Main menu

တောင်သူများ အပိုဝင်ငွေရရှိရေး ပဲစဉ်းငုံသီးနှံတိုးချဲ့စိုက်ပျိုးပေး

Powered by Drupal

      ပဲစဉ်းငုံပင်သည် အပူပိုင်းဒေသများနှင့် သမပိုင်းဒေသများတွင် စိုက်ပျိုးလျက်ရှိပြီး နှစ်ရှည်ပင် ဖြစ်သော်လည်း (၁)နှစ်ခံသီးနှံပင်အဖြစ် စိုက်ပျိုးကြသည်။ ပဲစဉ်းငုံကို မိုးသီးနှံအဖြစ် အထက်မြန်မာ ပြည် အပူပိုင်းခြောက်သွေ့သော ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသ ကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။ မြေနီကျောက်စရစ်၊ မြေနီ သဲဝန်း၊ နုန်းမြေစေးတို့တွင် ကောင်းစွာဖြစ်ထွန်းနိုင်သည်။ ပဲမျိုးနွယ်ဝင်အပင်များတွင် ပဲစဉ်းငုံပင်သည် မိုးခေါင်ဒဏ်ကို အလွန်ခံနိုင်သောအပင်ဖြစ်ပါသည်။ သို့သော်လည်း မိုးရေချိန်(၁၆)လက်မ အောက် နည်းသော ဒေသများတွင် ရေသွင်း၍ စိုက်ပျိုးသင့်ပြီး ပထမစိုက်ပျိုးချိန်(၂)လတွင် မြေအစို ဓါတ် ကောင်းစွာရရှိရမည်ဖြစ်သည်။

          ပဲစဉ်းငုံအား ပင်တောင်နှင့် ပင်ပြန့်ဟူ၍ (၂)မျိုးရှိပြီး အသက်ရက်အလိုက် သက်လျင် (ရေဆင်း-၃၊ ရေဆင်း-၁၀)၊ သက်လက်(ရေဆင်း-၄၊ ရေဆင်း-၉၊ ငါးဆံ)၊ သက်ကြီး (ရေဆင်း-၆၊ ရေဆင်း-၈၊ သူဌေးကုန်း၊ ကျွဲခြံ)ဟူ၍ အမျိုးမျိုးခေါ်ဝေါ်ကြရာ ရောင်းဝယ်ဖောက်ကားချိန်တွင် ပဲစဉ်း ငုံအနီ၊ ပဲစဉ်းငုံအဖြူဟူ၍ အမျိုးမျိုးခေါ်ဝေါ်ကြပြီး ရောင်းဝယ်ဖောက်ကားကြသည်။ ရက်ပေါင်း (၁၆၀)အောက်ကို သက်လျင်(သက်ငယ်)၊ ရက်ပေါင်း(၁၆၀-၂၀၀)ကြားကို သက်လတ်၊ ရက်ပေါင်း (၂၀၀)အထက်ကို (သက်ကြီး)ဟု ခွဲခြားသတ်မှတ်ထားကြသည်။ စိုက်ဧက(၁)ဧကလျှင် သက်ကြီးမျိုး (၉၆၀၀)ပင်၊ သက်လတ်မျိုး(၁၄၀၀၀)ပင်နှင့် သက်လျင်မျိုး(၄၃၀၀၀)ပင်စိုက်ပျိုးနိုင်သည်။

          ပဲစဉ်းငုံပင်အား သီးသန့်(သို့)သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးကြသည်။ သီးသန့်စိုက်ပျိုးရာတွင် သက်တန်းရက်အလိုက် သတ်မှတ်ထားသော အပင်အရေအတွက် ဝင်အောင်စိုက်သင့်ပါသည်။ သီးညှပ် သီးနှံအဖြစ်စိုက်ပျိုးရာတွင် (၁)တန်းနှင့် (၁)တန်းကြား ပဲတီစိမ်း၊ နှမ်း၊ မြေပဲ၊ ဝါ၊ နေကြာ၊ နှံစားပြောင်း(၃)တန်းမှ (၅)တန်းအထိသီးညှပ်စိုက်ပျိုးနိုင်သည်။ ပင်ကြား၊ တန်းကြားအနေဖြင့် သက်ကြီး(၁ပေ - ၅ပေ) ၊ သက်လတ် (၁ပေ - ၃ပေ) ၊ သက်ငယ် (၆လက်မ - ၂ပေ) အကွာအဝေး ထား၍ စိုက်ပျိုးကြသည်။ သီးညှပ်သီးနှံဆိုလျှင် ပင်ကြား(1ပေ - ၃ပေ)နှင့်တန်းကြား(၇ပေ - ၁၀ပေ) အထိ စိုက်ပျိုးနိုင်ပါသည်။ ပင်ကြား၊ တန်းကြား အကွာအဝေးသည် စိုက်ပျိုးသည့် ရည်ရွယ်ချက်၊ မြေအမျိုးအစားပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။

          စိုက်ဧက(၁) ဧကလျှင် ပင်ကြား၊ တန်းကြား မတူညီခြင်း၊ စိုက်ပျိုးနည်းပေါ်မူတည်၍ ပဲစဉ်းငုံ မျိုး(၄)ပြည်၊ (၆)ပြည်၊ (၈)ပြည်သာ အသုံးပြုရပါသည်။ မျိုးစေ့ပေါက် ရာခိုင်းနှုန်း(၈၅)အထက်ရှိ သော မျိုးစေ့ကိုသာ စိုက်ပျိုးသင့်သည်။ မြန်မာနိုင်ငံတွင် သက်ကြီးမျိုးကိုသာ အဓိကထားစိုက်ပျိုး၍ သီးညှပ်သီးနှံအဖြစ် အများဆုံးစိုက်ပျိုးကြသည်။ စိုက်ပျိုးပြီးအစပိုင်းတွင်ကြီးထွားမှုနှေးသောကြောင့် ပေါင်းပင်၊ မြက်ပင်များ သေချာရှင်းလင်းရပါသည်။ စိုက်ပျိုးပြီး(၂)ပတ်မှစ၍ အပွင့်ပွင့်သည့်အချိန် အထိ အထွက်တိုးရွက်ဖျန်းအားဆေးရည် (၄)ကြိမ်၊ (၅)ကြိမ်ဖျန်းပေးနိုင်ပြီး အထွက်နှုန်းကောင်းစေ ရန်အတွက် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ဇင့်၊ မဂ္ဂနီဆီယမ်ဓါတ်တို့လည်း လိုအပ်ပါသည်။ ရောဂါသယ်သော စုပ်စားပိုးအမျိုမျိုးနှင့် သီးတောင့်ကျရောက်သည့်အချိန် သီးလုံးဖောက်ပိုးများကို အပွင့်မပွင်မီ ကြိုတင်ကာကွယ်နှိမ်နှင်းထားရပါသည်။ အပွင့်ပွင့်သည့်အချိန်တွင် မိုးရွာလွန်းခြင်း၊ အစိုဓါတ်နည်းခြင်း၊ အပူချိန်မြင့်လွန်းခြင်းများနှင့် ကြုံပါက အထွက်နှုန်းလျော့နိုင်သောကြောင့် ၎င်းအခြေအနေနှင့် လွတ်အောင် စိုက်ရပါသည်။ သီးညှပ်သီးနှံဖြစ်သည့်အတွက် ထယ်ထိုးခြင်း၊ ကြောင်း ဆွဲခြင်း၊ ပေါင်းနှုတ်ခြင်း၊ မြက်နှုတ်ခြင်းများအား ပဲစဉ်းငုံပင်အတွက် သီးသန့်လုပ်ကိုင် စရာမလို သောကြောင့် ကုန်ကျစရိတ်လည်းသက်သာစေပါသည်။

          ပဲစဉ်းငုံများကို သက်ကြီးမျိုးနှင့် သက်လတ်မျိုးများအား ဧပြီလ၊ မေလနှင့် ဇွန်လတို့တွင် နောက်ဆုံးထားစိုက်ပျိုး၍ သက်ငယ်မျိုးများကို ဩဂုတ်လမှ အောက်တိုဘာလ (ပထမပတ်)တွင် နောက်ဆုံးထားစိုက်ပျိုးကြသည်။ ပဲစဉ်းငုံပင်များသည် ဒီဇင်ဘာလမှ စ၍ မတ်လအထိ အများဆုံး သီးနှံပေါ်ချိန်ဖြစ်ပြီး သီးနှံမပေါ်မီ ကြားသီးနှံများကို နှုတ်သိမ်းရသဖြင့် အပိုဝင်ငွေများလည်း ရရှိနိုင် ပါသည်။

          စိုက်ဧက (၁) ဧကလျှင် မျိုးစေ့(၄)ပြည်၊ (၆)ပြည်၊ (၈)ပြည်သာ ကုန်ကျပြီး အထွက်နှုန်းအနေ ဖြင့် သက်ကြီးမျိုး(၁) ဧကလျှင် တင်း(၃၀)မှ (၄၀)နှုန်း၊ သက်ငယ်မျိုး စိုက်ဧက(၁) ဧကလျှင် တင်း (၂၀)အောက်ထွက်ရှိပါသည်။ ထိုသို့ အရင်းအနှီးနည်း၍ အထွက်နှုန်းကောင်းမွန်သောကြောင့် တောင် သူကြီးများအနေဖြင့် ယခင်နှစ်ကထက် ယခုနှစ်တွင် စိုက်ပျိုးမှုပိုမိုများပြားလာသည်ဟု သိရှိရပါ သည်။ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ သီးနှံပေါ်ချိန်တွင် ကုန်သည်များအနေဖြင့် ပဲစဉ်းငုံနီ (၁)တင်းလျှင် ကျပ်(၁၀၀၀၀၀) မှစတင် ရောင်းဝယ်မှုရှိခဲ့ပြီး ယခုနှစ်တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ်(၈၀၀၀၀)မှ စတင်ရောင်းဝယ်ဖောက်ကားခဲ့ကြောင်း သိရသည်။

          မကွေးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်)၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ်(၈၃၅၀၀-၈၄၅၀၀) ရှိခဲ့ပြီး ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ်(၈၃၅၀၀-၈၇၀၀၀)ဖြင့် စျေး နှုန်း အနည်းငယ်မြင့်တက်သော်လည်း ကုန်သည်ပွဲစားများမှလည်း ဝယ်ရ၊ ရောင်းရ လွယ်ကူလျက် ရှိကြောင်းနှင့် ရန်ကုန်မြို့သို့အဓိကတင်ပို့လျက်ရှိကြောင်း မကွေးမြို့ ကုန်သည် လုပ်ငန်းရှင် တစ်ဦးထံမှ သိရှိရပြီး ပဲစဉ်းငုံသီးနှံမှာလည်း ပြည်တွင်းစားသုံးမှုနည်းပါးပြီး ပြည်ပသို့ တင် ပို့ရသော သီးနှံဖြစ်၍ နိုင်ငံတော်ဘဏ္ဍာငွေအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ခြင်း၊ ရင်းနှီးငွေနည်းပါး၍ အကျိုးအမြတ်ရရှိခြင်း၊ လုပ်သားခ ကုန်ကျစရိတ်သက်သာခြင်း တို့ကြောင့် တောင်သူများ အဓိကထားစိုက်ပျိုးသင့်သည့် ပဲသီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရှိရပါသည်။

DOCA(မကွေး)