Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရာသီပေါ်သီးနှံ “နာနတ်သီး”

          နာနတ်သီးသည် တောင်သူများ၏လူနေမှုဘဝဖွံဖြိုးတိုးတက်ရေးအတွက် ဝင်ငွေကောင်းရရှိနိုင် သောအသီးနှံတစ်မျိုးဖြစ်ပါသည်။ နာနတ်သီးကို လတ်လတ်ဆတ်ဆတ်စားသုံးခြင်းအပြင် ဖျော်ရည်၊ ယို၊ အခြောက်ခံကာ အခြားတန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ်လည်း ထုတ်လုပ်ရောင်းချကြပါသည်။ နာနတ်သီးပင်သည် ရေဝပ်သည်ကိုမနှစ်သက်သောကြောင့် မြေဆီလွှာတိုက်စားမှုနည်းသော မြေပြန့် ကုန်းမြေများတွင် ၁၅-၂၀ စင်တီမီတာခန့် အနက်ရှိသောစိုက်ကျင်းများ တူး၍စိုက်ပျိုးကြပါသည်။ ရေစီးဆင်းမှုကောင်းပြီး မြေဆီဩဇာထက်သန်သည့် ဂဝံမြေနီ၊ သဲနုန်းမြေများတွင် စိုက်ပျိုးပါက အကောင်းဆုံးဖြစ်ထွန်းပါသည်။နာနတ်သီးကို မိုးဦးကျကာလဖြစ်သောမတ်လ၊ ဧပြီလနှင့် မေလများတွင် အဓိကစတင်စိုက်ပျိုးကြပါသည်။ 

          မိုးရာသီတွင်စိုက်ပျိုးခြင်းဖြင့် သဘာဝမိုးရေကိုအပြည့်အဝရရှိကာ အပင်အမြစ်စွဲမြန်ပြီးကြီးထွား မှုကောင်းမွန်စေပါသည်။ အပင်မစိုက်ပျိုးမီဖယ်ရှားထားသော သားတက်များကိုမှိုမတက်စေရန်နှင့် အပင်ပုတ်ခြင်းမှကာကွယ်ရန် (၁)ရက်မှ (၂)ရက်ခန့် ခြောက်သွေ့အောင်ထားရှိပြီးမှ စိုက်ပျိုးရပါသည်။ နာနတ်ပင်စိုက်ပျိုးပြီး (၁၅)လ မှ (၁၈)လ အကြာတွင်ခူးဆွတ်နိုင်ပါသည်။ မိုးရာသီတွင်မှည့်သော နာနတ်သီးများသည် ဆောင်းရာသီတွင်မှည့်သော အသီးများထက်အချိုဓာတ်ပိုကဲပြီး အရသာပိုမို ကောင်းမွန်ပါသည်။

         ကယားပြည်နယ်ရှိ နာနတ်သီးစိုက်ဧကမှာနည်းပါးပြီး ဒေသအတွင်းဈေးကွက် အနည်းငယ်သာ ရှိပါသည်။ နာနတ်သီးပင်စတင်စိုက်ပျိုးသည့် ပထမနှစ်တွင်စိုက်ပျိုးပြီး(၁)နှစ်ခွဲမှစတင်ကာ (၅)နှစ်မှ (၇)နှစ် အထိနှစ်စဉ်ဆက်တိုက်ခူးဆွတ်နိုင်သည့်အတွက် အကျိုးအမြတ်များစွာရရှိနိုင်ပါသည်။ ယခုလလွိုင်ကော်မြို့ သီရိမင်္ဂလာဈေးကြီးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော နာနတ်သီးဈေးနှုန်းများမှာ အသီးအရွယ်အစားအပေါ်မူတည်၍ တစ်လုံးလျှင် ၃၀၀၀ကျပ် မှ ၄၀၀၀ကျပ်ဝန်းကျင်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီရိမင်္ဂလာဈေးရှိ ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)

 

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၁၇၉ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ 4 ရက်နေ့မှ 10 ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ,၁၇၉ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ က အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၃-၉-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၃ -၉ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ဩဇာသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများနှင့် ဈေးနှုန်းဈေးကွက်

                သြဇာသီးလို့ ဆိုလိုက်တာနဲ့ အရသာကောင်းသလောက် စားရတာအလွန်လက်ဝင်ပြီး အစေ့များစွာပါသော အသီးတစ်မျိုးဖြစ်သည်။ ဩဇာပင်သည် အိန္ဒိယ မျိုးရင်းပင် ဖြစ်ပြီး မြန်မာနိုင်ငံ အပူပိုင်းဒေသများတွင် ပေါက်ရောက်ပါသည်။ ဩဇာသီးသည်  အာဟာရဓာတ်ကြွယ်ဝသဖြင့် နိုင်ငံတော်၏ စီးပွားရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် အရေးပါသောသီးနှံတစ်မျိုးဖြစ်လာပြီး ပြည်ပဈေးကွက်သို့ တင်ပို့ရန်အတွက် ပြင်ဆင်ဆောင်ရွက် လျက်ရှိပါသည်။  

         သြဇာသီးဟာ အရသာကောင်းမွန်သလို ကျန်းမာရေးကို အလွန်အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါသည်။ သြဇာသီးမှာ ဗီတာမင် ဘီ၊ ဗီတာမင် B6၊ ဗီတာမင် စီနဲ့ Antioxidant တွေပါဝင်နေပြီး အရေပြား၊ ဆံပင်၊ မျက်လုံး၊ ဦးနှောက်နဲ့ နှလုံးတို့ကို အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးဖြစ်ပါသည်။ သြဇာသီးမှာပါဝင်တဲ့ ကျန်းမာရေးကောင်းကျိုး ၂၁ ချက်ရှိပါသည်။ အဲ့ဒါတွေကတော့ ကိုယ်အလေးချိန် တိုးစေခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ ခွန်အားဖြည့်တင်းပေးခြင်း၊ ကင်ဆာကို တိုက်ဖျက်နိုင်စွမ်းရှိခြင်း၊ ဦးနှောက်ကို ကျန်းမာစေခြင်း၊ သွားကို ခိုင်မာစေခြင်း၊ သွေးအားနည်းရောဂါကို သက်သာစေခြင်း၊ အမြင်အာရုံကို ကြည်လင်စေခြင်း၊ အဆစ်ရောင်နာကို သက်သာစေခြင်း၊ နှလုံးနဲ့ သက်ဆိုင်တဲ့ရောဂါတွေကို သက်သာစေခြင်း၊ ဆီးချိုကို တားဆီးနိုင်ခြင်း၊ အစာခြေစနစ်ကို အားကောင်းစေခြင်း၊ အသားအရေနဲ့ ဆံပင်ကို အားဖြည့်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကြေးနီဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက် အရင်းအမြစ်တစ်ခုဖြစ်ခြင်း၊ သန္ဓေသားရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေခြင်း၊ သံဓာတ်ပါဝင်မှုများခြင်း၊ ကလေးငယ်များကို ကူးစက်ရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း၊ Morning Sickness ဝေဒနာအား သက်သာစေခြင်း၊ အသားအရေကြည်လင်စေခြင်း၊ အရေပြားကူးစက်ရောဂါများကို ပျောက်ကင်းစေခြင်းနှင့် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်း စတဲ့ကျန်းမာရေး အတွက် ကောင်းကျိုးများကို ရရှိစေပါသည်။

ဩဇာသီးများသည် ဇူလိုင်နှင့်ဩဂုတ်လများတွင် ထွက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။  ယခုနှစ်တွင် မိုးရွာသွန်းမှု သင့်တော်သောကြောင့် အသီးလှပြီး အထွက်နှုန်းများ၍ ဈေးကောင်း ရရှိလျက်ရှိပါသည်။ မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသမှ ဩဇာသီးများ ဝင်ရောက်၍ ဈေးကောင်းရရှိလျက်ရှိပါသည်။ ဩဇာသီးဈေးနှုန်းအနေဖြင့် တစ်လုံးလျှင် အရွယ်အစားအလိုက် ၅၀၀ ကျပ်မှ ၁၅၀၀ ကျပ် ထိရှိကြောင်း လေ့လာသိရှိရပါသည်။                                                                                                              

DOCA(မန္တလေး)                                 

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁-၉-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁ -၉ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

၂၀၂၆-၂၀၂၇ ခုနှစ် ငါန်းဇွန်မြို့နယ်၌ မြေပဲများ စိုက်ပျိုးထားရှိမှု

           မန္တလေးတိုင်ဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်သော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံများသည် ရာသီအလိုက် ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲ၊ ဝါ၊ ဂျုံ နှင့် စားဖိုဆောင်သီးနှံများကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ စိုက်ပျိုးသီးနှံများမှ ဆီထွက်သီးနှံ ဖြစ်သော မြေပဲသီးနှံကို မိုးနှင့်ဆောင်းနှစ်ရာသီတွင်စိုက်ပျိုးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးမြေပဲ (၁၈၉၇၀)ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး၊ စိုက်ပျိုးမှုအနေဖြင့် ဇူလိုင်လကုန်ထိ (၅၆၀၂)ဧကစိုက်ပျိုးပြီး စီးပြီ ဖြစ်ကြောင်း သိရသည်။ ယခင်နှစ် စိုက်ပျိုးမှုအနေဖြင့် ((၁၉၈၄၃)ဧက စိုက်ပျိုးခဲ့ကြောင်း၊  တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့်(၄၉.၃၅)တင်းနှင့် အထွက်တင်းပေါင်း (၉၇၉၂၅၂)တင်းထွက်ရှိ ခဲ့ကြောင်း၊ ဆောင်းမြေပဲ လျာထားဧက (၃၃၂၃)ဧကနှင့် စိုက်ပျိုးဧက (၃၃၀၃)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းမှာ(၆၃.၁၀)တင်းနှင့် အထွက်တင်းပေါင်း (၂၀၈၄၁၉)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာ ဌာနစာရင်းအရ သိရသည်။ မျိုးအသုံးချမှုအနေဖြင့် တစ်ဧကလျှင်(၁၈)ပြည်ခန့် စိုက်တန်းချစနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုးဈေးနှုန်းမှာ မြေပဲဆံ တစ်ပိဿာလျှင် (၁၂၀၀၀/၁၃၀၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။ ဒေသအနေဖြင့်စိုက်ပျိုးသော မျိုးများမှာ ဆင်း-၁၁၊ SP-121၊ ကျောင်းကုန်းမျိုးနှင့် ဒေသမျိုးများကိုသာ အဓိကထားစိုက်ပျိုးကြောင်း သိရသည်။ မြေပဲတစ်ဧကစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေယာ ပြုပြင်မှု၊ သွင်းအားစု၊ လုပ်သားခများအပါအဝင် (၄၅၀၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျမှုရှိပါသည်။ ဒေသထွက်မြေပဲများကို ရောင်းဝယ်မှုဈေးကွက်အနေဖြင့် မန္တလေးမြို့နှင့်ကျောက်ဆည်မြို့များသို့ အများဆုံးရောင်းချကြပြီး တစ်ဧကတောင်သူအကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀)ကျပ် ဝန်းကျင် ရရှိ ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာဈေးကွက်တွင်ပဲတီစိမ်းဈေးအနည်းငယ်ကျဆင်း

              မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများတွင်  လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာမှ ပြည်ပပို့ကုန် သီးနှံတစ်မျိုးဖြစ် သည့် ပဲတီစိမ်းကို မိတ္ထီလာမြို့နယ်ရှိ ခြောက်ပင်၊အင်လူး၊မောက်လောက်၊ ရှမ်းရွာ၊တောကင်း၊ ဇီးပင်တွင်း ကျေးရွာများ၌အများဆုံးစိုက်ပျိုးကြကြောင်းသိရပါသည်။

         ဇူလိုင်လဒုတိယပတ် မိုးပဲတီစိမ်းများစတင်ပေါ် ယခုဩဂုတ် လတတိယပတ်တွင် မိတ္ထီလာမြို့ ပေါ်ရှိသီးနှံပွဲရုံများသို့ ပဲတီစိမ်းများတစ်ပတ်လျှင် (၅၀၀) အိတ်ခန့်ဝင် ရောက်လျက်ရှိပြီးအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း ပဲပင်ပေါက် လုပ်ငန်းများမှ အနည်းငယ်ဝယ်ယူ ကြပြီးမန္တလေးမြို့သို့အဓိကတင်ပို့ရောင်းချကြကြောင်းသိရပါသည်။

           ယခုဩဂုတ်လတတိယပတ်တွင် မိတ္ထီလာမြို့ ပွဲရုံများ၌ မိုးပဲတီစိမ်းတစ်တင်းလျှင် (၇၅၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် မိုးပဲတီစိမ်းတစ် တင်းလျှင် (၅၀၀၀)ကျပ်ခန့်ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ပြည်ပဝယ်လို အားနည်းခြင်းကြောင့်ဖြစ်သည်ဟု သိရပါသည်။

DOCA(မန္တလေး)

           

“လားရှိုးမြို့ပေါ်ရှိ ကျောက်ဖရုံသီးဈေးနှုန်းဈေးကွက်”

             လားရှိုးမြို့သည် ရှမ်းမြောက်ဒေသ၏ အဓိကကုန်စည်စီးဆင်းရာ ဗဟိုချက်ဖြစ်ပြီး လက်ရှိ ဒေသတွင်း ကုန်စိမ်းဈေးကွက် အခြေအနေများမှာ လားရှိုးမြို့ပေါ်သို့ ကလော၊ အောင်ပန်း ဘက်မှ ဝင်ရောက် လာသော ကုန်စိမ်းများအပြင်၊ ဒေသတွင်း ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့နယ် ပတ်ဝန်းကျင် ကျေးရွာများမှ စိုက်ပျိုးထုတ်လုပ်သည့် ကျောက်ဖရုံသီးများလည်း ဝင်ရောက်လျက် ရှိသည်။

ယခုရက်ပိုင်းအတွင်း အခြားကုန်စိမ်းအသီးအနှံအချို့ ဈေးအတက်အကျ ကြမ်းနေသော် လည်း ကျောက်ဖရုံသီးသည် အထားခံသောသီးနှံဖြစ်သဖြင့် စားသုံးသူများ ပုံမှန်ဝယ်ယူမှုရှိပြီး ဈေးကွက် တည်ငြိမ်နေသည်။ မိုးရာသီ ကာလဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ ဆောင်ခ ကုန်ကျစရိတ်မြင့်မားမှုကြောင့် ကုန်စိမ်းဈေးနှုန်းများသည် အောက်ပြည်အောက်ရွာ ဈေးကွက်များ ထက်စာလျှင် ကျောက်ဖရုံသီး တစ်လုံးချင်းစီအလိုက် ကျပ် ၅၀၀ မှ ၁,၀၀၀ ခန့် ပိုမိုမြင့်တက်နေကြောင်း ကုန်သည်များထံမှ သိရသည်။

ယခု ၂၀၂၆ ခုနှစ် ဩဂုတ်လ တတိယပတ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ အဓိကကုန်စိမ်းဈေးကွက်ကြီးများတွင် ကျောက်ဖရုံသီး ဈေးနှုန်းများသည် သယ်ယူပို့ဆောင်ရေး စရိတ်နှင့် ဒေသတွင်း ဝယ်လိုအားအပေါ် မူတည်၍ တစ်လုံးလျှင် အနည်းဆုံး ၂,၀၀၀ ကျပ်မှ အမြင့်ဆုံး ၉,၅၀၀ ကျပ်ခန့်အထိ အရွယ်အစားအလိုက် အမျိုးအစားကွဲပြားကာ အရောင်းအဝယ် ဖြစ်ထွန်းလျက် ရှိသည်။

လားရှိုးမြို့မဈေးကြီး၊ ဘူတာဈေးနှင့် ရပ်ကွက်တွင်း ကုန်စိမ်းဈေးသည်များထံမှ သိရသော ကျောက်ဖရုံသီးဈေဂနှုန်းများမှာ ဗမာသီး (အလုံးကြီးရှယ် / ကျောက်ဖရုံယိုသုံး) - ဒေသတွင်း လက်လီဈေးကွက်၌ တစ်လုံးလျှင် ၈,၅၀၀ ကျပ်မှ ၉,၅၀၀ ကျပ် အထိ ရှိသည်။ထိုင်ဝမ်မျိုး / အလတ်စိုက် (အချက်အပြုတ်သုံး) - လားရှိုးမြို့ပေါ်တွင် ချက်ပြုတ်ရန် အဝယ်အများဆုံး ဖြစ်ပြီး တစ်လုံးလျှင် ၄,၀၀၀ ကျပ်မှ ၆,၀၀၀ ကျပ် အတွင်း ပေါက်ဈေးရှိသည်။ အလုံးသေး (တစ်ခါချက်) - တစ်လုံးလျှင် ၂,၀၀၀ ကျပ်မှ ၃,၀၀၀ ကျပ် အတွင်း ရှိသည်။ အိမ်ထောင်စုအလိုက် တစ်ခါချက်စာ အစိတ်လိုက်ဝယ်ယူသူများအတွက် တစ်စိတ်လျှင် ၁,၀၀၀ ကျပ်မှ ၂,၅၀၀ ကျပ် အထိ အရွယ်အစား အလိုက် စိတ်၍ ရောင်းချပေးလျက်ရှိသည်။

ကျောက်ဖရုံသီးသည် စိုက်ပျိုးစရိတ် သက်သာပြီး ပိုးမွှားဒဏ်ခံနိုင်ရည်ရှိခြင်းကြောင့် ရှမ်းမြောက်ဒေသရှိ တောင်သူများအနေဖြင့် ရေသွင်းစိုက်ပျိုးရန် အဆင်ပြေသည့် နေရာများတွင် ပိုမိုစိုက်ပျိုးလာကြသည်။ လားရှိုးမြို့ပေါ်ရှိ ကုန်စိမ်းပွဲစားများနှင့် ဟိုတယ်၊ စားသောက်ဆိုင် လုပ်ငန်းရှင်များကလည်း ဒေသတွင်းထွက် ကျောက်ဖရုံသီးများကို အလုံးပြတ်စနစ်ဖြင့် ခြံအထိ ဆင်းဝယ်ယူမှုများ ရှိနေသည်။

DOCa(ရှမ်း)   

အောင်ပန်းမြို့၏ ကြက်သွန်ဖြူ စိုက်ပျိုးရေးနှင့် ဈေးကွက်စီးပွားရေး

            မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအချက်အချာကျပြီးအေးမြသော ရာသီဥတုရှိသည့် ရှမ်းပြည်နယ် တောင်ပိုင်း၊ အောင်ပန်းမြို့သည် ဟင်းသီးဟင်းရွက်နှင့် သီးနှံစုံထွက်ရှိရာ အဓိကကုန်စည်ဒိုင်ကြီး ဖြစ်ပါသည်။ ထိုသီးနှံများထဲတွင် နေ့စဉ်စားသောက်မှုပုံစံတိုင်းအတွက် မရှိမဖြစ်လိုအပ်ပြီး စီးပွာရေး အရ အလွန်အရေးပါသည့် “ကြက်သွန်ဖြူသည် အောင်ပန်းဒေသ၏ စီးပွားအဖြစ် စိုက်ပျိုးကျသည့် သီးနှံ တစ်ခုအဖြစ် ရပ်တည်နေပါသည်။

          အောင်ပန်းဒေသတွင် ကြက်သွန်ဖြူကို များသောအားဖြင့်မိုးနှောင်းပိုင်း(သို့) ဆောင်းဦးအစ (အောက် တိုဘာ/နိုဝင်ဘာ)လများတွင် စတင်စိုက်ပျိုးကြသည်။စိုက်ခင်းများကို ဘောင်စနစ်ဖြင့် စနစ်တကျဖော်ကာ၊ ဒေသမျိုးစေ့ဖြစ်သည့် ဥတစ်လုံးမျိုး(သို့)မြန့်မာရိုးရာ ကြက်သွန်ဖြူများကို စိုက်ပျိုးကြသည်။စိုက်ပျိုးပြီးနောက် ကောက်ရိုး(သို့)မြက်ခြောက်များဖြင့် ဖုံးအုပ်ခြင်းစနစ်ကို အသုံး ပြု၍ မြေဆီလွှာအဆီဓာတ်ကို ထိန်းသိမ်းကြသည်။ ရိတ်သိမ်းချိန် စိုက်ပျိုးပြီး ၄လမှ ၅လအကြား (ဖေဖော်ဝါရီ/မတ်လ)နွေဦးအစတွင် ရိတ်သိမ်း ချိန်သို့ ရောက်ရှိသည်။ အောင်ပန်းထွက် ကြက်သွန်ဖြူ များသည် အခွံထူပြီး အနံ့စူးရှကာ အဆီဓာတ်ပြည့်ဝသ ဖြင့် အထားခံခြင်းကြောင့် နာမည်ကျော်သည်။

          အောင်ပန်းမြို့သည် ရှမ်းပြည်နယ်၏ အကြီးဆုံးသီးနှံစုဆောင်းရာ ကုန်စည်ဒိုင်ဖြစ်သည့် အားလျော်စွာ ကြက်သွန်ဖြူဈေးကွက်လှုပ်ခတ်မှုသည် တစ်နိုင်ငံလုံး၏ ကြက်သွန်ဖြူဈေးနှုန်းအပေါ် သက်ရောက်မှုရှိသည်။ ရိတ်သိမ်းပြီးနောက် တောင်သူများနှင့် ပွဲရုံများသည် ကြက်သွန်ဖြူများကို အရွယ်အစားအလိုက် စနစ်တကျခွဲခြားကြသည်။ ထူးထူး/ထိပ်စသည် ဥအလုံးကြီးပြီးသန့်စင်ကာ ဈေးအမြင့်ဆုံးရသည်။အလတ်စသည် အိမ်သုံးအတွက် အဝယ်များဆုံးဖြစ်သည်။အသေးသည်ဈေး အသက်သာဆုံးဖြစ်ပြီး စားသောက်ဆိုင်များနှင့်ချင်း၊ ကြက်သွန်ဖြူ အနှစ်လုပ်ငန်းများကအများဆုံး ဝယ်ယူသည်။ အောင်ပန်းကုန်စည်ဒိုင်မှတစ်ဆင့် ရန်ကုန်(ဘုရင့်နောင်ကုန်စည်ဒိုင်)၊ မန္တလေးနှင့် အောက်ပြည်အောက်ရွာ မြို့ကြီးများနှင့် နေ့စဉ် မော်တော် ယာဉ်ကြီးများဖြင့် စီးဆင်းဖြန့်ချီပါသည်။

          ပြည်ပမှကြက်သွန်ဖြူများ ဈေးကွက်အသွင်းသို့ ဥအလုံးကြီးပြီး အခွံနွှာရလွယ်သည့် ကြက်သွန် ဖြူများအလုံးအရင်း ဝင်ရောက်လာချိန်တွင် ပြည်တွင်းမှကြက်သွန်ဖြူ ဈေးနှုန်းအနည်းငယ် လှုပ်ခတ်လေ့ရှိသည်။သို့သော်လည်း မြန့်မာ့ဟင်းလျာချက်ပြုတ်ရာတွင် အနံ့နှင့်အရသာပိုမိုပြင်းရှ သည့် အောင်ပန်းကြက် သွန်ဖြူကိုသာ အိမ်ရှင်မများနှင့် စာဖိုမှူးများက ပိုမိုရွေးချယ်ကြဆဲဖြစ်သည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် အထွက်နှုန်းလျော့ချိန်တွင်ဈေးကောင်းရတတ်သော်လည်း၊ လမ်းပန်း ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင် ရေးစရိတ်များကြောင့် တောင်သူရရှိသည့် အကျိုးအမြတ်မှာ တစ်ခါတစ်ရံ ကွာဟချက်ရှိနေတတ်သည်။

 

          ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်မြို့၏ ကြက်သွန်ဖြူစိုက်ပျိုးစီးပွားရေးသည် ဒေသခံ တောင်သူများနှင့် ကုန်သည်ပွဲစားများစွာ၏ ဝမ်းစာရေးကိုဖန်တီးပေးထားသည့် အသက်သွေးကြော လုပ်ငန်းတစ်ခု ဖြစ်သည်။ စိုက်ပျိုးစရိတ်မြင့်မားမှုနှင့် ဈေးကွက်အတတ်အကျ စိန်ခေါ်မှုများရှိနေ စေကာမူ၊ မိမိတို့ မြေမှထွက်ရှိသည့် ကြက်သွန်ဖြူ၏ ထူးခြားသော အရည်အသွေး (အနံ့ပြင်းရှမှုနှင့် အထားခံမှု)ကြောင့် အောင်ပန်းကြက်သွန်ဖြူသည် မြန်မာ့သီးနှံဈေးကွက်တွင် “ရွှေကဲ့သို့အဖိုးတန် သည့်ငွေသီး” အဖြစ် ဆက်လက်၍ နေရာယူထားဦး မည်ဖြစ်ပါသည်။DOCa(ရှမ်း)   

ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသည့် ဒေသထွက်ကွမ်းဈေးကွက်

                      “ကွမ်းရွက်ဝါဆို၊ ကွမ်းခွေပြာသို” ဆိုသည့်စကားပုံများအတိုင်း ကွမ်းပင်များကို ဝါဆိုလများတွင် စိုက်ပျိုးကြပါသည်။ ကွမ်းစိုက်ပျိုးရာတွင် နည်းနှစ်နည်းဖြစ် စိုက်ပျိုးကြပါသည်။ ကွမ်းစိုက်သူများသည် ကွမ်းစိုက်ရန်အတွက် (၃) ပေ အရှည်ရှိသော ဝါးခြမ်းကြားတွင် ကွမ်းညွန့်များကို ချည်ထားရပါသည်။ ဝါးခြမ်းပြားကလေးများကို ယာယီအဖြစ်ထားပြီး ကွမ်းညွှန့်များတိုင်ထိပ်သို့ ရောက်လာသည့်အခါ ကွမ်းမှသာ တိုင်ရှည်များဖြစ် စိုက်ပျိုးကြရပါသည်။ ကွမ်းစိုက်ပျိုးရာတွင် ကွမ်းပင်တန်းနှစ်တန်းကြားတွင် တစ်ပေခွဲခန့် ခြားထားရပါသည်။ အပင်တစ်လခွဲသားအရွယ်တွင် နွားချေးဆွေး၊ ထုံးမှုန့်၊ ဆေးရွက်ကြီး မှုန့်များကို ရောနှောပြီး ကွမ်းပင်ခြေရင်းများတွင် ဖြူးပေးခြင်းအားဖြင့် ကွမ်းပင်များ ပိုးမကျစေရန် အတွက် ကာကွယ်ရာရောက်နိုင်ပါသည်။ ကွမ်းပင်များအား ဆောင်းရာသီနှင့် နွေရာသီတို့တွင် (၁၅) ရက် တစ်ကြိမ် ရေသွင်းပေးရပါသည်။ ပူလွန်းသောရာသီအချိန်တွင် (၁၀) ရက် တစ်ကြိမ်ရေသွင်းပေးရပါ သည်။ ကွမ်းရွက်များ ကြီးထွားစေရန်အတွက် ရွက်ဖျန်းမြေဩဇာကို အသုံးပြုပေးခြင်းဖြင့် ကွမ်းရွက်များ အရောင်လှပပြီး အရွက်များမှာလည်း ကြီးထွားလာပါသည်။ ကွမ်းပင်များကို စိုက်ပျိုးပြီး (၃) လ သက်တမ်းကြာလျှင် ကွမ်းရွက်စတင်ခူးနိုင်ပါသည်။ ကွမ်းရွက်များကို ခူးရာတွင် ပင်ခြေပိုင်းမှ ဘေးအတက်မှ ထွက်လာသည့် ကွမ်းရွက်ကလေးများကို ခူးယူရပါသည်။ ကွမ်းပင်များအရွက်များ တဖြည်းဖြည်းကြီးလာသည့်အခါ နေဒဏ်၊ မိုးဒဏ်များကို ခံနိုင်ရန်အတွက် အမိုးအကာများဖြင့် ကာရံ ထားရပါသည်။ ကွမ်းရွက်များ ခူးယူရာတွင် စနစ်တကျခူးယူမှသာ အပင်များ ထိခိုက်မှုမရှိဘဲ ဈေးကောင်း ရနိုင်မည် ဖြစ်ပါသည်။ ကွမ်းရွက်များအား တစ်နှစ်ပတ်လုံး ခူးယူရောင်းချပြီးနောက် ပုံမှန်အားဖြင့် တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ကွမ်းပင်များအား ခွေလေ့ရှိပါသည်။ ကွမ်းခွေရာသီမှာ မတ်လနှင့် ဧပြီလများ တွင် လုပ်ကိုင်လေ့ရှိပါသည်။ ကွမ်းခွေသည်မှာ ကွမ်းခြံတစ်ခြံလုံးရှိ ကွမ်းပင်များကို မြေပြင်တွင် တပြေး ညီအောင် ပြုလုပ်ထားပြီး ပထမစိုက်ပျိုးထားသည့် ကွမ်းခြံနှင့် ဆန့်ကျင်ဘက်နေရာတွင် ကျင်းတူးထား ကာ အပင်များကို မကျိုးမပဲ့စေရန် အပေါ်ညွန့် (၂) ပေအမြစ်ကို ကွမ်းတိုင်တွင် ချည်ထားပြီး မြေကြီးများ ဖြင့် ဖွဖွလေးပြန်ဖုံးထားရပါသည်။ ကွမ်းခွေခြင်းနည်းဖြင့် ကွမ်းခြံတစ်ခြံသက်တမ်းသည် (၁၀) နှစ် သက်တမ်းထိ ကြာမြင့်နိုင်ပါသည်။ ကွမ်းပင်များ စိုက်ပျိုးရာတွင် ကွမ်းပင်များသည် အသန့်ကြိုက်သည့် အတွက် ကွမ်းပင်စိုက်ရာတွင် အသေးစိတ်ဂရုစိုက်ရပါသည်။ တချို့ဒေသများတွင် ကွမ်းခြံအတွင်း ဝင်ရောက်ပြီး ကွမ်းရွက်များခူးယူသည့်အခါ ခြံအတွင်းစီးရန်အတွက် ဖိနပ်ကို သီးသန့်ထားလေ့ရှိပါသည်။ ကွမ်းပင်များသည် အလွန်နုနယ်သည့်အတွက် ပိုးမွှားများမကြရောက်စေရန်အတွက် အထူးဂရုစိုက်ရပါ သည်။ ကွမ်းပင်များအနေဖြင့် ရိုးမဲဆစ်ပြုတ်ရောဂါ၊ ကြက်တူရွေးမျက်စေ့ရောဂါများ ဖြစ်တတ်ပါသည်။ ကွမ်းခြံပိုးကျလျှင် တစ်ခြံလုံး ပြုတ်သည့်အတွက် ဆုံးရှုံးမှုများနိုင်ပါသဖြင့် နေ့စဉ်စစ်ဆေးမှုများ ပြုလုပ် ပြီး ပိုးမွှားကြသည့် အရိပ်အယောင်တွေ့ရှိပါက အပင်များကို နှုတ်ယူပြီး မီးရှို့ဖျက်ဆီးရပါသည်။ ခြံ အတွင်းလည်း ပိုးသတ်ဆေးများ ဖြန်းပေးခြင်းများ ပြုလုပ်ရပါသည်။ ကွမ်းပင်များအထွက်ကောင်းသည့် ရာသီမှာ မိုးရာသီနှင့် နွေရာသီများတွင် ရေပေးသွင်းပြီး စိုက်ပျိုးသည့်အတွက်လည်း ကွမ်းအထွက် ကောင်းပါသည်။ ဆောင်းရာသီတွင် ကွမ်းခြံအများစုသည် ကွမ်းများပြန်လည်ခွေသည့်အတွက် ဆောင်း တွင်းရာသီတွင် ကွမ်းအထွက်နှုန်းနည်းပါသည်။ ယခုရာသီသည် မိုးရာသီဖြစ်သည့်အတွက် ကွမ်းများ လှိုင်လှိုင်ထွက်ပေါ်သည့်အတွက် ကွမ်းဈေးနှုန်းမှာ ဈေးနှုန်းအသင့်အတင့်ရှိပါသည်။ ဒေသအလိုက် ကွမ်း အမျိုးအစားများအခေါ်အဝေါ်မှာ အမျိုးမျိုးရှိပါသည်။ ပြည်မြို့နယ်ဒေသတစ်ဝိုက်အတွင်း ကွမ်းအခေါ် အဝေါ်များမှာ ထွက်ရှိသည့် မြို့အမည်များကို အစွဲပြုပြီး အင်းမကွမ်း၊ ဝက်ပုတ်ကွမ်း၊ အောင်လံကွမ်း စသည့် အမည်များဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်ကြပါသည်။ ဆောင်းရာသီတွင် ကွမ်း အထွက်နှုန်းနည်းသည့်အတွက် ကွမ်းဈေးနှုန်းမှာ ကျပ် (၁၂၀၀၀) နှင့် (၂၀၀၀၀) နှုန်းအထိ ဈေးကောင်း ရရှိပြီး ယခုအချိန်မှာ မိုးတွင်းရာသီဖြစ်သည့်အတွက် ကွမ်းဈေးနှုန်းမှာ ကျပ် (၅၀၀၀) မှ (၈၀၀၀) နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေပါကြောင်း သိရှိရပါသည်။ DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း