Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မဟာအောင်မြေမြို့နယ်၊ သံလျက်မော်အရှေ့ရပ်ကွက်တွင် အိမ်ထောင်စုအလိုက် ဆီစာအုပ်အသစ်များကွင်းဆင်းပြုလုပ်ပေးခြင်း

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးရှိဝန်ထမ်းများမှ မန္တလေးမြို့၊ ခရိုင်/မြို့နယ်အသီးသီးတွင် နေထိုင်လျက်ရှိသည့် ပြည်သူများအတွက် အိမ်ထောင်စုအလိုက် (၁)လလျှင် စားအုန်းဆီ(၂.၅ပိသာ) နှုန်းကို သတ်မှတ် ရည်ညွှန်းစျေးနှုန်းများဖြင့် ဝယ်ယူခွင့်ရရှိနိုင်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနက သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများ၊ မြို့နယ်/ရပ်ကွက်တာဝန်ခံများ၊ မန္တလေးတိုင်းဒေသကြီး ဆီလုပ်ငန်းရှင်များ အသင်းမှ မြို့နယ်အလိုက်တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အတွင်း ဆီရောင်းချခွင့်ရရှိသည့် လက်လီ/လက်ကား ကိုယ်စားလှယ်လုပ်ငန်းရှင်တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ပြည်သူများအတွက် One stop service ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          ၂၅.၈.၂၀၂၆ ရက်နေ့မှစတင်ကာ စားသုံးသူရေးရာဦးစီးဌာန၊ မဟာအောင်မြေမြို့နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်ရွှေနှင့်ဝန်ထမ်းများမှ မဟာအောင်မြေမြို့နယ်၊ သံလျက်မော်အရှေ့ရပ်ကွက် နှင့်ရာအိမ်မှူးများ၊ ဆီအသင်းတာဝန်ခံများနှင့်ဆီလုပ်ငန်းရှင်တို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်(အသစ်) ပြုလုပ်ပေးခြင်း၊ အဟောင်းဆီစာအုပ် လဲလှယ်ခြင်းများကိုဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ အိမ်ထောင်စုများအနေဖြင့် ဆီဝယ်ယူခွင့်ရရှိစေရန်အတွက်လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများဖြစ်သည့် မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ၊ဆက်သွယ်ရန် ဖုန်းနံပါတ်၊ လိပ်စာတို့ လိုအပ်မည်ဖြစ်ကြောင်း၊ ပူးပေါင်း အဖွဲ့မှ ဆီဝယ်ယူခွင့် စာအုပ်များတွင် အိမ်ထောင်စုအလိုက် လိုအပ်သည့်အချက်အလက်များထည့်သွင်း၍ အိမ်ထောင်စုများမှ တင်ပြလာသည့် မှတ်ပုံတင်/အိမ်ထောင်စုမူရင်းများနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ပြည်သူများအနေဖြင့် မိမိတို့ဝယ်ယူရမည့် ဆီဆိုင် အမည်၊ ဖုန်းနံပါတ်၊ ဝယ်ယူရမည့်ရက်စွဲနှင့် ဌာနမှသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ တစ်စုံတစ်ရာကျေနပ်မှုမရှိပါက တိုင်ကြားရမည့် ဖုန်းနံပါတ်တို့ပါဝင်သည့်ဆီဝယ်ယူခွင့် စာအုပ်များ ရရှိမည်ဖြစ်ပါသည်။ မဟာအောင်မြေမြို့နယ်အတွင်း နေထိုင်သည့်ဆီဝယ်ယူခွင့်စာအုပ် မရရှိသေးသည့် ပြည်သူများအတွက် ဆီဝယ်ယူခွင့်စာအုပ်များ ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

DOCA(မန္တလေး)

 

 

 

စစ်ကိုင်းမြို့၊ အောင်သာရပ်ရှိ ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦးနှင့် စစ်ကိုင်းမြို့နယ် တာဝန်ခံသည် “ခရိုင်ဆန်သိုလှောင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများမရှိစေ‌ရေး ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လည်(၁၄း၀၀)နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ အောင်သာရပ် ”ရွှေကြယ်မိသားစု” ဆန်အရောင်းဆိုင်သို့ကွင်းဆင်း၍ ဈေးနှုန်းဈေးကွက် အခြေအနေများ၊ စီးဝင်/ စီးထွက်မှုအခြေအနေများ၊ သယ်ယူခနှုန်းထားများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊  ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူသည် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများရှိပါက အရေးကြီးဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဆန်အိတ် (၅၀၀)နှင့် အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံ မှတ်ပုံတင်ပြုလုပ်ရမည်ဖြစ်ကြောင်း၊ စစ်ကိုင်းမြို့၊ အောင်သာရပ်ရှိ ဆန်အရောင်းဆိုင်ဖြစ်သော ”ရွှေကြယ်မိသားစု” ဆန်ဆိုင်အနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံးဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့သို့ သွားရောက်ဝယ်ယူ၍လည်းကောင်း၊ မိမိတို့ဆိုင်များသို့ အရောက်ပို့၍လည်းကောင်း ဝယ်ယူကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးစွဲမှု အများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များကို အများဆုံးရောင်းချသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုးအစား အလိုက် (၂၄) ပြည်တစ်အိတ် ဈေးနှုန်းများမှာ ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရွှေဘိုပေါ်ဆန်း (၂၃၀၀၀၀)ကျပ်၊ ဧရာမင်း(၁၆၅၀၀၀)ကျပ်၊ မနောသုခ(၁၂၀၀၀၀)ကျပ်များဖြင့် အရောင်းအဝယ်ရှိကြောင်း သယ်ယူခနှုန်းထားများမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၈၀၀၀) ကျပ်မှ   (၁၀၀၀၀) ကျပ်ရှိကြောင်း ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ   လိုသလောက်သာ မှာယူရောင်းချသောကြောင့် ဆန်သိုလှောင်သော ဆန်ဂိုဒေါင်များမရှိပါကြောင်း၊ အရောင်းဆိုင်တွင် ရောင်းအားရှိသလောက် ဝယ်ယူရောင်းချနေကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့ရှိ Online စနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းလိုင်စင်လျှောက်ထားမှုအား မြေပြင်ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်သည့်လုပ်ငန်းများအား ကုန်သွယ်ရေးဦးစီးဌာနမှ ပေးပို့သည့်အချက်အလက်များအပေါ်အခြေခံ၍ Mobile Application အသုံး ပြုလျက် မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများအားပြည်ထောင်စုနယ်မြေ၊တိုင်းဒေသကြီး/ပြည်နယ်များတွင် ၂၀၂၅ ခုနှစ်၊ဇန်နဝါရီလမှစ၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၁၇)ရပ်ကွက်၊နယ်မြေ(၁၁)ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းဖြစ်သော ‘‘Powershowroom’’ အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်မှ မှတ်ပုံတင်လျှောက်ထားမှုအား မြင်းခြံခရိုင် စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုး ဦးဆောင်၍ ဝန်ထမ်းများသည် ၃၀.၈.၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          Mobile Application အသုံးပြု၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းအား စစ်ဆေးရာတွင် မြေပြင်တွင်လုပ်ငန်းအမှန်တကယ်လုပ်ကိုင် ဆောင်ရွက်မှု ရှိခြင်း၊ လုပ်ငန်းတည်နေရာ မှန်ကန်မှုရှိခြင်း၊ လျှောက်ထားသည့်ကုန်စည်များမှန်ကန်မှုရှိခြင်း၊ လိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ၍ ကုန်သွယ်ရေးဦးစီးဌာနမှ ပေးပို့သော အချက်အလက် များနှင့်ကိုက်ညီကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ Online စနစ်ဖြင့် ရောင်းဝယ်မှုများတွင် လိမ်လည်ခြင်းများရှိပြီး စားသုံးသူများထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာဌာနများမှလည်း တရားမဝင်သောရောင်းချမှုများအား အရေးယူ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များမှ သက်ဆိုင်ရာဌာနများတွင် လုပ်ငန်းလိုင်စင်များ လုပ်ဆောင်ပြီး ဥပဒေများနှင့်အညီမှန်ကန်စွာလုပ်ကိုင်ဆောင်ရွက်ကြရန်လိုအပ်ပါသည်။ စားသုံးသူများ အနေဖြင့် Online မှ ဝယ်ယူသုံးစွဲသည့်အခါ ထိခိုက်နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် မိမိဝယ်ယူသုံးစွဲ မည့်ကုန်စည်ရောင်းချသောလုပ်ငန်းသည်   တရားဝင်မှတ်ပုံတင်ထားသည့် လုပ်ငန်းဟုတ်မဟုတ်စိစစ် ၍ မှာယူခြင်း၊ ဝယ်ယူသုံးစွဲခြင်းများသတိပြုဆောင်ရွက်ရန် အသိပညာပေးလုပ်ငန်းများကိုလည်း ဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)  

“ အေးချမ်းသာ” မြေပဲဆီသန့်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်လှလှဝင်း၊ ဒု-ဦးစီးမှူးသည် ၄-၈-၂၀၂၆ ရက်နေ့ နံနက်(၁၂:၀၀)နာရီအချိန်တွင် “အေးချမ်းသာ” အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချသော မြေပဲဆီသန့် လုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲရုံးခန်းအတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။ 

       ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါကုန်ပစ္စည်း ထုပ်ပိုးမှုပေါ် တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအချက်အလက်များအား အကျယ် တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)  

ကန့်ဘလူမြို့နယ်၌ ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားထည့်သွင်းရေး ကွင်းဆင်းဆောင်ရွက်ပေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား (Labeling) ပြည့်စုံစွာ ထည့်သွင်းဖော်ပြ နိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်း၌ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက ဒေသတွင်း ကိတ်မုန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

   စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံး နိုင်ရန်နှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း ဥပဒေနှင့်အညီ စနစ်တကျ ထုတ်လုပ်ရောင်းချနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြရပါမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

    ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်ခြင်းသည် မိမိတို့ထုတ်ကုန်ကို စားသုံးသူများက ပိုမိုယုံကြည်စိတ်ချရုံသာမက ဈေးကွက်အတွင်း ရေရှည်ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ ဈေးကွက် ချဲ့ထွင်နိုင်ခြင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောကြောင့် စူပါမားကတ်များနှင့် အခြားမြို့ကြီး များရှိ အရောင်းဆိုင်ကြီးများသို့ ယုံကြည်စိတ်ချစွာ တင်ပို့ရောင်းချနိုင်ခြင်း၊ အမှတ်တံဆိပ် (Brand) ပုံရိပ်တက်လာခြင်း၊ စနစ်တကျထုပ်ပိုးမှုနှင့် သတင်းအချက်အလက် ပြည့်စုံမှုကြောင့် ရိုးရိုးဒေသ တွင်းထုတ်ကုန်အဆင့်မှ စံချိန်စံညွှန်းမီ ထုတ်ကုန်တစ်ခုအဖြစ် ပြောင်းလဲလာခြင်း၊ လုပ်ငန်းရှင်များ အတွက် စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ အမှတ်(၅) (အ.လ.က) အခြေခံပညာကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမတို့ဖြင့်ပူးပေါင်း၍ ကန့်ဘလူမြို့ အမှတ်(၅)(အ.လ.က)ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍  ကျောင်းအုပ်ဆရာ မကြီးနှင့် ဆရာ/မများပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသည့် မုန့်မျိုးစုံတွင် ကုန် အညွှန်အမှတ်အသားများကို(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ ကြောင်း၊ မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များ၊ သက်ဆိုင် ရာဌာနများ၏ ထောက်ခံချက်ပါရှိသည့်ကုန်စည်များ၊ ပါဝင်ပစ္စည်းနှင့် သက်တမ်းကုန်ဆုံးရက်များ ဖော်ပြထားသည့် မုန့်များကိုသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များပါ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေး ခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)      

မိတ္ထီလာမြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာ ဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများ ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသောကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။

            စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေး(ဦးစီးမှူး) ဦးဆောင်သော ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့ ၊နံနက် (၁၀း၀၀) အချိန်တွင် မိတ္ထီလာ မြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များပေါ်တွင် မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ်မပါ ရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဆရာဝန်ညွှန်မကြားချက်မလိုသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့် တင်ရောင်းချမှုရှိ/မရှိ စသည့်တို့ကို စစ်ဆေးခဲ့ပြီး၊ စပ်ဆေးအသုံးပြုမှုလျော့ပါးစေရေး၊ အစားသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီ၏ ထောက်ခံချက်မရှိသော အရည်အသွေးနှင့်စံချိန်စံညွှန်းစစ်ဆေးမှု ခံယူထားခြင်း မရှိသည့်အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့်ပြစ်မှုပြစ်ဒဏ်များ အကြောင်းစသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ဆေးမျိုးစုံအရောင်းဆိုင် (၈) ဆိုင်အားကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)  

 

မိတ္ထီလာမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးမှူးရုံးအနေဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဦးစီးအရာရှိ ဒေါ်မြို့ရီ နှင့် ဝန်ထမ်းများသည်(၂၀.၈.၂၀၂၆) ရက်နေ့၊ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆန်ဆိုင် ဆိုင်များအား ဆန်လက်ကျန်အခြေအနေ၊ ဆန် သိုလှောင် ထားရှိမှုအခြေအနေ၊ ဆန်ဈေးနှုန်းဈေးကွက်၊ ဈေးနှုန်းကြီးမြှင့်စေရေးနှင့် Myroတွင် ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်နိုင်ရေး ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်ရောင်းချသူလုပ်ငန်းရှင်များကို ဦးစီးအရာရှိမှ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး / ပြည်နယ်များအတွင်းရှိ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိ စေရေးနှင့် ပြည်တွင်းဆန်ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် မြို့နယ်အလိုက် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြာင်း၊  ဆန်ဆိုင်၊ ဆန်ပွဲရုံများ အနေဖြင့် ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် Myroတွင် မှတ်ပုံတင်ထားသော ဆန်ဆိုင်များမှ လစဉ်လဆန်း (၇)ရက် အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ ဖြည့်သွင်းကြရန်နှင့် မှတ်ပုံတင်ခြင်း မရှိသေးသော ဆန်ဆိုင်များ အနေဖြင့် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့) စပါးတန်ချိန် (၂၅၀၀) နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများအနေနှင့် www.myro. com.mm တွင် မှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)  

                                                                                      

မိတ္ထီလာခရိုင်၏ ဩဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်းဆောင်ရွက်နိုင်မှု

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ/ရမည်းသင်း)ခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်း MSME လုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ်စီးပွားရေး လုပ်ငန်းရှင် များနှင့် ကွင်း ဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၆ခုနှစ်၊ ဩဂုတ်လအတွင်း မိတ္ထီလာမြို့နယ် တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေး(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်ရှိ ချန်ပီယံမုန့်လုပ်ငန်း၊ Omgမုန့်လုပ်ငန်း၊ ရွှေပင်ကြီး မုန့်လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများကို ဘေးအန္တရာယ် ကင်းရှင်းပြီးလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန်စသည်တို့ကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီထည့်သွင်း ဖော်ပြနိုင်ရေး ရှင်းလင်း ပြောကြားဆွေးနွေးခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိထားရန် လိုအပ်ကြောင်းနှင့် မိမိတို့ ထုတ်လုပ်သည့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန်စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)  

ချမ်းအေးသာစံမြို့နယ်၊ ဈေးချိုတော်ရှိ လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း Online Sale  စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်း

          မန္တလေးမြို့၊ ဈေးချိုတော်အတွင်းရှိ ရောင်းချနေသော လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း Online Sale မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာနှင့် စပ်လျဉ်း၍ သိကောင်းစရာများ အသိပေးဆွေးနွေးပွဲကို ၂၅-၈-၂၀၂၆ ရက်နေ့နေ့လည်(၁၄:၀၀)နာရီအချိန်က ချမ်းအေးသာစံမြို့နယ်၊ ဈေးချိုတော်အတွင်းရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများဦးဆောင်၍ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲမှ ဦးစီးအရာရှိ ဦးမျိုးထွန်းက ဈေးချိုတော်အတွင်း ရောင်းချလျက်ရှိသော လုပ်ငန်းရှင် များအနေဖြင့် မိမိတို့၏ လုပ်ငန်းများအား အွန်လိုင်းစနစ်ဖြင့်ရောင်းချမည်ဆိုပါက Online Sale မှတ်ပုံတင်လက်မှတ် ရယူကြရန် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင် ရွက်ကြရန်အဖွင့်အမှာစကားပြောကြားခဲ့ပြီးအွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ထားကြောင်း အွန်လိုင်းစနစ်ဖြင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု ရောင်းချသူများ အားလုံးသည် မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

         ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးမှ အွန်လိုင်းမှတ်ပုံတင် လက်မှတ်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားရာတွင် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များအကြောင်း၊ မှတ်ပုံတင်ရန် တာဝန်ရှိသူများကတော့ Social Media၊ Website သို့မဟုတ် Application များမှတစ်ဆင့် အမြတ်အစွန်းအတွက် ပုံမှန်ရောင်းချ နေသည့် တစ်ဦးတည်းပိုင် လုပ်ငန်းငယ်များမှစ၍ ကုမ္ပဏီများအထိ ပါဝင်ကြောင်း၊ ရုံးသို့ လူကိုယ်တိုင် လာရောက်ရန် မလိုဘဲ အသုံးပြု၍ လျှောက်ထားရမည့် Link မှာ https://ecomreg.gov.mm မှ တစ်ဆင့် အလွယ်တကူ လျှောက်ထားနိုင်ကြောင်း၊ ထိုသို့ လျှောက်ထားရာတွင် ကုမ္ပဏီ(သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းလား၊ Individual တစ်ဦးချင်း တစ်နိုင်တစ်ပိုင်ရောင်းချသူသော်လည်းကောင်း အမျိုးအစား ရွေးချယ်လျှောက်ထားဖို့လိုအပ်ကြောင်း၊ ကုမ္ပဏီ(သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်း အတွက်ဆို မဖြစ်မနေပူးတွဲတင်ပြရမည့် အချက်(၁၀)အား အသေးစိတ်ရှင်းလင်းခြင်း၊ Individual တစ်ဦးချင်း တစ်နိုင်တစ်ပိုင်ရောင်းချသူများအတွက်ဆို မဖြစ်မနေပူးတွဲတင်ပြရမည့် အချက်(၆)အား အသေးစိတ် ရှင်းလင်းခြင်းခဲ့ပြီး သက်ဆိုင်ရာလုပ်ငန်းအမျိုးအစားအလိုက် လိုအပ်သည့် အချက်အလက် များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

         ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲမှ ဦးတင်ချစ်ကောင်း၊ ဦးစီးအရာရှိက စားသုံးသူ၏ အခွင့်အရေးများအကြောင်း၊ စားသုံးသူ၏ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့် တာဝန်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆိုင်ရာ အချက်အလက်များနှင့် ကုန်အညွှန်းအမှတ်အသားလျှောက်ထားခြင်းဆိုင်ရာ သိရှိလိုပါက (Call Center 1535 လိုင်းနံပါတ် 3)သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရရှိပါသည်။

DOCA(မန္တလေး)  

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ