Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုးချဲ့စိုက်ပျိုးသင့်သည့် ဈေးကွက်ဝင် ပီလောပီနံ

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ပီလောပီနံစိုက်ဧက ၉၂၆၅ဧကစိုက်ပျိုးပြီး၊ ဟင်္သာတမြို့နယ်တွင် ၃၇၅၆ဧက၊ ဇလွန်မြို့နယ်တွင် ၆ဧက၊ လေးမျက်နှာမြို့နယ်တွင် ၅၅၀၉ဧကစိုက်ပျိုးပါသည်။ ပီလောပီနံသည် မိုးရေချိန် ၃၀လက်မမှ ၁၂၀လက်မနှင့် အပူချိန် ၂၅ဒီဂရီစင်တီဂရိတ်နှင့် ၃၂ဒီဂရီစင်တီဂရိတ်အကြား စိုက်ပျိုးဖြစ်ထွန်းသဖြင့် မိုးရေချိန် ပျမ်းမျှ ၈၀လက်မရရှိသော ဟင်္သာတခရိုင်ရှိ ရေမတင် သဲဆန်သည့်မြေများတွင် စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိပါသည်။ မိရိုးဖလာမြေပုံ၍ စိုက်ပျိုးခြင်းကို အများဆုံးပြုလုပ်ကြပြီး စိုက်ပေါင်စနစ်ဖြင့်လည်းစိုက်ပျိုးကြပါသည်။ ဟင်္သာတမြို့နယ်ရှိ ယုံသလင်းကျေးရွာအုပ်စု၊ မဒေါ့တလုပ်ကုန်းအုပ်စု၊ သမုဒ္ဒရိုးကျေးရွာအုပ်စု၊ သဲဖြူကျေးရွာအုပ်စုတွင်လည်းကောင်း၊ လေးမျက်နှာမြို့နယ်ရှိ ခမောက်စုကျေးရွာအုပ်စု၊ ပိန်းအင်းကျေးရွာအုပ်စု၊ လဟာကြီးကျေးရွာအုပ်စု၊ ဝါးရုံချောင်းကျေးရွာအုပ်စု၊ ရှားဖြူကျင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာအုပ်စု၊ ပန်းတောကြီးကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာအုပ်စုတို့တွင်လည်းကောင်း စိုက်ပျိုးကြပါသည်။

           ပီလောပီနံကို မေလဆန်းတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလကုန်တွင် စတင်တူးဖော်ကြပါသည်။ ပီလောပီနံမျိုးအဖြစ် ဒေသမျိုး ဆင်တစ်ဆွဲနှင့် ယိုးဒယားမျိုး Rayong-9 မျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ တစ်ဧကတွင် ပီလောပီနံ မြေပုံ ၁၂၀၀ ခန့်ဝင်ဆန့်ပြီး မြေပုံ ၁ပုံလျှင် မျိုး ၂ပင်ကို  ၄၅ဒီဂရီစောင်း၍ စိုက်ပျိုးကြပါသည်။ မျိုးကိုင်းများကို အပင်မှခုတ်ပြီး ၂၄နာရီအတွင်း စိုက်ပျိုးရန်လိုအပ်ကြောင်းသိရှိရပါသည်။ မျိုးတစ်ပင်လျှင် ပျမ်းမျှ ၁.၂၅ ပိဿာခန့်ဥ၍ မြေတစ်ပုံလျှင် ၂.၅ ပိဿာခန့်ဥနိုင်သည့်အတွက် တစ်ဧကလျှင် ပျမ်းမျှ ပိဿာ၃၀၀၀ခန့်ထွက်ရှိပါသည်။

          ထွက်ရှိလာသော ပီလောပီနံဥများကို ရေဆေး၍ ဒလက်စက်ဖြင့်ရိုက်ပြီး အခွံချွတ်ရပါသည်။  အခွံချွတ်ပြီးသော ပီလောပီနံဥများကို ကြိတ်စက်နှင့်ကြိတ်ခွဲခြင်းဖြင့် ပီလောပီနံကြိတ်ဖတ်ကိုရရှိပါသည်။ ရရှိလာသော ကြိတ်ဖတ်များကို ဒလက်တပ်ဆင်ထားသော ပုံးအတွင်း၌ ရေနှင့် အချိုးကျရောထည့်၍မွှေခြင်းဖြင့် ဗဟိုခွာအားကြောင့် ဘေးသို့ထွက်လာသောအဖတ်များကို အဖတ်ကန်သို့ပို့ဆောင်ပြီး၊ အနှစ်များကို အောက်ဘက်ရှိ အနှစ်ကန်သို့‌ ဖောက်ချရပါသည်။ ရရှိလာသော ပီလောပီနံအနှစ်များကို တာပေါ်လင်စဖြင့်ပြုလုပ်ထားသော စစ်ကန်များတွင်ထည့်၍ အနှစ်များကို အနည်ထိုင်စေပြီး၊ အပေါ်ယံရေများကို စွန့်ထုတ်ခြင်းဖြင့် ပီလောပီနံအမှုန့်ဖြစ်လာမည့် အနှစ်ခဲကလေးများကိုရရှိပါသည်။ ၎င်းအနှစ်ခဲကလေးများကို နေရောင်တွင် အခြောက်ခံပြီး၊ ခြောက်သွေ့သွားသော အနှစ်ခဲများကို ဆန်ကာတိုက်ဖိခြေခြင်းဖြင့် ပီလောပီနံအချောမှုန့်များကိုရရှိပါသည်။ အဖတ်ကန်မှ အဖတ်များကို လူအားဖြင့်လုံးပါက အမှုန့်ထုတ်ပြီး ပီလောပီနံအလုံးများကိုရရှိပါသည်။

         ပီလောပီနံဥ ပိဿာ၃၀၀၀ကို အမှုန့်ပြုလုပ်ပါက ပိဿာ၃၀ဝင် အမှုန့်အိတ် (၃၀) ခန့်နှင့် အမှုန့်ထုတ်ပြီး ပီလောပီနံ ပိဿာ၄၅၀ခန့်ရရှိသည့်အတွက် ပိဿာစုစုပေါင်း ၁၃၅၀ခန့်ပြန်လည်ရရှိပါသည်။ ပိဿာ၁၆၅၀ခန့်မှာ  အရည်အဖြစ် စွန့်ထုတ်ပျောက်ဆုံးသွားပါသည်။   မေလတွင်စိုက်ပျိုးသော ပီလောပီနံများကို ဒီဇင်ဘာလကုန်တွင် တူးဖော်ကြိတ်ခွဲခြင်းဖြင့် အမှုန့်ထွက်အားပိုမိုကောင်းမွန်ပြီး သစ်ရည်ပြန်သောလများဖြစ်သည့် ဖေဖော်ဝါရီလ၊ မတ်လတို့တွင်တူးဖော်ပါက အရည်ဓာတ်ပါဝင်မှုများလာသည့်အတွက် အမှုန့်ထွက်နှုန်းကျဆင်းနိုင်ကြောင်းသိရှိရပါသည်။

          ၂၀၂၃ခုနှစ် ပီလောပီနံထွက်ရှိချိန်(ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ)တွင် ဥတစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၁၂၀၀ကျပ်ဈေးထိရရှိပြီး၊ အချောမှုန့်တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ အမှုန့်ထုတ်ပြီး ကလောလုံးတစ်ပိဿာလျှင် ၆၀၀ကျပ်ခန့်ရရှိပါသည်။ ယခု ၂၀၂၄ခုနှစ် ပီလောပီနံထွက်ရှိချိန်တွင် ပီလောပီနံဥတစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၇၀၀ကျပ်ဈေးသာရရှိပြီး၊ ပီလောပီနံ အချောမှုန့်တစ်ပိဿာလျှင် ၂၄၀၀ကျပ်မှ ၂၇၀၀ကျပ်၊ အမှုန့်ထုတ်ပြီး ပီလောပီနံလုံးတစ်ပိဿာလျှင် ၃၀၀ကျပ်သာရရှိကြောင်းသိရှိရပါသည်။ ပီလောပီနံဥအဆင့်မှ အခြားအဆင့်သို့ ပြောင်းလဲထုတ်လုပ်ရာတွင် ၂၄နာရီအတွင်းထုတ်လုပ်မှသာ အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များကိုရရှိနိုင်ကြောင်းလည်းသိရှိရပါသည်။     

         ၂၀၂၄ခုနှစ် ပီလောပီနံတစ်ဧကပျမ်းမျှကုန်ကျစရိတ်မှာ မျိုး၊ မြေပြင်ခြင်း၊ မြေပုံပြုလုပ်ခြင်း၊ စိုက်ပျိုးခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းလိုက်ခြင်း၊ တူးဖော်ခြင်းတို့အတွက် ကိုးသိန်းကျပ်ခန့်ကုန်ကျနိုင်ပြီး တစ်ဧကထွက်ရှိမှု ပိဿာ၃၀၀၀ကို ဥဈေးနှုန်း ပျမ်းမျှ ၆၀၀ကျပ်နှင့်တွက်ပါက တစ်ဆယ့်ရှစ်သိန်းကျပ်ခန့်ရရှိနိုင်ပြီး တစ်ဧကပျမ်းမျှအကျိုအမြတ်မှာ ကိုးသိန်းကျပ်ခန့်ရရှိနိုင်ပါသည်။

          တချို့ ပီလောပီနံစိုက်တောင်သူကြီးများသည် အမှုန့်ကြိတ်စက်ဖြင့်ပါ တည်ဆောက်လည်ပတ်ထုတ်လုပ်ကြသည့်အတွက် အချောအမှုန့်တစ်ပိဿာလျှင် ပျမ်းမျှ ၂၅၀၀ကျပ်ဖြင့် ပိဿာ ၉၀၀အတွက် ၂၂၅၀၀၀၀ကျပ်နှင့် အမှုန့်ထုတ်ပြီး ပီလောပီနံအလုံးတစ်ပိဿာလျှင် ၃၀၀ကျပ်ဖြင့် ပိဿာ၄၅၀အတွက် တွက်ပါက ၁၃၅၀၀၀ကျပ်ပေါင်းပါက ဝင်ငွေ ၂၃၈၅၀၀၀ကျပ်ရရှိနိုင်ပြီး ပီလောပီနံဥ တိုက်ရိုက်ရောင်းချခြင်းထက် ငါးသိန်းကျပ်ခန့် ပိုမိုအကျိုးအမြတ်ရရှိနိုင်ကြောင်းသိရှိရပါသည်။

          ပီလောပီနံသည် သီးနှံများတွင် ကာဘိုဟိုက်ဒြိတ်ပါဝင်မှု တတိယအများဆုံးသီးနှံဖြစ်ပြီး သင့်လျော်သောကုန်ကျစရိတ်ဖြင့် ထုတ်လုပ်နိုင်သည့်အတွက် စိုက်ပျိးထုတ်လုပ်သင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ဟင်္သာတခရိုင်မှ ထွက်ရှိသော ပီလောပီနံအချောမှုန့်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခြင်း၊ ကော်မှုန့်အဖြစ်အသုံးပြုခြင်း၊ ကတ္ထူစက္ကူပုံးများပြုလုပ်ရာတွင် အသုံးပြုခြင်း၊ အချိုရည်/အဖျော်ယမကာလုပ်ငန်းများတွင် အသုံးပြုကြပါသည်။ အမှုန့်ထုတ်ပြီးသော ပီလောပီနံအလုံးများကို မွေးမြူရေးအစာထုတ်လုပ်ရာတွင်လည်းအသုံးပြုကြပါသည်။

          ပီလောပီနံသည် ပြည်ပဝယ်လိုအားရှိသောသီးနှံဖြစ်သည့်အပြင် မြန်မာ့မြေရာသီနှင့်ကိုက်ညီထုတ်လုပ်နိုင်သည့် သီးနှံဖြစ်သည့်အတွက် တိုးတက်စိုက်ပျိုးထုတ်လုပ်သင့်သော သီးနှံဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

DOCA(ဧရာဝတီ)

 

ဒေသထွက် အာတာလွတ်ဥ ဈေးကွက်အခြေအနေ

  ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ပထမအပတ်တွင် ဘားအံမြို့ပေါ် ရေပေါ်ဈေးအတွင်း ဒေသထွက် အာတာလွတ်ဥများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

  မြန်မာအစားအစာထဲတွင် နေရာတစ်နေရာယူထားသည့် အာတာလွတ်ဥမှာလည်း ဆေးဖက်ဝင်ကြောင်း သိရပါသည်။ အာတာလွတ်ဥတွင် သတ္တုဓာတ်၊ အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်များ ပါဝင်သည့်အတွက် အာဟာရပြည့်စုံ၍ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေသော သီးနှံတစ်မျိုးဖြစ်သည်။  အာတာလွတ်ဥကိုပြုတ်၍ ဆီ၊ဆားလေးနှင့် နှမ်းထောင်းလေး ဖြူး၍စားခြင်း၊ အာတာလွတ်ဥကို မုန့်နှစ်အဖြစ်ပြုလုပ်၍ အကြွပ်ကြော်စားခြင်းစသည်ဖြင့်လည်း စားသုံးကြပါသည်။

   ဘားအံမြို့ရှိ ဈေးပေါ်တွင် အာတာလွတ်ဥကို အရွယ်အစားအလိုက် အာတာလွတ်ဥအကြီး တစ်ပိဿာလျှင် (၃,၅၀၀)ကျပ်၊ အာတာလွတ်အသေးတစ်ပိဿာလျှင် (၂,၅၀၀၊ ၃,၀၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(ကရင်)

 

 

တနင်္သာရီတိုင်းဒေသကြီး၏ ကွမ်းသီးနှင့် သီဟိုဠ် ဈေးနှုန်း/ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းခရိုင် (၄) ခုရှိရာ ခရိုင် (၄) ခုလုံး၏ တောင်စောင်းတစ်လျှောက်တွင် ကွမ်းသီးပင်နှင့် သီဟိုဠ်ပင်တို့ကို စီးပွားဖြစ်အများအပြားစိုက်ပျိုးလျက်ရှိပြီး ဒေသမှထွက်ရှိသော ကွမ်းသီးနှင့်သီဟိုဠ်ဈေးနှုန်းများမှာ အောက်တိုဘာလ ပထမပတ်အတွင်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

ကွမ်းသီး

     တနင်္သာရီတိုင်းဒေသကြီး၏ ဒေသတွင်းထွက်ရှိသော ကွမ်းသီးဈေးနှုန်းများမှာ အောက်တိုဘာလ ပထမပတ်အတွင်း ‌ဈေးနှုန်းများမှာ ကွမ်းသီးအခြောက်အခြမ်း တစ်ပိဿာလျှင် (၉၂၀၀)ကျပ်၊ ကွမ်းသီးအခြောက်အလုံး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်နှင့် ကွမ်းသီးအနု တစ်ပိဿာလျှင်အလုံးရေ (၇၀/၇၅)ခန့် ဝင်ဆံ့ပြီး ဈေးနှုန်းမှာ(၁၀၀၀၀)ကျပ် ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသော ကွမ်းသီးအများစုကို မော်လမြိုင်၊ ရန်ကုန်၊ မုံရွာ နှင့် ကလေးမြို့များသို့ အများဆုံးတင်ပို့ ရောင်းချ လျက်ရှိပါသည်။

သီဟိုဠ်

     တနင်္သာရီတိုင်းဒေသကြီး၏ သီဟိုဠ်ဈေးနှုန်းများမှာ အောက်တိုဘာလ ပထမပတ်အတွင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး သီဟိုဠ်ပုံချောအသန့် တစ်ပိဿာလျှင်(၅၂၀၀၀)ကျပ်နှင့် အခွံကြမ်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ရှိပါသည်။

    ဈေးနှုန်းများမှာ ထားဝယ်မြို့‌ပေါ်တွင်ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်းများဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၏ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့်ကော့သောင်းခရိုင်များရှိဈေးနှုန်းများမှာ ခရိုင်အလိုက် ပျှမ်းမျှအားဖြင့် အနည်းငယ်ခန့် ကွာခြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အောင်လံကုန်စည်ဒိုင်၏ အောက်တိုဘာလ(ပထမပတ်)အတွင်း ပဲမျိုးစုံသီးနှံဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ အောင်လံကုန်စည်ဒိုင်တွင်၂၀၂၄-ခုနှစ် အောက်တိုဘာလ (ပထမပတ်) အတွင်း ပဲမျိုးစုံသီးနှံများ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

 ကုလားပဲ

     ယခုအချိန်တွင် အောင်လံကုန်စည်ဒိုင်အတွင်း (ကုလားပဲ-ဟော်လန်) နှင့် ကုလားပဲ(မြကြေး)ကို ဝယ်သိုကုန်သည်များမှ အရောင်းအဝယ်ပြုလျက်ရှိရာ အောက်တိုဘာ(ပထမပတ်)တွင် ကုလားပဲ (ဟော်လန်)() တင်းလျှင် ကျပ်(၁၀၀၅၀၀-၁၀၁၀၀၀)၊ ကုလားပဲ(မြကြေး) ()တင်းလျှင် ကျပ်(၁၀၇၀၀၀)ရှိခဲ့ပြီး ယခင်အောက်တိုဘာလ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှု မရှိဘဲ အရောင်းအဝယ်အနေဖြင့် တစ်ပတ်အတွင်း ကုလားပဲ(ဟော်လန်) တင်းရေ(၁၉၅၀)၊ တန်ချိန် (၆၃)တန်၊ ကုလားပဲ(မြကြေး) တင်းရေ (၁၃၅၀)တင်း၊ တန်ချိန်(၄၄)တန်ခန့် အရောင်းအဝယ်ရှိခဲ့ ကြောင်း သိရသည်။

    ကုလားပဲ(H-L) ၊ ကုလားပဲ(မြကြေး)၏ ဈေးနှုန်းဈေးကွက်အနေဖြင့် ဈေးနှုန်းပြောင်းလဲခြင်း မရှိသော်လည်း ယခုအောက်တိုဘာ(ပထမပတ်)တွင် စုစုပေါင်းတင်းရေ(၃၃၀၀)တင်း၊ တန်ချိန် (၁၀၇)တန် အရောင်းအဝယ်ရှိခဲ့၍ ယခင် စက်တင်ဘာ(စတုတ္ထပတ်)ထက် တင်း(၈၅၀)၊ တန်ချိန် (၂၇)တန် ပိုမိုမြင့်တက်လာကြောင်း သိရှိရပါသည်။

ပဲကြီး

   ပဲကြီးမှာ အောက်တိုဘာ(ပထမပတ်)တွင် ()တင်းလျှင် ကျပ်(၈၀၀၀၀ မှ ၈၈၀၀၀)ဖြစ်ပြီး ယခင်စက်တင်ဘာလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ရန်ကုန်မြို့သို့ လည်းကောင်း၊ အောင်လံမြို့နယ်အတွင်းရှိ ပဲကြော်/ပဲလှော်လုပ်ငန်းရှင်များထံသို့လည်းကောင်း ရောင်းချပြီး တစ်ပတ်အတွင်း တင်းရေ (၄၅၀)တင်း၊ တန်ချိန်(၁၄)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်းသိရသည်။

ပဲတီစိမ်း

    ပဲတီစိမ်းမှာ အောက်တိုဘာ(ပထမပတ်)တွင် သီးနှံအရည်အသွေးကိုလိုက်၍ ()တင်းလျှင် ကျပ်(၄၀၀၀၀ မှ ၆၀၀၀၀)ထိ ဈေးနှုန်းရှိခဲ့ပြီး ယခင်စက်တင်ဘာလ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တစ်ပတ်အတွင်း တန်ချိန်(၁၇)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

မြေပဲ

    မြေပဲ သီးနှံများမှာအသစ်များထွက်ရှိသည့် အချိန်ဖြစ်သည့်အတွက် အရောင်းအဝယ်နေ့စဉ် ဖြစ်လျက်ရှိနေပြီး မြေပဲလုံးဆံနီမှာ အောက်တိုဘာလ(ပထမပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၁၂၅၀၀မှ ၁၁၇၀၀၀)ဖြစ်ပြီး ယခင်စက်တင်ဘာလ(စတုတ္ထပတ်)တွင် ()တင်းလျှင် ကျပ် (၁၁၇၀၀၀-မှ၁၂၁၅၀၀)ဖြစ်၍  ကျပ်(၄၅၀၀)ဈေးနိမ့်ခဲ့ပြီး တစ်ပတ်အတွင်း တင်းရေ (၁၅၀၀)၊ တန်ချိန်(၃၆.)တန် အရောင်း အဝယ်ရှိခဲ့ကြောင်း၊ မြေပဲလုံးဆံဖြူမှာ အောက်တိုဘာ(ပထမပတ်)တွင် (၁)တင်းလျှင် ကျပ် (၁၁၂၅၀၀)ဖြစ်ပြီး ယခင်စက်တင်ဘာ(စတုတ္ထပတ်)တွင် ကျပ် (၁၁၅၅၀၀ မှ ၁၂၃၀၀၀)ဖြစ်၍ ()တင်းလျှင် ကျပ်(၃၀၀၀မှ ၁၀၅၀၀)အထိ ဈေးနိမ့်ခဲ့ပြီး တစ်ပတ်အတွင်း တင်းရေ(၁၈၀၀)တင်း၊ တန်အနေဖြင့် (၄၄)တန် ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း၊ မြေပဲတောင့်အစိုမှာ အောက်တိုဘာလ (ပထမပတ်)တွင် ()တင်းလျှင် ကျပ် (၂၂၀၀၀ မှ ၂၃၀၀၀) ဖြစ်ပြီး ယခင်စက်တင်ဘာလ (စတုတ္ထပတ်)တွင် ကျပ်(၂၂၀၀၀ မှ၂၆၀၀၀)ဖြစ်၍ ()တင်းလျှင် ကျပ်(၃၀၀၀)ဈေးအနိမ့်ဖြင့် တစ်ပတ်အတွင်း တင်းရေ(၆၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏ အောက်တိုဘာလ(ပထမပတ်)အတွင်း နှမ်းသီးနှံဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ အောင်လံကုန်စည်ဒိုင်တွင်၂၀၂၄-ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်) အတွင်း နှမ်းသီးနှံများ နေ့စဉ် ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

    နှမ်းသီးနှံ ဈေးနှုန်းဈေးကွက်အနေဖြင့် အောက်တိုဘာလ(ပထမပတ်)တွင် နှမ်းနက်စမုံ (နိမ့်စ) (၁)တင်းလျှင် ကျပ်(၁၈၃၀၀၀-၁၉၀၀၀၀)ဖြစ်ပြီး ယခင်စက်တင်ဘာလ(စတုတ္ထပတ်)တွင် ()တင်း လျှင် ကျပ်(၁၆၆၅၀၀-၁၇၃၀၀၀)ရှိခဲ့၍ ကျပ်(၁၆၅၀၀-၁၇၀၀၀)ထိဈေးနှုန်း မြင့်တက်ခဲ့ကြောင်း၊ နှမ်းနက်(စမုံ)(ထိပ်စ)မှာ အောက်တိုဘာလ(ပထမပတ်)တွင် ကျပ် (၁၉၈၀၀၀ မှ၂၁၁၅၀၀) ဖြစ်ပြီး ယခင်စက်တင်ဘာလ(စတုတ္ထပတ်)တွင် ()တင်းလျှင်  ကျပ်(၁၈၆၅၀၀ မှ ၂၀၀၀၀၀)ရှိခဲ့၍ ()တင်း လျှင် ကျပ်(၁၁၅၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး အရောင်းအဝယ်အနေဖြင့် တစ်ပတ်အတွင်း တင်း(၄၀၅၀၀)(၉၉၂)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

   နှမ်းနီမှာ အောက်တိုဘာလ(ပထမပတ်)တွင် သီးနှံအရည်အသွေးအလိုက် ()တင်းလျှင် ကျပ် (၁၁၅၀၀၀ မှ ၁၁၃၀၀၀)ဖြစ်ပြီး ယခင် စက်တင်ဘာလ(ပထမပတ်)တွင် ()တင်းလျှင် ကျပ် (၁၁၀၀၀၀)ဖြစ်၍  ()တင်းလျှင် ကျပ်(၃၀၀၀ မှ ၅၀၀၀) ဈေးနှုန်းအမြင့်ဖြင့် တစ်ပတ်အတွင်း တင်းရေ (၇၅၀) တင်း၊ တန်ချိန်( ၁၈.၃၇)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

    နှမ်းဖြူမှာ အောက်တိုဘာလ(ပထမပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၁၃၀၀၀)ဖြစ်ပြီး ယခင် စက်တင်ဘာလ(ပထမပတ်)တွင် ()တင်းလျှင် ကျပ် (၁၁၀၀၀၀)ဖြစ်၍ ()တင်းလျှင် ကျပ် (၃၀၀၀) ဈေးနှုန်းအမြင့်ဖြင့် တစ်ပတ်အတွင်း တင်း(၆၀၀)၊ တန်ချိန်(၁၄.)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

   နှမ်းသီးနှံများကို အောင်လံမြို့နယ်အတွင်းရှိကျေးရွာများနှင့် သရက်မြို့နယ်ဘက်မှ အောင်လံမြို့နယ်နှင့် ထိစပ်လျက်ရှိသည့် ကမ်းနားရွာများဖြစ်သော ပိဿလိမ်းကျေးရွာ၊ ကမ်းနီကျေးရွာ၊ ရွာသစ်ကျေးရွာ၊ မန်ကျီးတောကျေးရွာ၊ မြစကိုင်းကျေးရွာ၊ ပြလို့ကျေးရွာ၊ ပြရည်ကျေးရွာတို့မှလည်း လာရောက် ရောင်းချကြောင်း၊ နှမ်းနက်(စမုံ)ကို ဝယ်သူများအကြိုက်များပြီး ဈေးကောင်းပေးဝယ်လျက်ရှိပါကြောင်း၊ နှမ်းနီကိုအောင်လံမြို့နယ်အတွင်းရှိ ဆီကြိတ်ခွဲသည့် ဆီစက်လုပ်ငန်းရှင်များမှဝယ်ယူ၍ စားသုံးဆီအဖြစ်ရောင်းချခြင်းဖြစ်ပါကြောင်း၊ နှမ်းဖြူကို ပဲကြော်လုပ်ငန်းရှင်များမှ နှမ်းလှော်အဖြစ် စားသုံးသူ များထံပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း၊ ယခုအောက်တိုဘာ(ပထမ ပတ်)တွင် ယခင် စက်တင်ဘာ(စတုတ္ထပတ်)ထက် အရောင်းအဝယ် ပိုမိုအားကောင်းလာပါကြောင်း၊ ယခုအောက်တိုဘာလ(ပထမပတ်)တွင် နှမ်းသီးနှံမှာ စုစုပေါင်းတင်းရေအားဖြင့် (၄၁၈၅၀)တင်း၊ တန်အနေဖြင့် (၁၀၂၅)တန် ခန့်အရောင်းဝယ်ရှိခဲ့ပါကြောင်း၊ ယခင်စက်တင်ဘာ(စတုတ္ထပတ်) ထက် တင်းရေ(၈၀၀၀မှ၈၅၀၀)တင်း၊ တန်ချိန် (၁၉၅မှ၂၀၈)တန်ထိ ပိုမို၍ အရောင်းအဝယ်ရှိလာကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။       

DOCA(မကွေး)

        

 

“ ကော့မှူးမြို့နယ်၌ ယခုနှစ်မိုးစပါးလျာထား (၈၈၉၉)ဧက ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် မိုးစပါးလျာထားဧက (၈၈၀၉၉)ဧကစိုက်ပျိုးပြီးစီးကြောင်း ကော့မှူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်၏ ပြောကြားချက်အရ သိရသည်။

        ကော့မှူးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတိုးတက်စေရန်နှင့် ဒေသအတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရေးအတွက်ရည်ရွယ်၍ ကော့မှူးမြို့နယ်ဒေသခံတောင်သူများက တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက (၈၈၀၉၉)ဧကလျာထားလျက် လျာထားချက်ရာနှုန်းပြည့်ကို အောင်မြင်ဖြစ်ထွန်းစွာစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။

         ကောမှူးမြို့နယ်၌ ယခုနှစ်မိုးစပါးစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်နည်းစနစ်များမှန်ကန်စေရေး၊ ပိုးမွှားကျရောက်မှုကင်းရှင်းစေရေး၊ ဓာတ်မြေဩဇာများကိုစနစ်တကျသုံးစွဲရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက် သက်ဆိုင်ရာဆက်စပ်ဌာန၊ စိုက်ပျိုးမှုဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့များနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများကိုလည်း တစ်မြို့နယ်လုံးအတိုင်းအတာအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

                                               

“စျေးကောင်းရရှိနေသောခရမ်းသီး”

         မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် စပါး၊ နှမ်း၊ ပဲ၊ ပြောင်း၊ ငရုတ် စသည့်သီးနှံများကို အများဆုံးစိုက်ပျိုးကြသော်လည်း ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးကိုလည်း တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ခရမ်းသီးစိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီး (၁)လခွဲသားအရွယ်တွင် စိုက်ပျိုးရကြောင်း၊ (၂)လခွဲ/ (၃)လသားအချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး (၄)ရက်ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်နှင့်တစ်ပတ် အထွက်နှုန်းပိုလာကြောင်း၊ တစ်ပတ်လျှင် ပိဿာ (၃၀၀-၄၀၀)အထိထွက်ရှိကြောင်း၊ သက်တမ်းအနေဖြင့် (၄-၅)လအထိခူးဆွတ်နိုင်ကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၈၀၀၀၀၀/-) ကျပ်ခန့်ကုန်ကျကြောင်း၊ ကုန်စိမ်းပွဲစားများက စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူသည့်အတွက် သယ်ယူစရိတ်သက်သာကြောင်း၊ ယခုလက်ရှိစျေးနှုန်းအနေဖြင့် ခရမ်းသီး(၁)ပိဿာလျှင် ဖောက်သည်စျေး(၂၅၀၀/-)ကျပ်၊ လက်လီစျေးနှုန်းအနေဖြင့် (၃၀၀၀-၃၅၀၀)ကျပ်အထိရောင်းချရကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ် စျေးနှုန်းမတူညီကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့်(၈၀၀၀၀၀/-)ကျပ်ခန့်ရရှိကြောင်း ရေဝင်ရောက်မှုမရှိသည့် သံချပ်ကုန်းကျေးရွာမှ ခရမ်းသီးစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

“မိုးကြက်သွန်များစိုက်ပျိုးပြီးစီး”

        ‌ကျောက်ဆည်ခရိုင်တွင် ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်သီးနှံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ကျောက်ဆည်မြို့နယ်တွင် (၇၅)ဧက၊ မြစ်သားမြို့နယ်တွင် (၂၇၉၀)ဧက၊ စုစုပေါင်း(၂၈၆၅)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း  ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ မိုးကြက်သွန်စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၆၃၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ မိုးကြက်သွန်မျိုးစိုက်ပျိုးမှုအနေဖြင့် ရွှေဖလားမျိုးနှင့် ရွှေဖလားထိပ်မောက်မျိုးများကို ပျိုးထောင်၍စိုက်ပျိုးကြကြောင်း၊ အများဆုံးစိုက်ပျိုးသောကျေးရွာများမှာ မြစ်သားမြို့နယ်၏ ရေဝင်ရောက်မှုမရှိသော ရွာသစ်ရွာ၊ ရောက်စောက်ရွာ၊ ဇီးဖြူကုန်းရွာ၊ ကသဲကုန်းရွာ၊ သိုတန်ရွာနှင့် ဆင်းကွတ်ရွာများတွင် အများဆုံးစိုက်ပျိုးထားရှိကြောင်း၊ ကြက်သွန် ယခုလက်ရှိပေါက်စျေးအနေဖြင့် အကြီး(၁)ပိဿာလျှင် (၃၀၀၀/-)ကျပ်၊ အလတ်(၁)ပိဿာလျှင် (၂၈၀၀/-)ကျပ်၊ အသေး(၁)ပိဿာလျှင် (၂၆၀၀/)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ ကြက်သွန်များကို ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ လက်လီစျေးသည်များက ပွဲရုံများသို့ တိုက်ရိုက်ဝယ်ယူ၍ တစ်ဆင့် စျေးထဲသို့ ပြန်လည်ရောင်းချကြကြောင်း၊ ကြက်သွန်ပေါ်ချိန်တွင် သီးနှံများအောင်မြင်ဖြစ်ထွန်းပြီး စျေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်များပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ကြက်သွန်အများဆုံး စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

“မိုးမြေပဲများစတင်ထွက်ပေါ်”

         မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ရာသီအလိုက် စပါး၊ ကြက်သွန်၊ နှမ်းနှင့် ဝါသီးနှံများအပြင် မြေပဲသီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ မိုးမြေပဲစိုက်ဧကအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ကျောက်ဆည်မြို့နယ်တွင် (၂၉၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၃၃)ဧက၊ မြစ်သားမြို့နယ်တွင် (၈၆၄)ဧက၊ စု‌စုပေါင်း (၁၁၉၃)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စက်တင်ဘာလကုန်ပတ်မှစတင်၍ မိုးမြေပဲများကို စတင်တူးဖော်လျက်ရှိပါသည်။ မိုးမြေပဲရိတ်သိမ်းမှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၁၆၈)ဧက၊ မြစ်သားမြို့နယ်တွင် (၂၉၁)ဧကရိတ်သိမ်းပြီးစီးပြီးဖြစ်ကြောင်း၊ ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ မိုးမြေပဲစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့်   မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၅၀၀၀၀-၆၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ မြေပဲကို ပေါင်ကြောင်းပေးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ မိုးမြေပဲကို ဇွန်လနှင့် ဇူလိုင်လများတွင် စိုက်ပျိုးပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ထွက်ရှိကြောင်း၊ မိုး‌မြေပဲအများဆုံးစိုက်ပျိုးသော‌ ကျေးရွာများမှာ မြစ်သားမြို့နယ်တွင် တောင်တွင်း၊ ရိုးကန်၊ ပျော်ရွာများဖြစ်ကြောင်း၊ ရေဝင်ရောက်မှုမရှိခြင်းကြောင့် မြေပဲသီးနှံများကို စတင်ရိတ်သိမ်းလျက်ရှိကြောင်း၊ မြေပဲအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် တင်း(၃၀-၃၅)ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် မြေပဲတောင့် (၁)တင်းလျှင် (၅၆၀၀၀)ကျပ်၊ မြေပဲဆန် (၁)ပိဿာလျှင် (၇၅၀၀)ကျပ်၊ မြေပဲဆီ (၁)ပိဿာလျှင် (၁၇၀၀၀)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ မြေပဲကို မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း၊ မိုးမြေပဲရိတ်သိမ်းမှုတွင် ကုန်ကျစရိတ်နုတ်ပြီးပါက အကျိုးအမြတ်အနေဖြင့် (၁၀၀၀၀၀၀)ကျပ်ခန့်မြတ်ကြောင်း မိုးမြေပဲစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

ရွှေဘိုမြို့တွင် အစေ့ထုတ်ပြောင်းအဝင်များပြီး ဈေးအနည်းငယ်ကျ

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ အောက်တိုဘာလ၊ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး အောက်တိုဘာလ၊ ပထမအပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်း တစ်တင်းလျှင်(၂၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ(၉၀၀)တင်း/ (၂၂)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင်(၂၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် အစေ့ထုတ်ပြောင်း တစ်တင်းလျှင်(၁၀၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၁၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၉၀၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ရွှေဘိုဈေးကွက်သို့ အစေ့ထုတ်ပြောင်းများ အဝင်များသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း