
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့၊ ကမြောကင်းလမ်းရှိ ထားဝယ်ခရိုင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များအကြောင်း၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးများအပြင် စားသုံးသူတာဝန်များရှိကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့ရွေးချယ်ဝယ်ယူသည့် ကုန်စည်များနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပြီး Consumer Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းများ ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ MSME လုပ်ငန်းရှင်များ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
