Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မင်းဘူးမြို့နယ်၌ ပျားရည်ဆမ်းဖရဲ(ဝါ)စိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် နှစ်စဉ် နှမ်း၊ ပဲမျိုးစုံတို့အပြင် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးလျက်ရှိရာ  လူအများ နှစ်ခြိုက်စွာ စားသုံးကြသည့် ဖရဲသီးနှံကိုလည်း တစ်နိုင်တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးကြောင်း သိရသည်။

    ဖရဲပင်ကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလကုန်တွင် ခူးဆွတ်ကြကြောင်း၊ မျိုးအနေဖြင့် ပျားရည်ဆမ်း ဖရဲ(ဝါ) မျိုးကို စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့(၆)ထုပ်ခန့်  ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကာ ပျိုးအိတ်ဖြင့် ပျိုးထောင်၍ ၂၀ ရက်သားအရွယ်တွင် မြေချစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ အပါအဝင်  တစ်ဧကလျှင် ငွေကျပ် ၈၅၀၀၀၀ ခန့် ကုန်ကျပြီး အလုံးရေ ၁၀၀၀-၁၂၀၀ ခန့် ထွက်ရှိ၍ ငွေကျပ် ၁၂၀၀၀၀၀ ခန့် အကျိုးအမြတ်ရရှိကြောင်း သိရသည်။

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)အတွင်း လက်ကားဈေးနှုန်း ပျားရည်ဆမ်းဖရဲသီး(ဝါ) တစ်လုံးလျှင် ငွေကျပ်(၁၇၀၀-၂၂၀၀)ဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း သစ်သီးဒိုင်များမှ စိုက်ခင်းအရောက် လာရောက်ဝယ်ယူကြကြောင်းနှင့် မင်းဘူး၊ မကွေးမြို့များပေါ်ရှိ သစ်သီးအရောင်းဆိုင်များသို့ ရောင်းချကြောင်း၊ ရာသီဥတုဒဏ်ကြောင့် အထွက်နှုန်းအသင့်အတင့် ရှိသော်လည်း ဈေးကောင်းရသောကြောင့် တောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိကြောင်း သိရသည်။

DOCA(မကွေး)

ဘားအံမြို့ ရေပေါ်ဈေးရှိ ကုန်စိမ်းသီးနှံ ဈေးနှုန်းအခြေအနေ

   ၂၀၂၄ ခုနှစ်၊ မိုးရာသီ အောက်တိုဘာလတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ရေ‌ပေါ်ဈေးရှိ ကုန်စိမ်းသီးနှံ ဈေးနှုန်းအနည်းငယ်တက်နေသော်လည်း  ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သတင်းရရှိသည်။

    ဈေးနှုန်းအနေဖြင့် ခရမ်းသီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၈၀၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၂၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၂၅၀၀) ကျပ်၊ လွှတ်တစ်ပိဿာလျှင်  (၃၀၀၀) ကျပ်၊ ငရုတ်ပွ တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ခဝဲသီးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊   ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ရုံးပတေသီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ပဲတောင့်ရှည်အစည်းသေး တစ်စည်းလျှင် (၁၀၀၀)ကျပ်၊ (ငရုတ်စိမ်းထောင့်ရှည်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် (၅၀၀)ကျပ်၊ ကင်းပွန်းချဥ်ရွက် တစ်စည်းလျှင် (၅၀၀)ကျပ်၊ ချဥ်ပေါင်ရွက် တစ်စည်းလျှင် (၅၀၀)ကျပ်၊ တို့ဖြစ် ရောင်းဝယ်အဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

       ကရင်ပြည်နယ်ဒေသအတွင်း ယခုလို ဈေးနှုန်းအနည်းတက်နေရခြင်းမှာ စိုက်ခင်းမှအသီးများ တုံးလာခြင်းနှင့် စရိတ်များလာခြင်းတို့ကြောင့်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

ကန့်ဘလူမြို့နယ်တွင် ရောင်းချနေသည့် ဘိလပ်မြေဈေးနှုန်း၊ ဈေးကွက်

      ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ် သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

      ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေ နှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN”အမှတ်တံဆိပ် ဘိလပ်မြေ‌တစ်အိတ်လျှင် ငွေကျပ်(၂၀၅၀၀)နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ငွေကျပ် (၁၉၇၀၀) ဖြင့်ရောင်းချကြောင်း၊ စက်တင်ဘာလ နောက်ဆုံးပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း “CROWN” ဘိလပ်မြေ‌တစ်အိတ်လျှင် ငွေကျပ်(၅၀၀)နှင့် “ကြံ့နှစ်ကောင်”ဘိလပ်မြေတစ်အိတ်လျှင် ငွေကျပ် (၇၀၀)မြင့်တက်လာသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာ၊ ညောင်ဇင်ကျေးရွာ၊ ကံရိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကိုစိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်းသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး အောက်တိုဘာလ ပထမပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၇၀၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၈၀၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီး အကွဲအနာကင်းလျှင် ဈေးနှုန်းပိုမိုရရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။

        စက်တင်ဘာလ နောက်ဆုံးပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလ ပထမပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၅၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၁၀၀၀၀)ကျပ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူခရိုင်၌ မိုးနေကြာစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

      မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်းစိုက်ပျိုးကြကြောင်းသိရသည်။

        မိုးနေကြာသီးနှံကို ဇွန်လတွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ်၃၅၀၀၀၀ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၆တင်းခန့်ထွက်ရှိပြီး စိုက်ပျိုးမြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် အောက်တိုဘာလ ပထမပတ်တွင် နေကြာတစ်တင်းလျှင် ငွေကျပ်၅၀၀၀၀ဖြင့် ရောင်းဝယ် လျက်ရှိကြောင်းသိရသည်။

        ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့၊ ဇီးကုန်းမြို့ပေါ်ရှိပွဲရုံများသို့ ရောင်းချကြပြီး ပွဲရုံများက ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ အကျိုးအမြတ်အနေဖြင့် နေကြာသီးနှံတစ်ဧကလျှင် ငွေကျပ်၄၅၀၀၀၀ခန့်ရရှိကြောင်း၊ ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နေကြာသီးနှံဈေးနှုန်းများသည် ယခင်နှစ်ကာလတူထက် ဈေးကောင်းရရှိသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

                                     

ကန့်ဘလူမြို့နယ်၏ နှမ်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

       မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းများကိုလည်းစိုက်ပျိုးကြကြောင်းသိရသည်။

       ယခုအခါ နှမ်းများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ကန့်ဘလူခရိုင်၌ဖြစ်ပေါ်နေသော နှမ်းဈေးနှုန်းများမှာ အောက်တိုဘာလ ပထမပတ်တွင် နှမ်းနက်(စမုံ)တစ်တင်းလျှင် ၁၉၀၀၀၀ကျပ်၊ နှမ်းဖြူ(ဂျပန်) တစ်တင်းလျှင် ၁၃၀၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသောနှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။

        ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်းများသည် ယခင်နှစ်ကာလတူထက် ဈေးကောင်းရရှိသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း သတင်းရရှိပါသည်။

 DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းအခြေအနေ

        မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်းကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်းသိရသည်။

        ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင်ဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ငွေကျပ်၁၂၀၀၀ဖြင့်လည်းကောင်း၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် ငွေကျပ်၅၀၀၀ဖြင့်လည်းကောင်း၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် ငွေကျပ်၃၅၀၀ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့်   ကန့်ဘလူမြို့နယ်မှထွက်ရှိသည့် ကွမ်းရွက်များကို ကန့်ဘလူမြို့၊ ကျွန်းလှမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး စက်တင်ဘာလ နောက်ဆုံးပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများနှင့်နှိုင်ယှဉ်ပါက ယခုအပတ်တွင် ကွမ်းဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွမ်းရွက်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့နယ်၏ မတ်ပဲဈေးနှုန်း၊ ဈေးကွက်အခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်းသိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး အောက်တိုဘာလ ပထမပတ်အတွင်း၌ ဈေးနှုန်းများမှာ မတ်ပဲထွက်တိုးတစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် (၉၅၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။

        မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး စက်တင်ဘာလ နောက်ဆုံးပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း  မတ်ပဲထွက်တိုးတစ်တင်းလျှင် ငွေကျပ်(၁၀၀၀၀) မြင့်တက်လာကြောင်း၊ မတ်ပဲ(ဂျပန်)မှာ ဈေးနှုန်းတည်ငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းမြင့်တက်လာသော မော်လမြိုင်မြို့၊ ချောင်းဆုံမှ ပီလောပီနံဥ

     မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့တွင် ပီလောပီနံဥ အများဆုံးစိုက်ပျိုးသည့် ဒေသဖြစ်သည်။ ၎င်းချောင်းဆုံမြို့နယ်ရှိ (ဘိုးနက်ကျေးရွာ၊ ကတောင်စိန်ကျေးရွာ၊ ခြံတန်းကျေးရွာ) တို့ဖြစ်သည်။ ယခုအခါ စက်တင်ဘာလ (စတုတ္တပတ်)တွင် ပီလောပီနံအပင်မှ ဥထွက်မှုသည် နည်းပါး၍လည်းကောင်း၊ ဥထွက်ရာသီချိန်ကုန်ဆုံး၍ လည်းကောင်း၊ ဈေးကွက်အတွင်း ပီလောပီနံဥ ရောင်းချမှုလည်း ရှားပါးလာခြင်းကြောင်း လည်းကောင်း၊ ယခင်လထက် ယခုလမှာ ဈေးနှုန်းမြင့်တက်မှုဖြစ်ကြောင်း စိုက်ပျိုးသူနှင့် ရောင်းချသူများထံမှသိရှိရသည်။

    ယခင် ဩဂုတ်လတွင် ပီလောပီနံဥ ဈေးနှုန်းများမှာ လက်လီတစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင်(၂၃၀၀)ကျပ် ဖြစ်သည်။ ယခုလစက်တင်ဘာလတွင် ပီလောပီနံဥ ဈေးနှုန်းများမှာ လက်လီတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ လက်ကား တစ်ပိဿာလျှင်(၃၈၀၀)ကျပ်ဈေးနှုန်း မြင့်တက်လာသည်။ ယခုနှစ်အတွင်း အထွက်နှုန်း နှင့်ဈေးကောင်း ရရှိခဲ့သည်။

   ထို့ကြောင့် ချောင်းဆုံဒေသထွက် သဘာဝအစာအစားဖြစ်သော ပီလောပီနံကို ကြိုက်နှစ်သက်၍ ဝယ်ယူစားသောက်ကြရာ ပီလောပီနံဥအပြုတ်လည်းကောင်း၊ ပီလောပီနံပေါင်း၍လည်းကောင်း အမျိုးမျိုးပြုလုပ် စားသုံးကြကြောင်း သိရှိရသည်။

DOCA(မွန်)

 

ပုထိုးစမ်းကျေးရွာ၏ မိုးမြေပဲဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စုရှိ ပုထိုးစမ်း ကျေးရွာသည် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစဉ်းငုံသီးနှံများကို စိုက်ပျိုးကြပြီး မြေပဲစိုက်တောင်သူမှာ(၆၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၄၀၀၀)ဧကနီးပါး စိုက်ပျိုးကြောင်း သိရသည်။ ပုထိုးစမ်းကျေးရွာနေ မြေပဲစိုက်တောင်သူ ဦးလှမြင့်က မိုးမြေပဲ(၁)ဧကခွဲခန့် စိုက်ပျိုးထားပြီး မျိုးကို ရွာရှိတောင်သူအချင်းချင်းထံမှ (၁)ပြည်လျှင် ကျပ်(၉၀၀၀)ဖြင့်ဝယ်ယူကာ ထွန်‌ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ (၁)ဧကလျှင် မျိုး(၂)တင်းခန့် အသုံးပြုရကြောင်း၊ ၂၀၂၄ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)အကြာတွင် ခူးဆွတ်ပါကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် မြေပြုပြင်ခ၊ လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် (၇၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် တင်း(၁၀၀)နီးပါးထွက်ရှိပြီး ဈေးနှုန်း အနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင် မြေပဲတောင့်(၁)တင်းလျှင် ကျပ်(၂၈၀၀၀) ဈေးဖြင့်ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၂၁)သိန်းခန့်ရရှိကြောင်း၊  ဈေးကွက်အနေဖြင့် မကွေးမြို့ရှိ ပွဲရုံများသို့တင်ပို့ရောင်းချပြီး ထိုပွဲရုံများမှတဆင့် ရန်ကုန်မြို့သို့တင်ပို့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း