Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်းရှိ ပုဆိုးဈေးကွက်

       ကမ္ဘာကြီးတိုးတက်လာသည်နှင့်အမျှ စက်မှုကိရိယာများပိုမိုအသုံးပြုလာခြင်းကြောင့် အပူချိန် မြင့်တက်လာသောအခါ မြန်မာ့ရိုးရာချည်ထည်များကို အများအပြားဝတ်ဆင်လာကြပါသည်။ ထို့နည်းတူ အညာဒေသတွင်လည်း ဝယ်လိုအားလိုအပ်ချက်အရ လုပ်ငန်းများတွင် ကျယ်လာစေရန် လက်ယက္ကန်းများ နေရာတွင် စက်ယက္ကန်းများ အစားထိုးဝင်ရောက်ကာ ကျယ်ကျယ် ပြန့်ပြန့် လုပ်ကိုင်လာကြပါသည်။ အထည်ယက်လုပ်ရာတွင် လိုအပ်သောချည်အတွက် ပြည်ပမှဝင်ရောက် လာသောချည်များကိုနီးစပ်ရာမြို့ရှိ ကုန်သည်များထံမှ ပြန်လည်ဝယ်ယူ၍ ဆေးဆိုးခြင်း၊ ချည်စာ နင်းခြင်း၊ ချည်ချခြင်းနှင့် ယက္ကန်းချည်ခြင်း အစရှိသဖြင့် အဆင့်ဆင့်လုပ်ကိုင်ကြရာတွင်လည်း ယခင်ကလုပ်သား အင်အားကို အသုံးပြုကြသော်လည်း ယခုအခါတွင် စက်အစားထိုး လုပ်ကိုင် လာကြပါသည်။

       ထိုကဲ့သို့ ယောက်ျားဝတ် ပုဆိုးယက်လုပ် ကြရာတွင်အတိုင်ချည်(၄၀)ချည်ကို အသုံးပြု၍ အဖောက်ချည်အဖြစ် (၂၀) ချည် (ကပြား)နှင့် (၄၀) ချည်ကို အသုံးပြုကြသည်။ စက်ယက္ကန်း ပုဆိုးတစ်တန်းလျှင် အတိုင်ချည် (၁၂)ထုပ်၊ တစ်ထုပ်လျှင် အလိမ်(၄၀)၊ တစ်လိမ်လျှင်(၅)ခင် ပါဝင်ပြီး အတိုင်ချည်နှင့် အဖောက်ချည် ညီတူညီမျှ အသုံးပြုကြရသည်။ ယက္ကန်းတစ်ဆင်၏ အထွက်နှုန်းမှာ (၁၂) ထုပ်တန်း တစ်တန်းလျှင် ကွင်း(၄၀၀)ကျော် (၅၀၀) နီးပါးထွက်သည်ဟု လည်းသိရပါသည်။ အထည်ဈေးနှုန်းမှာ (၄၀x၄၀) ချည် တစ်ကွင်းလျှင် ကျပ်(၉၅၀၀)နှုန်းနှင့် (၄၀x၂၀)ချည် တစ်ကွင်းလျှင် (၆၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချကြောင်း ယခုအခါလျှပ်စစ်မီး အခက်အခဲများကြောင့် ယခင်ကာလများကဲ့သို့ မတွင်ကျယ်လှသော်လည်း မိမိတို့ဒေသအတွင်း သာမက နီးစပ်ရာဒေသများသို့လည်း ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

မြန်မာ့လက်မှုအနုပညာများနှင့်ဆွဲဆောင်လျက်ရှိသော ပုဂံမြေ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေ့ဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့်ပြည့်နှက် လျက်ရှိသော ညောင်ဦးပုဂံဒေသသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့တွင် ကမ္ဘာ့ ရှေးဟောင်းအမွေ အနှစ်အဖြစ် UNESCO စာရင်းဝင်ခဲ့ပြီး၊ ပုဂံဒေသသည် နှစ်ပေါင်း(၁၀၀၀) ကျော်ကြာ ရှေ့ဟောင်း စေတီပုထိုးများ၊ ကျောက်စာများနှင့် နံရံဆေးရေးပန်ချီများ၊ လက်မှုအနု ပညာပစ္စည်းများရှိရာ မြန်မာတို့၏ အသဲနှလုံးပင်ဖြစ်ပါသည်။

ပုဂံဒေသသည် ပြည်တွင်း၊ ပြည်ပ ခရီးသွားများဖြင့် အမြဲစည်ကားလျက်ရှိသော ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကြီးတစ်ခုလည်းဖြစ်ပါသည်။ ပုဂံဒေသသို့ လာရောက်လည်ပတ် ကြသော ပြည်တွင်း၊ ပြည်ပခရီးသွားများသည် စေတီပုထိုးများကို ဖူးမျှော်ခြင်း၊ သမိုင်းကြောင်းများကို လေ့လာခြင်း၊ ဂူပုထိုးဘုရားများရှိ နံရံဆေးရေးပန်ချီကားများကို လေ့လာခြင်း၊ ဒေသထွက်ကုန်များ၊ အစားအသောက်များ၊ အမှတ်တရလက်ဆောင်ဝယ်ယူခြင်း၊ ပုဂံဒေသ အလှအပများကို ခံစားကြည့်ရှု့ကြသည့်အပြင် လက်မှုလုပ်ငန်းများဖြစ်သော ယွန်းထည်လုပ်ငန်း၊ ဝါးလက်မှုလုပ်ငန်း၊ ပန်ချီ၊ သဲပန်ချီလုပ်ငန်းနှင့်ပုဂံဒေသထွက် အဝတ်အထည်လုပ်ငန်းများကို လေ့လာကြပြီး အမှတ်တရဝယ်ယူလေ့ရှိကြသည်။

ပုဂံဒေသတွင် လက်မှုအနုပညာ ထွန်းကားရာဒေသဖြစ်သည့်အညီ ရိုးရာယွန်းထည် လုပ်ငန်း သည် အထင်ရှားဆုံးဖြစ်သည်။ ဝါးမှနှီးဖြာ၍ အဆင့်ဆင့်ထုတ်လုပ်ရသော ယွန်းပစ္စည်းများဖြစ်သည့် ဆွမ်းအုပ်၊ လက်ဖက်ဂျုတ်၊ ကွမ်းအစ်၊ ယွန်းချိုင့်၊ ယွန်းလင်ပန်း၊ ပန်းခြင်းများ၊ ပန်းအိုး၊ တစ်သျှူးဘောက်၊ ယွန်းသေတ္တာ၊ ဒေါင်းလန်း၊ ရေခွက် စသည့် လူသုံးကုန်ပစ္စည်းမြောက်များစွာနှင့် ယွန်းထည်ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိသည်။ ယွန်းထည်များကို ဒီဇိုင်းမျိုးစုံ၊ ဆိုဒ်မျိုးစုံဖြင့် ယွန်းဆေးကာလာ ရွှေဆေးများဖြင့်လည်း ထုတ်လုပ်လျက်ရှိရာ ခရီးသွားများအား ဆွဲဆောင်လျက်ရှိ ပါသည်။

ထိုအပြင် ဝါးထည်ပစ္စည်းများဖြစ်သည့် တစ်သျှူးဘောက်မျိုးစုံ၊ ဝါးနံရံကပ်နာရီနှင့် စားပွဲတင် မီးအိမ်များ၊ သစ်သီးထည့်ခြင်းဆိုဒ်စုံ၊ ဝါးအယ်လ်ဘမ်၊ ဝါးဒေါင်းလန်း၊ ဝါးသေတ္တာ၊ ဝါးဘုရားပန်းအိုး၊ ဝါးပလိုင်း၊ ဝါးဆွမ်းအုပ် စသည်တို့ကိုလည်း ထုတ်လုပ်ရောင်းချလျက် ရှိပါသည်။ ပန်းချီကားများ အနေဖြင့် ရေဆေးပန်းချီကားနှင့်သဲပန်းချီကားများ ရေးဆွဲရောင်းချ လျက်ရှိရာ ပုဂံရှု့ခင်းပုံ ပန်းချီကား၊ ဘုရားစေတီပုံပန်ချီကားများ၊ ဇာတ်နိပါတ်တော်ပန်းချီ ကားများ၊ စေတီပုထိုးများအတွင်း ရှိ ရေးဆွဲခဲ့သော ပန်းချီများကိုလည်း ပုံတူရေးဆွဲထားသည်မှာ လက်ရာမြောက်လှပါသည်။

ဘုရားဆင်းတုတော်များလည်း ထုတ်လုပ်ရောင်းချလျက်ရှိရာ ပြည်တွင်းခရီးခရီးသွားများ မှာလည်း ပုဂံဒေသထွက်ဆင်းတုတော်များကို ကိုးကွယ်ရန်ဝယ်ယူလျက်ရှိကြပါသည်။ ပုဂံဒေသို့ ရောက်ရှိလျှင် ပုဂံဒေသထွက်အဝတ်အထည်များဝတ်ဆင်၍ ပုဂံဘုရားများလှည့်လည်ဖူးမြှော်ကြ ရသည်မှာ ဧည့်သည်တော်များအတွက် ပျော်ရွှင်ကြည်နူးစေပြီး၊ ချမ်းမြေ့စွာသာယာစွာ ပုံရိပ်များကိုလည်းအမှတ်တရဓာတ်ပုံများရိုက်ကူး လျက်ရှိကြပါသည်။ ပုဂံဒေသ၏ ရှု့ခင်းများကို ရှု့ခင်းကြည့်တောင်ကုန်းများမှ တက်ရောက်ကြည့်ရှု့ ကြသည့်အပြင် Bollom စီး၍လည်း ပုဂံ၏ အလှတရားများကို ကြည့်ရှု့ကြသည်မှာလည်း ခရီးသွားများအား ဆွဲဆောင်လျက်ရှိပေသည်။

ရှေ့ဟောင်းအမွေအနှစ်များနှင့်အတူလက်မှုအနုပညာပစ္စည်းများ၊ ဒေသထွက်စားသောက် ကုန်များနှင့်ပြည့်နှက်လျက်ရှိသော ပုဂံဒေသ၏ ယခုကာလဆောင်းတွင်းပိုင်းတွင် ပြည်တွင်း ပြည်ပ ခရီးသွားများ များပြားစွာဝင်ရောက်လျက်ရှိပါသည်။

 DOCA(မန္တလေး)

 

“ပြင်ဦးလွင်ဒေသထွက်ကော်ဖီ”

          ကော်ဖီသီးနှံကို(၁၃)ရာစုတွင် အီသီရိုးပီးယားနိုင်ငံမှစတင်စိုက်ပျိုး၍ ယခုအခါ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း(၇၀)တွင်စိုက်ပျိုးကာ နိုင်ငံခြားဝင်ငွေများရရှိနေသော Export သီးနှံဖြစ် ကြောင်းလေ့လာတွေ့ရှိရပါသည်။ ကော်ဖီသီးနှံကို မြန်မာနိုင်ငံတွင် ၁၈၈၅ ခုနှစ်တွင်စတင်၍ စိုက်ပျိုးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်၊မိုးကုတ်၊တောင်ကြီး၊ရွာငံ၊ဟဲဟိုး၊အောင်ပန်း၊ကရင် ပြည်နယ်၊ပဲခူးတိုင်း၊ဧရာဝတီတိုင်းတို့တွင်လည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်းလေ့လာတွေ့ရ ပါသည်။ကော်ဖီသီးနှံအမျိုးအမည်(၅)မျိုးရှိရာ (၁)အာရေးဗီးကား ၊ (၂)ရိုဘက်စတာ၊ (၃)လိုင်ဖရီက၊ (၄)အရော့အင်ဒီးနီ၊(၅)အိတ်ဆယ်ဆာဟူ၍ ခွဲခြားသိရပြီး ကုန်းမြင့်ကော်ဖီနှင့်မြေနိမ့်ကော်ဖီဟူ၍ ခွဲခြားစိုက်ပျိုးကြပါသည်။ကုန်းမြင့်ကော်ဖီမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ တွင် စိုက်ပျိုးဖြစ်ထွန်းပြီး ကုန်းနိမ့်ကော်ဖီမှာ ပြင်လယ်ရေမျက်နှာပြင် ပေ ၂၀၀၀ တွင်သာ စိုက်ပျိုးနိုင် ကြောင်းသိရှိရပါသည်။ ပြင်ဦးလွင်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် ပေ ၃၀၀၀ ကျော်တွင် တည်ရှိသောကြောင့် ကုန်းမြင့်ကော်ဖီဖြစ်သော အာရေးဗီးကားကော်ဖီတစ်မျိုးတည်းသာ အဓိက ထား၍စိုက်ပျိုးပါသည်။ ယခု ၂၀၂၄ ခုနှစ်အထိ စိုက်ဧက(၁၀၃၇၈)စိုက်ပျိုးထားပြီး အသီးခူးဆွတ် နိုင်မှုဧကမှာ(၁၉၃၀)ရှိပြီး အထွက်နှုန်း(၁)ဧကလျှင် (၁၅၀-၈၅)ပိဿာ ထွက်ရှိ၍ အထွက်စုစုပေါင်း ဧက(၁၉၃၀)နှင့်တွက်လျှင်(၂၉၁၁၉၀)ပိဿာထွက်ရှိပါသည်။ ယခုဖော်ပြပါ အထွက်ပိဿာများ သည် ခူးဆွတ်ချိန် အစိုသီး၏ ပိဿာချိန်များဖြစ်ပါသည်။ ကော်ဖီသီးနှံကို စတင်စိုက်ပျိုးချိန်မှာ မေ၊ဇွန်၊ဇူလိုင်လများတွင် စတင်စိုက်ပျိုးနိုင်ပြီး အသီးခူးဆွတ်ချိန်ဇယားများမှာ နိုဝင်ဘာ၊ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင်ခူးဆွတ်ကြပါသည်။စတင်စိုက်ပျိုးချိန်မှ သက်တမ်း(၃)နှစ်ကြာလျှင် အသီးများ စတင်ခူးဆွတ်နိုင်မည်ဖြစ်ပါသည် ။ ကော်ဖီစတင်စိုက်ပျိုးမည်ဆိုပါက အရေးကြီးဆုံးအချက်မှာ ကော်ဖီပင်သည် ဆီးနှင်းကိုကြောက်သော အပင်အမျိုးဖြစ်သောကြောင့် အရိပ်ရပင်ကြီးမျိုးဖြစ် သော ခါတော်မှီ၊ ဒညင်းသီး၊ ပိန္နဲ စသည့်နှစ်ရှည်ပင်များစိုက်ပျိုးပြီးမှ ကော်ဖီပင်ကိုစိုက်ပျိုးရ ကြောင်းလေ့လာတွေ့ရှိရပါသည်။ စိုက်စနစ်မှ ပင်ခြား၊တန်းခြား(၄’×၄’)စိုက်ပျိုးနိုင်ပြီး (၁)ဧကတွင် အပင်ရေ(၁၃၆၀)စိုက်ပျိုးနိုင်ပါသည်။ (၁)ဧက ကုန်ကျစရိတ်မှာ ကျပ်သိန်း(၆၀-၈၀)ကုန်ကျ ကြောင်းသိရှိရပါသည်။ယခုသီးနှံထွက်ပေါ်ချိန်တွင် တောင်ကြီး၊ရွာငံ၊ကလော၊ပြင်ဦးလွင် ပွဲစား ဝယ်လက်များမှ ကော်ဖီသီးအစို တစ်ပိဿာလျှင် (၄၂၀၀/-)ကျပ်ဖြင့် ဝယ်ယူနေပြီး ဖေဖော်ဝါရီလ တွင် (၄၈၀၀-၅၀၀၀)စျေးထိ ရောက်ရှိနိုင်ကြောင်း သိရှိရပြီး ကော်ဖီကုန်ချောအနေဖြင့် လှော်စေ့ မရွလျှင်(၃၅၀၀၀-၃၇၀၀၀)ကျပ်၊ ကော်ဖီမှုန့် (G1) 1kg (၃၅၀၀၀/-)၊ ကော်ဖီမှုန့် (G2) 1kg (၃၀၀၀၀/-)၊( 3 in 1 ) ၁၀ထုတ်ပါ(၉၅၀၀/-) အသင့်သောက် အထုပ်သေးတစ်ထုပ်လျှင် (၅၅၀-၆၀၀)ကျပ်ဖြင့် ပြင်ဦးလွင်မြို့ပေါ်ရှိ ဆိုင်များတွင်ရောင်းချလျှက်ရှိ ပါသည်။

DOCA(မန္တလေး)

 

ထားဝယ်မြို့တွင် မုန့်ညှင်းရွက်များတစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ မိသားစုဝင်ငွေရရှိ

      မုန့်ညှင်းပင်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး ဝါတွင်းကာလ မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌အေးသောဒေသကိုပို၍ နှစ်သက်သည်။မုန့်ညှင်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်စားသုံးရာတွင် အခြားသော သားငါး၊ အသီးအရွက်တို့နှင့် ရော၍လည်း စားသုံးနိုင် သည်။မုန့်ညှင်းချဥ်သည်  မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။

      မုန့်ညှင်းရွက်သည် မြေမရွေးသော်လည်း မြေဆီသြဇာ ပြည့်စုံမှုရှိရန် အထူးအရေးကြီးသည်။ ‌မြေညံ့ပါက နောက်ချေး၊ မြေဆွေးများများ ထည့်ပေးရန်လိုသည်။ရေမဝပ်သောမြေဖြစ်ပါက ပို၍သင့် တော်သည်။မိုးနည်းသောအချိန်ကို ရွေးစိုက်နိုင်မှသာလျှင် ရောဂါကျခြင်းမှ ကာကွာနိုင်သည်။မစိုက် ပျိုးမီ (၃/၄)ပတ်အလိုတွင် မြေပြုပြင်ရန်လိုသည်။မြေမပြင်မီ နွားချေးနှင့် မြေဆွေးချပြီးမှ ထွန်ထယ် ဝင့် သင့်သည်။ရေဝပ်ပါက ဘောင်တင်၍ စိုက်သင့်သည်။မုန့်ညှင်းကို မြန်မာပြည်တွင် မေလမှ ဒီဇင်ဘာလအထိ စိုက်ပျိုးနိုင်သည်။စိုက်ချိန်တွင် မြေအစိုဓါတ်လုံလောက်စွာ ရရှိနေရန် အရေးကြီး သည်။စိုက်ပြီး (၂၅-၃၀)ရက်ကြာသော် မုန့်ညှင်းရွက်များကို စားသုံးနိုင်ပြီးဖြစ်သည်။

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ၊ ကမ်းနားပျံကျစျေးတွင် ရောင်းချနေသော ကုန်စိမ်း သည်များထံမှ မုန့်ညှင်းစျေးနှုန်း (၅၀၀-၇၀၀)ကျပ် ရှိကြောင်း သိရှိရသည်။

DOCA(တနင်္သာရီ)

မြင်းခြံမြို့ ၊ မြို့မစည်ပင်သာယာဈေးတွင် အခြေခံ စားသောက်ကုန်များရောင်းချပေး

မြင်းခြံမြို့ရှိ မြို့မစည်ပင်သာယာဈေး၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြင်းခြံကုန် စည်ဒိုင်တို့ပူးပေါင်း၍ စားသုံးသူ ပြည်သူများ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန် ပြည်သူ့သက်သာဈေး အရောင်းဆိုင်ဖြင့် ရောင်းချ ပေးခဲ့ပါသည်။

          အဆိုပါအရောင်းဆိုင်တွင် ဆန်တစ်ပြည်လျှင်(၃၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၄၀၀) ကျပ်၊ ဆိတ်သား(အသားသန့်) တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ အရိုးနှင့်အသားပါတစ်ပိဿာ လျှင် (၁၄၀၀၀)ကျပ်၊ ကလီစာတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ အရိုးအကြမ်း တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား)တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ အရိုးနှင့်အသားတွဲလျက် တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ ကလီစာတစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ အရိုးကြမ်း တစ်ပိဿာ လျှင်(၃၅၀၀)ကျပ်၊ အမဲသား(အသားသန့်) တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ အရိုးနှင့်အသားတွဲ လျက်တစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ကလီစာတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ အရိုးတစ်ပိဿာ လျှင်(၃၅၀၀)ကျပ် နှုန်းများဖြင့် ရောင်းချပေးခဲ့ပါသည်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်ကြီးများအသင်း (မြင်းခြံ)မှလည်း စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ နိုင်စေရေးအတွက် စားအုန်းဆီတစ်ပိဿာလျှင် (၈၅၅၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

      ဂျူးဂျူး

နွားထိုးကြီးမြို့နယ်၏ မြေပဲဆံဈေးကွက် အခြေအနေ

နွားထိုးကြီးမြို့နယ်တွင် မြေပဲများကို စက်တင်ဘာလမှ၍ ရိတ်သိမ်းထွက်ရှိလျက်ရှိရာ ထွက်ပေါ်စတွင် မြေပဲဆီဆံတစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ မြေပဲလုံးဆံတစ်ပိဿာလျှင် (၇၈၀၀)ကျပ် များဖြင့် ဈေးကွက်ဖွင့်လှစ်ခဲ့ပြီး မြေပဲဆီတစ်ပိဿာ (၁၄၀၀၀၊ ၁၅၀၀၀)ကျပ်များ ဖြစ်ပေါ်ခဲ့ကာ ယခု ဒီဇင်ဘာလ တတိယပတ်တွင် မြေပဲဆီဆံတစ်ပိဿာလျှင်(၈၂၈၀)ကျပ်၊ မြေပဲလုံးဆံတစ်ပိဿာလျှင် (၈၅၀၀) ကျပ်နှင့် မြေပဲဆီတစ်ပိဿာလျှင်(၁၆၀၀၀၊ ၁၇၀၀၀)ကျပ် များ ရှိပါသည်။

          ယခုနှစ်တွင် မြေပဲစိုက်တောင်သူများမှာလည်း လက်ဝယ်တွင် သိုလှောင်ထားရှိမှုမရှိဘဲ ကြိတ်ခွဲ၍ ရောင်းချလျက်ရှိကြောင်း မြေပဲကုန်သည်တစ်ဦး၏ ပြောကြားချက်အရသိရပါသည်။ မြေပဲလှိုင်လှိုင်ပေါ်ချိန် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် မြေပဲတင်ပို့ရောင်းဝယ်မှုအနေဖြင့် နေ့စဉ်မြေပဲဆံ(၂၅)ပိဿာအိတ်(၁၀၀၀)မှ(၁၅၀၀)အိတ်ခန့် မန္တလေးမြို့သို့ တင်ပို့ရောင်းချမှုရှိပြီး၊ ယခုအခါ နေ့စဉ်တင်ပို့မှုအနေဖြင့်(၇၀၀)မှ(၈၀၀)အိတ်ခန့် တင်ပို့မှုရှိကြောင်း၊ မြေပဲဆံတစ်အိတ် လျှင် ကားခတင်ပို့မှုအနေဖြင့်(၂၅၀၀)ကျပ်  ရှိပါကြောင်း ကုန်စည်တင်ပို့သူ ကားသမားများထံမှ သိရသည်။

DOCA(မန္တလေး)

 

ပိန္နဲသီးကင်း(ခေါ်)နှဲကန်း စျေးနှုန်း/စျေးကွက်

       ပိန္နဲပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။ ယခုအခါတွင် ပိန္နဲသီးကင်းများ စတင်အသီးသီးချိန်ဖြစ်၍ ပေါ်ဦးပေါ်ဖျားခူးဆွတ်၍ ရောင်းချကြသည်။ ပိန္နဲသီးကင်း များကို ပအုန်းရည်ငပိဖျော်ဖြင့် သော်လည်းကောင်း၊ ငပိထောင်းများဖြင့် သော်လည်းကောင်း အတို့ အမြုပ်၍ စားရန်အတွက် အသီးကင်းများကို ဖြုတ်၍ရောင်းချကြသည်။ပိန္နဲကင်း ပြုတ်ပြီးသား တစ်ကွင်းလျှင် ကျပ်(၅၀၀)ခန့်မျှ ရှိကြောင်းသိရှိရပါသည်။

      ပိန္နဲသီးတွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ သတ္တုဓါတ်နှင့် ကာဗွန်ဟိုက်ဒရိတ်ဓါတ်များ ကြွယ်ဝစွာ ပါဝင်သည်။ လူသားတိုင်းအတွက် ကျန်းမာရေးနှင့် ညီညွတ်သော အသီးအနှံဖြစ်သည်။

DOCA(ဧရာဝတီ)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ခရမ်းသီးစျေးနှုန်းအခြေအနေ

          မြန်မာနိုင်ငံတွင် အလွန်အေးသော တောင်ပေါ်ဒေသမှလွဲ၍ ကျန်ဒေသတွင်စိုက်ပျိုး ပါသည်။ ခရမ်းမျိုးများစွာရှိပြီး စျေးကွက်ထဲတွင် ခရမ်းရှည်သီး၊ ခရမ်းပုသီး (အဖြူ ရောင် /ခရမ်းရောင်)၊ ခရမ်းကြွပ်သီး(အဖြူရောင်/ခရမ်းရောင်)၊ ခရမ်းစော့သီးစတဲ့ ခရမ်းမျိုးများ ရောင်းချကြ ပါသည်။ ခရမ်းသီး၏ ကောင်းကျိုးက အဆီဓာတ်မပါတာပဲဖြစ်ပါသည်။ ဗီတာမင်စီနှင့် ဗီတာမင်အီး ကြွယ်ဝတာကြောင့် နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ဒဏ်ကို အကာအကွယ်ပေးပါ သည်။ အချို့လေရောဂါအခံရှိသူများ စားသုံးပါက လေထိုး၊ လေပွ၊ လေအောင့်ဖြစ်တတ်ပြီး အစာမကြေရင်ပြည့်ရင်ကယ် ဖြစ်တတ်ပါသည်။ ခရမ်းရှည်သီးကို အသားနှင့်ရော၍ ဟင်း ချက်စားခြင်း၊ သီးစုံပဲကုလားဟင်းထဲတွင်ထည့်သွင်းချက်ပြုတ်ခြင်း၊ ပုဇွန်ခြောက်နှင့်ရော၍ခရမ်း သီးနှပ်ပြုလုပ်စားသုံးခြင်း၊ တခြားဟင်းတွေထဲတွင် ထည့်သွင်း ချက်ပြုတ်ရသောအသီးဖြစ်သည်။

          ယခုအခါ ထားဝယ်မြို့ပေါ်ရှိ စည်ပင်သာယာစျေးကြီးနှင့် ရပ်ကွက်စျေးငယ်တို့တွင် ခရမ်းရှည်သီး တစ်ပိဿာလျှင် (၅၀၀ဝိ/-)ကျပ် ထိရှိပြီး ခရမ်းပုသီး တစ်ပိဿာလျှင် (၃၀၀ဝိ/-) ရှိကြောင်းသိရှိ ရပါသည်။

DOCA(တနင်္သာရီ)

မန္တလေးစျေးကွက်ရှိ သံပုရာသီးနှင့် သံပုယိုသီးပေါက်စျေး

          မန္တလေးစျေးကွက်အတွင်း သံပုရာသီးနှင့်  သံပုယိုသီးဝင်ရောက်မှုအနေဖြင့်   ဒီဇင်ဘာလ စတုတ္ထပတ်တွင် အနည်းငယ်လျော့နည်းသွားပြီး သီးနှံစျေးနှုန်းအငယ်မြင့်သွားကြောင်း သိရှိရပါ တယ်။ စျေးကွက်အတွင်းရောက်ရှိလာသည့်သံပုရာသီးမှာ    တောင်အင်းမြောက်အင်း ကျေးရွာ၊ မီချောင်းတပ်ကျေးရွာတို့မှာ စိုက်ပျိုးထွက်ရှိသည့်အသီးများနှင့် သံပုယိုသီးမှာ ရွှေစာယံ ကျေးရွာ၊  မီးသွေးဘုတ်ကျေးရွာတို့မှစိုက်ပျိုးထွက်ရှိသည့်အသီးများပိုမိုဝင်ရောက်ပြီး၊ မန္တလေးတိုင်းဒေသကြီး ရှိအခြားမြို့နယ်များ နှင့်   စစ်ကိုင်းတိုင်းဒေသကြီးတို့မှလည်း   ဝင်ရောက်ကြောင်း   သိရှိရပါတယ်။

သံပုရာသီးနှင့်သံပုယိုသီးများမှာ မိုးရာသီတွင် ပိုမိုထွက်ရှိပြီး၊ ဆောင်းရာသီတွင် ထွက်ရှိမှုလျော့ကျ သည့်အတွက် စျေးအနည်းငယ်မြင့်တက်ကြောင်း သိရှိရပါတယ်။   သံပုရာသီးများအား ဖျော်ရည် အဖြစ်သုံးစွဲခြင်းနှင့်သံပုယိုသီးအား ယိုစုံနှင့်စားသောက်ကုန်လုပ်ငန်းများတွင် သုံးစွဲမှုများပြားပြီး ကျန်းမာ‌‌ရေးဓါတ်စာအဖြစ် အသုံးပြုခြင်းတို့ကြောင့် စျေးကွက်အတွင်း ရောင်းအားကောင်းသည့် အတွက် စျေးကောင်းရသီးနှံဖြစ်ကြောင်း သိရှိရပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊  ၄၁ လမ်း၊ဝေယံထွန်းစျေး၊ကုန်စိမ်းသီးနှံများ လက္ကားရောင်းချသည့်စျေးတွင် အသီးအရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုရှိပြီး၊ ဒီဇင်ဘာလစတုတ္ထပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော  သံပုရာသီး လက္ကားစျေးမှာ ၂၅လုံးလျှင် ၃၀၀ဝိ/- နှင့် ၄၀၀ဝိ/- စျေး၊  သံပုယိုသီးလက္ကားစျေးမှာ ၂၅ လုံးလျင် ၁၅၀ဝိ/- နှင့်   ၂၀၀ဝိ/-စျေး၊   သံပုယိုချဉ်ထုတ်တစ်ထုတ်(တစ်ပိဿာပါ)လျင်  လက္ကားစျေး ၅၀၀ဝိ/- နှင့် ၆၀၀ဝိ/- စျေးအသီးသီးရောင်းချလျက်ရှိပြီး၊ လက်လီစျေးမှာ သံပုရာသီးတစ်လုံးလျင် ၂၀ဝိ/- နှင့် ၂၅ဝိ/-စျေး၊သံပုယိုသီးတစ်လုံးလျှင် ၁၀ဝိ/- နှင့် ၁၅ဝိ/- စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါတယ်။

DOCA(မန္တလေး)

 

 

ဝါနှင့်ဝါဂွမ်းဈေးများမြင့်တက်လာ

          မိတ္ထီလာနှင့်ရမည်သင်းဈေးကွက်တို့တွင် ဒီဇင်ဘာလလယ်၌ ဝါဈေးနှုန်းများထပ်မံမြင့်တက် လာကြောင်း သိရသည်။ ယခုနှစ်ဝါမှာဈေးကွက်သို့ နိုဝင်ဘာလဆန်းမှသာ ဝင်ရောက်ခဲ့ပြီး တစ်ပိဿာ (၃၀၀၀) ကျပ် ကျော်သာရှိခဲ့ပြီး၊ ဒီဇင်ဘာလဆန်းမှစ၍ (၄၀၀၀) ကျပ်သို့ ဈေးမြင့်ခဲ့ခြင်းဖြစ်ပါသည်။ ဝါ သီးနှံမှာ ယခုနှစ်အစိုက်နည်း၊ အထွက်နည်းသဖြင့်s ဈေးကွက်သို့ဝင်ရောက်မှုနည်းကာ ဈေးကွက်၌ ဝယ်လိုအားများသဖြင့် ဈေးမြင့်လာခြင်းဖြစ်ကြောင်းသိရသည်။ ဒေသတွင်းဝါစက်များ၊ ပွဲရုံများ အနေနှင့် ဝါတစ်ပိဿာလျှင် ယခင်လဆန်းပိုင်းကထက် တစ်ပိဿာအပေါ် (၈၀၀ မှ ၁၀၀၀) ကျပ် ဈေးမြင့်လာကာ မိတ္ထီလာဈေးကွက်တွင် (၅၀၀၀ မှ ၅၁၀၀) ကျပ်၊ ရမည်းသင်းဈေးကွက်တွင် (၅၁၀၀မှ ၅၂၀၀) ကျပ်ထိဈေးရှိပါသည်။ ဝါစက်များမှာ ဝါကြိတ်ပြီးနောက်ဂွမ်းကို နိုင်ငံပိုင်စက်ရုံများအပြင် မန္တလေးမြို့ရှိ ပုဂ္ဂလိက ချည်မျှင်စက်များသို့လည်း ရောင်းချကြပါသည်။ ဝါဈေးမြင့်လာသကဲ့သို့ ဂွမ်းဈေးမှာလည်းမြင့်လာရာ ဒီဇင်ဘာလဆန်းပိုင်းက ဂွမ်းတစ်ပိဿာလျှင် (၉၀၀၀-၉၅၀၀-၁၀၀၀) ကျပ်ရှိခဲ့ရာမှ ယခုအခါ (၁၁၅၀၀-၁၂၀၀၀) ကျပ်သို့ ဈေးမြင့်လာကြောင်း ဈေးကွက်မှ သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း