Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြစ်ကြီးနားမြို့ပေါ်ရှိ စားဖိုဆောင်သီးနှံဈေးနှုန်း အနည်းငယ်ကျဆင်းလာ

      ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဈေးများတွင် စားဖို‌ဆောင်သီးနှံများဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်နှင့် ခရမ်းချဉ်သီးများသည် စားသုံးသူပြည်သူများအတွက် နေ့စဉ် မရှိ မဖြစ်လိုအပ်သော အဓိကသီးနှံများဖြစ်သည်။ ကချင်ပြည်နယ်တွင် အဓိကဝင်ရောက်သည့် မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတွင်  လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် စားဖိုဆောင်သီးနှံ များအပြင် အခြားကုန်စည်များ ဝင်ရောက်မှုအလွန်နည်းပါးလျက်ရှိပြီး ယခုစက်တင်ဘာလတွင် လမ်း ကြောင်းပေါ်ရှိ ယာဉ်တစ်ချို့မှာ မြစ်ကြီးနားမြို့သို့  ‌ရောက်ရှိလာသဖြင့် အခြေခံစားကုန်ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း  သိရှိရသည်။

          မြစ်ကြီးနားမြို့ရှိ ဈေးများတွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်၌ ရောင်းချလျက် ရှိသော ဈေးနှုန်းများအနေဖြင့် တစ်ပိဿာဈေးနှုန်း ကြက်သွန်နီ(အကြီး) ၁၄၀၀၀ကျပ်၊ ကြက်သွန်နီ (အသေး) ၁၂၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) ၁၄၀၀၀ကျပ်နှင့် ကြက်သွန်ဖြူ(ကြူဂုတ်) ၁၁၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(အညှာပါ) ၂၈၀၀၀ကျပ်၊ခရမ်းချဉ်သီး ၁၀၀၀၀ကျပ်နှင့်အာလူး၄၀၀၀ကျပ် ဖြင့် ရောင်းချလျက်ရှိသဖြင့် ယခင်လနှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီနှင့်ကြက်သွန်ဖြူဈေးမှာ ၂၀၀၀ကျပ်၊ ငရုတ်သီးခြောက်(အညှာပါ)မှာ ၃၀၀၀ကျပ်၊ ခရမ်းချဉ်သီးမှာ ၃၀၀၀ကျပ် နှင့်အာလူးမှာ ၁၀၀၀ကျပ် လျော့နည်းကျဆင်းလာကြောင်း သိရှိရသည်။

DOCA(ကချင်)

ခြောက်လမာလကာသီး

 

          ခြောက်လမာလကာသီးများကို များသောအားဖြင့် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဘီလူးချောင်း ဘေးဝဲယာရှိ မြေဩဇာထက်သန်သော နုန်းမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ခြောက်လ မာလကာပင်ကို အများအားဖြင့် မိုးဦးကျမေလနှင့်ဇွန်လများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ သဘာဝ မိုး‌ရေကောင်းစွာရရှိပါက အပင်ကြီးထွားမှု မြန်ဆန်စေပါသည်။အပူချိန်၂၀°Cမှ၃၀°C ပူနွေး စိုစွတ်သည့် ရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်းပါသည်။မိုးနည်းသည့်ဆောင်းရာသီနှင့် နွေရာသီများ တွင်ရေလုံလောက်စွာ ပေးသွင်းနိုင်ပါက တစ်နှစ်ပတ်လုံးအသီးသီးပါသည်။မာလကာပင်စိုက်ပျိုးရာ တွင် အစေ့မှစိုက်ပါက အပင်ကြီးထွားမှုနှေးပြီး မိဘအပင်၏မူလအရသာနှင့် အသီးအရည်အသွေး မရရှိနိုင်ပါ။ထို့ကြောင့်ကိုင်းဆက်ပင်(သို့မဟုတ်)မြေထုပ်စည်းပင်များကိုသာ အဓိကရွေးချယ်စိုက်ပျိုး ရပါသည်။စိုက်ပျိုးရန် မျိုးပင်ရွေးချယ်ရာတွင်လည်း အမြစ်စနစ်ကောင်းမွန်ပြီး ရောဂါကင်းစင်သည့် အပင်အမြင့် ၁ပေခွဲမှ ၂ပေခန့်ရှိသည့် မျိုးပင်များကိုသာ ရွေးချယ်ရပါမည်။မာလကာပင်စိုက်ပျိုးရန် အတွက် စိုက်ပျိုးမည့် မြေကွက်ကို ပေါင်းမြက်သစ်ငုတ်များ ရှင်းလင်းပြီး နေရောင်ရရှိရန် ပြင်ဆင်ရ ပါမည်။အပင်ကြီးထွားချိန်တွင် ကိုင်းဖြတ်ရန်နှင့် လေဝင်လေထွက်၊ နေရောင်ရရှိရန်အတွက် ၁၀ပေ အကွာအဝေးရှိပြီး အလျား၊ အနံ၊ အနက် ၂ပေx၂ပေx၂ပေ ကျင်းများ တူးထားရပါမည်။ပြင်ဆင်ထား သောကျင်းအလယ်တွင် ပျိုးပင်ကိုထည့်ကာ လေတိုက်၍လဲမသွားစေရန် အပင်ဘေးတွင် ဝါးတိုင် စိုက်ပြီးကြိုးဖြင့် ခပ်လျော့လျော့ချည်ပေးရပါမည်။စိုက်ပြီးသည်နှင့်ရေဝအောင် လောင်းပေးရပါမည်။ စိုက်ပျိုးပြီး ၆လခန့်အကြာတွင် အသီးစသီးသဖြင့်“ခြောက်လမာလကာသီး”ဟုခေါ်ဆိုကြပါသည်။ အပင်သက်တမ်း  အနည်းငယ်ကြာမြင့်လာပါက တစ်နှစ်ပတ်လုံးနီးပါး အသီးဆွတ်ခူးနိုင်ပါသည်။ အသီးပုံသဏ္ဍာန်မှာ အရွယ်အစားကြီးမားပြီး အသားထူပါသည်။အခွံစိမ်းပြီး အတွင်းအသားမှာ အဖြူ ရောင်(သို့မဟုတ်)ပန်းရောင်းသန်းကာ အစေ့နည်းပြီး ချို၍ကြွပ်ဆပ်သည့် အရသာရှိပါသည်။ ဒေသ ထွက် မာလကာသီးများကို အခြားဒေသများသို့ တင်ပို့ရောင်းချခြင်းမရှိဘဲ ဒေသတွင်းတဆင့် ပြန် လည်ရောင်းချသူများအားလက်ကားပေး၍သော်လည်းကောင်း ရောင်းချကြသည်။ယခုအခါ လွိုင်ကော် မြို့သီရိမင်္ဂလာဈေးအတွင်း မာလကာသီး လက်ကားဈေးမှာ အရွယ်အစားအလိုက် တစ်လုံးလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ခန့်၊ လက်လီဈေးမှာ အရွယ်အစားအလိုက် တစ်လုံးလျှင် ၁၂၀၀ ကျပ်မှ ၁၅၀၀ ကျပ်ခန့် ရောင်းချလျက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

၂၀၂၆ ခုနှစ် စက်တင်ဘာလ ပထမပတ်တွင် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်ဈေးနှုန်းစာရင်းနှင့် ပဲပုတ်လက်ကျန်စာရင်း

         ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ပထမပတ် မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်ဈေးနှုန်းများမှာ မြေပဲတစ်ပိဿာ လျှင် မြေပဲလုံးဆံ ၁၂၀၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ခန့်ရှိပါသည်။ မြေပဲစတင်ထွက်ရှိနေပြီဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီးတွင် မြေပဲအသစ်များမှာ စက်တင်ဘာ လလယ်တွင် ထွက်မည်ဟုခန့်မှန်းပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၄၂၀၀၀၀ ကျပ်ခန့်ရှိပါသည်။ ကျောက်ပန်းတောင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင်  နှမ်းဖြူအသစ် ပေါ်ချိန်ဖြစ်ပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၄၇၀၀၀၀ ကျပ်ခန့် ရှိပါသည်။ အောင်လံ၊ တောင်တွင်း၊ မကွေး၊ နတ်မောက်တို့တွင် နှမ်းနက်အသစ်ပေါ်ချိန် ဖြစ်ပါသည်။ ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ၂၀၂၆ ခုနှစ် အတွက် ပဲပုတ် လက်ကျန်တန်ချိန် (၁၆၅၀၀) ဝန်းကျင်ရှိပါသည်။  ဩဂုတ်လ စတုတ္ထပတ်တွင် နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၅၀၀၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ ပထမပတ်တွင် ၄၇၀၀၀၀ ကျပ်ခန့်၊ ၂၀၂၆ ခုနှစ်အတွက် ပဲပုတ် လက်ကျန်တန်ချိန် (၁၇၀၀၀) ရှိရာမှ ယခုတစ်ပတ်တွင် တန်ချိန်(၁၆၅၀၀) ရှိကြောင်း ကုန်စည်ဒိုင်ပဲနှမ်းအသင်းမှ သိရှိရပါသည်။   

 DOCA (ရန်ကုန်)

ကျန်းမာရေးအတွက်အကျိုးပြုသော မြိတ်ဒေသသံပုရာသီးစျေးနှုန်း

 

          သံပုရာပင်ကို မြိတ်ဒေသရှိ အိမ်၊ စိုက်ပျိုးခြံဝန်းများနှင့် ပျိုးခင်းများတွင် စိုက်ပျိုးဖြစ်ထွန်း လျက်ရှိသည်ကိုတွေ့ရပါသည်။ သံပုရာသီးကို အစေ့မှပျိုးထောင်ပြီးစိုက်ပျိုးလေ့ရှိပြီး သံပုရာပင်ကို ကိုင်းဆက်၍ မျိုးပွားနိုင်သလို အခြားနည်းအမျိုးမျိုးဖြင့် မျိုးပွားနိုင်ပါသည်။ ဒေသတွင်းစီးပွားဖြစ် စိုက်ပျိုးနိုင်ပါသည်။ သံပုရာသီးကို ရှောက်သီး၊ လိမ္မော်သီး၊ကျွဲကောသီး များနည်းတူ မျိုးပွားရာတွင် ကိုင်းဆက်ခြင်း၊ ကိုင်းပူးခြင်း၊ အမြစ်ပူးခြင်း၊ အတက်ဆက်ခြင်းစသော နည်းများဖြင့်လည်း မျိုးပွား နိုင်ပေသည်။

သံပုရာသီးသည် ချဥ်သောအရသာရှိပြီး သံပုရာသီးဖျော်ရည်၊ သံပုရာသီးပေါင်း၊ အသုပ်နှင့် အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါးတို့တွင် အအီပြေစေရန် သံပုရာရည်ကို အသုံးပြုပါသည်။ သံပုရာသီးကို ဖျော်ရည်ပြုလုပ်၍သောက်သုံးကြသလို ဆေးဖက်ဝင်အသီးဖြစ်သည့်အပြင် ကိုယ်ခန္ဓာဝဖြိုးလွန်းပါက ရေနွေးကြမ်းနှင့် သံပုရာအရည်ညှစ်ကာ နေ့စဥ်သောက်သုံးနိုင်ပါသည်။ သံပုရာသီးသည် ဗီတာမင် ကြွယ်ဝပြီး ရောဂါပိုးဝင်ရောက်ကူးစက်ခြင်းမဖြစ်အောင်ကာကွယ်ပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိ ပေးပြီး နှလုံးရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးသည့်အပြင် citric အက်စစ်ပါဝင်သောကြောင့် ကျောက်ကပ် ကျောက်မတည်အောင် ကာကွယ်ပေးပါသည်။ ခေါင်းမူးဝေခြင်းနှင့် သွေးအားနည်း ရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးပါသည်။ မြိတ်မြို့တွင် ရောင်းချနေသော သံပုရာသီး စျေးနှုန်းမှာ စက်တင်ဘာလအတွင်းသုံးလုံးလျှင် ၁၀၀၀ ကျပ် ဖြင့်ရောင်းချပြီး စျေးနှုန်းတည်ငြိမ်လျက် ရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ရောင်းအားကောင်းသော ပုလောဝက်အူချောင်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ဆိပ်ငယ်စည်ပင်သာယာဈေးကြီးနှင့်အခြားသော ဈေးတို့ တွင်လည်း ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို မိမိကိုယ်တိုင် သော်လည်းကောင်း၊ အခြားမြို့များမှယူ၍လည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မြိတ်မြို့တွင် ပုလောဝက်အူချောင်းများ ပိုမိုအရောင်းသွက်ကြောင်းလည်း သိရှိရပါသည်။ မြိတ်မြို့ရှိ ကိုယ်တိုင် ထုတ်လုပ်သော ဝက်အူချောင်းထက် ပုလောမှသယ်ယူရောင်းချသော ဝက်အူချောင်းများက မြိတ်မြို့ပေါ်တွင် ပိုမိုအရောင်းသွက်ကြောင်းလည်း သိရှိရပါသည်။ ဝက်အူချောင်းသည် လျင်မြန်စွာ ချက်ပြုတ်  စားသောက်နိုင်သည့်အတွက်  အချိန်ကုန်သက်သာစေသော အစားအစာတစ်မျိုးလည်း ဖြစ်သည့်အပြင်  ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့် ထမင်းဆိုင် များမှလည်းကောင်း၊ အိမ် ရှင်မများ ဟင်းချက်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။

    ၂၀၂၆ခုနှစ်၊ မြိတ်မြို့တွင် စက်တင်ဘာလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ပုလော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်း(၁) ပိဿာလျှင်(၄၅၅၀၀) ကျပ်၊ (၅၀)ကျပ်သား လျှင် (၂၃၅၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင် (၁၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း၊ လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်းရောင်းချသူ များထံမှ သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ကျောက်ဖရုံသီး ဈေးကွက်/ဈေးနှုူန်း အခြေအနေ

            တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ကုန်စိမ်းတချို့များထွက်ရှိရာ ဒေသတစ်ခုဖြစ်ပြီး လက်ရှိဒေသတွင်းကုန်စိမ်းဈေးကွက်သို့ပတ်ဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးထုတ်လုပ်သည့် ကျောက် ဖရုံသီးများလည်း ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ ယခုရက်ပိုင်းအတွင်း အခြားကုန်စိမ်း အသီးအနှံအချို့ ဈေးအတက်အကျ ကြမ်းနေသော်လည်း ကျောက်ဖရုံသီးသည် အထားခံသော သီးနှံ ဖြစ်သဖြင့် စားသုံးသူများ ပုံမှန်ဝယ်ယူမှုရှိပြီး ဈေးကွက်တည်ငြိမ်နေပါသည်။ မိုးရာသီကာလသည် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်မြင့်မားမှုကြောင့် ကုန်စိမ်းများမှာလည်း ဈေးနှုန်းများ တက်နေကြောင်းလည်း သိရပါသည်။ ကျောက်ဖရုံသီးသည် စိုက်ပျိုးစရိတ် သက်သာပြီး ပိုးမွှားဒဏ်ခံ နိုင်ရည်ရှိခြင်းကြောင့် ကျေးလက်ဒေသရှိ တောင်သူများအနေဖြင့် ရေသွင်းစိုက်ပျိုးရန် အဆင်ပြေသည့် နေရာများတွင် ပိုမိုစိုက်ပျိုးလာကြပါသည်။ မြိတ်မြို့ပေါ်ရှိ ကုန်စိမ်းပွဲစားများနှင့် ဟိုတယ်၊ စားသောက် ဆိုင်လုပ်ငန်းရှင်များကလည်း ဒေသတွင်းထွက် ကျောက်ဖရုံသီးများကို အလုံး ပြတ်စနစ်ဖြင့် ခြံအထိဆင်း ဝယ်ယူမှုများ ရှိနေကြောင်းလည်း သိရှိရပါသည်။

ယခု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း မြိတ်မြို့ပေါ်ရှိ စည်ပင်သာယာဈေး ကြီးများ တွင် အဓိကကုန်စိမ်း ဈေးကွက်ကြီးများတွင် ကျောက်ဖရုံသီး ဈေးနှုန်းများသည် သယ်ယူ ပို့ဆောင်ရေး စရိတ်နှင့် ဒေသတွင်းဝယ်လိုအားအပေါ်မူတည်၍ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ခန့် အထိ အရောင်းအဝယ် ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဒေသထွက်ကန်စွန်းဥ ဈေးနှုန်းဈေးကွက်အခြေအနေ

         ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ရာသီဥတုမျှတမှုကြောင့် ဒေသထွက်ကန်စွန်းဥများ အထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

          ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးထားသော ကန်စွန်းဥပင်များမှာ ယခင်နှစ်ထက် အထွက်နှုန်း ၁၀ ရာခိုင်နှုန်းအထိ တိုးတက် လာခဲ့သည်။ ဓာတ်မြေဩဇာ အသုံးပြုမှုကို လျှော့ချကာ သဘာဝမြေဩဇာ ပိုမိုသုံးစွဲကြသောကြောင်း  ကန်စွန်းဥအရည်အသွေး ပိုမိုကောင်းမွန်းသည်။ ကန်စွန်းဥသည် လူတို့၏ ကျန်းမာရေးအတွက် များစွား အကျိုးပြုသည်။ ကိုင်းကျွန်းမှထွက်သော ကန်စွန်းဥများကို ဒေသတွင်းဈေးများ၊ ဘားအံ မြို့မဈေးကြီးအပြင် မော်လမြိုင်မြို့နှင့်ရန်ကုန်မြို့ဈေးကွက်များသို့ပါ တင်ပို့ရောင်းချလျက်ရှိသည်။ ထွက်ရှိသော ကန်စွန်းဥဈေးနှုန်းများမှာ ကန်စွန်းဥ (အဖြူနှင့်အဝါရောင်)  လက်ကားဈေး တစ်ပိဿာ လျှင် (၃၅၀၀/၄၀၀၀)ကျပ်၊ ကန်စွန်းဥ (ခရမ်းရောင်) လက်ကားဈေး တစ်ပိဿာလျှင် (၃၀၀၀/ ၃၅၀၀) ကျပ် နှင့်ကန်စွန်းဥ (အဖြူနှင့် အဝါရောင်)  လက်လီဈေး တစ်ပိဿာလျှင် (၄၀၀၀/ ၅၀၀၀)ကျပ်၊ ကန်စွန်းဥ (ခရမ်းရောင်) လက်လီဈေး တစ်ပိဿာလျှင် (၅၀၀၀/၆၅၀၀)ကျပ်တို့ ဖြစ် ရောင်းချကြပြီး ယခုနှစ်တွင်အထွက်နှုန်းကောင်းမွန်ကာဈေးကောင်းရရှိသောကြောင့် ကန်စွန်းဥစိုက်တောင်သူများ သွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

 

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၅-၉-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၅ -၉ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ခရုဖင်ချွန်၏ အသုံးဝင်ပုံနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများ

             မြန်မာနိုင်ငံ၏ ခရုဈေးကွက်တွင် စားခရုများဖြစ်ကြသော မျက်ပြဲခရု၊ ပင်လယ်ခရု၊ ပန်းခရု၊ အုန်းခရုနှင့် ခရုဖင်ချွန် များမှာ ဒေသအလိုက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးမြို့ကြီး များတွင် ပို၍ ဈေးကောင်းလာပါသည်။ ခရုများအနက် ခရုဖင်ချွန်သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး မြန်မာနိုင်ငံတွင် အရသာရှိသော ရေထွက်စားစရာတစ်မျိုးအဖြစ် လူကြိုက်များကာ အာဟာရလည်း ဖြစ်စေပါသည်။ ခရုဖင်ချွန်သည် သတ္တုဓာတ်ပါရှိခြင်းကြောင့် သံဓာတ်အားနည်းရောဂါကို ကာကွယ်ရန် နှင့် အရိုးအဆစ်ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အဆီအဆိမ့်နည်းခြင်းကြောင့် ကိုယ်အလေးချိန် ထိန်းညှိနေသူများအတွက် သင့်တော်သော အာဟာရကိုလည်းရစေပါသည်။ ခရုဖင်ချွန်ကို အစပ်ကြော်၊ ခရုမာလာချက်၊ ခရုမျှစ်ဆန်လှော်ချက် စသည်ဖြင့် အမျိုးအမျိုးချက်စားကြပါသည်။ ခရုဖင်ချွန် တစ်ဆယ် သားလျှင် (၂၀၀၀) ကျပ် လက်ရှိပေါက်ဈေးရှိနေပြီး၊  အသင့်စားခရုမျှစ်ဆန်လှောင်ချက် ပလပ်စတစ်ဗူး သေး (၁) ဗူးလျှင် (၅၀၀၀) ကျပ်၊ ဗူးကြီး (၁) ဗူးလျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာမြေမှ စိုက်ပျိုးအောင်မြင်နေသော ဒူးရင်းသီးဈေးကွက်ဝင်ရောက်

         ဧရာဝတီတိုင်းဒေသကြီးသည် ရေခံ၊မြေခံကောင်းမွန်ပြီး သဘာဝမှ လက်ဆောင်ပေးထား သည့် မြေဆီမြေနှစ်သဘာဝအရင်းမြစ်များကို အသုံးပြုပြီးစိုက်ပျိုးရေးကဏ္ဍတွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံ၊ စက်မှုကုန်ကြမ်းသီးနှံ နှစ်ရှည်သီးနှံသစ်တောထွက်ပစ္စည်းမျိုးစုံ၊ ရာသီပေါ် ဟင်းသီးဟင်းရွက် စားဖိုဆောင်သီးနှံ၊ လယ်ယာကိုင်းကျွန်းသီးနှံနှင့် သီးနှံအမယ်ပေါင်းများစွာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ပြည်တွင်းစားသုံးမှုမှပိုလျှံသည့် ပြည်ပပို့ကုန် များကိုလည်း နှစ်စဉ် တင်ပို့ရောင်းချလျက်နေပါသည်၊၊ ပြည်တွင်းစားသုံးရန်အတွက် ပုသိမ်မြို့နယ်၊ မဒေါ့ကုန်း ကျေးရွာအုပ်စု၊ သလပ်ခွာကျေးရွာအနီးတွင် ယိုးဒယားဒူးရင်းမျိုး၊ မိချောင်းဂေါင်း၊ မွန်ထောင်း၊ ခြံနီ (၃)မျိုး သိပ္ပံနည်းဖြင့် စနစ်တကျစမ်းသပ် စိုက်ပျိုးခဲ့ရာ မြေရာသီဥတုသဘာဝနှင့် ကိုက်ညီမှု ရှိသည့်အတွက် ဒူးရင်းသီးများဈေးကွက်သို့ ဝင်ရောက်လျက်ရှိရာ ယခုအခါ ဧရာမြေမှ ဒူးရင်းသီး ထွက်ရှိ၍ အောင်မြင်ဖြစ်ထွန်းလျှက် အကျိုးအမြတ် ရရှိနေကြောင်း စိုက်ပျိုးရေး ခြံရှင်ထံမှ သိရသည်၊၊

           အရှေ့တောင်အာရှနိုင်ငံများတွင် ဒူးရင်းသီးကို အများအပြားစိုက်ပျိုးလျက် ရှိပြီး အရှေ့တောင်အာရှဒေသရဲ့ အထင်ကရအသီးတစ်ခု ဖြစ်တဲ့ ဒူးရင်းသီးဟာ ထူးခြားပြင်းထန်တဲ့ အနံ့၊ အရသာ၊ ဆူးချွန်တွေနဲ့အကာအကွယ်ယူထားတဲ့ အသွင်အပြင် စားလိုက်ရင် ပြစ်နှစ်ပြီး အရသာရှိ၍ သစ်သီးများ၏ ဘုရင်ဟု  တင်စားခေါ်ဝေါ်ကြပါသည်၊၊ မြန်မာနိုင်ငံတွင်  ဒူးရင်းသီးကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိကထား၍ စီးပွားဖြစ် စိုက်ပျိုးလျှက်ရှိပြီး ယခုအခါ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာလည်း တိုးချဲ့စိုက်ပျိုးလျှက်ရှိကြောင်း သိရပါသည်၊၊

          ယခင်ကဒူးရင်းသီးများကို ရန်ကုန်ဈေးကွက်မှ တစ်ဆင့်ပြန်လည် ဝယ်ယူရောင်းချသည့် အတွက် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသုံးရပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒူးရင်းစိုက်ပျိုးရေးခြံများ ကျယ်ပြန့်စွာစိုက်ပျိုးနိုင်ပါက ဒူးရင်းသီးများလှိုင်လှိုင်ထွက်ရှိလာပြီး ဒေသခံပြည်သူများ ယခင်ကထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်မှာဖြစ်ကြောင်း ဒူးရင်းစိုက် ခြံပိုင်ရှင်မှ ဆက်လက်ပြောကြားပါသည်၊၊

(DOCAဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း