Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဒေသထွက် ကိုင်းခရမ်းချဉ်သီးစျေးကွက် 

      ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဒေသထွက်ကိုင်းခရမ်းချဉ်သီးများ စတင်ထွက်ပေါ် လာပြီ ဖြစ်ပါသည်။ ပြည်မြို့နယ် တီတွဒ်ကျေးရွာ၊ ပေါင်းတည်မြို့၊ ခွေးရဲကျေးရွာ၊ ရွှေတောင်မြို့နယ် စစ်ကိုင်းကျွန်း၊ မင်းတဲကျွန်း၊ ကျီးသဲရွာနှင့် မြို့မရွာတို့မှလည်း ပြည်မြို့နယ်ရှိ ဈေးများနှင့် ရန်ကုန် မြို့ရှိ ကုန်စိမ်း ဈေးကွက်များသို့လည်း တင်ပို့ရောင်းချကြပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ခရမ်းချဉ်သီးဈေးမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ဖြင့် ဈေးကောင်းရနေကြောင်း သိရပါသည်။

DOCA(ပဲခူး)

“ကျောက်ဖရုံသီးစိုက်ပျိုးခြင်းဖြင့်ဝင်ငွေရရှိ”

          ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံဖြစ်သော ကျောက်ဖရုံသီး သီးနှံကိုလည်း တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ ကျောက်ဖရုံသီး မျိုးများမှာ အိုမီကာ(ထိုင်ဝမ်)မျိုးနှင့် ဗမာမျိုးများဖြစ်ပြီး အိုမီကာ(ထိုင်ဝမ်)မျိုးကိုသာ အများဆုံး စိုက်ပျိုးကြကြောင်း၊ ကျောက်ဖရုံသီး စိုက်ပျိုးမည်ဆိုပါက(၁)ဧကလျှင်(၄/၅)ထုပ်စိုက်ပျိုးရကြောင်း၊ မျိုးစေ့ (၁)ထုပ် ဈေးနှုန်းအနေဖြင့် အိုမီကာ(ထိုင်ဝမ်)မျိုး(၁)ထုတ်လျှင်( ၁၈၀၀၀ )ကျပ် ဗမာမျိုး(၁)ထုပ်လျှင် ( ၁၂၀၀၀ ) ကျပ်ရှိကြောင်း၊ ကျောက်ဖရုံသီးကို ဘောင်ဖြင့်စိုက်ပျိုးရကြောင်း (၁)ပင်နှင့်(၁)ပင် (၅)တောင်ခန့် ဖွင့်၍(၁)ပေခွဲခန့် ခြားစိုက်ပျိုးရကြောင်း၊ အများဆုံးစိုက်ပျိုးသည့်ကျေးရွာများမှာ မြစ်သားမြို့နယ်ရှိ ရွာခိုင်ကြီးရွာ၊ စမြှောင်ကျေးရွာဖြစ်ကြကြောင်း၊ ကျောက်ဖရုံသီးကို သီးသန့် စိုက်ပျိုးကြသလို နနွင်းခင်း ၊ နှမ်းခင်းများတွင်လည်း သီးထပ်၊သီးညှပ်အဖြစ် စိုက်ပျိုး၍ရကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၆၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်ကုန်ကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၃၅၀၀၀၀၀/၄၀၀၀၀၀၀)ကျပ် ရရှိကြောင်း၊ ကျောက်ဖရုံသီးကို စိုက်ခင်းထဲထိ ပွဲစားများမှ လာရောက်ဝယ်ယူကြပြီး၊ ပွဲစားများမှလည်း ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ကျောက်ဖရုံသီးနှံသည် ဆေးဖြန်းစရာမလို ရေပုံမှန်ပေး၍ စိုက်ပျိုးရသော သီးနှံဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံးသီး အိုမီကာ (ထိုင်ဝမ်)တစ်လုံးလျှင် (၄၀၀၀/၅၀၀၀)ကျပ်၊ ဗမာသီးတစ်လုံးလျှင်(၅၀၀၀/၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပြည်ဒေသထွက် ရွှေဖရုံသီးစျေးကွက်

      ရွှေဖရုံသီးကို အညွှန့်နှင့် အသီးတို့ကို တို့စရာ၊ ဟင်းရည် သီးစုံအပြင် ပဲ၊ ငါးအသားမျိုးစုံ တို့နှင့် ရောနှောချက်စားကြသည်။ အစေ့ကို လှော်၍ ဖရုံစေ့လှော်အဖြစ် စားကြသည်။ ရွှေဖရုံသီးကို ပြည်မြို့နယ်အတွင်းရှိ မှော်ဇာကျေးရွာ၊ တောင်လုံးညိုကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ထွက်ရှိလာသော ရွှေဖရုံသီးများကို ပြည်မြို့နယ်အတွင်း ဈေးများနှင့် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေး၊ ဒညင်းကုန်းဈေးများသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

          ယခုအခါ ပြည်မြို့နယ်အတွင်းရှိ ရွှေဖရုံသီးများ ရောင်းချလျှက်ရှိရာ ရွှေဖရုံသီး အကြီးတစ်လုံး လျှင် (၂၀၀၀-၂၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၇၀၀ - ၈၀၀)ကျပ်တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“သင်္ဘောဇီးဖြူသီးစိုက်ပျိုးခြင်းဖြင့်ဝင်ငွေများရရှိ”

         ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကျေးလက်နေတောင်သူများသည် မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် လယ်ကန်သင်းများတွင် သင်္ဘောဇီးဖြူသီးပင်များကို စိုက်ပျိုးထားရှိကြောင်း၊ သင်္ဘောဇီးဖြူသီးအပင်ကို အစေ့ပျိုး၍ စိုက်ပျိုးရကြောင်း၊ သင်္ဘောဇီးဖြူသီး အပင်သည်()နှစ်()ကြိမ် အသီးသီးကြောင်း တောင်သူများသည်သင်္ဘောဇီးဖြူသီးကို အပင်လိုက် အပြတ်ရောင်းချကြောင်း၊ ကုန်စိမ်းသည်များမှ သင်္ဘောဇီးဖြူသီးကို အပင်အကြီး၊ အသေးပေါ်မူတည်၍ ဈေးပေး၍ဝယ်ကြကြောင်း၊ ၎င်းအသီးသည် အသားများသောအသီးဖြစ်၍ အစေ့လည်းပါရှိရာ အစေ့သည်မာကျော၏၊ အသား၏အရသာသည်ချဉ်၍ ခံတွင်းရှင်းသည်။ အများသောအားဖြင့်  သင်္ဘောဇီးဖြူသီးကို အချဉ်တည်၍ဖြစ်စေ အသုံးပြုကြကြောင်း၊ သင်္ဘောဇီးဖြူသီးခြောက်၏ဂုဏ်သည် သွေး၊ သည်းခြေနှင့်ဖြစ်သော၊ လေသလိပ်နာကိုလည်းကောင်း၊ လျှာခံတွင်းခြောက်သွေ့သော်လည်းကောင်း၊ ရေငတ်သော်လည်းကောင်း၊ အသံပျက်သော်လည်းကောင်း၊ မျက်စိနာသော်လည်းကောင်း၊ အတွင်းပူသော်လည်းကောင်း၊ သက်သာစေသည်ဟု မြန်မာ့ဆေးကျမ်းများမှ ဖတ်ရူသိရှိရပါသည်။ ဈေးကွက်အတွင်း၌ သင်္ဘောဇီးဖြူသီး ()ပြည်လျင် (၁၀၀၀/၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရွှေတောင်ဒေသထွက် ငရုတ်သီးစိမ်း ဈေးနှုန်း၊ ဈေးကွက် အခြေအနေ

       ပဲခူးတိုင်းဒေသကြီး၊    ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာရှိ တောင်သူ ဦးရဲမင်းအောင်၏ ငရုတ်စိုက်ခင်းသို့ (၁၄.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)တွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။ ကျောက်စိမ်းမျိုး ငရုတ်သီးစိမ်းပျိုးထုတ်များကို ဇွန်လတွင် ပျိုးကြဲပြီး ဇူလိုင်လတွင် ပျိုးပင်ပေါက်များကို ဘောင်ပေါ်တွင် တစ်ပင်နှင့်တစ်ပင် တစ်ထောင်ခြားပြီး စိုက်ပျိုးရပါသည်။

    ငရုတ်သီးစိမ်းပင်များကို ရွှေ့ပြောင်းစိုက်ပြီး (၁၀)ရက်၊ (၁၂)ရက်အကြာတွင် ပေါင်းနှိမ်ခြင်း၊ ရေသွင်းခြင်း၊ မြေတောင်မြှောက်ခြင်းပြုလုပ်ရပါသည်။ မြေဩဇာကို (၂)ပတ်တစ်ကြိမ်၊ ကျွေးရ ပါသည်။ ငရုတ်သီးစိမ်းစိုက်ဧက (၁)ဧကရှိပြီး ဩဂုတ်လတွင် စတင်ခူးဆွတ်ပြီး (၁)လလျှင် (၂)ကြိမ် (၁၅)ရက်ခြားတစ်ခါ ခူးဆွတ်ရပါသည်။ တစ်ခါခူးဆွတ်လျှင် ပိဿာ ၁၀၀ ကျော်ခူးဆွတ်ရရှိပြီး တစ်ပိဿာကို (၃၀၀၀)ကျပ်ဖြင့် ကုန်သည်များကလာရောက်သိမ်းယူကြပြီး လက်လီဈေးမှာ တစ်ပိဿာ (၅၀၀၀)ကျပ်ဖြင့်ရောင်းချပါသည်။ ပျမ်းမျှအကျိုးအမြတ်မှာ ဈေးနှုန်းနှင့် သီးနှံထွက် ရှိနှုန်းပေါ်မူတည်ပြီး အကျိုးအမြတ်ခံစားရပါသည်။

DOCA(ပဲခူး)

ရွှေတောင်ဒေသထွက် ရုံးပတီသီး စိုက်ပျိုးထွက်ရှိရောင်းချမှု

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြက်ဖြူတောင်ကျေးရွာရှိ ဒေါ်နီနီဝင်း၏ ရုံးပတီသီးစိုက်ခင်းအား သွားရောက်လေ့လာခဲ့ပါသည်။ ကျောက်စိမ်းမျိုးများဖြစ်ပြီး ဩဂုတ်လတွင် စတင်၍ ဆွတ်ခူးရပါသည်။ စိုက်ဧက (၀.၂၅)ဧကရှိပြီး တစ်ခါခူးဆွတ်လျှင် အတောင့်ရေ (၂၀၀၀) ကျော်ခူးရပြီး တစ်ရက်ခြား၊ နှစ်ရက်ခြား ခူးဆွတ်ရပါသည်။ ခူးဆွတ်ချိန်မှာ (၂)လကျော်ထိ ခူးဆွတ်ရ ပါသည်။ တစ်တောင့်လျှင် (၇)ကျပ်နှုန်းဖြင့် အခင်းထိ ဒိုင်မှလာရောက်ဝယ်ကြသည်။ ဈေးကွက်အားဖြင့် ပြည်၊ ရန်ကုန်၊ နေပြည်တော်နှင့် ရွှေတောင်မြို့ ပတ်ဝန်းကျင်ဖောက်သည်များရောင်းချ ကြောင်း၊ ကုန်ကျစရိတ်အားဖြင့် (၃)သိန်းကျော်ကုန်ကျပြီး (၈)သိန်းဖိုးခန့်ရရှိနိုင်ပြီး အကျိုးအမြတ်အားဖြင့် (၅)သိန်းခန့်ရနိုင်ကြောင်း သိရသည်။

DOCA(ပဲခူး)

“ကန်စွန်ဥစိုက်ပျိုးခြင်းဖြင့်တောင်သူများဈေးကောင်းရလျက်ရှိ”

         ကန်စွန်းဥကိုပြုတ်၍သော်လည်းကောင်း၊ မီးဖုတ်၍သော်လည်းကောင်း၊ ပူတင်း၊ အုံးနို့သာကူတို့တွင်ထည့်၍ သရေစာအဖြစ်ပြုလုပ်စားသုံးကြပါသည်။ ကန်စွန်းဥသည် သဲနုန်းမြေနှင့်မြေပွများတွင် ကောင်းစွာဖြစ်ထွန်းပြီး မိုးဦးကျအချိန်တွင် စိုက်ပျိုးလေ့ရှိပါသည်။ ကန်စွန်းဥကိုစတင်စိုက်ပျိုးမည်ဆိုပါက ဘောင်စနစ်ဖြင့်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမည့်ကန်စွန်းပင်များကို (၉)လက်မအရွယ်ဖြတ်ကာ မျိုးကိုင်းတစ်ကိုင်းနှင့်တစ်ကိုင်း တစ်လက်မစီခွာ၍ ခပ်စောင်းစောင်းကလေးထိုးစိုက်ရကြောင်း၊ (၁) ဧကအတွက် ကန်စွန်းပင်ဖြတ်ပိုင်း(၂၀၀၀၀)ခန့်စိုက်ပျိုးရကြောင်း၊ ကန်စွန်းဥများကို မိုးတွင်း မေလ၊ ဇွန်လများမှ စတင်၍စိုက်ပျိုးနိုင်ကြောင်း၊ ကန်စွန်းဥတစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၁၂၀၀၀၀၀/)ကျပ်ခန့် ကုန်ကျကြောင်း၊ စတင်စိုက်ပျိုးပြီး (၃)လကျော်ခန့်အကြာတွင် ကန်စွန်းဥများအား စတင်တူးဖော်နိုင်ပြီဖြစ်ကြောင်း၊ ကန်စွန်းဥများ တူးဖော်ရာတွင် ဥများရင့်‌သောအချိန်တွင် တူးဖော်ပါက အလေးချိန်တိုးကြောင်း၊ ကန်စွန်းဥ (၁)ဧကလျှင် ပျမ်းမျှ ပိဿာချိန် (၂၀၀၀ မှ ၂၅၀၀) အထိထွက်ရှိကြောင်း၊ ကန်စွန်းဥမျိုးများမှာ အဖြူ၊ အဝါ၊ ခရမ်းစသည်ဖြင့် အမျိုးအစားအလိုက် ဈေးနှုန်းများလည်း မတူညီကြကြောင်း၊ လက်ကားဈေးအနေဖြင့် ကန်စွန်းဥအဖြူတစ်ပိဿာလျှင်(၂၅၀၀/)ကျပ်၊ အဝါတစ်ပိဿာလျှင်(၃၅၀၀/) ကျပ်၊ ခရမ်းတစ်ပိဿာလျှင် (၅၀၀၀/)ကျပ်ဖြင့် ရောင်းချကြကြောင်း၊ လက်လီဈေးအနေဖြင့်  ကန်စွန်းဥအဖြူတစ်ပိဿာလျှင်(၃၀၀၀/)ကျပ်၊ အဝါတစ်ပိဿာလျှင်(၄၀၀၀/)ကျပ်၊ ခရမ်းတစ်ပိဿာ လျှင်(၆၅၀၀/)ကျပ်ဖြင့် အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားလျက်ရှိကြောင်း၊  ကန်စွန်းဥ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၃၅၀၀၀၀၀/)ကျပ်ခန့်ရရှိကြောင်း၊ စိုက်စရိတ်သက်သာပြီး အကျိုးအမြက်ရရှိသည့် ကန်စွန်းဥများအား တောင်သူများအနေဖြင့် စိုက်ပျိုးသင့်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တောင်ငူမြို့နယ်အနီးတစ်ဝိုက်ရှိ သပြေငုတ်စိုက်ပျိုးမှုနှင့် စျေးကွက်အခြေအနေ

       သပြေငုတ်များသည် ဘုရားပန်းအဖြစ်အသုံးပြုရာတွင် အရွက်များဝေဆာပြီး ကြာရှည်ခံသော ပန်းများဖြစ်ကာ ဈေးများထဲတွင်လည်း ဝယ်ရလွယ်ကူသော ပန်းတစ်မျိုးဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အနီးရှိ ရေတာရှည်၊ ရေနီမြို့များတွင် သပြေငုတ်များကို စီးပွားဖြစ်စိုက်ပျိုးကြပြီး နေပြည်တော်သို့လည်း တင်ပို့ရောင်းချ ကြပါသည်။ သပြေငုတ်များကို မိုးရာသီကာလ (ဇွန်လနှင့် ဩဂုတ်လ)တွင် အဓိကစိုက်ပျိုးလေ့ရှိပြီး မိုးနည်းသော ဒေသများတွင် ဆောင်းဦးနှင့်နွေဦးကာလ ဖြစ်သော (အောက်တိုဘာလနှင့်မတ်လ) တွင် ရေပေးသွင်း၍ စိုက်ပျိုးနိုင် ပါသည်။ တောင်ငူဒေသအနီး တစ်ဝိုက်တွင် အရွက်များသေးငယ်ပြီး အစိမ်းရင့်ရောင်ရှိသော မြန်မာ့မျိုးရင်း (ခေါ်) ဒေသရင်း သပြေငုတ်များကို စိုက်ပျိုးကြပြီး ဒေသရင်းသပြေငုတ်များသည် ရာသီဥတုဒဏ် ကောင်းစွာခံနိုင်ပါသည်။

     ဒေသရင်းသပြေငုတ်များသည် အမြစ်မျှင်သေးပြီး  (ရှမ်းပြည်နယ်မှမျိုးများ) ဖြစ်ကာ အမြစ်စု ပြုံကြီးပြီး မြေမျက်နှာပြင်နှင့်နီးကပ်စွာ ဖွံ့ဖြိုးပေါက်ရောက်ပါသည်။ သပြေငုတ်များစိုက်ပျိုးရာတွင် သဲဆန်သောမြေတွင် အမြစ်များရှည်လျားသေးငယ်စွာ ပေါက်ရောက်ပြီး ရွှံ့မြေတွင် အမြစ်များတိုပြီး ပိုမိုတုတ်ခိုင်စွာ ပေါက်ရောက်ပါသည်။ နိုက်ထရိုဂျင်ဓာတ်များသော မြေဩဇာပေးပါက ပင်စည်ပျော့၍ အရွက်များကြီးပြီး အစိမ်းရင့်ရောင်ရှိကာ ပိုတက်ဆီယမ်ကြွယ်ဝသော မြေဩဇာပေးပါက ပင်စည် တုတ်ခိုင်ပါသည်။ သပြေငုတ်များကို တစ်နှစ်လျှင် ယူရီးယားပုလဲဓာတ်မြေဩဇာ ၂ ကြိမ်ကျွေးခြင်း၊ မြေအောင်းပိုးကာကွယ်ရန် ဒီပါ သို့မဟုတ် ဖစ်ပရိုဆေးခဲဖြင့် ပြုစုကုသခြင်းများ၊ မနက်နှင့်ည ၂ ကြိမ် ရေလောင်းပေးခြင်းဖြင့် စိုက်ပျိုးပြီး ၃နှစ်မှ ၅နှစ်အကြာတွင် ငုတ်တူး၍ ရောင်းချနိုင်ပါသည်။

     တောင်ငူမြို့နယ်၊ ရေတာရှည်နှင့်ရေနီမြို့များသည် သပြေငုတ်စိုက်ပျိုးရေး၏ ဗဟိုချက်မ တစ်ခုဖြစ်ပြီး ဒေသခံတောင်သူများအတွက် စီးပွားဖြစ်ထုတ်လုပ်နိုင်သော လုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။ ရာသီဥတုနှင့် မြေဆီလွှာအခြေအနေ၊ ရေရရှိမှုတို့ကြောင့် သပြေငုတ်စိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းစေသည့် အကြောင်းရင်းလည်းဖြစ်ပါသည်။ သပြေငုတ်အမျိုးအစားများ ကွာခြား ခြင်းသည်လည်း မျိုးစိတ်၊ ရာသီဥတု၊ မြေဆီလွှာနှင့် စိုက်ပျိုးနည်းများ မတူညီခြင်း ကြောင့်ဖြစ်ပါသည်။

          တောင်ငူဒေသ၏သဘာဝအခြေအနေသည် ပဲခူးရိုးမအနီးရှိ မြေဆီလွှာနှင့် ရေရရှိမှုတို့ကြောင့် သပြေငုတ်စိုက်ပျိုးရန် အထူးသင့်တော်ပြီး ဈေးကွက်ထဲတွင်လည်း ဝယ်လိုအား မြင့်မားပါသည်။

DOCA(ပဲခူး)

“ပူစီနံပင်တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့်ဝင်ငွေတိုး”

             မြန်မာနိုင်ငံတွင်ဆေးဘက်ဝင်အပင်အမျိုးမျိုးရှိသည့်အနက် ပူစီနံရွက်သည်လည်းအပါအဝင် ဖြစ်ပါသည်။ မြန်မာ့အစားအသောက်တွင် ထည့်ချက်တွဲဘက်စားသောက်ရသော အမွှေးအကြိုင်တစ် မျိုးဖြစ်သည့် ပူစီနံပင်များကို ကျောက်ဆည်မြို့ အနောက်ဘက် ကြက်ဆင်ကျေးရွာတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိပါသည်။ ပူစီနံပင်ကိုရေမဝပ်သော နုံးမြေတွင် ဘောင်စနစ်ဖြင့် စိုက်ပျိုးပါက အထူးကောင်းမွန်ကြောင်း၊ ပူစီနံမျိုးစေ့များကို အပင်ပေါက်မြန်စေရန်အတွက် ရေတွင်(၂၄)နာရီစိမ်ရကြောင်း၊ တစ်ပင်နှင့်တစ်ပင်(၀.၅)လက်မခွာ၍ ဘောင်ပေါ်တွင်စတင်စိုက်ပျိုး ရကြောင်း၊ စိုက်ပျိုးပြီးပါက ရေကိုတစ်နေ့နှစ်ကြိမ်လောင်းပေးရကြောင်း၊ အပင်ပေါက်ချိန်တွင် ခါးရိရောဂါကျရောက်နိုင်သည့်အတွက် ရေကိုလျှော့လောင်းသင့်ကြောင်း၊ အပင်ပေါက်ပြီး (၄၅)ရက်သား မှစတင်၍နှုတ်ယူစားသုံးခြင်း၊ ရောင်းချခြင်းများပြုလုပ်နိုင်ပါသည်။  ပူစီနံပင်များကို တစ်ပက်လျှင် (၂)ကြိမ်နှုန်းဖြင့် ကိုင်းဖြတ်အစည်းများပြုလုပ်၍ ပူစီနံ(၅)ခက်ပါတစ်စည်းလျှင် (၁၅၀)ကျပ်နှုန်းဖြင့် ဈေးများအတွင်းရောင်းချရကြောင်း၊ ဒံပေါက်ဆိုင်၊ စမူဆာရောင်းသည့်လဖက်ရည်ဆိုင်များမှ ဖောက် သည်ယူကြကြောင်း၊ ပူစီနံပင်(၁၀)ဘောင်စိုက်ပျိုးပါက အစည်းရေ (၅၀၀-၆၀၀)စည်းခန့် ထွက်ရှိကြောင်း၊ ကိုင်းဖြတ်ယူပြီးသည့် ပူစီနံပင်များအား အတက်မွေးမြူရန်အတွက် သွင်းအားစုများ ထည့်သွင်းမွေးမြူရကြောင်း၊ ပူစီနံစားသုံးခြင်းဖြင့်ရင်ကျပ်ပန်းနာရောဂါကို ပျောက်ကင်းသက်သာစေပြီး အစာအိမ်အူလမ်းကြောင်းရှင်းစေသဖြင့် နေ့စဉ်စားသုံးသင့်ကြောင်း ပူစီနံနှင့်ကျန်းမာရေး စာစောင်များမှ ဖတ်ရှုရပါသည်။ နေ့စဉ်ဝင်ငွေရှိပြီး စိုက်ပျိုးစရိတ်သက်သာသည့် နှစ်ရှည်သီးနှံပူစီနံပင်ကို တောင်သူများအနေဖြင့် စိုက်ပျိုးသင့်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နှမ်းရိတ်သိမ်းမှု ပြီးစီးမှုအနေအထားတွေ့ရှိရပြီး၊ နှမ်းထောင်၊ နှမ်းခါ အဆင့်အနည်းငယ်သာ ကျန်ရှိနေပါသည်။ မြေပဲဖြိုင်ဖြိုင် ခူးဆွတ်နေပြီး၊ နေကြာစတင်ရိတ်သိမ်းမှုကို တွေ့ရှိလာရပါသည်။ နှမ်းစျေးနှုန်းများတွင် နှမ်း(နီ)စျေးနှုန်း မြင့်တက် မှုကို တွေ့ရပြီး၊နှမ်း(နက်)စျေးနှုန်းတည်ငြိမ်နေမှုရှိနေပါသည်။ မြေပဲစျေးနှုန်းများတွင် အတောင့် နှင့် အဆံ‌စျေးနှုန်းများ မြင့်တက်မှုရှိခဲ့ပါသည်။ နှမ်း(နီ)တစ်တင်း (၉၆၀၀၀)ကျပ်၊ နှမ်း(နက်) (၂၂၀၀၀)ကျပ်၊ မြေပဲတောင့်(အစို)တစ်ပိဿာ (၁၄၀၀)ကျပ်၊ မြေပဲတောင့်အခြောက် တစ်ပိဿာ (၄၀၀၀)ကျပ်ဈေးနှုန်းရှိနေပါသည်။ ဆီစက်များမှ နှမ်းနှင့် မြေပဲ ဝယ်ယူကြိတ်ခွဲမှု ပုံမှန်အနေအထားတွင် ရှိ‌နေသော်လည်း စိုက်ပျိုးထုတ်လုပ်သူများမှ နှမ်း၊ မြေပဲ နဝလီကြိတ်ခွဲမှု အနေအထားမြင့်တက်လျက်ရှိပါသည်။ ဆီစက်များတွင် နှမ်းဆီ(၁၆၀၀၀)ကျပ်၊ မြေပဲဆီ (၁၇၀၀၀)ကျပ်၊ နေကြာဆီ (၁၈၀၀၀)ကျပ်တို့ဖြင့် ရောင်းချနေမှုကို တွေ့ရပါသည်။ဆီကြိတ်ဖတ် ပျော်ဘွယ်နှင့် မန္တလေးသို့ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။ ဈေးနှုန်းများအနေဖြင့် ‌မြေပဲဖတ်(၄၄၀၀)ကျပ်၊ နှမ်းဖတ်(၂၆၀၀)ကျပ်၊ နေကြာဖတ်(၁၉၅၀)ကျပ် ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း