Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၊ မြို့မဈေးကြီးတွင် ရက်သတ္တပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်း ပြောင်းလဲမှုအခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးကြီးအတွင်း၌ ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများသည် စက်တင်ဘာလ စတုတ္ထပတ်အတွင်း ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး စားသုံးသူပြည်သူများ နေ့စဉ်လိုအပ်ချက်အရ ဝယ်ယူစားသုံးမှု မြင့်တက်လျက်ရှိကြောင်း သိရသည်။

         ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော နေ့စဉ်သုံး အခြေခံစားသောက်ကုန်များ၏ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ဧရာမင်းဆန်(၁)ပြည်လျှင် ၆၂၅၀ ကျပ်၊ စားအုန်ဆီ တစ်ပိဿာလျှင် ၉၁၄၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင်  ၇၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာ လျှင် ၁၂၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်) တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ ကြက်သား(CP)တစ်ပိဿာလျှင်  ၂၄၀၀၀ ကျပ်နှင့် ကုလားပဲခြမ်းတစ်ပြည်လျှင် ၉၀၀၀   ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ယခင်အပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက  ဆန်၊ ငရုတ်သီးခြောက်၊ ကုလားပဲခြမ်းတို့မှာ ပစ္စည်းအဝင်ပုံမှန်ရှိသည့်အတွက် ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ ကြက်သွန်ဖြူ(ရှမ်း)၊ ကြက်သွန်နီနှင့် ကြက်သား(CP)မှာ ဒေသတွင်းမွေးမြူရေးခြံများမှ ပုံမှန်ထွက်ရှိနေသဖြင့် တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ဈေးနှုန်းပြန်လည်ကျဆင်းသွားကြောင်း မြို့မဈေးရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။

          ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kgတစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ မြှားကမ္ဘာ(50)kg တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ရွှေနဂါးပုလဲသာ (50)kg တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီတစ်ဘူးလျှင် ၂၅၀၀၀ ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီ တစ်ဘူးလျှင်  ၃၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မန္တလေးဈေးကွက်၌ ဝယ်ယူရသည့် ဈေးနှုန်းကျဆင်းလာသည့်အတွက် ယခုနောက်ဆုံးပတ် အတွင်း ပန်းဖူးနှင့် မြှားကမ္ဘာတစ်အိတ်လျှင် ၁၀၀၀၀ ကျပ်နှင့် မိုရယ်လ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် ၅၀၀၀ ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ကန့်ဘလူမြို့မဈေး၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဝက်သားနှင့်အမဲသားဈေးနှုန်း အနည်းငယ်ကျဆင်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသည့်အပြင်   စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက် အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        ကန့်ဘလူမြို့မဈေးတွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း  ကန့်ဘလူမြို့ မဈေးတွင် ဝက်သားအသားသန့်(၁)ပိဿာ ကျပ် ၂၇၀၀၀၊ ပေါင်သား(၁)ပိဿာလျှင် ကျပ်၂၃၀၀၀၊ သုံးထပ်သား(၁)ပိဿာလျှင် ကျပ် ၂၀၀၀၀၊  အမဲသားသန့်(၁)ပိဿာလျှင် ကျပ် ၃၂၀၀၀၊ ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိရာ  ယခင်အပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုနောက်ဆုံးပတ်အတွင်း  ဝက်သား(၁)ပိဿာလျှင် ကျပ် ၂၀၀၀နှင့် အမဲသားတစ်ပိဿာလျှင် ကျပ် ၁၀၀၀ ဈေးနှုန်းကျ ဆင်းသွားကြောင်း၊ ကုန်ကြမ်းဝယ်ယူရရှိမှုအပေါ်မူတည်၍  ဈေးနှုန်းကျဆင်းရခြင်း ဖြစ်ကြောင်း  အသားရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြစ်ရေတင်စနစ်ဖြင့် မိုးစပါးများကိုမျိုးကွဲအလိုက်စိုက်ပျိုးထားရှိမှုအခြေအနေ

                မြင်းခြံမြို့နယ်၌  သာပေါင်းမြစ်ရေတင်စီမံကိန်းဖြင့်  စပါးများကိုစိုက်ပျိုးလျက်ရှိကြောင်း၊ အဓိက စိုက်ပျိုးသော ကျေးရွာများမှာ သာပေါင်းရွာ၊ အနိမ့်ရွာ၊ ကံရွာ၊ ကျားတိုင်ရွာ၊ ငါ့နန်းရွာ၊ ခေါင်းခွဲရွာ၊ ဆုံရွာ၊ ဖက်ပင်အိုင်ရွာနှင့် ကတော‌ကျေးရွာ တို့တွင်မိုးစပါးများကို အဓိကထား စိုက်ပျိုးကြကြောင်း၊ မိုးစပါး များစိုက်ပျိုးချိန်မှာ ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်းသိရှိရသည်။ ၂၀၂၆ခုနှစ်တွင် မြင်းခြံမြို့နယ်တွင် မိုးစပါး စိုက်ပျိုးရန်လျာထား (၃၃၄၅) ဧကတွင် စိုက်ပျိုးပြီးဧက (၁၃၁၀)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း၊ မျိုးကွဲများ အနေဖြင့် မနောသုခ မျိုး(၈၂၀)ဧက၊ ဆင်းသုခမျိုး (၃၄၀) ဧကနှင့် အောင်နိုင်တိုးမျိုး(၁၅၀) ဧကစိုက်ပျိုး ထားကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသော ဧကများ ဆက်လက်စိုက်ပျိုးလျှက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ မျိုးစပါးစျေးနှုန်းအနေဖြင့် စပါးတစ်တင်းလျှင် (၃၀၀၀၀) ကျပ်ခန့် ပေါက်စျေးရှိကြောင်း၊ (၁)ဧက စိုက်ပျိုးရန် အတွက် စပါးမျိုး(၂-၃)တင်းခန့် စိုက်ပျိုးရကြောင်း၊ ကြဲပတ်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၆၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် (၈၀)တင်းခန့် ထွက်ရှိကြောင်း၊ မြင်းခြံဒေသသည် ဆန်လိုဒေသဖြစ်၍ ဒေသတွင်း စားသုံးရန်အတွက်သာ ကြိတ်ခွဲရောင်းချကြကြောင်း၊ စပါးစိုက်ပျိုးမှု နည်းသောကြောင့် စပါးအရောင်း အဝယ်အနေဖြင့် ဈေးကွက်မရှိကြောင်း၊ ယခင်နှစ် မနောသုခမိုးစပါး တစ်တင်းခွဲ တစ်အိတ် လျှင်(၃၀၀၀၀)ကျပ်ခန့် ပေါက်ဈေးရှိကြောင်း၊ ယခင်နှစ်မနောသုခဆန် တစ်တင်ခွဲ တစ်အိတ်လျှင် (၆၅၀၀၀-၇၀၀၀၀) ကျပ်ခန့် ပေါက်ဈေးရှိ၍ ထွက်ရှိသောစပါးများကို ဒေသတွင်း စားသုံးရန်နှင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြ ကြောင်း၊ မြင်းခြံမြို့နယ်၏ လူဦး‌ရေအရ လိုအပ်သော ဆန်ချောများကို မန္တလေးမြို့၊ ပုသိမ်မြို့၊ မြောင်းမြမြို့နှင့် စလင်းမြို့ တို့မှစားသုံးရန် ဝယ်ယူရ ကြောင်း၊  ယခုနှစ်သည် မိုးများစွာရွာသွန်းသဖြင့် မိုးစပါးများ အထွက်နှုန်းကောင်းနိုင်ကြောင်း၊ အကျိုးအမြတ်လည်း ရနိုင်ကြောင်း ဖက်ပင်အိုင်ရွာမှ မိုးစပါးစိုက် တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရပါသည်။

DOCA(မန္တလေး)

 

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၈-၁၀-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၈-၁၀ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၆-၁၀-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၆-၁၀ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

စက်သုံးဆီဈေးနှုန်းအနည်းငယ် မြင့်တက်လာ

 

          ကျိုက်ထိုမြို့နယ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ယခင်ရက်များထက် အနည်းငယ် မြင့်တက်လာပြီး ဈေးကွက်အတွင်း စက်သုံးဆီဝယ်ယူသုံးစွဲသူများအနေဖြင့် ဈေးနှုန်း အပြောင်းအလဲကို သတိပြုစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

          စက်သုံးဆီဈေးနှုန်း အနည်းငယ်မြင့်တက်လာခြင်းသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း များ၊ အငှားယာဉ်လုပ်ငန်းများနှင့် စက်သုံးဆီအသုံးပြုရသည့် လုပ်ငန်းများအပေါ် ကုန်ကျ စရိတ် အနည်းငယ်မြင့်တက်လာစေနိုင်ကြောင်း သိရသည်။

          ထို့အပြင် စက်သုံးဆီသည် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အဓိက အသုံးပြုရသည့် လောင်စာဆီဖြစ်သဖြင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးစရိတ်များအပေါ် သက်ရောက်နိုင်ပြီး အခြားကုန်စည်များ၏ ဈေးနှုန်းများအပေါ်တွင်လည်း အနည်းငယ် သက်ရောက်မှုရှိလာနိုင်သည်။ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီများကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချရန်နှင့် စားသုံးသူများ အနေဖြင့်လည်းဝယ်ယူသည့် စက်သုံးဆီအမျိုးအစား၊ ပမာဏနှင့် ရောင်းဈေးနှုန်းတို့ကို စစ်ဆေးဝယ်ယူကြရန် လိုအပ်ကြောင်း သိရသည်။

          လက်ရှိအခြေအနေတွင် စက်သုံးဆီဈေးနှုန်း အနည်းငယ်မြင့်တက်လာသော်လည်း ဈေးကွက်အတွင်း ဆီဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ဆက်လက်စောင့်ကြည့်ရန် လိုအပ် ပြီး ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ချက်များ နှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်ထိ 92 တစ်လီတာလျှင် ကျပ် ၄၇၃၅၊ 95 တစ်လီတာလျှင် ကျပ် ၄၉၄၀၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ကျပ် ၅၅၂၀၊ ပရီမီယမ် ဒီဇယ် တစ်လီတာလျှင် ကျပ် ၆၁၀၀ ဖြစ်နေကြောင်း သိရသည်။

DOCA (မွန်)

ငါးခြောက်ဈေးကွက် အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိ

          မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ငါးခြောက်ဈေးကွက်မှာ လက်ရှိကာလတွင် စားသုံးသူများ၏ ဝယ်လိုအားနှင့် ကုန်ပစ္စည်းဝင်ရောက်မှုအခြေအနေများအပေါ်မူတည်၍ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဈေးကွက်အတွင်း ငါးခြောက်အမျိုး အစား၊ အရွယ်အစား၊ အရည်အသွေးနှင့် ထုတ်လုပ်သည့်ဒေသအလိုက် ဈေးနှုန်းများကွာခြားမှု ရှိပြီး ငါးခြောက်အမျိုးအစားအချို့မှာ စားသုံးသူဝယ်လိုအား ကောင်းမွန်သဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          လက်ရှိတွင် ငါးခြောက်ဈေးနှုန်းများအနေဖြင့် ငါးရံ့ခြောက်၊ ငါးပုတ်သင်ခြောက်၊ ငါးနီတူခြောက်၊ ငါးပိဿာခြောက်နှင့်အခြားငါးခြောက်များမှာ အရည်အသွေးနှင့် အရွယ်အစား အပေါ်မူတည်၍ ဈေးနှုန်းကွားခြားလျက်ရှိသည်။ ကုန်ကြမ်းငါးရရှိမှု၊ ငါးခြောက်ထုတ်လုပ်မှု စရိတ်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်များသည် ဈေးနှုန်းအပေါ် သက်ရောက်မှုရှိလျက်ရှိ ကြောင်း သိရသည်။ ထို့အပြင် ရာသီဥတုအခြေအနေကြောင့် ငါးဖမ်းဆီးရရှိမှု လျော့နည်းခြင်း သို့မဟုတ် တိုးလာခြင်းများ ဖြစ်ပေါ်ပါက ငါးခြောက်ကုန်ကြမ်းရရှိမှုနှင့် ဈေးနှုန်းများအပေါ် သက်ရောက်နိုင်ကြောင်း သိရသည်။

          ငါးခြောက်ဈေးနှုန်းများသည် ကုန်ပစ္စည်းဝင်ရောက်မှု၊ စားသုံးသူဝယ်လိုအားနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များအပေါ် မူတည်၍ လာမည့်ကာလတွင် အတက်အကျရှိနိုင်သော် လည်း လက်ရှိတွင် ဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန် ဆက်လက်ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။ ယခုအချိန်တွင် ငါးနီတူခြောက် တစ်ပိဿာလျှင် ကျပ် (၅၀၀၀၀) ဝန်းကျင်ရှိနေပြီး၊ ငါးရံ့ခြောက် တစ်ပိဿာလျှင် ကျပ် (၇၀၀၀၀) ဝန်းကျင်ရှိနေပြီး၊ အာဗြဲခြောက် တစ်ပိဿာလျှင် ကျပ် (၇၅၀၀၀) ခန့်ရှိကြောင်း သိရသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်အတွင်း ရာဘာစိုက်ပျိုးထုတ်လုပ်သူများ ဈေးကွက်အခြေအနေ

          မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ရာဘာစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် ရာဘာခြံများကို ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းနှင့် ရာဘာအစေးခြစ် ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျက်ရှိပြီး ရာဘာဈေးကွက်အခြေအနေ အပေါ် စောင့်ကြည့်နေကြကြောင်း သိရသည်။

          ရာဘာသည် ကျိုက်ထိုမြို့နယ်အတွင်း နှစ်ရှည်စိုက်ပျိုးသီးနှံတစ်မျိုးဖြစ်ပြီး တောင်သူ များအတွက် နှစ်စဉ်ဝင်ငွေရရှိစေသည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ရပ်ဖြစ်သည်။ ရာဘာအစေး ခြစ်ရာသီအတွင်း မိုးရွာသွန်းမှု၊ ရာသီဥတုအခြေအနေ၊ လုပ်သားရရှိနိုင်မှုနှင့် ရာဘာဈေးနှုန်း တို့သည် ထုတ်လုပ်မှုနှင့် တောင်သူများ၏ ဝင်ငွေအပေါ် အဓိကသက်ရောက်မှုရှိသည်။ မြန်မာ့ ရာဘာဈေးကွက်သည် ပြည်ပဈေးကွက်နှင့် ဆက်စပ်နေသဖြင့် ကမ္ဘာ့ရာဘာဈေးနှုန်း အပြောင်းအလဲများသည် ပြည်တွင်းဈေးနှုန်းအပေါ် သက်ရောက်မှုရှိကြောင်း ယခင်နှစ်များ အတွင်း ရာဘာလုပ်ငန်းရှင်များက ပြောကြားထားသည်။ ထို့အပြင် ရာဘာအရည်အသွေး ကောင်းမွန်မှုသည် ဈေးကောင်းရရှိရေးအတွက် အရေးပါသည့်အချက်တစ်ရပ်ဖြစ်သည်။ ရာဘာထုတ်လုပ်ရာတွင် ဓာတ်မြေဩဇာ၊ ခြံရှင်းလင်းခ၊ အလုပ်သမားခနှင့် ထုတ်လုပ်ရေး ဆိုင်ရာပစ္စည်းများ ကုန်ကျစရိတ်များရှိသဖြင့် ရာဘာဈေးနှုန်းကောင်းမွန်မှသာ တောင်သူများ အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် နှိုင်းယှဉ်၍ အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်သည်။ အလား တူ စီးပွားရေးနှင့်ကုန်သွယ်ရေးအခြေအနေများအရ ရာဘာ၏ ပြည်တွင်းဝယ်လိုအား၊ ပြည်ပ တင်ပို့မှုနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေများကိုလည်း ရာဘာစိုက်ပျိုးထုတ်လုပ်သူများ အနေဖြင့် ဆက်လက်စောင့်ကြည့်ရန် လိုအပ်လျက်ရှိသည်။

          ယခုအပတ် မွန်ပြည်နယ်ရာဘာဈေးနှုန်းမှာ ရာဘာစေးတစ်ပေါင်လျှင် (၃၈၀၀) ကျပ် ဈေးနှုန်းရရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

မြိတ်မြို့ပေါ်ရှိ ရောင်းအားကောင်းသော ကန်စွန်းရွက်ဈေးနှုန်း

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် မိသားစုစားဝတ်နေရေးအတွက် ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးကြပါသည်။ ကန်စွန်း၊ ချဥ်ပေါင်၊ငရုတ်သီး၊ ဘူးသီး၊ ခရမ်းသီး၊ ပဲသီး အစရှိသည့် သီးနှံများလည်း စိုက်ပျိုးကြပါသည်။ ၎င်းသီးနှံများအပြင် စီးပွားဖြစ်ဝင် ငွေတိုးသော ကန်စွန်းပင် ဟင်းသီးဟင်းရွက်ပင်များကိုလည်း စိုက်ပျိုးလာကြပါကြောင်း၊ ကန်စွန်းရွက်စိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ တိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ကန်စွန်းစိုက်ပျိုးပြီး (၃)ပတ်မှ (၄)ပတ်သားအချိန်တွင် ကန်စွန်းရွက်များ စတင်ခူးဆွတ်ရောင်းချရကြောင်းလည်း သိရှိရပါသည်။ ကန်စွန်းရွက်များကို ကုန်သည်ပွဲစားများအနေဖြင့် ကန်စွန်းစိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး အမြို့မြို့အနယ်နယ်ရှိ ဈေးများသို့ ပြန်လည်ရောင်းချကြောင်း သိရှိရပါသည်။ ကန်စွန်းရွက်သည် အာဟာရဓာတ်ကြွယ်ဝတဲ့ ဟင်းရွက်ဖြစ်ပါကြောင်း၊ ကန်စွန်းရွက်တွင် ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ ကယ်ရိုတင်းဓါတ်၊ ဆိုဒီယမ်စတဲ့ အာဟာရဓာတ်တွေများစွာ ပါဝင်သောကြောင့် ကျန်းမာရေးအတွက် အကျိူးများစေသည့် အရွက် တစ်မျိုးဖြစ်ပါကြောင်း၊ ကန်စွန်းရွက်တွင်ပါဝင်သည့်  ဗီတာမင်အေသည် မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပေးပြီး အချိန်ကြာမြင့်စွာ မျက်လုံးအသုံးပြုနေရသူများ ကွန်ပျူတာနှင့် အလုပ်လုပ်နေရသူများအနေဖြင့် အမြဲတမ်းစားသုံးပေးသင့်ပါကြောင်း၊ ကန်စွန်းရွက်သည် မြန်မာလူမျိုးတို့၏ ထမင်းပွဲတွင် မပါမဖြစ် ဟင်းတစ်ခွက်ဖြစ်ကြောင်း စားသုံးသူများထံမှသိရှိရပြီး ကန်စွန်းရွက်စိုက်ပျိုးခြင်းအားဖြင့် စီးပွားလည်းဖြစ်ဝင်ငွေလည်းတိုးကြောင်း ကန်စွန်းပင်စိုက်ပျိုးသော တောင်သူဦးကြီးများထံမှ သိရှိရပါသည်။

          ၂၀၂၆ခုနှစ်၊ စက်တင်ဘာလနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်ရှိဈေးများတွင် ရောင်းချနေသော ကန်စွန်းရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၈၀၀)ခန့်ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း