ဂန္ဓမာပန်းပင်ကို တစ်ခါစိုက်ပျိုးပြီး ပြစုပျိုး ထောင်မှုကောင်းမွန်လျှင် သုံးသားအထိ ချိုးယူခူးဆွတ်နိုင်ပြီး ပန်းစပွင့်သည်မှ ၄ ရက်ခြားတစ်ကြိမ် ခူးဆွတ်နိုင်ကြောင်း၊ ပန်းအဝယ်ဒိုင်များက စိုက်ခင်းသို့ လာရောက် ဝယ်ယူကြပြီး ထို့မှတစ်ဆင့် မုံရွာမြို့ရှိ ပန်းဈေးကွက်များသို့ ပြန်လည်၍ တင်ပို့ရောင်းချကြကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဒေသထွက်ကုန် ရွှေဘိုပေါ်ဆန်းစပါး/ဆန် ဈေးနှုန်းနှင့် ဆန်စီးထွက်မှုအခြေအနေ

 

         စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခု ဖြစ်သည့်အတိုင်း ရွှေဘိုခရိုင် သည်လည်း စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် ရပ်တည်လျှက် ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် သဖန်းဆိပ်ဆည်ရေသောက် လယ်ဧက (၄.၄)သိန်းခန့်တွင် ရွှေဘိုပေါ်ဆန်းစပါးကို ဧက(၃)သိန်း ခန့်  နှစ်စဉ် စိုက်ပျိုးလျက်ရှိပါသည်။

          ရွှေဘိုခရိုင်တွင် စက်တင်ဘာလ ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် (၆၂၀၀၀၀၀)ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၂၃၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး၊ဒေသတွင်းသာမက ပိုလျှံသော ဆန်များကို အခြားတိုင်း/ပြည်နယ် ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

ယခု ၂၀၂၆ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန် စီးထွက်မှုမှာ ရန်ကုန်သို့ (2၅၀၄၄)အိတ်၊ မန္တလေးသို့ (၅၆၁၈) အိတ်၊ နေပြည်တော်သို့ (၇၃၂) အိတ် ၊ပဲခူးသို့ (၃၉၃)အိတ်၊ ပြည်သို့ (၂၆၀)အိတ်၊ တောင်ငူသို့ (၃၀၀)အိတ်၊ကျောက်ပန်းတောင်းသို့ (၂၈၀)အိတ်၊  မိတ္ထီလာသို့ (၉၀)အိတ်၊ ကရင်ပြည်နယ် ဘားအံမြို့သို့ (၃၁၃၅)အိတ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ (၄၉၈၀)အိတ်၊ဧရာဝတီသို့ (၁၅၀)အိတ်၊ ကချင် ပြည်နယ်သို့  (၁၄၀)အိတ်၊ မူဆယ်သို့ (၁၃၀)အိတ်၊  မွန်ပြည်နယ်သို့ (၃၆၈၀)အိတ်၊ မကွေးတိုင်းသို့ (၈၉၅)အိတ်၊ စုစုပေါင်း အိတ်ရေ (၄၅၈၂၇)၊ တန်အားဖြင့် (2၂၉၁)တန် စီးထွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၇-၉-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၇ -၉ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစင်းငုံနီများ ဈေးအမြင့်တန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်စည်ဒိုင်တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်) တွင်  ပဲစင်းငုံနီ ဈေးနှုန်းမှာ တစ်တင်း(၂၀ပိဿာ)လျှင် ကျပ်(၁၁၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ် နေပါသည်။ ယခင်လ(ဩဂုတ်လ)တွင် ပဲစင်းငုံနီတစ်တင်းလျှင် ကျပ်(၁၀၀၀၀၀)ဝန်းကျင်သာ ဈေး ပေါက်ခဲ့သဖြင့် ကာလတူဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၁၀၀၀၀)ကျော် သိသာစွာ ဈေးနှုန်းမြင့် တက် လာကြောင်း တွေ့ရပါသည်။ယခင်နှစ် (၂၀၂၅)ခုနှစ်မှာလည်း ပဲစင်းငုံနီ တစ်တင်းလျှင် ကျပ်(၇၀၀၀၀- ၇၅၀၀၀)ဈေးသာ ပေါက်ခဲ့သဖြင့် ယခင်နှစ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၃၅၀၀၀-၄၀၀၀၀)ကျော် ဈေးနှုန်း မြင့်တက်လာကြောင်း တွေ့ရပါသည်။

ဈေးကွက်သုံးသပ်ချက်

စက်တင်ဘာလဆန်းပိုင်းမှစ၍ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံ၏ ဝယ်လိုအား ပြန် လည်မြင့်တက်လာခြင်းနှင့် ရန်ကုန်၊ မန္တလေး ကုန်စည်ဒိုင်များ၏  ဈေးကွက်လှုပ်ခတ်မှုများကြောင့် နယ်မှ ကုန်စည်ဒိုင်များပါ ဈေးနှုန်းလိုက်ပါမြင့်တက်လာခြင်း၊  ပဲစင်းငုံနီသည် ရာသီကုန်ခါနီးဖြစ် သဖြင့် ကုန်သည်များနှင့် လှောင်လက်များထံတွင် ပဲလက်ကျန်နည်းပါးလာခြင်းကြောင့် ဈေးမြင့် တက်ခြင်းဖြစ်သည်။

ဈေးကွက်အလားအလာ

ပဲစင်းငုံနီသည် ပြည်ပ(အိန္ဒိယ)နိုင်ငံ၏ လိုအပ်ချက်အပေါ် မှီခိုနေရသဖြင့် လာမည့် အောက်တို ဘာလအတွင်း အိန္ဒိယဘက်က ဝယ်လိုအား ဆက်ရှိနေဦးမည်ဆိုပါက ယခုရရှိထားသော အမြင့် ဈေးတန်း ကျပ်(၁၀၀၀၀၀)ကျော်အထက်တွင် ဈေးဆက်လက်မြင့်တက်နိုင်သည်။လာမည့် (ဇန်နဝါရီ/ ဖေဖော်ဝါရီ)သီးနှံအသစ် ပြန်မပေါ်မီအထိ ပဲလက်ကျန် နည်းပါးမှုကြောင့် အရောင်းအဝယ်အေးနိုင် သော်လည်း ဈေးနှုန်းသိသိသာသာ ထိုးကျသွားရန်မရှိဘဲ ဆက်လက်၍ဈေးမြင့်တက်နိုင်ကြောင်း ကုန်သည်များ၏ သုံးသပ်ချက်အရသိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်တွင် ပြည်တွင်းစားသုံးမှုအားကောင်းသော ကုလားပဲများ ဈေးကောင်းရနေပြီး အရောင်းအဝယ်သွက်

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်စည်ဒိုင်တွင်  အရောင်းအဝယ်အများဆုံးဖြစ်သည့် ကုလား ပဲနှစ်မျိုးမှာ ကုလားပဲ(929) နှင့် ကုလားပဲလုံးဖြူ(V6)တို့ဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ကုလားပဲဈေးနှုန်းမှာ ကုလားပဲ(929)တစ်တင်း(၁၉) ပိဿာလျှင် ကျပ်(၈၀၅၀၀)၊ ကုလားပဲလုံးဖြူ(V6)တစ်တင်းလျှင် ကျပ်(၈၃၀၀၀-၈၃၅၀၀) ဈေးပေါက် နေပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကျပ်(၂၀၀၀) ဈေးမြင့်တက်လာကြောင်း တွေ့ရ သည်။

ဈေးကွက်သုံးသပ်ချက်

ရန်ကုန်ဘုရင့်နောင်ဈေးကွက်နှင့် မန္တလေးကုန်စည်ဒိုင်တို့တွင် ကုလားပဲဈေးနှုန်းများ အား ကောင်း လာခြင်းကြောင့် ပဲခွဲစက်သမားများ၊ ကုန်သည်များ ဒေသအစုံမှ အဝယ်လိုက်လာခြင်း၊ ပြည်တွင်းကုလားပဲခွဲစက်များ ပုံမှန်လည်ပတ်ရန်အတွက် ကုန်ကြမ်းဝယ်လိုအားရှိနေသည့်အပြင် လက်ရှိတွင် ရာသီကုန်ခါနီးဖြစ်၍ ပဲလက်ကျန်နည်းလာခြင်းကြောင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်သည်။

ဈေးကွက်အလားအလာ

ကုလားပဲဈေးနှုန်းမှာ ပဲခွဲစက်များ၏ အဝယ်ပုံမှန်ရှိခြင်းနှင့် ကုန်သည်များထံတွင် ပဲလက်ကျန် နည်းလာခြင်းကြောင့် စက်တင်ဘာလလယ်အထိ လက်ရှိအမြင့်ဈေးတန်းတွင် တည်ငြိမ်နိုင် (သို့) အနည်းငယ်မြင့်တက်နိုင်ခြေရှိသည်။ သို့သော်လည်း ကုလားပဲသည် ပြည်ပပို့ကုန်ထက် ပြည်တွင်း စားသုံးမှုအပေါ် ပိုမိုမှီခိုနေရသဖြင့် အခြားပဲကြီးများ (မတ်ပဲ၊ ပဲစင်းငုံ)ကဲ့သို့ ဈေးနှုန်းအဆမတန် မြင့်တက်သွားရန် အလားအလာ နည်းပါးပြီး တည်ငြိမ်သောဈေးနှုန်းတွင် အတက်အကျရှိနိုင်သည်ဟု ကုန်သည်များ၏ သုံးသပ်ချက် အရ သိရပါသည်။

DOCA(မကွေး)

ပခုက္ကူဈေးကွက်သို့ ဆောင်းမြေပဲတောင့် (အခြောက်)များ ပုံမှန်ဝင်ရောက် အရောင်း အဝယ်ဖြစ်လျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်သည် ဆီထွက်သီးနှံဖြစ်သော မြေပဲကို အဓိကအားထား စိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပါသည်။ ဧရာဝတီမြစ်ကမ်းဘေးရှိ မြစ်ရေဝင် မြေနု ကျွန်းမြေများဖြစ်သော ကုက္ကိုလှရွာ၊ ကျွန်းညိုကြီးရွာ၊ သံပရာပင်ကုန်းရွာ၊ မြင်းကျွန်းရွာ၊ ကျွန်းညိုရွာ၊ မှိုက်ပင် ကုန်းရွာတို့သည် မိုးမြေပဲ၊ ဆောင်းမြေပဲများကို လှိုင်လှိုင်စိုက်ပျိုးကြသည်။ မြစ်ခြေနှင့် ကမ္မ မြို့အတွင်းရှိ  ကျေးရွာများတွင် မိုးမြေပဲ၊ ဆောင်းမြေပဲနှင့် သုံးလမြေပဲများကို စီးပွားဖြစ် အမြောက် အမြား စိုက်ပျိုးကြပြီး ပခုက္ကူကုန်စည်ဒိုင်/ပွဲရုံများသို့ မြေပဲတောင့်များအဓိက အများဆုံးလာရောက် ရောင်းချသော  ဒေသများဖြစ်ပါသည်။

     ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ(ဒုတိယပတ်)တွင်  ပခုက္ကူကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်သို့ ဝင် ရောက်လာသော မြေပဲတောင့်ဈေးနှုန်းမှာ အမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ လျှင် (၄၇၀၀ - ၆၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက (၁၀၀၀)ကျပ်ဝန်းကျင်ခန့် ဈေးအနည်းငယ်မြင့်တက်လျက်ရှိပြီး မြေပဲဆံ တစ်ပိဿာ လျှင် (၁၁၀၀၀  မှ ၁၄၂၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

ဈေးကွက်သုံးသပ်ချက်

       ပခုက္ကူဈေးကွက်သို့ ယခု ဝင်ရောက်နေသော မြေပဲများမှာ  မိုးမြေပဲ (ပဲသစ်)များ မဟုတ်သေး ဘဲ ယခင်ရာသီက ကျန်ရှိနေသည့် ဆောင်းမြေပဲ/စကမြေပဲ (ပဲဟောင်း)များသာဖြစ်သည်။ လက်ရှိ စက်တင်ဘာလသည် မိုးမြေပဲများ ရိတ်သိမ်းရန် လိုနေသေးသည့်အချိန်ဖြစ်၍ ဈေးကွက်အတွင်း ပဲလက်ကျန် နည်းပါးနေချိန်ဖြစ်သည်။ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကြောင့် ပခုက္ကူမြို့ပေါ်ရှိ ဆီစက်များနှင့် ဆုံဆီလုပ်ငန်းများက မြေပဲဆံကို အဝယ်လိုက်ခြင်းကြောင့် ပဲဈေးနှုန်းများမြင့်တက် နေခြင်း ဖြစ်သည်။

ဈေးကွက်အလားအလာ

      ပဲသစ်များ လှိုင်လှိုင်ပေါ်လာချိန် ဈေးနှုန်းအနည်းငယ်ပြန်အေးသွားနိုင်သော်လည်း  ပြည်တွင်း စားသုံးသူများ၏  မြေပဲဆီသန့် စားသုံးမှု မြင့်တက်လာခြင်းနှင့် ဒေသတွင်းဝယ်လိုအား ကောင်းမွန်မှု တို့ကြောင့် စိုက်ပျိုးတောင်သူနှင့်ကုန်သည်များအနေဖြင့် လက်ရှိအချိန်တွင် ပဲဟောင်းလက်ကျန် နည်းပါးနေခြင်းက ဈေးဆက်လက်မြင့်တက်နိုင်ကြောင်း ကုန်သည်များ၏ သုံးသပ်ချက်အရ သိရ ပါသည်။

DOCA(မကွေး)

 

လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

             ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် ၁.၉.၂၀၂၆ ရက်နေ့မှ ၇.၉.၂၀၂၆ ရက်နေ့ထိ သစ်သီးအဝင်များမှာ ပြည်မှ သြဇာသီး ခြင်းတစ်ခြင်း ကျပ် ၁၃၀၀၀၊ တောင်ကြီးမှ ထောပတ်သီး တစ်လုံး ကျပ် ၁၀၀၀-၁၃၀၀၊ မန္တ‌လေးမှ သင်္ဘောသီး ကျပ် ၂၀၀၀-၄၀၀၀၊ တိုက်ကြီးမှ ကလောဥ တစ်ပိဿာ ကျပ် ၂၀၀၀၊ ပုပ္ပါးမှ နဂါးမောက်သီး ဂျပ်ဖာ ကျပ် ၂၅၀၀၀-၂၀၀၀၀၊ ‌ မော်လမြိုင်မှ ကျွဲကောသီး (၁)လုံး ကျပ် ၁၅၀၀-၃၀၀၀-၆၀၀၀၊ တန့်ယန်းမှ နာနတ်သီး ကျပ် ၁၀၀၀-၃၀၀၀-၅၀၀၀၊ ရေးမှ ဒူးရင်းသီး တစ်လုံးကျပ် ၁၅၀၀၀-၂၅၀၀၀၊ မန္တလေးမှ မာလာကာသီး အိတ်ကြီး တစ်အိတ် ကျပ် ၈၀၀၀၀၊ သဲတောမှ ဖရဲသီး (211) တစ်လုံး ကျပ် ၃၀၀၀-၇၀၀၀-၉၀၀၀၊  အောင်ပန်းမှ လိမ္မော်သီး တစ်လုံး ကျပ် ၁၅၀၀-၂၀၀၀၊ ရှမ်းပြည်မှ သရက်သီး တစ်သေတ္တာကျပ် ၅၀၀၀၀-၇၀၀၀၀၊ ရှမ်းပြည်မှပန်းသီး (၁)လုံး ကျပ် ၃၀၀၀-၄၅၀၀ တို့ရှိကြောင်း သစ်သီးဈေးနှုန်းများ သည် ဈေးနှုန်းမြင့်တက်မှုမရှိဘဲ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းများ အနည်းငယ်သာ ပြောင်းလဲကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီး ဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။                                                                           DOCA (ရန်ကုန်)

 

မြစ်ကြီးနားမြို့ပေါ်ရှိ စားဖိုဆောင်သီးနှံဈေးနှုန်း အနည်းငယ်ကျဆင်းလာ

      ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဈေးများတွင် စားဖို‌ဆောင်သီးနှံများဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်နှင့် ခရမ်းချဉ်သီးများသည် စားသုံးသူပြည်သူများအတွက် နေ့စဉ် မရှိ မဖြစ်လိုအပ်သော အဓိကသီးနှံများဖြစ်သည်။ ကချင်ပြည်နယ်တွင် အဓိကဝင်ရောက်သည့် မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတွင်  လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် စားဖိုဆောင်သီးနှံ များအပြင် အခြားကုန်စည်များ ဝင်ရောက်မှုအလွန်နည်းပါးလျက်ရှိပြီး ယခုစက်တင်ဘာလတွင် လမ်း ကြောင်းပေါ်ရှိ ယာဉ်တစ်ချို့မှာ မြစ်ကြီးနားမြို့သို့  ‌ရောက်ရှိလာသဖြင့် အခြေခံစားကုန်ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း  သိရှိရသည်။

          မြစ်ကြီးနားမြို့ရှိ ဈေးများတွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်၌ ရောင်းချလျက် ရှိသော ဈေးနှုန်းများအနေဖြင့် တစ်ပိဿာဈေးနှုန်း ကြက်သွန်နီ(အကြီး) ၁၄၀၀၀ကျပ်၊ ကြက်သွန်နီ (အသေး) ၁၂၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) ၁၄၀၀၀ကျပ်နှင့် ကြက်သွန်ဖြူ(ကြူဂုတ်) ၁၁၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(အညှာပါ) ၂၈၀၀၀ကျပ်၊ခရမ်းချဉ်သီး ၁၀၀၀၀ကျပ်နှင့်အာလူး၄၀၀၀ကျပ် ဖြင့် ရောင်းချလျက်ရှိသဖြင့် ယခင်လနှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီနှင့်ကြက်သွန်ဖြူဈေးမှာ ၂၀၀၀ကျပ်၊ ငရုတ်သီးခြောက်(အညှာပါ)မှာ ၃၀၀၀ကျပ်၊ ခရမ်းချဉ်သီးမှာ ၃၀၀၀ကျပ် နှင့်အာလူးမှာ ၁၀၀၀ကျပ် လျော့နည်းကျဆင်းလာကြောင်း သိရှိရသည်။

DOCA(ကချင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း