Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ကွမ်းစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြပြီး၊ စားဖိုဆောင်သီးနှံများအပြင် ဈေးကွက်ဝယ်လိုအားရှိသော ကွမ်းရွက်သီးနှံကိုလည်း စိုက်ပျိုးလာကြပါသည်။ ကွမ်းရွက်စိုက်ပျိုးမှုအနဖြင့် ခရိုင်အတွင်း (၅၈၂)ဧက စိုက်ပျိုးထားကြောင်း၊ သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ စိုက်ပျိုးမှု မျိုးအနေဖြင့် ကွမ်းနုဝါ၊ ကွမ်းစိမ်း၊ ကွမ်းကြွပ်မျိုးများဖြစ်ကြောင်း၊ အများဆုံးစိုက်ပျိုးသောမျိုးမှာ ကွမ်းနုဝါမျိုးများဖြစ်ပြီး စိုက်ပျိုးမှုပုံစံမှာ အနွယ်ပင်ဖြစ်သောကြောင့် တိုင်ထောင်၊ ခြံခတ်၍ စိုက်ပျိုးရပြီး လေဝင်လေထွက်မှုနှင့် လေဒဏ်ခံနိုင်ရန်အတွက် အုန်းလက်များကာပေးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၀၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ အများဆုံး စိုက်ပျိုးသောရွာများမှာ ငါးမြွေကုန်းရွာ၊ အရှေ့သပြေသာရွာ၊ ရဲကြီးရွာနှင့် ရွာခိုင်ကြီးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ကွမ်းစိုက်ပျိုးမှုအနေဖြင့် တစ်နှစ်ပတ်လုံးတွင် မိုးရာသီ စိုက်ပျိုးပါက အပင်အသေအပျောက်နည်းပြီး စိုက်ပျိုးပင်အားလုံး ရှင်သန်နိုင်ကြောင်း၊ စိုက်ပျိုးပြီး (၃)လ အကြာ တွင် စတင်ခူးဆွတ်နိုင်ပြီးဖြစ်ကြောင်း၊ ကွမ်းခြံတစ်ဧကတွင် တစ်ထောင်ပင် စိုက်ပျိုးပါက တစ်ပတ်လျှင် အချိန် (၁၅-၂၀)ပိဿာအထိ ထွက်ရှိကြောင်း၊ တစ်လကို နှစ်ကြိမ်သာ ခူးဆွတ်ကြောင်း၊ မိုးနှင့် နွေများတွင် ကွမ်းရွက်အထွက်အားကောင်းပြီး ဆောင်းတွင်းပိုင်းတွင် အထွက်နည်းကြောင်း၊ ကွမ်းခြံ တစ်ခြံ စိုက်ပျိုးထားလျှင် (၅-၆)နှစ်အထိ ခူးဆွတ်ရောင်းချ၍ရကြောင်း၊ ကွမ်းဈေးနှုန်းအနေဖြင့် ကွမ်းနုဝါ အချော တစ်ပိဿာလျှင် ယခင်လ လက်ကားဈေး (၃၀၀၀/-)ကျပ်၊ ယခုလ လက်ကားဈေး (၂၅၀၀/-) ကျပ်၊ ယခင်လ အလတ်တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်၊ ယခုလ အလတ်တစ်ပိဿာလျှင် (၁၅၀၀/-) ကျပ်၊ ယခင်လ အသေးတစ်ပိဿာလျှင် (၁၀၀၀/-)ကျပ်၊ ယခုလ အသေးတစ်ပိဿာလျှင် (၈၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး၊ ကွမ်းအရော ယခင်လ လက်ကား တစ်ပိဿာလျှင် (၂၀၀၀/-) ကျပ်၊ ယခုလ လက်ကားတစ်ပိဿာလျှင် (၁၈၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကွမ်းရွက်များကို ခြင်းများဖြင့်ထည့်ကာ ကွမ်းပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချရကြောင်း၊ ထွက်ရှိမှုအနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှပိဿာ (၁၃၂၀)ခန့် ထွက်ရှိကြောင်း၊ တစ်နှစ်ကို စိုက်ပျိုးစရိတ်နုတ်ပြီး ယခင်နှစ်က (၆၄၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း၊ ယခုလတွင် ကွမ်းဈေးနှုန်း များကျဆင်းသောကြောင့် (၃၇၆၀၀၀/-)ကျပ်ခန့်သာမြတ်ကြောင်း၊ ကွမ်းသက်တမ်း ကြာရှည်အောင်နှင့် အထွက်နှုန်းမကျအောင် သွင်းအားစုများ ထည့်သွင်းပေးရကြောင်း၊ ကွမ်းဈေးနှုန်း အတက်အကျရှိသောကြောင့် ဈေးကောင်းရချိန်တွင် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းပြီး ဈေးနှုန်းကျဆင်းချိန်တွင်လည်း အရင်းမရှုံးသော သီးနှံဖြစ်သောကြောင့် ကွမ်းစိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်ဝင်ငွေတိုးကြောင်း ကွမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)       

“ဂေါ်ရခါးသီးဈေးနှုန်းဈေးကွက်”

              ကျောက်ဆည်ခရိုင်အတွင်းရှိ ဈေးများသို့ ဂေါ်ရခါးသီးများ ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံရေဦးမြို့များမှ ဝင်ရောက်လျက်ရှိကြောင်း၊ ဂေါ်ရခါးသီး သီးနှံသည် တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း၊ ဂေါ်ရခါးသီးကို လူကြိုက်များသောကြောင့် ဝယ်လိုအားရှိကြောင်း၊ ယခုလက်ရှိ ဂေါ်ရခါးသီးဈေးနှုန်းအနေဖြင့် ယခင်လတွင် လက်ကားဈေး တစ်ပိဿာကို (၄၀၀၀/-) ကျပ်၊ ယခုလတွင် လက်ကားဈေး တစ်ပိဿာကို (၄၂၀၀-၄၃၀၀) ကျပ် ရှိကြောင်း၊ ယခင်လတွင် လက်လီဈေး တစ်ပိဿာလျှင် (၄၂၀၀-၄၃၀၀)ကျပ် ၊ ယခုလတွင် လက်လီဈေး တစ်ပိဿာလျှင် (၄၅၀၀-၄၆၀၀)ကျပ်၊ ယခင်လနှင့်နှိုင်းယှဉ်လျှင် ဂေါ်ရခါးသီး တစ်ပိဿာကို(၂၀၀-၃၀၀)ကျပ် ဈေးနှုန်းမြင့်တက်ရောင်းချရကြောင်း၊  ဂေါ်ရခါးသီး စားသုံးခြင်းဖြင့် အမျှင်ဓာတ်နှင့် ရေဓာတ်များစွာ ပါဝင်သောကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း၊ ဗီတာမင်ဘီနှင့် ဗီတာမင်စီဓာတ်တို့ ပါဝင်နေသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ စားသုံးပေးခြင်းဖြင့် မွေးရာပါချို့ယွင်းချက်ပါတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်းနှင့် ခန္ဓာကိုယ် သက်လုံကောင်းစေပြီး အမောခံနိုင်စေသောကြောင့် ဂေါ်ရခါးသီးကို အသားဟင်း ချက်ပြုတ်ရာတွင်လည်းကောင်း မုန့်နှစ်နှင့်ကြော်စားရာတွင်လည်းကောင်း ထည့်သွင်းအသုံးပြုကြပါကြောင်း၊ ဂေါ်ရခါးသီးစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ရေသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

ဈေးကောင်းရနေသော ပြည်ဒေသထွက်ပီနံသီးအစစ်ဈေးကွက်

       ပြည်မြို့မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ပီနံသီးအစစ်များကို ဈေးကောင်းပေး၍ စားသုံးသူများမှ ဝယ်ယူစားသုံးကြပါသည်။ ပီနံသီးအစစ်များကို ပြည်မြို့ရှိ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများနှင့် မှော်ဇာကျေးရွာ၊ ဇီးအုပ်၊ နတ်တလင်း၊ဖိုးခေါင်ရွာဘက်မှ ပီနံသီးမှာ ဈေးကောင်းသည့်အတွက် စားသုံးသူများမှ ဈေးချိုသည့်အခြားငရုတ်သီးများကို ဝယ်ယူ စားသောက်ကြပြီး ပီနံသီးအစစ်ကို ကြိုက်နှစ်သစ်သူများမှ အခြားငရုတ်သီးများထက် ဈေးကောင်းပေး၍ ဝယ်ယူစားသုံးကြရပါသည်။ ဈေးကောင်းပေး၍ ဝယ်ယူစားသုံးရသောကြောင့် စားသုံးသူနည်းပါးသလို ပီနံသီးအစစ်ကို စိုက်ပျိုးသူ များလည်း နည်းပါးကြပါသည်။ ကျေးရွာများတွင် ဝယ်လက်တွေရှိသောလည်း သိပ်မစိုက်ဖြစ်ရာမှ ပီနံသီးကို တစ်ခြား ငရုတ်သီးမျိုးတွေထက် အသီးက အရွယ်အစားသေးငယ်ပြီး ခူးရတာလက်ဝင်ပြီး အလုပ်သမား စရိတ်လည်း ပိုကုန်ပါသည်။ ပီနံသီးအစစ်မှာ အထွက်နှုန်းကျတော့လည်း တစ်ခြား ငရုတ်သီး တွေနဲ့ယှဉ်ရင် ကွာခြားမှုရှိပါသည်။ ပီနံသီးအစစ်မှာ အရွယ်အစားသေးငယ်ပြီး အလေးချိန်ပေါ့သောကြောင့် တခြားငရုတ်သီးများမှာ ပိဿာချိန် သုံးပိသာရသည်ဆိုလျှင် ပီနံသီးသည် တစ်ပိဿာခွဲလောက် အလေးချိန်ရရှိပါသည်။ ပြည်ဒေသဘက်တွင် စိုက်ပျိုးသူနည်းပါသည်။ ယခုဩဂုတ်လ ဒုတိယပတ်တွင် ပီနံသီး အစစ်တစ်ပိဿာလျှင် ကျပ် (၂၀၀၀၀) ရှိပြီး ပိဿာလိုက် ဝယ်ယူသူနည်းပါးပြီး လက်လီဝယ်ယူ စားသုံးသူများရှိသောကြောင့် ကုန်စိမ်းသည်များအနေဖြင့် ဈေးကောင်းရနေတဲ့ ပီနံသီးအစစ်ကို တစ်ခြားငရုတ်သီးတွေနှင့် နှိုင်းယှဉ်ရောင်းချရာ၌ ဈေးကြီးသည့်အတွက် ရောင်းဝယ်ရာတွင် ပီနံသီးအစစ် မှာဈေးကောင်းရနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသထွက်ရာသီပေါ်ကျွဲကောသီးစျေးကောင်းရလျက်ရှိ

      ကျွဲကောပင်သည် ရှောက်၊ သံပုရာ၊ လိမ္မော်ပင် စသည်တို့နှင့်အတူ ရှောက်ပင်မျိုးတွင် ပါဝင်သည်။ ကျွဲကောပင်ကို အစေ့မှလည်းကောင်း၊ မြေထုပ်စည်းစနစ်ဖြင့်လည်းကောင်း မျိုးပွား ယူကြသည်။ အကိုင်း ကူးနည်း၊ မျက်စိဆက်နည်းတို့ဖြင့် စိုက်ပျိုးပါက အပင်လည်းကြီးထွား၍ အသီးလည်း ပိုမိုဖြစ်ထွန်းသည်။ ကျွဲကောသီးကို အသားအရောင်ကိုလိုက်၍ အဖြူမျိုး၊ အနီမျိုးဟူ၍လည်းကောင်း အရသာကိုလိုက်၍ အချဉ်မျိုး၊ အချိုမျိုးဟူ၍လည်းကောင်း ခွဲခြား ခေါ်ကြသည်။ ရာသီပေါ် မော်လမြိုင်ကျွဲကောသီးမှာ စားသုံးသူများပြားလာသည့်အတွက် ကျွဲကောသီး ရောင်းအားမှာ ကောင်းမွန်ကြောင်း သိရှိရပါသည်။ ကျွဲကောသီးများသည် ပြည်မြို့အနီးတဝှိက်ရှိ ကျေးရွာများနှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများအပြင် နယ်ဘက်မှ ဝင်ရောက်လာမှုကြောင့် စားသုံးသူများအတွက် ဈေးနှုန်းအသင့်အတင့်ဖြင့် ဝယ်ယူစားသုံး နိုင်ကြပါသည်။ ဩဂုတ်လပထမပတ်နှင့် ဒုတိယပတ်တို့တွင် အနယ်နယ်အရပ်ရပ်မှ ကျွဲကောသီးများ ဝင်ရောက်မှု များပြားလာသောကြောင့် ရောင်းအားကောင်းသလို စားသုံးသူ၏များလည်း ဒေသထွက် ကျွဲကောသီးနှင့် အခြားနယ်များမှထွက်ရှိသော ကျွဲကောသီးများကို ဈေးနှုန်းချိုသာစွာ စိတ်ကြိုက် ရွေးချယ်ဝယ်ယူစားသုံးနိုင်ကြပါသည်။ ပြည်ဒေသထွက်ကျွဲကောသီးသည် ကျွဲကောသီးအလုံးပေါ် မူတည် ၍ ဈေးနှုန်းကွာခြားမှုရှိပါသည်။ ကျွဲကောသီးအချောတစ်လုံးလျှင် ကျပ် ၃၀၀၀၊ အလတ်တစ်လုံးလျှင် ၂၀၀၀၊ အသေးတစ်လုံးလျှင် ကျပ် ၁၀၀၀ မှ ကျပ် ၈၀၀ အထိဈေးကောင်းရပြီး ရာသီပေါ်ဖြစ်သည့် အတွက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။          

DOCA(ပဲခူး)

ပြည်မြို့ဒေသထွက် သခွားသီးဈေးကွက်အခြေအနေ

      ပြည်ဈေးကွက်အတွင်း စားဖိုဆောင်သီးနှံဖြစ်သော သခွားသီးများမှာ အရောင်းသွက် လျက်ရှိပြီး ပုတီးကုန်း၊ ဝက်ပုတ်၊ ဆင်မြီးဆွဲ၊ ရွှေတောင်စတဲ့ နယ်ဘက်မှ ဝင်ရောက်မှုရှိနေသလို ပြည်မြို့၊ မှော်ဇာကျေးရွာ၊ တောင်ခွေးရဲကျေးရွာများမှလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ ပါသည်။

          သခွားသီးသည် အလှအပတွက်သာမက ကိုယ်ခန္ဓာကျန်းမာရေးအတွက်ပါ အကျိုးပြုပါသည်။ ကိုယ်အလေးချိန်မတက်စေသလို ဝိတ်ချချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ သခွားသီး သည် သွေးတွင်းသကြားဓါတ်ကိုကျစေလို့ ဆီးချိုရောဂါရှိသူတွေအတွက်လည်း စားလို့ အဆင်ပြေ စေပါသည်။ ဘက်စုံအသုံးဝင်သည့် သခွားသီးကို ရန်ကုန်သီရိမင်္ဂလာဈေးနှင့် ဒညင်းကုန်းဈေးများသို့  တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

          ဈေးနှုန်းဈေးကွက်များအနေဖြင့် သခွားသီး အစိမ်းစားတစ်လုံးလျှင် (၃၀၀)ကျပ်၊ အမှည့်စား သီးအလုံး(သခွားသီးသုတ်စား)အလုံးကြီးတစ်လုံးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း တင်ပို့နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသထွက် ရွှေဖရုံသီး ဈေးကောင်းရလျက်ရှိ

          ပြည်ဈေးကွက်အတွင်း စားဖိုဆောင်သီးနှံဖြစ်သော အဝါရောင် ရွှေဖရုံသီးဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ပုတီးကုန်း၊ ဝက်ပုတ်၊ ဆင်မြီးဆွဲ၊ ရွှေတောင်စတဲ့ နယ်ဘက်မှ ဝင်ရောက်မှုရှိနေ သည်။ တစ်ပတ်လျှင် နှစ်ကြောင်း ဝင်ရောက်မှုရှိပြီး ရွှေဖရုံသီး(စင်သီး)နှင့် လက်ရိုက်သီးခေါ် အလုံးသေးများရှိသည်။ တစ်ခါဝင်လျှင် အလုံး (၈၀ - ၁၀၀)ခန့်ဝင်ပြီး အရောင်းအဝယ်မှာ တစ်ပတ် အတွင်း အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ပါသည်။ ဈေးနှုန်းမှာ ရွှေဖရုံသီး (စင်သီး) တစ်လုံးလျှင် (၇၀၀- ၈၀၀)နှုန်းအသီးသီးရောင်းဝယ်မှုရှိပါသည်။ လက်လေးလုံးခန့်(စင်သီး) တစ်စိပ်လျှင် (၇၀၀ - ၈၀၀)ခန့်ရောင်းချမှုရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်ရှိဝါးပိုးဝါးပင်မှထွက်ရှိသည့်ဝါးပိုးဝါးမျှစ်ချဉ်

      ဝါးရုံ၊ ဝါးတောပေါသည့် ဒေသဖြစ်ရာ မျှစ်ဟုခေါ်သည့်   ဝါးပင်ပေါက် ကလေးများစွာ ရှိပါသည်။

    ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ဝါးရုံ၊ ဝါးတောပေါများသည့် ဒေသဖြစ်ရာ မျှစ်ဟု ခေါ်သည့် ဝါးပင်ပေါက်ကလေးများပေါများစွာထွက်ရှိသည့် ဒေသဖြစ်ပါသည်။

  တောထဲတွင် ပေါက်ရောက်သော ဝါးပိုးဝါး၊ ကြက်သောင်းဝါး၊ ဝါးဟောင်းဝါး၊ ထီးတန်းဝါး စသည်တို့မှ မျှစ်များစုံလင်စွာ ရရှိပါသည်။

    ဝါးပိုးဝါးမှရသော မျှစ်များကို မျှစ်အစိမ်းအဖြစ်သုံး၍ ရနိုင်သလို မျှစ်ချဉ်အဖြစ်လည်း ပြုလုပ်ပြီး ရာသီမရွေးစားသုံး၍ရပါသည်။

    ဝါးပိုးပင်မှရရှိသည့် ဝါးပိုးမျှစ်များကို လတ်လတ်ဆတ်ဆတ်စားသောက်ရန်အတွက် အခွံနွှာ၍ ပါးပါးလှီးပြီး ရေသန့်တွင် သေချာစွာဆေးပြီးလျှင် မျှစ်အစိမ်းအဖြစ်စားသောက်၍ ရနိုင်ပါသည်။

   ထို့အပြင် ဝါးပိုးမျှစ်ချဉ်ပြုလုပ်ရာတွင် ရေသန့်သန့်တွင် စိမ်ထားသော မျှစ်များကို နှစ်ရက်လျှင် တစ်ကြိမ် ရေအသစ်လဲလှယ်ပေးရပါသည်။ရေသုံးလေးကြိမ်လဲပြီးလျှင် ဆန်ကွဲ၊ ဆား တို့ဖြင့် မျှစ်ဖတ်များကို ရောနှောထားပြီး လေလုံသော အိုးများတွင် အပြည့်သိပ်ထားပြီး အပေါ်ဖတ်မှ ဆားရည်လောင်းထည့်ပေး၍ထားရပါသည်။ နှစ်ပတ်လည်ကြာအောင်ထားပြီးလျှင် အသင့်စားနိုင် သည့် မျှစ်ချဉ်များရရှိလာပါသည်။

   မျှစ်ချဉ်များကို (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်ဖြစ်ပြီး ဈေးကွက်အတွင်း ရောင်းချပြီး ထွက်ရှိလာသော မျှစ်ချည်များကို ရန်ကုန် - မန္တလေး၊ နေပြည်တော် စသည်ဒေသများသို့ ပို့ဆောင်ရောင်းချကြောင်း သိရှိရပါသည်။      

DOCA(ပဲခူး)

“ပျိုးမှိုစိုက်ပျိုးသူများယခင်လထက်စျေးကောင်းရရှိ”

           ကျောက်ဆည်ခရိုင်အတွင်းရှိ စျေးများတွင် ပျိုးမှိုများရောင်းချလျက်ရှိရာ ပျိုးမှိုစိုက်ပျိုးသော သူများမှကိုယ်တိုင်လာရောက်၍ စျေးအတွင်းသို့ရောင်းချကြသလို ကုန်စိမ်းသည်များကိုလည်း (၁၀) ကျပ်သားအထုပ်များထုပ်၍ဖောက်သည်ပေးကြောင်း၊ ပျိုးမှိုစိုက်ပျိုးမှုတွင် ငွေနှင်းမှိုနှင့် ကောက်ရိုးမှို ဟူ၍(၂)မျိုးစိုက်ပျိုးရောင်ချကြကြောင်း၊ ငွေနှင်းမှိုကိုလူကြိုက်နည်းပြီး ကောက်ရိုးပျိုးမှိုကို စားသုံးသူများကြိုက်နှစ်သက်ကြောင်း၊ ကောက်ရိုးမှိုသည် နေရာဒေသမရွေး စိုက်ပျိုးနိုင်ပြီး(၁)နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း၊ ကုန်ကြမ်းအနေဖြင့် ကောက်ရိုး၊ ဗေဒါ၊ ငှက်ပျောရွက်၊ ဂျက်စက္ကူနှင့် နွားချေးများ အသုံးပြုရပြီး ရေလောင်းရာတွင် သန့်စင်သောရေကိုလောင်းပေးရကြောင်း၊ မှိုမျိုးအသုံးပြုမှုအနေဖြင့်(၁)ဘောင်လျှင် မျိုးထုပ် (၅)ထုပ်စိုက်ပျိုးရကြောင်း၊ မျိုးဈေးနှုန်းအနေဖြင့် တစ်ထုပ်လျှင် (၆၅၀/-)ကျပ်၊ မှိုစိုက်ဘောင်(၁၀)ခုပြုလုပ်ထားပြီး ဘောင်တစ်ခုလျှင် မှိုအထွက်(၇-၁၀)ပိဿာ အထိထွက်ရှိကြောင်း၊  စိုက်ပျိုးပြီး(၁၃-၁၅)ရက်အကြာတွင် မှိုများစတင် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ မှိုသက်တမ်း(၁)လအတွင်း အနည်းဆုံး (၂-၃) ကြိမ် အထိ ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ မှိုစိုက်ပျိုးရာတွင် ရေခဏခဏလောင်းပေးရကြောင်း၊ မှိုသက်တမ်း (၁)လ အတွင်း(၁၀-၁၅) ပိဿာခန့်အထိ ထွက်ရှိကြောင်း၊ တစ်နိုင်တစ်ပိုင် မှိုစိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် (၄၅၀၀၀၀/-) ကျပ်ခန့်ကုန်ကျကြောင်း၊ ယခုလက်ရှိ ပျိုးမှိုပေါက်စျေးအနေဖြင့် (၁)ပိဿာလျှင် ယခင်လ လက်လီ(၁၅၀၀၀/-) ကျပ်၊ ယခုလလက်လီ(၃၀၀၀၀/-)ကျပ်ဖြင့်ရောင်း ဝယ်လျက်ရှိပြီး ဖောက်သည်စျေး လက်ကား(၁)ပိဿာလျှင် ယခင်လ(၉၀၀၀/-)ကျပ်၊ ယခုလ(၂၀၀၀၀/-)ကျပ်ဖြင့် ဖောက်သည် ပေးကြောင်း၊ အကျိုးအမြတ်အနေဖြင့် အနည်းဆုံး(၂)ကြိမ် ခူးဆွတ်‌ရောင်းချပါက စိုက်ပျိုးစရိတ်နှုတ်ပြီး (၁၂၀၀၀၀၀/-)ကျပ်ခန့် အကျိုးအမြတ်ဖြစ်ထွန်းကြောင်း ယခင်လထက်ဈေးနှုန်းများ ကောင်းမွန်သောကြောင့် မှိုစိုက်ပျိုးသူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းခဲ့ကြောင်း၊  ပျိုးမှိုကို ချက်ပြုတ်စားသုံးရာတွင် မှိုကန်စွန်းချက်၊ မှိုပလိန်းချက်စသည်ဖြင့် အမျိုးမျိုးချက်ပြုတ်စားသုံးကြောင်း၊ ဝယ်လိုအားရှိပြီး ကုန်ကျစရိတ် သက်သာပြီးစီးပွားလည်းဖြစ် မိသားစုအပိုဝင်ငွေတိုးသော ပျိုးမှိုများကို စိုက်ပျိုးရောင်းချသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်ဒေသထွက်မိုးငရုတ်ဈေးကွက်

    မိတ္ထီလာမြို့နယ်တွင် ဩဂုတ်လ၌ ငရုတ်ဈေးကွက်မှာ ငရုတ်ခြောက်ဈေးငြိမ်နေသော်လည်း ငရုတ်အစိုမှာ ဈေးကွက်သို့အဝင်များ၍ ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်းသိရသည်။ငရုတ်မှာ မိတ္ထီလာခရိုင်အတွင်းစိုက်ပျိုးဆဲကာလဖြစ်ပြီး လက်ရှိအချိန်တွင် ကျောက်ဆည်ခရိုင်ထွက်ငရုတ်များ ဈေးကွက်သို့ ဝင်ရောက်မှုရှိကြောင်းသိရသည်။ မိတ္ထီလာမြို့နယ်တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းမှာ ငရုတ်အစိုတစ်ပိဿာလျှင် လက်ကားဈေး(၃၀၀၀-၃၅၀၀)ကျပ် ၊ လက်လီဈေး(၄၀၀၀/)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မိတ္ထီလာခရိုင်မှာ မိုးငရုတ်ကို မေ ၊ ဇွန်လများ၌ စိုက်ပျိုးကာ ဈေး ကွက်သို့ စက်တင်ဘာလမှစ၍ ဒီဇင်ဘာလအထိတင်ပို့နိုင်ကြောင်း နှင့် တင်ပို့ရာတွင်ငရုတ်ခြောက် အနေဖြင့် ရန်ကုန် ၊ တောင်ကြီးမြို့များသို့ တင်ပို့ကာ ဒေသတွင်းသီးနှံထွက်ရှိမှုများပြီး ပြည်ပဝယ်လက် မှ ဈေးကောင်းပေးသည့်နှစ်များတွင် တရုတ်နှင့် ထိုင်းသို့ ငရုတ်အစိုကို အအေးခန်းကားများဖြင့် နယ်စပ် လမ်းကြောင်းမှတင်ပို့နိုင်ကြောင်းငရုတ်ကုန်သည်များထံမှသိရသည်။

DOCA(မန္တလေး)

 

ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

  ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၁၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၈၅)ကျပ်၊ 95 Octance(၃၁၅၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၈၀၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၄၂၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၅-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၁၀)ကျပ်၊ 95 Octance(၃၀၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၃၅၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၄၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၁၀၀)ကျပ်နှင့် ပရီမီယမ် ဒီဇယ်တွင်(၁၁၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း