Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“အိုးမုံညင်းစိုက်ပျိုးမှုနှင့်စျေးနှုန်းအခြေအနေ”

           ကျောက်ဆည်မြို့နယ်တွင် ဒေသမရွေးစိုက်ပျိုးနိုင်သည့် အိုးမုံညင်းများကို စိုက်ပျိုးလျက်ရှိပါ သည်။ အိုးမုံညင်းများကို အေးသောရာသီဥတုရှိသည့် ဒေသများတွင် အများဆုံးစိုက်ပျိုးပြီး မုံညင်းပင် ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး ဝါတွင်းကာလများတွင် အသားရှောင် လိုသူများအတွက် အကြိုက်တွေ့စေသည့် ဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ မုံညင်းအမျိုးအစားများကို အရွက်၊ အရောင်၊ အကြီး၊ အသေး၊ အချော၊ အကြမ်းပေါ်မူတည်၍ အမျိုးအစားအမျိုးမျိုးကွဲပြားကြပြီး မေလမှ ဒီဇင်ဘာလထိ စိုက်ပျိုးနိုင်ကြောင်း၊ မစိုက်ပျိုးမီ (၃-၄)ပတ်အလိုတွင် မြေပြုပြင်ရန်လိုအပ်ကြောင်း၊ ရေဝပ်သောနေရာဖြစ်ပါက ဘောင်စနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရန်အတွက် တစ်ဧကလျှင် မျိုးစေ့ (၆-၇)ပေါင်ခန့် အသုံးပြုရကြောင်း၊ ပျိုးထောင်ပြီး (၅-၆) ရက်ကြာပြီးနောက် စိုက်ခင်း အတွင်းသို့ ပြောင်းရွှေ့၍ တစ်ပင်နှင့်တစ်ပင် တစ်ပေခြား စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးနေချိန်တွင် စိုက်ခင်းအတွင်း ရေအလုံအလောက်ရှိရန် လိုအပ်ကြောင်း၊ စတင်စိုက်ပျိုးပြီး ရက်ပေါင်း (၂၅-၃၀) ရက်အကြာတွင် မုံညင်းရွက်များကို စတင်ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ အိုးမုံညင်း (၅)ပင်ပါ တစ်စီးလျှင် (၂၅၀-၃၀၀)ကျပ်ဖြင့်လည်းကောင်း ၊ တစ်ပိဿာလျှင် (၂၆၀၀/-) ကျပ်ဖြင့်လည်းကောင်း စိုက်ခင်းအတွင်း လာရောက်ဝယ်ယူကြပြီး စားသုံးသူများ ဝယ်ယူရာတွင် အဆင်ပြေစေရန် အနေတော်အစီးလေးများစီး၍ ဈေးကွက်အတွင်းသို့ ပြန်လည်ရောင်းချကြကြောင်း၊ တစ်ဧကလျှင် အိုးမုံညင်း (၇၀၀-၈၀၀)ပိဿာခန့် ထွက်ရှိကြောင်း၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် (၁၃၀၀၀၀၀/-)ကျပ်ခန့် အမြတ်ရရှိကြောင်း၊ အိုးမုံညင်းစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိသည့်အပြင် စီးပွားဖြစ်စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)  

                                                                          

“ကွမ်းဈေးနှုန်းများတည်ငြိမ်လျက်ရှိ”

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုး ကြပြီး၊ စားဖိုဆောင်သီးနှံများအပြင် ဈေးကွက်ဝယ်လိုအားရှိသော ကွမ်းရွက်သီးနှံကိုလည်း စိုက်ပျိုးလာကြပါသည်။ ကွမ်းရွက်စိုက်ပျိုးမှုအနဖြင့် ကျောက်ဆည်မြို့နယ်အတွင်း (၄၀၀)ဧက စိုက်ပျိုးထားကြောင်း၊ သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ စိုက်ပျိုးမှု မျိုးအနေဖြင့် ကွမ်းနုဝါ၊ ကွမ်းစိမ်း၊ ကွမ်းကြွပ်မျိုးများဖြစ်ကြောင်း၊ အများဆုံးစိုက်ပျိုးသော မျိုးမှာ ကွမ်းနုဝါမျိုးများဖြစ်ပြီး စိုက်ပျိုးမှု ပုံစံမှာ အနွယ်ပင်ဖြစ်သောကြောင့် တိုင်ထောင်၊ ခြံခတ်၍ စိုက်ပျိုးရပြီး လေဝင် လေထွက်မှုနှင့် လေဒဏ်ခံနိုင်ရန်အတွက် အုန်းလက်များကာပေးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၀၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ အများဆုံး စိုက်ပျိုးသော ရွာများမှာ သံရွာ၊ ရှေ့သပြေသာရွာ၊ ရဲကြီးရွာနှင့် ရွာခိုင်ကြီး ရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ ကွမ်းစိုက်ပျိုးမှုအနေဖြင့် တစ်နှစ် ပတ်လုံးတွင် မိုးရာသီ စိုက်ပျိုးပါက အပင် အသေအပျောက်နည်းပြီး စိုက်ပျိုးပင်အားလုံး ရှင်သန်နိုင်ကြောင်း၊ စိုက်ပျိုးပြီး (၃)လအကြာတွင် စတင်ခူးဆွတ်နိုင်ပြီးဖြစ်ကြောင်း၊ ကွမ်းခြံ တစ်ဧကတွင် တစ်ထောင်ပင် စိုက်ပျိုးပါက တစ်ပတ်လျှင်အချိန် (၁၅-၂၀)ပိဿာအထိ ထွက်ရှိ ကြောင်း၊ တစ်လကို နှစ်ကြိမ်သာခူးဆွတ်ကြောင်း၊ မိုးနှင့်နွေများတွင် ကွမ်းရွက်အထွက် အား ကောင်းပြီး ဆောင်းတွင်းပိုင်းတွင် အထွက်နည်းကြောင်း၊ ကွမ်းခြံတစ်ခြံ စိုက်ပျိုးထားလျှင် (၅-၆) နှစ်အထိ ခူးဆွတ်ရောင်းချ၍ရကြောင်း၊ ကွမ်းဈေးနှုန်းအနေဖြင့် ကွမ်းနုဝါ အချော တစ်ပိဿာလျှင် လက်ကားဈေး (၂၃၀၀၀/-)ကျပ်၊ အလတ်တစ်ပိဿာလျှင် (၂၀၀၀၀/-)ကျပ်၊ အသေးတစ်ပိဿာလျှင် (၁၅၀၀၀/-)ကျပ် ဈေးများဖြင့် ရောင်းဝယ်လျက်ရှိပြီး၊ ကွမ်းအရော လက်ကား တစ်ပိဿာလျှင် (၁၂၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကွမ်းရွက်များကိုခြင်းများဖြင့်ထည့်ကာ ကွမ်းပွဲရုံ များသို့ တိုက်ရိုက် တင်ပို့ရောင်းချရကြောင်း၊ ထွက်ရှိမှုအနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှပိဿာ (၁၃၂၀)ခန့် ထွက်ရှိကြောင်း၊ ယခုဆောင်းတွင်းပိုင်း ထွက်ရှိမှုအနေဖြင့် တစ်ပတ်လျှင် (၁၅)ပိဿာ နှုန်းဖြင့် (၁၂)ပတ်အတွက် ထွက်ရှိမှုအနေဖြင့် ပိဿာ(၁၈၀)ထွက်ရှိပြီး ကွမ်းဖိုးရရှိငွေ (၂၁)သိန်း ကျော်ရရှိကြောင်း၊ ကွမ်းဈေးနှုန်းအနေဖြင့် ဈေးနှုန်းတည်ငြိမ်မှုမရှိကြောင်း၊ ပေါ်ဦးပေါ်စတွင် ကွမ်း တစ်ပိဿာလျှင်(၅၀၀၀-၆၀၀၀)ကျပ်သာ ရောင်းချရကြောင်း၊   ခန့်မှန်းတစ်နှစ်ကို စိုက်ပျိုးစရိတ် နုတ်ပြီး (၅၀၀၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း၊ ကွမ်းသက်တမ်း ကြာရှည်အောင်နှင့် အထွက်နှုန်း မကျအောင် သွင်းအားစုများ ထည့်သွင်းပေးရကြောင်း၊ ကွမ်းဈေးနှုန်း အတက်အကျရှိသောကြောင့် ဈေးကောင်းရချိန်တွင် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းပြီး ဈေးနှုန်းကျဆင်းချိန်တွင်လည်း အရင်းမရှုံးသော သီးနှံဖြစ်သောကြောင့် ကွမ်းစိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်ဝင်ငွေတိုးကြောင်း ကွမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)  

 

ပဲတောင့်ရှည်(တိုင်ထောင်ပဲ) စိုက်ပျိုးနည်းနှင့် ဈေးနှုန်းဈေးကွက်

 ပဲတောင့်ရှည်တွင် အပင်ပုမျိုး(နွယ်မဲ့မျိုး)နှင့် အပင်ရှည်မျိုး(နွယ်တက်မျိုး) ဟူ၍ နှစ်မျိုး ခွဲခြားထား ပါသည်။ အပင်ရှည်မျိုးကိုတိုင်ထောင်၍ စိုက်ပျိုးကြသည်။ အတောင့်အရောင်အားဖြင့် အစိမ်းနု၊ အစိမ်း ရင့်၊ အနီရောင် ဟူ၍ အမျိုးမျိုး ကွဲပြားစွာရှိပါသည်။

ရေမြေ ရာသီဥတု

        ပဲတောင့်ရှည်ကို မြေအမျိုးမျိုးတွင်စိုက်ပျိုး၍ရသည်။ တိုတောင်းသောရာသီ၌ အချိန်တိုအတွင်း စိုက်ပျိုးလိုက သဲဆန်သောမြေတွင်စိုက်ပျိုးကြသည်။ မြေကောင်းလျှင် အထွက်ပိုကောင်းသည်။ အလွန် ချဉ်သောမြေတွင် ကောင်းစွာမဖြစ်ထွန်းပါ။ အလွန်ပူသောရာသီ (သို့မဟုတ်) မိုးအလွန်များပါကလည်း အပွင့်အသီးကိုကြွေစေသည်။

မျိုးစေ့

မြင်းခြံမြို့နယ်ရှိ ကျေးရွာများသည် မျိုးစေ့အသုံးပြုမှုမှာ တစ်ဧကလျှင်.....

- အပင်ပုမျိုး  အတွက် (၈-၁၀) ကီလိုဂရမ်

- တိုင်ထောင်မျိုး အတွက် (၄-၅) ကီလိုဂရမ်  ဖြစ်ပါသည်။

မြေဩဇာအသုံးပြုနည်း

မြင်းခြံမြို့နယ်၏ မြေဩဇာအသုံးပြုနည်းမှာ  တစ်ဧကအတွက် နွားချေး(၅)စီး ၊ ယူရီးယား(၁)အိတ် ၊ တီစူပါ(၁)အိတ် နှင့် ပိုတက်ရှ်(၁)အိတတ် နှုန်းအသုံးပြုပေးရပါမည်။ နွားချေး၊ တီစူပါ၊ ပိုတက်ရှ် နှင့် ယူရီးယားကိုစိုက်ခင်းမြေပြင်ချိန်မှာထည့်သွင်း ပေးပြီး ကျန်ယူရီးယားကို ပေါင်းလိုက် မြေဆွချိန်တွင် ထည့်သွင်းပေးရပါသည်။

 

မြေပြုပြင်ခြင်း

     ထွန်ရေး အလွန်ကောင်းအောင်မြေကို ပြုပြင်ရန်မလိုချေ။ ထွန်ရေးအသင့်အတင့်ရလျှင်စိုက်နိုင်သည်။ စိုက်ပျိုးရာတွင် ရေမဝပ်သောမြေကိုရွေးချယ်ရပါသည်။ 

 

စိုက်ပျိုးခြင်း

    မြင်းခြံမြို့နယ်၏ စိုက်ပျိုးနည်းမှာ  မျိုးစေ့ချရာတွင် အစိုဓာတ်များလွန်းကပုပ်သွားတတ်ပါသည်။ ထို့ကြောင့်မိုးရွာပြီးနောက် နေသာ သောနေ့တွင် နောက်မိုးဆက်မရွာနိုင်ဟု ယူဆနိုင်မှချစိုက်သင့်သည်။ တိုင်ထောင်ပဲကို တစ်တန်းနှင့် တစ်တန်း သုံးပေခြားပြီး တစ်ပင်နှင့် တစ်ပင်(၉-၁၂)လက်မ ခွာ၍စိုက်သည်။ စိုက်ပျိုးပြီးအပင်များ ရှည်လာသောအခါ အနည်းဆုံး ခုနစ်ပေခန့်ရှည်သော ဝါးတိုင်(သို့မဟုတ်) သစ်သားတိုင်များကို အပင် တိုင်း၏ အခြေတွင် ထောင်ပေးရသည်။ အချို့က တိုင်များမြဲစေရန်တစ်တန်းထဲရှိ နီးကပ်သော အပင်များ ၏တိုင်ကို ကြက်ခြေခေတ်ပေးပြီး တိုင်များဆုံရာ၌ စုချည်ပေးကြသည်။ ရေဝပ်ခြင်းကင်းစေရန်အတွက် စိုက်တန်း နှစ်တန်းကြားတွင် ရေနှုတ်မြောင်း တစ်မြောင်းပြုလုပ်ပေးရမည်။ အပင်ပုမျိုးကို တစ်တန်းနှင့် တစ်တန်း (၁.၅ - ၂)ပေခြား၍ တစ်ပင်နှင့်တစ်ပင် နှစ်ပေခွာစိုက်သည်။ ရာသီဥတုသင့်တင့်သော ဒေသ တွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ ရေရရှိကအချိန်မရွေးစိုက်နိုင်သည်။

အပင်ပြုစုခြင်း

     မြင်းခြံဒေသသည်  ပူ၍ စွတ်စိုသောရာသီဥတုတွင် ပေါင်းမြက်များ အထမြန်သောကြောင့် စတင် ဖြစ်ပေါ် လာသည်နှင့် နှိမ်နင်းပေးရမည်။ အထူးသဖြင့် အပင်ရှည်မျိုးသည် သက်တမ်းပိုရှည်သောကြောင့် ပေါင်းကိုကြိုတင်၍ မနှိမ်ထားပါက တိုင်ထောင်ပြီးလျှင်ပေါင်းလိုက်ရခက်သည်။ ပေါင်းနှိမ်စဉ် ပဲပင်၏ အမြစ်များကို မထိခိုက် ရန်သတိပြုပါ။ ပဲပင်၏အမြစ်တွင် နိုက်ထရိုဂျင်ဖမ်းယူနိုင်သော ဘက်တီးရီးယား များ ခိုအောင်းနိုင်၍ အပင်အတွက် နိုက်ထရိုဂျင်ကိုရယူပေးခြင်းဖြင့်အကျိုးပြုနိုင်သည်။

 

 

ရေသွင်းရေလောင်းခြင်း

            ပဲပင်တို့သည် ခြောက်သွေ့သောရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရက်ရှည်ခြောက်သွေ့ နေပါက ရေပေးသွင်းရန် လိုအပ်သည်။ မိုးရာသီစိုက်ပျိုးပါက ရေဝပ်သောမြေ၊ မြေစေးတို့တွင် ရေနုတ် မြောင်း ပြုလုပ်ထားရပါသည်။

  ပိုးမွှား ရောဂါ ကာကွယ်နှိမ်နင်းခြင်း

     မြင်းခြံမြို့နယ်၏ ရောဂါကာကွယ်ခြင်းများမှာ အပင်ငယ်စဉ်တွင် စုပ်စားပိုးများကျရောက်မှုကို ကာကွယ်နှိမ်နင်းနိုင်ရန် “ဆိုင်လာ၊ ကေလာ၊ အေမီဒါ” ဆေးများမှတစ်မျိုးမျိုးကိုပက်ဖျန်းပေးရပါမည်။ သီးလုံးဖောက်ပိုးကျရောက်ပါက “အီမာလန်ဒါ၊ နိုက်ဝမ်း၊ လိုင်းအောက်” ဆေးများမှတစ်မျိုးမျိုးကို အသုံးပြုပေးရပါမည်။ ပဲတောင့်ရှည်တွင် ပဲသံချေးရောဂါ ကျရောက်တတ်ပြီး “ဟက်ဇာဂွန်၊ ကာဗာ၊ ဇိုလာ၊ ဒိုင်ဇီ” ဆေးများမှတစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ် နိုင်ပါသည်။

ပဲဆွတ်ခူးခြင်း

     မြင်းခြံမြို့နယ်သည် ပဲသီးခူးဆွတ်ခြင်းကို အရွယ်မရောက်မီ ပဲသီးများကိုအစေ့နုသေးသောအချိန်တွင် ဆွတ်ခူးရသည်။ ပဲသီးတောင့်များကို ပန်းပွင့်ပြီး (၇-၁၀)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ပဲသီး တောင့်များရင့်လာက အစေ့နေရာတွင် ဖောင်းကြွကာ အခွံသည်ပျော့သောကြောင့် စားသုံးသူများ မနှစ် သက်ကြပါ။ အပင်ပုမျိုး တစ်ဧကလျှင် (၈၀၀ - ၉၀၀)ပိဿာ၊ အပင်ရှည်မျိုးတစ်ဧက (၂,၀၀၀) ပိဿာ ကျော်ထိ ထွက်ရှိနိုင်ပါသည်။

         မြင်းခြံမြို့နယ်အနေဖြင့် ကျေးရွာအချို့သည် ယခုဩဂုတ်လတွင် ပဲသီးတောင့်ရှည် တစ်ပိဿာ လျှင် (၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ တောင်သူများအနေဖြင့် ဈေးနှုန်းတည်ငြိမ်၍ ဈေးကောင်းရရှိသောကြောင့် အကျိုးအမြတ် ရရှိပါကြောင်း သိရပါသည်။

DOCA(မန္တလေး)  

 

ဩဇာသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများနှင့် ဈေးနှုန်းဈေးကွက်

          သြဇာသီးလို့ ဆိုလိုက်တာနဲ့ အရသာကောင်းသလောက် စားရတာအလွန်လက်ဝင်ပြီး အစေ့များစွာပါသော အသီးတစ်မျိုးဖြစ်သည်။ ဩဇာပင်သည် အိန္ဒိယ မျိုးရင်းပင် ဖြစ်ပြီး မြန်မာနိုင်ငံ အပူပိုင်းဒေသများတွင် ပေါက်ရောက်ပါသည်။ ဩဇာသီးသည်  အာဟာရဓာတ်ကြွယ်ဝသဖြင့် နိုင်ငံတော်၏ စီးပွားရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် အရေးပါသောသီးနှံတစ်မျိုးဖြစ်လာပြီး ပြည်ပ ဈေးကွက်သို့ တင်ပို့ရန်အတွက် ပြင်ဆင်ဆောင်ရွက် လျက်ရှိပါသည်။  

            သြဇာသီးဟာ အရသာကောင်းမွန်သလို ကျန်းမာရေးကို အလွန်အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါသည်။ သြဇာသီးမှာ ဗီတာမင် ဘီ၊ ဗီတာမင် B6၊ ဗီတာမင် စီနဲ့ Antioxidant တွေပါဝင်နေပြီး အရေပြား၊ ဆံပင်၊ မျက်လုံး၊ ဦးနှောက်နဲ့ နှလုံးတို့ကို အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးဖြစ်ပါသည်။ သြဇာသီးမှာပါဝင်တဲ့ ကျန်းမာရေးကောင်းကျိုး ၂၁ ချက်ရှိပါသည်။ အဲ့ဒါတွေကတော့ ကိုယ်အလေးချိန် တိုးစေခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ ခွန်အားဖြည့်တင်းပေးခြင်း၊ ကင်ဆာကို တိုက်ဖျက်နိုင်စွမ်းရှိခြင်း၊ ဦးနှောက်ကို ကျန်းမာစေခြင်း၊ သွားကို ခိုင်မာစေခြင်း၊ သွေးအားနည်းရောဂါကို သက်သာစေခြင်း၊ အမြင်အာရုံကို ကြည်လင်စေခြင်း၊ အဆစ်ရောင်နာကို သက်သာစေခြင်း၊ နှလုံးနဲ့ သက်ဆိုင်တဲ့ရောဂါတွေကို သက်သာစေခြင်း၊ ဆီးချိုကို တားဆီးနိုင်ခြင်း၊ အစာခြေစနစ်ကို အားကောင်းစေခြင်း၊ အသားအရေနဲ့ ဆံပင်ကို အားဖြည့်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကြေးနီဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက် အရင်းအမြစ်တစ်ခုဖြစ်ခြင်း၊ သန္ဓေသားရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေခြင်း၊ သံဓာတ်ပါဝင်မှုများခြင်း၊ ကလေးငယ်များကို ကူးစက်ရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း၊ Morning Sickness ဝေဒနာအားသက်သာစေခြင်း၊ အသားအရေကြည်လင်စေခြင်း၊ အရေပြားကူးစက်ရောဂါများကို ပျောက်ကင်းစေခြင်းနှင့် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်း စတဲ့ကျန်းမာရေး အတွက် ကောင်းကျိုးများကို ရရှိစေပါသည်။

         ဩဇာသီးများသည် ဇူလိုင်နှင့်ဩဂုတ်လများတွင် ထွက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။  ယခုနှစ်တွင် မိုးရွာသွန်းမှု သင့်တော်သောကြောင့် အသီးလှပြီး အထွက်နှုန်းများ၍ ဈေးကောင်း ရရှိလျက်ရှိပါသည်။ မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသမှ ဩဇာသီးများ ဝင်ရောက်၍ ဈေးကောင်းရရှိလျက်ရှိပါသည်။ ဩဇာသီးဈေးနှုန်းအနေဖြင့် တစ်လုံးလျှင် အရွယ်အစားအလိုက် ၅၀၀ ကျပ်မှ ၁၅၀၀ ကျပ်ထိရှိကြောင်း လေ့လာသိရှိရပါသည်။            DOCA(မန္တလေး)                                                                                                                                                                       

နွားထိုးကြီးမြို့၏ မိုးဦးပဲစဉ်းငုံစိုက်ပျိုးထားရှိမှု

           နွားထိုးကြီးမြို့နယ်သည် မိုးကောင်းသောက်ယာမြေများတွင်၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့်  ကြက်သွန်နီသီးနှံများကိုစိုက်ပျိုးခြင်းနှင့် ထန်းလုပ်ငန်းများကို လည်းလုပ်ကိုင် လျက်ရှိရာ မိုးဦးကာလ တွင် ပဲစဉ်းငုံကိုလည်း စိုက်ပျိုးလျက် ရှိကြောင်း သိရှိရသည်။ မိုးဦးပဲစဉ်းငုံကို (မေလ-ဇွန်လ-ဇူလိုင်လ) များတွင် စတင်စိုက်ပျိုးပြီး ရိတ်သိမ်းထွက် ပေါ်ချိန်မှာ (ဇန်နဝါရီလ-ဖေဖော်ဝါရီလ-မတ်လ)တို့တွင် ရိတ်သိမ်းထွက်‌‌‌‌ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၇)လခန့် ကြာမြင့် ကြောင်း သိရှိရသည်။

                  ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဇူလိုင်ပထမပတ်တွင် နွားထိုးကြီးမြို့နယ်၌ ပဲစဉ်းငုံ စိုက်ပျိုးဧက (၇၉၀၃၂) ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ ယခင်နှစ်ထက် ဧက(၉၀၀) ခန့်ပိုမိုစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် သက်ကြီးမျိုးရွှေဒင်္ဂါးကို တန်းကြား ၄ပေခွဲထား၍ စိုက်ကြောင်း များစွဲပြီး အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာ၌ တန်းကြားတွင် မြေပဲ၊ နှမ်း၊ ပဲတို့နှင့် သီးညှပ်စိုက်ပျိုးထားကြောင်း သိရသည်။ ယခင်နှစ် ပဲစဉ်းငုံတစ်ဧက အထွက်နှုန်းမှာ (၁၁) တင်း ခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ် ပဲစဉ်းငုံနီတစ်တင်းလျှင် (၉၃၀၀၀)ကျပ်၊ ပဲစဉ်ငုံအဖြူတစ်တင်းလျှင် (၈၁၀၀၀) ကျပ်ခန့် ပေါက်ဈေးရှိခဲ့ကြောင်း၊ ယခုနှစ်စိုက်ပျိုးထားသော ပဲစဉ်းငုံများသည် မိုးကောင်းရေ သောက်သုံးရသဖြင့် အပင်များဖြစ်ထွန်းသောကြောင့်၊ ရာသီဥတု ကောင်းပါက ယခင်နှစ်ထက်အထွက်နှုန်းများပိုမို ထွက်ရှိနိုင်မည်ဟုခန့်မှန်းရကြောင်း၊ ပဲစဉ်းငုံသီးနှံသည် အကျိုးအမြတ်များစွာရရှိပြီး သီးထပ်သီးညှပ်အနေဖြင့်လည်း စိုက်ပျိုး၍ဝင်ငွေတိုးသောသီးနှံ ဖြစ်ကြောင်း ပဲစဉ်းငုံစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ နွားထိုးကြီးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ  တတိယပတ်တွင် ပဲစဉ်းငုံနီ တစ်တင်းလျှင် (၉၅၀၀၀) ကျပ်၊ ပဲစဉ်ငုံဖြူတစ်တင်းလျှင် (၈၃၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ဒေသတွင်း ပွဲရုံများ၌ ပဲစဉ်ငုံအဟောင်း လှောင်လက်ပဲများကိုသာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ထွက်ပေါ်ချိန်တွင် ဒေသတွင်းပွဲရုံများမှတဆင့် မြင်းခြံမြို၊ မန္တလေးမြို့နှင့် ရန်ကုန်ဘုရင့် နောင်ပွဲရုံများသို့ တင်ပို့‌ရောင်းချကြောင်း နွားထိုးကြီးမြို့ရှိ ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)

 

တောင်သာမြို့နယ်၏ မိုးပဲတီစိမ်းသီးနှံစိုက်ပျိုးထားရှိမှု

           မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်သည် ကြက်သွန်နီ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ငရုတ်နှင့် ပြောင်းသီးနှံတို့ကိုစိုက်ပျိုးလျှက်ရှိရာ မိုးပဲတီစိမ်းသီးနှံကိုလည်း ရွာသစ်ရွာ၊ ဖက်တောရွာ၊ ဆီမီးကန်ရွာ၊ သပွတ်စုရွာ၊ ကျွန်းကြီးရွာ၊ ဆင်မင်းရွာနှင့် ကြာပို့ကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးထားကြောင်း သိရှိရသည်။   ပဲတီစိမ်းသီးနှံကို ၂၀၂၆ခုနှစ်၊ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့၌ ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊  ရိတ်သိမ်းချိန်မှ ထွက်ပေါ်ချိန်အထိ (၄)လ ခန့်ကြာမြင့်ကြောင်းသိရှိရသည်။

          တောင်သာမြို့နယ်တွင် မိုးပဲတီစိမ်းစိုက်ဧက (၁၀၆၉၀)ဧကစိုက်ပျိုးထားကြောင်း၊ မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ မိုးပဲတီစိမ်းကို တန်းကြား (၁၈) လက်မ၊ ပင်ကြား (၄) လက်မထား၍ မျိုး (၅-၆) ပြည်ခန့်  စိုက်ပျိုးကြောင်း၊ မိုးကြိုရာသီတွင် ရေသွင်း၍ သီးသန့်အဖြစ်လည်းကောင်း၊  သီးညှပ်အဖြစ်လည်းကောင်းစိုက်ပျိုးကြသည်။ အထွက်နှုန်းကောင်းသော ရေဆင်း(၁၁)မျိုးနှင့်ရေဆင်း(၁၄)မျိုးကိုစိုက်ပျိုးကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအား စု၊ လုပ်သားခအပါအဝင် (၅၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် (၇-၈) တင်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲတီစိမ်းအောက်စ တစ်တင်းလျှင် (၈၀၀၀၀)ကျပ်၊ ပဲတီစိမ်းထိပ်စ တစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်ခန့်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရှိရသည်။ မိုးကိုမျှော်၍ စိုက်ပျိုးရသောသီးနှံဖြစ်၍ ရာသီဥတုကောင်းပါက အထွက်နှုန်း ကောင်းနိုင်ကြောင်း၊ ယခုစိုက်ပျိုးထားသော မိုးပဲတီစိမ်းများကို ၂၀၂၆ခုနှစ်၊ အောက်တိုဘာလတွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ ဖက်တောရွာမှ ပဲတီစိမ်းစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရ သည်။  စိုက်ခင်းများမှထွက်ရှိသော ပဲတီစိမ်းများကို မြင်းခြံမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့နှင့်မကွေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊  တောင်သာမြို့မှ ပဲပွဲရုံလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။

DOCA(မန္တလေး)

         

မိတ္ထီလာဈေးကွက်အတွင်းမိုးနှမ်းများဈေးနှုန်းမြင့်တက်လျက်ရှိ

          မိတ္ထီလာခရိုင်အတွင်း ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းကို  မိတ္ထီလာ၊မလှိုင်၊သာစည်၊ဝမ်းတွင်း မြို့နယ်များတွင်စိုက်ပျိုးကြပြီး မိတ္ထီလာခရိုင်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးနှမ်းစိုက်ဧက(၃၂၆၇၈၅)ဧကရှိ ကြောင်း စိုက်ပျိုးရေးဦီးစီးဌာနစာရင်းအရသိရပါသည်။ မိုးနှမ်းကို မေလတွင်စိုက်ပျိုးပြီး ဇူလိုင်လစတင် ထွက်ရှိပြီး ယခုနှစ် တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊မြေပြုပြင်ခြင်း၊ သွင်းအား၊လုပ်သားခ စုစုပေါင်း (၆)သိန်းခန့်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၈)တင်းမှ(၁၀)တင်းထိထွက်ရှိကြောင်း သိရှိရပါသည်။

         မိတ္ထီလာဈေးကွက်အတွင်း မြို့ပေါ်ပွဲရုံများ၌ တစ်ပတ်လျှင် အိတ်(၅၀၀)ခန့် ဝင်ရောက်လျက် ရှိပြီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရာသီလှိုင်လှိုင်ပေါ်ချိန်တွင် ဒေသတွင်းဆီကြိတ်စက်များ အပြင် မန္တလေးသို့တင်ပို့ရောင်းချရကြောင်း သိရပါသည်။

      ယခုဩဂုတ်လတတိယပတ်တွင်၊ နှမ်းညိုတစ်တင်းလျှင် (၁၂၈၀၀၀-၁၃၀၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၂၈၀၀၀-၁၃၀၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ယခင်လနှင့် ကာလ တူနှိုင်းယှဉ်လျှင် နှမ်းညို တစ်တင်းလျှင် (၈၀၀၀-၁၀၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်(၈၀၀၀-၁၀၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ကုန်ချောရောင်းအားကောင်း၍ ကုန်ကြမ်းအဝယ်လိုက်လာခြင်း ပြည်ပဝယ်လတ်များ ဝယ်လိုအားရှိလာခြင်းကြောင့်ဖြစ်သည် ဟုဒေသတွင်းသီးနှ့ပွဲရုံများမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

ပခုက္ကူကုန်စည်ဒိုင် ဩဂုတ်လ(တတိယပတ်)တွင် အရောင်းဝယ်ဖြစ်ခဲ့သော ကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့် တင်ပို့မှုအခြေအနေ

          မကွေးတိုင်းဒေသကြီး ၊ပခုက္ကူခရိုင်တွင်  ပဲမျိုးစုံအပြင် ကြက်သွန်နီကိုလည်း ဒုတိယ စိုက်ပျိုးမှု အများစုံသီးနှံဖြစ်သည်။ ကြက်သွန်နီကို ပေါက်၊ဆိပ်ဖြူ၊ ကမ္မ၊ရေပြာနှင့် ယောနယ်ဒေသတို့တွင် အများစုံးစိုက်ပျိုးကြသည်။ ကြက်သွန်နီသီးနှံကို နှစ်စဉ် ဆောင်းစိုက်(ပင်စိုက်)နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးစိုက်ပျိုးလျက်ရှိပါသည်။  ကြက်သွန်နီ သီးနှံသည် မိမိတို့ဒေသ၏ ရာသီဥတုနှင့် ကိုက်ညီသော သီးနှံဖြစ်၍လည်း တောင် သူများအဓိက အားထားစိုက်ပျိုး သောသီးနှံလည်းဖြစ်သည်။ ကြက်သွန်နီ ကို ကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုအချိန်တွင် ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများလက်ကျန်နည်းပြီး ပြည်ပဝယ်လိုအား လိုက်နေကြောင်း ၊ကြက် သွန်နီဈေးမှာလည်း ယခင်အပတ်များထက်ဈေးအတည်းငယ်ကျနေကြောင်း  ကြက်သွန်နီ ကြက် သွန်နီ ကုန်စည်ဒိုင်မှ သိရှိရပါသည်။

          ပခုက္ကူကုန်စည်ဒိုင်တွင်  မိမိတို့ဒေသမှထွက်ရှိသောကြက်သွန်နီများသာမက စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲနယ်မှထွက်ရှိသောကြက်သွန်နီများ၊ယောနယ်ဒေသထွက်ကြက်သွန်နီများ ဥပုသ်နေ့မှ လွဲ၍နေ့စဉ်  ကုန်ချိန် (၂၀၀၀၀ မှ ၃၀၀၀၀)ထိ ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည် များ ထံမှသိ ရှိရပါသည်။ကြက်သွန်နီဈေး ယခင်လများထက် ဈေးတက်လျက်ရှိ ပါသည်။

          ပခုက္ကူကြက်သွန်နီဈေးနှုန်းအနေဖြင့် ဩဂုတ်လ (ပထမပတ်)တွင်ပုလဲစ ကြက်သွန်နီ အမျိုး အစားကို လိုက်၍ ထိပ်စ တစ်ပိဿာလျှင်ကျပ်(၅၄၀၀) ၊အလတ်စ တစ်ပိဿာလျှင်ကျပ် (၅၀၀၀)၊ အနိမ့် စတစ်ပိဿာလျှင်ကျပ် (၄၀၀၀)၊ ယောကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင်ကျပ်(၅၇၀၀)၊ အလတ်စ တစ်ပိဿာလျှင်ကျပ် (၅၂၀၀) ၊အနိမ့် စတစ်ပိဿာလျှင်ကျပ် (၄၈၀၀)၊ ဩဂုတ်လ (ဒုတိယပတ်)တွင် ပုလဲစ ကြက်သွန်နီ အမျိုးအစားကို လိုက်၍ ထိပ်စ တစ်ပိဿာလျှင်ကျပ်(၅၄၇၅) ၊ အလတ်စ တစ်ပိဿာလျှင်ကျပ် (၅၀၀၀)၊ အနိမ့် စတစ်ပိဿာလျှင်ကျပ် (၄၀၀၀)၊ ယောကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင်ကျပ်(၅၅၀၀)၊ အလတ်စ တစ်ပိဿာလျှင်ကျပ် (၅၀၀၀)၊ အနိမ့် စတစ် ပိဿာလျှင်ကျပ် (၄၅၀၀)ဖြစ်၍ ယခုတတိယပတ်တွင် ပတ်တွင်ပုလဲစ ကြက်သွန်နီ အမျိုးအစားကို လိုက်၍ ထိပ်စ တစ်ပိဿာလျှင်ကျပ်(၅၀၀၀)၊အလတ်စ တစ်ပိဿာလျှင်ကျပ် (၄၅၀၀)၊အနိမ့် စတစ်ပိဿာလျှင်ကျပ် (၄၀၀၀)၊ ယောကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင်ကျပ်(၅၁၀၀)၊အလတ်စ တစ်ပိဿာလျှင်ကျပ် (၄၆၀၀)၊အနိမ့် စတစ်ပိဿာလျှင်ကျပ် (၄၀၀၀)၊ ယခင် တစ်ပတ်များနှင့် နှိုင်းယှဉ်လျှင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် (၅၀၀)ခန့်ဈေးကျသွားကြောင်း ၊ တင်ပို့မှု အနေဖြင့်  ရန်ကုန်နှင့် မြဝတီမြို့များသို့ နေ့စဉ်ကုန်ချိန်ပိဿာ (၃၀၀၀၀ မှ ၅၀၀၀၀)ထိ တင်ပို့နေကြာင်းကုန်စည် ဒိုင်နှင့်     ကြက်သွန်နီကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

မိတ္ထီလာဈေးကွက်တွင်ပဲတီစိမ်းဈေးအနည်းငယ်ကျဆင်း

         မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများတွင်  လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာမှ ပြည်ပပို့ကုန် သီးနှံတစ်မျိုးဖြစ် သည့် ပဲတီစိမ်းကို မိတ္ထီလာမြို့နယ်ရှိ ခြောက်ပင်၊အင်လူး၊မောက်လောက်၊ ရှမ်းရွာ၊တောကင်း၊ ဇီးပင်တွင်း ကျေးရွာများ၌အများဆုံးစိုက်ပျိုးကြကြောင်းသိရပါသည်။

        ဇူလိုင်လဒုတိယပတ် မိုးပဲတီစိမ်းများစတင်ပေါ် ယခုဩဂုတ် လတတိယပတ်တွင် မိတ္ထီလာမြို့ ပေါ်ရှိသီးနှံပွဲရုံများသို့ ပဲတီစိမ်းများတစ်ပတ်လျှင် (၅၀၀) အိတ်ခန့်ဝင် ရောက်လျက်ရှိပြီးအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း ပဲပင်ပေါက် လုပ်ငန်းများမှ အနည်းငယ်ဝယ်ယူ ကြပြီးမန္တလေးမြို့သို့အဓိကတင်ပို့ရောင်းချကြကြောင်းသိရပါသည်။

        ယခုဩဂုတ်လတတိယပတ်တွင် မိတ္ထီလာမြို့ ပွဲရုံများ၌ မိုးပဲတီစိမ်းတစ်တင်းလျှင် (၇၅၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် မိုးပဲတီစိမ်းတစ်တင်းလျှင်(၅၀၀၀)ကျပ်ခန့်ဈေးနှုန်းကျဆင်းလာကြောင်း၊ဈေးနှုန်းကျဆင်းလာရခြင်းမှာ ပြည်ပဝယ်လို အားနည်းခြင်းကြောင့်ဖြစ်သည်ဟု သိရပါသည်။

DOCA(မန္တလေး)

ဆိပ်ဖြူကြက်သွန်နီ ဈေးနှုန်းအမြင့်ဖြင့်ဆက်လက် အရောင်းအဝယ်ဖြစ်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီ ဈေးကွက်၌ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားဈေးကွက် ကောင်း၍ဈေးအမြင့်ဖြင့် ဆက်လက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(တတိယပတ် )အနှောင်း ပိုင်းတွင် ကြက်သွန်နီ တောဈေး(ဂျွန်)တစ်ပိဿာလျှင် ကျပ်(၄၀၀၀)မှ(၅၅၀၀)ထိရှိပြီး လက်လီ ဈေးအနေဖြင့် ကြက်သွန်နီအလုံးအကြီးအသေး အရွယ်အစား မူတည်၍ တစ်ပိဿာလျှင် ကျပ်(၅၀၀၀)မှ(၇၅၀၀)ထိရှိကြောင်း  ဒေသတွင်း လက်လီလက္ကား ရောင်းဝယ် သူများထံမှ သိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ ပွဲရုံဈေးကွက်သို့ ဩဂုတ်လ(၁၅) ရက်မှ (၂၁)ရက်အတွင်း တစ်ရက်လျှင် ကြက်သွန်နီကုန်ချိန်ပိဿာ(၃၅၀၀၀/၄၀၀၀၀)ခန့်အထိ ဝင်ရောက် ကြောင်း၊ ယခုနှစ်တွင် ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးမှု နည်း၍ဈေးကွက်သို့ ကုန်ဝင်ရောက်မှု နည်းကြောင်း၊ ဈေးနှုန်း အနေဖြင့် ဩဂုတ်လ (ပထမပတ်)တွင်ကျပ်(၄၀၀၀)မှ(၅၅၅၀)၊ ဩဂုတ်လ (ဒုတိယပတ်)တွင် ကျပ်(၃၇၀၀)မှ(၅၄၅၀)၊ ဩဂုတ်လ (တတိယပတ်)တွင် ကျပ်(၄၀၀၀)မှ(၅၅၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်ပဝယ်လိုအားကောင်း၍ အမြင့်ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်းသိရှိရသည်။

          ကာလတူဈေးနှုန်းနှိုင်းယှဉ်ပါက ယခင်ဇူလိုင်လ (တတိယပတ်)တွင် ကြက်သွန်နီ တစ်ပိဿာလျှင် အမြင့်ဈေးကျပ်(၄၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဩဂုတ်လ(တတိယ ပတ်)တွင် အမြင့်ဈေး ကျပ်(၅၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်လထက် ကြက်သွန်နီ တစ်ပိ ဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဘဏ္ဍာနှစ်အလိုက် ဈေးနှုန်းနှိုင်း ယှဉ်ပါက ၂၀၂၅ ခုနှစ် ဩဂုတ်လ(တတိယပတ်)တွင် ကြက်သွန်နီတောဈေး(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၀၀၀)ပေါက်ဈေးရှိခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် ဩဂုတ်လ(တတိယပတ်)တွင် ကြက်သွန်နီ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၅၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်နှစ် ထက် ကျပ်(၄၅၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုနှစ်ကြက်သွန်နီ စိုက်ပျိုး ထုတ်လုပ်သူ၊ ရောင်းဝယ်ဖောက်ကားသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။ကုန်စည်စီးဆင်းမှုအနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီကို ပြည်တွင်းဒေသအနှံ့ အပြားသို့ တင်ပို့ပြီး အဓိကဈေးကွက်အနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ တင်ပို့ပြီး ပြည်ပဈေးကွက် အနေဖြင့် မြဝတီမြို့ဝယ်လက်များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်၊ နိုင်ငံများသို့ တင်ပို့ကြောင်း ဈေးကွက်၌ သိရှိရပါသည်။   

DOCA(မကွေး)

                                       

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း