Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် နည်းပညာအထက်တန်းကျောင်းများ၌ သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့် စားသုံးဆီများရောင်းချပေး

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူမြို့ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့်နည်းပညာအထက်တန်းကျောင်းများသို့သွားရောက်၍ ဆန်၊ စားသုံးဆီ၊ သားငါး၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ  ၁ရက်နေ့မှစ၍ အပတ်စဉ် အင်္ဂါနေ့တိုင်း ရောင်းချပေးလျက်ရှိရာ ဇန်နဝါရီ ၃၀ရက်နေ့အထိ ၅ကြိမ်မြောက် ရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။

     တောင်ငူမြို့တွင် တောင်ငူတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၊ တောင်ငူပညာရေးဒီဂရီကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)နှင့် နည်းပညာအထက်တန်းကျောင်း(တောင်ငူ)တို့ရှိပါသည်။

    ( ၃၀-၁-၂၀၂၄) ရက်နေ့တွင် တောင်ငူခရိုင်ဆန်စက်ပိုင်ရှင်များအသင်းက ဆန်များကို တစ်ပြည်လျှင် ၂၅၀၀ကျပ်ဖြင့်လည်းကောင်း၊ တောင်ငူခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စားအုန်းဆီတစ်ပိဿာလျှင် ၅၆၀၀ကျပ်ဖြင့်ရောင်းချပေးခဲ့ပါသည်။ ဇန်နဝါရီအတွင်း ဆန် ၁၄၉အိတ်နှင့် စားအုန်းဆီ ၅၃၈၀ပိဿာရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။

      ထို့အတူ မွေးမြူရေးလုပ်ငန်းရှင်များက အသားငါးနှင့် ကြက်ဥ၊ ဘဲဥများကိုလည်းကောင်း၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများအနေဖြင့် ဟင်းသီးဟင်းရွက်များကိုလည်းကောင်း ရောင်းချပေးလျက်ရှိပါသည်။ ဆန်နှင့်စားအုန်းဆီများရောင်းချရာနေရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့်ဝန်ထမ်းများကကြီးကြပ်၍ လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်၏ မိုးစပါးစိုက်ပျိုးထွက်ရှိမှု

    ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်သည် ဆန်စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် ကြံသီးနှံများစိုက်ပျိုးသော ခရိုင်ဖြစ်ပါသည်။ စစ်တောင်းမြစ်မှာ တောင်ငူခရိုင်ကို ဖြတ်သန်းစီးဆင်းသဖြင့် စပါးကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းလည်းကောင်းမွန်ပါသည်။ ယခုနှစ်တွင် မိုးကောင်းမွန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနည်းပါးသဖြင့် မိုးစပါးအထွက်တိုးခဲ့ပါသည်။

       တောင်ငူခရိုင်တွင် ယခုနှစ်၌ မိုးစပါး ၄၅၂၆၂၅ဧကစိုက်ပျိုးခဲ့ရာ စိုက်ဧကအားလုံးကို အောင်မြင်စွာရိတ်သိမ်းနိုင်ခဲ့ပါသည်။ ဆင်းသုခ၊ မနောသုခ၊ ဗျော့ထွန်း၊ ရတနာတိုး၊ နှံကောက်၊ ရက် ၉၀ စပါးများအများဆုံးစိုက်ပျိုးပြီး ဒေသပေါ်ဆန်းကိုလည်း အနည်းငယ်စိုက်ပျိုးကြပါသည်။

      လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှရရှိသော စာရင်းဇယားများအရ ယခုနှစ်၌ တောင်ငူခရိုင်၏ မိုးစပါးအထွက်နှုန်းမှာ (၉၂.၀၈) တင်းဖြစ်ကြောင်းသိရသဖြင့် မိုးစပါးတင်းပေါင်း ၄၁၆သိန်းကျော်ထွက်ရှိပါသည်။

      တောင်ငူခရိုင်တွင် လူဦးရေ (၁၀.၅၆) သိန်းကျော်ရှိသဖြင့် ဝမ်းစာစပါးအတွက် တင်းပေါင်း ၁၅၇သိန်းခန့်သုံးစွဲရမည်ဖြစ်ပါသည်။ မျိုးစပါးနှင့်အလေအလွင့်အတွက် တင်းပေါင်း ၁၈သိန်းခန့်ရှိမည်ဖြစ်ရာ စပါးတင်း ၂၄၀သိန်းပိုလျှံမည်ဖြစ်သဖြင့် ယခုနှစ်စပါးပိုလျှံမှုမှုာ ၁၅၃ရာခိုင်နှုန်းခန့်ရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် သံတောင်ကြီးဒေသထွက် ကော်ဖီစေ့၊ နနွင်းနှင့် ချဉ်ပေါင်ဖာလာများဝင်ရောက်

    ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊  တောင်ငူမြို့သည် ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်တွင်တည်ရှိသော မြို့တစ်မြို့ဖြစ်သည့်အပြင် အရှေ့ရိုးမ၊ တောင်ပေါ်ဒေသဖြစ်သော ကရင်ပြည်နယ်မြောက်ပိုင်း၊ သံတောင်ကြီးမြို့နယ်၊ ထိုမှတစ်ဆင့် ကယားပြည်နယ်သို့ဝင်ထွက်ရာ လမ်းဆုံမြို့ဖြစ်သဖြင့် တောင်ပေါ်ဒေသထွက်ကုန်ဖြစ်သော ကော်ဖီစေ့၊ နနွင်း၊ ချဉ်ပေါင်ဖာလာနှင့် ကွမ်းသီးတို့မှာ အရောင်းအဝယ်ဖြစ်၍ စည်ကားလျက်ရှိပါသည်။

  ယခုအခါ မိုးကုန်၍ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ဇန်နဝါရီလအတွင်း တောင်ငူမြို့ရှိရဲပွဲရုံသို့ တစ်ရက်လျှင် ကော်ဖီစေ့ပိဿာ၅၀၀ခန့်၊ ချဉ်ပေါင်ဖာလာပိဿာ၈၀၀ခန့်၊ နနွင်းတက်ပိဿာ၁၀၀၀ခန့်ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။

    ဈေးနှုန်းအနေဖြင့် ကော်ဖီစေ့ (အခွံချွတ်ပြီး) တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ နနွင်းတက်တစ်ပိဿာလျှင် ၅၀၀၀ကျပ်နှင့် ချဉ်ပေါင်ဖာလာတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ ကြက်ဥ၊ ဘဲဥဈေးနှုန်းအခြေအနေ

     တောင်ငူမြို့၊ ကန်လမ်းရှိ 555 စီပီကြက်အစာနှင့် ကြက်ဥ၊ ဘဲဥအရောင်းဆိုင်တွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ကြက်ဥအသေးတစ်လုံးလျှင် ၂၆၀ကျပ်ဈေးနှုန်းရှိခဲ့ရာမှ ယခုဇန်နဝါရီလ စတုတ္ထပတ်တွင် ကြက်ဥအသေးတစ်လုံးလျှင် ၂၃၀ကျပ်၊ ကြက်ဥအကြီးတစ်လုံးလျှင် ယခင်ဇန်နဝါရီလ တတိယပတ်တွင် ၂၈၀ကျပ်ဈေးနှုန်းရှိခဲ့ရာမှ ယခုဇန်နဝါရီလ စတုတ္ထပတ်တွင် ကြက်ဥအကြီးတစ်လုံးလျှင် ၂၄၀ကျပ်မှ ၂၅၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားခဲ့ပါသည်။

        ဘဲဥမှာ အသေးတစ်လုံးလျှင် ၃၀၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၃၃၀ကျပ်မှ ၃၅၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

      ကြက်ဥ၊ ဘဲဥမှာ အခြေခံလူတန်းစားများနှင့် အလုပ်များသော ရုံးဝန်ထမ်းများအတွက် အလွယ်တကူချက်ပြုတ်စားသောက်နိုင်သော စားသောက်ကုန်ဖြစ်သဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း တောင်ငူမြို့ ၊ ကန်လမ်းရှိ 555 ကြက်ဥအရောင်းဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရသိရှိခဲ့ရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့တွင် ပန်းဂေါ်ဖီစိုက်တောင်သူများ ယခင်နှစ်ထက်အကျိုးအမြတ်ပိုမိုရရှိ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပန်းဂေါ်ဖီစိုက်ပျိုးသူတောင်သူ (၁၅)ဦးရှိပြီး စိုက်ပျိုးဧကမှာ (၆)ဧကစိုက်ပျိုးထားရှိကြောင်း သိရပါသည်။ ထို့ကြောင့် စားသုံးသူ ရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦး နှင့်ဝန်ထမ်းများသည် (၅.၂.၂၀၂၄) နေ့ ၊နေ့လယ်ပိုင်းတွင် ကျီးသဲကျေးရွာအုပ်စု၊ ညောင်လှကျေးရွာရှိ ပန်းဂေါ်ဖီ စိုက်တောင်သူ ဦးမောင်မောင်လွင်နှင့် တွေ့ဆုံ၍မေးမြန်းခဲ့ပါသည်။

     အဆိုပါတောင်သူမှ စိုက်ပျိုးသော ပန်း‌ဂေါ်ဖီမျိုးမှာ ဘူးမန်း(153) မျိုးကို (.၂၅)ဧကစိုက်ပျိုး ထားရှိကြောင်း သိရပြီး ကုန်ကျစရိတ်အနေဖြင့် (၂)သိန်းကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီ (.၂၅)ဧကတွင် ရောင်းတန်းဝင် ပန်းပွင့် ၃၀၀၀ ခန့်ထွက်ရှိကြောင်း သိရပါသည်။ ယခင်နှစ်တွင်လည်း ပန်းဂေါ်ဖီ (.၂၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ကုန်ကျစရိတ်မှာလည်း ယခုနှစ်အတိုင်း ကုန်ကျပြီး ပန်းပွင့်ထွက်ရှိမှုမှာလည်း ယခုနှစ်ကအတိုင်းထွက်ရှိကြောင်း သိရပါသည်။ ယခင်နှစ်တွင် ပန်းဂေါ်ဖီတစ်ပွင့်လျှင် ခြံဈေး ၂၀၀ကျပ်ဖြင့် ရောင်းချပြီး ရောင်းရငွေမှာ (၆)သိန်းကျော်ရရှိပြီး အသားတင်အမြတ်အနေဖြင့် (.၂၅)ဧကတွင် (၄)သိန်းကျပ်ခန့်ကုန်ကျကြောင်း သိရပါသည်။

   ယခုနှစ်တွင် ပန်းဂေါ်ဖီဈေးနှုန်းမှာ တစ်ပွင့်လျှင် ခြံဈေး ၃၀၀ကျပ်ခန့်ရရှိ၍ ရောင်းရငွေမှာ (၉)သိန်းဝန်းကျင်ခန့်ရရှိသဖြင့် အသားတင်အမြတ်မှာ (၇)သိန်းကျပ်ခန့် ရရှိကြောင်း သိရှိရပါသည်။ ထွက်ရှိလာသောပန်းဂေါ်ဖီများကို အနီးတဝိုက်ရှိ မြို့များနှင့် ရန်ကုန်မြို့သို့တင်ပို့ကြောင်း သိရပါသည်။ ထို့ကြောင့် ပန်းဂေါ်ဖီစိုက်ပျိုးသူတောင်သူများအနေဖြင့် ယခင်နှစ်ထက် ယခုနှစ်တွင် အမြတ်အစွန်းများပိုမိုရရှိသဖြင့် ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်လျှင် ဝင်ငွေများစွာရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်တွင် ငှက်ပျောစိုက်ပျိုးထားရှိမှု

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျွန်းမီးအုပ်စု၊ ဂျင်းရဲကျွန်းကျေးရွာတွင် ငှက်ပျောသီးများ စိုက်ပျိုးထားရှိသဖြင့် (၂.၂.၂၀၂၄) ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက် ကွင်းဆင်း လေ့လာခဲ့ပါသည်။

    ပန်းတောင်းမြို့နယ်၊ ကျွန်းမီးအုပ်စု၊ ဂျင်းရဲကျွန်းကျေးရွာတွင် ငှက်ပျောပင်စိုက်ပျိုးသော တောင်သူ ဦးသက်နိုင်ဦးမှ ငှက်ပျောပင်စိုက်ဧက (၁)ဧကခွဲ စိုက်ပျိုးထားပြီး စိုက်ပျိုးသည့်မျိုးမှာ ဖီးကြမ်း ငှက်ပျောသီးမျိုးဖြစ်ပါသည်။ ဖီးကြမ်းငှက်ပျောစိုက်ပျိုးရာတွင် တစ်ဧကုန်ကျစရိတ်များ အနေဖြင့် သမန်းကောင်းရသည်အထိ စက်ကြီးနှင့် ထွန်ယက်ကုန်ကျစရိတ် မှာ ၂၀၀၀၀၀ကျပ်၊ ငှက်ပျောပင် (၅၀၀)ပင် စိုက်ပျိုးရသဖြင့် အပင်ပေါက် တစ်ပင်လျှင် (၄၀၀)ကျပ် နှုန်းဖြင့် ၂၀၀၀၀၀ကျပ်၊ စိုက်ပျိုးခအနေဖြင့် ၁၀၀၀၀၀ကျပ်၊ မြေဩဇာဝယ်ယူခြင်းနှင့် မြေဩဇာ ကျွေးခမှာ ၇၀၀၀၀၀ကျပ် ဖြင့် စုစုပေါင်းကုန်ကျစရိတ်မှာ ၁၂၀၀၀၀၀ကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ ငှက်ပျောသီးများ ထွက်ပေါ်ချိန်တွင် တစ်ပင်လျှင် ငှက်ပျောသီးအဖီး (၅)ဖီးနှင့် (၆)ဖီး ထွက်ရှိသည်ဟု သိရှိရပါသည်။ ငှက်ပျောပင်စတင်စိုက်ပျိုးပင်ကို အမေပင်ဟုခေါ်ပြီး သီးခိုင်ကို ခုတ်ယူ၍ အမေပင်ကို ခုတ်လိုက်ချိန်တွင် သားတက်တစ်ရုံလျှင် သားတက်(၂)ပင်ကိုသာ ထားရပါသည်။ သားပင်တစ်ပင် လျှင် ငှက်ပျောဖီး (၉)ဖီး နှင့် (၁၀)ဖီးခန့်ထွက်ရှိ၍ ရောင်းဈေးမှာ ငှက်ပျောခိုင် တစ်ခိုင်လျှင် ၇၀၀၀ကျပ်ခန့်ရရှိကြောင်း သိရပါသည်။ ငှက်ပျောပင် (၅၀၀)စိုက်ပျိုးလျှင် ငှက်ပျောခိုင် (၅၀၀)ခန့် ထွက်ရှိသဖြင့် ဝင်ငွေအနေဖြင် ၃၅၀၀၀၀၀ ခန့်ရရှိကြောင်း သိရပါသည်။ ဖီးကြမ်း ငှက်ပျောစိုက်ပျိုးသူ တောင်သူအနေဖြင့် ငှက်ပျောပင် (၅၀၀)တွင်  အသားတင်အမြတ်မှာ သိန်း (၂၀) ကျော်ရရှိကြောင်း သိရှိရပါသည်။

     ဖီးကြမ်းငှက်ပျောသီးမှာ လူကြိုက်များ၍ အသီးသီးလျှင်လည်း တန်ဖိုးမြင့်သဖြင့် တောင်သူများစီးပွားဖြစ်၍ စိုက်ပျိုးသင့်သောသီးနှံတစ်မျိုးဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

 

ပန်းတောင်းမြို့နယ်တွင် ထင်းအစားထိုးလောင်စာတောင့်များ ပြုလုပ်ရောင်းချ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဒေါင်းမြတ်နားအုပ်စု မြောင်ရှည် ကျေးရွာရှိ ဦးတင်လှ ပိုင်ဆိုင်သော ခြင်္သေ့မင်းဆန်စက်မှ ဆန်ကြိတ်ခွဲရာတွင်ထွက်ရှိသော စပါးခွံများအား စွန့်ပစ်ပစ္စည်းအဖြစ်မပြုလုပ်ဘဲ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် ထင်းအစားထိုးလောင်စာတောင့်များ ထုတ်လုပ်ရောင်းချနေကြောင်း သိရှိရပါသည်။

    ထင်းအစားထိုး လောင်စာတောင့်ပြုလုပ်ရာတွင် ပထမဦးစွာ စပါးခွံကိုအမှုန့်ဖြစ်အောင် ကွိုင်နဲ့ အပူပေးစနစ်ဖြင့် စပါးခွံကို ဇလားထဲသို့ ထည့်၍ လွန်နှင့်ကြိတ်လိုက်လျှင် လောင်စာတောင့် တစ်ပေသာသာ အတောင့်လေးများထွက်ရှိလာပါသည်။ စပါးခွံတင်း(၅၀)ခန့် ထည့်ပြီးကြိတ်လျှင် လောင်စာတောင့် ၁၅၀ပိဿာခန့် ထွက်ရှိကြောင်း သိရပါသည်။ ထွက်ရှိလာသော လောင်စာတောင့်များကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းများရှိ မှာယူသူများထံသို့ တင်ပို့ရောင်းချကြောင်း သိရပါ သည်။ ရောင်းချသောလောင်စာတောင့်ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ၂၅၀ကျပ်ဖြင့် ရောင်းချပါသည်။

   ထိုကြောင့် စပါးခွံများကိုစွန့်ပစ်စရာမလိုဘဲ လောင်စာတောင့်အဖြစ် တန်ဖိုးမြှင့်ထုတ်ကုန် ပြုလုပ်၍ ရောင်းချခြင်းကြောင့် အမှိုက်ထဲမှ ငွေများရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်ဒေသထွက် သကြားပြောင်း

    ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် သကြားပြောင်းများကို စိုက်ပျိုးကြပါသည်။ သကြားပြောင်းများကို လူအများက သားရေစာအဖြစ်စားသုံးကြခြင်း၊ ဟင်းချက်၍လည်း စားသုံးကြခြင်းဖြင့် စားသုံးသူများကြိုက်နှစ်သက်သော ပြောင်းဖူးမျိုးဖြစ်သဖြင့် ပြောင်းဖူး စိုက်ပျိုးသူ တောင်သူများအနေဖြင့်ရောင်းကောင်းသော ပြောင်းဖူးမျိုးဖြစ်ပါသည်။ ပြောင်းဖူး စိုက်ပျိုး သူ တောင်သူများအနေဖြင့် အကျိုးအမြတ်များစွာရရှိကြသဖြင့် ပိုမိုစိုက်ပျိုးလာကြပါသည်။ ထွက်ရှိလာသောပြောင်းဖူးများကို တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများက ပြောင်းခင်းသို့ဆင်း၍ ဝယ်ယူကြသလို ရွှေတောင်မြို့မှ ပြည်မြို့နှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ယခုအခါ ပြည်မြို့အတွင်းရှိ ဈေးကွက်များတွင် သကြားပြောင်း တစ်ဖူးလျှင် ၃၀၀-၄၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပုဇွန်တောင်ဈေးအတွင်းရှိ အသားငါးဈေးနှုန်းများ

    ၂၀၂၄ခုနှစ် ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ပုဇွန်တောင်ဈေးအတွင်းရှိ အသားငါးဈေးနှုန်းများမှာ ဝက်သား ၁ပိဿာလျှင် (၁၆၀၀၀ ) ကျပ်၊ ဘဲသား ၁ပိဿာလျှင် (၁၂၀၀၀ -၁၄၀၀၀) ကျပ်၊ ဆိတ်သား ၁ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ အမဲသား ၁ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ မွေးမြူရေးကြက် ၁ပိဿာလျှင် (၉၀၀၀-၁၀၀၀၀) ကျပ်၊ မြန်မာကြက် ၁ပိဿာလျှင် (၂၀၀၀၀-၂၂၀၀၀) ကျပ်၊ ငါးကြင်း ၁ပိဿာလျှင် (၁၃၀၀၀-၁၄၀၀၀) ကျပ်၊ ငါးမြစ်ချင်း ၁ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်နှင့် ပင်လယ်ငါး ၁ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်ထိရှိကြောင်းသိရပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအပြောင်းအလဲမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း၊ ကြက်/ဘဲများကို မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှလည်းကောင်း၊ ငါးများကို ကြည့်မြင်တိုင်မြို့နယ်ရှိ စံပြငါးဈေးကြီးမှလည်းကောင်း ဝယ်ယူရောင်းချခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မွေးမြူရေးကုန်ကြမ်းသုံးနေဗီယာမြက်

    ပြည်ခရိုင်၊ ပြည်မြို့တွင် နေဗီယာမြက်ကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြကြောင်း သိရပါသည်။ အပင်ပုံစံမှာ ကြံပင်လိုလို ပြောင်းဖူးပင်လိုလို အပင်ကြီးမျိုးဖြစ်ပြီး စိုက်ပျိုးရ လွယ်ကူပါသည်။ တိရိစ္ဆာန်များကိုကျွေးလျှင် သာမန်မြက်ထက် ၂ဆ ၃ဆခန့် ကြီးထွားနှုန်းမြန် ၍ရိုးရိုးမြက်က ပရိုတင်းအသားဓါတ် ၅% ခန့်ပါဝင်ပြီး နေဗီယာမြက်၏ အသားဓါတ်မှာ ၁၁% မှ ၁၈% အထိ ပါဝင်ပါသည်။ Bio Gas ထုတ်လုပ်နိုင်ခြင်း လောင်စာထင်းမီးအဖြစ် အသုံးပြုပြီး လျှပ်စစ်မီး ထုတ်လုပ်နိုင်ခြင်း စသည့် ကောင်းကျိုးများစွာရှိသော မြက်အမျိုးအစားဖြစ်သည်။ တစ်ကြိမ် စိုက်ပျိုးလျှင် (၈)နှစ်အထိ အသုံးပြုလို့ရပြီး အကြမ်းခံခြင်း၊ ရေမပေးနိုင်ရင်တောင် အပင်မသေခြင်း၊ သက်တမ်းရှည် အသုံးပြုလို့ရပါသည်။ နေဗီယာမြက်ကို အခြောက်သိမ်းလို့လည်းရကာ မြက်ချဉ်ဖက် သိပ်ပြီး ကျွေးကြောင်းလည်း သိရပါသည်။ တိရိစ္ဆာန် အစာတောင့်ပြုလုပ်ရာတွင်လည်း ပါဝင်မှု ရာခိုင်နှုန်းများကြောင်း သိရှိရပါသည်။

     မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် အစာကုန်ကျစရိတ်သက်သာ၍ ဆင်၊ နွား၊ မြင်း၊ ကြက်၊ ဝက်၊ ဆိတ်၊ ယုန်၊ ပူး၊ ငါးတို့အထိ ကျွေးမွေးနိုင်ပြီး တိရိစ္ဆာန်များ ကျန်းမာရေးကောင်းမွန်စေ၍ လက်ရှိမြန်မာနိုင်ငံတွင် မွေးမြူရေးလုပ်ငန်းများအတွက် နေဗီယာမြက်မျိုးများ စိုက်ပျိုးလာကြပါသည်။ နေဗီယာမြက်မျိုး ၆လက်မ/၇လက်မ တစ်ဆစ်လျှင် ၂၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း