Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

     ၇.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးနှင့် ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကျော်တို့သည် မော်လမြိုင်မြို့နယ်၊ ရွှေတောင်ရပ်ကွက် ရှိ “ဝင်းဝင်း (စတိုး)” အမည်ဖြင့် အားကစားပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အခြားသုံး ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများ အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာ တွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်၌ ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်း၍ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

   ၄.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဆေးဝါးများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချဖြန့်ဖြူးနေမှု ရှိ/မရှိ စစ်ဆေးနိုင်ရေးနှင့် စားသုံးသူများအနေဖြင့် အရည်အသွေးပြည့်မီသော ဆေးဝါးများကို လုံခြုံစိတ်ချစွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်း၍ ဆေးဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သထုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ သွားရောက်၍ ဆေးဝါးများ ရောင်းချရာတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်း ရှိ/မရှိ ဆေးဝါးများ၏ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သူနှင့် သက်ဆိုင်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြသည်။

    ထို့အပြင် ဆေးဝါးများကို သတ်မှတ်ထားသည့် အခြေအနေများနှင့်အညီ သိုလှောင်ထားရှိမှု၊ သက်ဆိုင်ရာလိုင်စင်နှင့် မှတ်ပုံတင်အထောက်အထားများ ပြည့်စုံမှု ရှိ၊ မရှိတို့ကိုလည်း စစ်ဆေးခဲ့ပြီး လိုအပ်သည့်အချက်များအား ဆေးဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

DOCA (မွန်)

 

စာဖတ်ပြည်သူများအားစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် စာဖတ်ပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် စားသုံးသူအခွင့်အရေးနှင့် တာဝန်များကို သိရှိနားလည်ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူအသုံးပြုနိုင်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ၁၈-၈-၂၀၂၆ ရက်နေ့၊‌ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
              အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စာဖတ်ပြည်သူ စုစုပေါင်း (၉) ဦးအား စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင်လိုအပ်သော သတင်းအချက်အလက် များကိုပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့်ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်းတို့ကို အသိပညာ ပေးရှင်းလင်းဟောပြောခဲ့သည်။ စားသုံးသူများအနေဖြင့်ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသား၊ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်နှင့် သက်ဆိုင်ရာအချက်အလက်များကို စစ်ဆေးပြီးမှ ဝယ်ယူသုံးစွဲရန်လည်း အသိပေးခဲ့သည်။ထို့အပြင် ကုန်စည် /ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါကသက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင် သည့်နည်းလမ်းများနှင့် Consumer Call Center (1535) သို့ ဆက်သွယ်မေးမြန်းတိုင်ကြား နိုင်ကြောင်းတို့ကိုလည်းရှင်းလင်းအသိပညာပေးခဲ့သည်။ယခုကဲ့သို့ စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးနှင့် တာဝန်များကို သိရှိနားလည်ကာ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာရွေးချယ်ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်းအသိပညာပေးဟောပြောခဲ့သည်ဟုသိရှိရပါသည်။
DOCA(ဧရာဝတီ)

သထုံမြို့မဈေးအတွင်း တရားမဝင်အေးခဲအသားများ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ၄.၉.၂၀၂၆ ရက်နေ့ နံနက် (၀၇:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တရားမဝင်အေးခဲအသားများနှင့် အစားအသောက်များ၌ တားမြစ်ဓာတုဆိုးဆေးများ အသုံးပြု၍ ရောင်းချခြင်း ရှိ/မရှိအား တာဝန်ရှိသူများပူးပေါင်းကာ သထုံမြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သထုံခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဥမ္မာနှင်းနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးတို့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများပူးပေါင်းကာ မြို့မဈေးအတွင်းရှိ အသား၊ ငါး အရောင်းဆိုင် များ၌ တရားမဝင်အေးခဲအသားများ ရောင်းချခြင်း ရှိ/မရှိနှင့် အသား၊ ငါးနှင့် အစား အသောက်ပစ္စည်းများ၌ တားမြစ်ဓာတုဆိုးဆေးများ အသုံးပြုခြင်း ရှိ/မရှိ တို့အား လိုက်လံ စစ်ဆေးကာ လိုအပ်သည်တို့ကို အသိပညာပေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။         

DOCA (မွန်)

ဒေးဒရဲမြို့နယ်၌(၂၇)ကြိမ်မြောက်အဆို၊အက၊အရေး၊အတီးမြို့နယ်အဆင့်ပြိုင်ပွဲကျင်းပ

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကရဝိတ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
        အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်ဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။အခမ်းအနားတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (၂၇)ကြိမ်မြောက်အဆို၊ အက၊အရေး၊အတီးမြို့နယ်အဆင့်ပြိုင်ပွဲကိုဆက်လက်ကျင်းပခဲ့သည်။ပြိုင်ပွဲတွင် အသက်(၁၀)နှစ်မှ (၁၅)နှစ်အဆင့်နှင့် အသက်(၁၅)နှစ်မှ (၂၀)နှစ်အဆင့် အဆိုပြိုင်ပွဲဝင် (၁၁) ဦးနှင့် အသက်(၁၅)နှစ်မှ (၂၀)နှစ်အဆင့် တစ်ဦးချင်း တပင်တိုင်အကပြိုင်ပွဲဝင် (၁) ဦး၊ စုစုပေါင်း ပြိုင်ပွဲဝင် (၁၂) ဦးတို့က သတ်မှတ်ချက်များနှင့်အညီသီဆို၊ကပြ၍ယှဉ်ပြိုင်ခဲ့ကြသည်။ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးကျော်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး
ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက အဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် တပင်တိုင်အကပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

  ဒေးဒရဲမြို့ပေါ်ရှိအလှကုန်ဆိုင်နှင့်ဆေးဆိုင်များအားကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဒေးဒရဲမြို့ မြို့မဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆေးပစ္စည်းအရောင်းဆိုင်များ၊ အလှကုန်ဆိုင်များနှင့် ကုန်စုံဆိုင်များအား ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့သည်။
           အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို မအူပင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သောပူးပေါင်း အဖွဲ့ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ကွင်းဆင်းစစ်ဆေးရာတွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ၊ မရှိ စစ်ဆေးခဲ့ပြီး အလှကုန်ဆိုင်များတွင် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ၊ မရှိကို စစ်ဆေးခဲ့သည်။ ထို့အပြင် ကုန်စုံဆိုင်များတွင် အမှတ်တံဆိပ်မပါသော ကုန်ပစ္စည်းများ၊ သက်တမ်းလွန်ကုန်ပစ္စည်းများနှင့် သတ်မှတ်ထားသော ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှု ရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့သည်။ထိုသို့ စစ်ဆေးခြင်းသည် စားသုံးသူများအနေဖြင့် အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါး၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲနိုင်စေရန်နှင့် စားသုံးသူအခွင့်အရေးများကို ကာကွယ်ပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်များ၏ ဘေးကင်းလုံခြုံရေးသည် ပြည်သူ့ကျန်းမာရေးအတွက် အရေးကြီးသည့်အပြင် သက်ဆိုင်ရာဌာနများကလည်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းအသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရ ပါသည်။
 

DOCA(ဧရာဝတီ)

 

  Cold Worldရေသန့်စက်ရုံသို့ကွင်းဆင်း၍ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် 

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ အမှတ်(၂)ရပ်ကွက် တံတားချဉ်းကပ်လမ်းရှိ Cold World ရေသန့်စက်ရုံသို့ အသေးစား၊ အလတ်စားကုန်ထုတ်လုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၅-၈-၂၀၂၆) ရက်နေ့ နေ့လည် (၁၂:၀၀) နာရီတွင် ကွင်းဆင်းသွားရောက် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
                    ကွင်းဆင်းဆောင်ရွက်ရာတွင် ရေသန့်ထုတ်လုပ်မှုလုပ်ငန်း၏ လုပ်ငန်းလည်ပတ်မှု အခြေအနေ၊ သန့်ရှင်းမှုနှင့် အရည်အသွေးစံချိန်စံညွှန်းလိုက်နာမှု၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ် များနှင့် စားသုံးသူဘေးကင်းလုံခြုံရေးဆိုင်ရာ အခြေအနေများကို လေ့လာစစ်ဆေးခဲ့သည်။ ထို့အပြင် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ ကြုံတွေ့နေရသည့် အခက်အခဲများကိုမေးမြန်းဆွေးနွေးခဲ့ကြသည်။ထို့နောက်  MSME လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန်၊ ထုတ်လုပ်မှုအရည်အသွေးမြှင့်တင်နိုင်ရန်နှင့် စားသုံးသူယုံကြည်မှုရရှိစေရန် သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။Cold World ရေသန့်စက်ရုံကဲ့သို့ ဒေသအခြေပြုကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးလာခြင်းဖြင့်ဒေသတွင်းစီးပွားရေးတိုးတက်မှုကိုအထောက်အကူပြုနိုင်မည်ဖြစ်ပြီးအလုပ်အကိုင်အခွင့် အလမ်း များလည်းပိုမိုရရှိလာစေမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

 DOCA(ဧရာဝတီ)

 ဒေးဒရဲမြို့မဈေးအတွင်းအသင့်စားခေါက်ဆွဲခြောက်များကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော အစားအသောက်များ ဝယ်ယူစားသုံးနိုင်ရေးနှင့် စားသုံးသူအခွင့်အရေးများ ကာကွယ်ပေး နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၂-၈-၂၀၂၆) ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဒေးဒရဲမြို့မဈေးအတွင်းရှိ အသင့်စားခေါက်ဆွဲခြောက် အရောင်းဆိုင် များအားကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
             အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် အသင့်စားခေါက်ဆွဲခြောက်များ၏ ထုတ်လုပ်သည့်ရက်၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သူအမည်နှင့် လိပ်စာ၊ ထုတ်ကုန်အမှတ်အသားနှင့် ထုပ်ပိုးမှု အခြေအနေများနှင့် FDA‌ထောက်ခံချက်အမှတ်များ ရှိ/မရှိကို စစ်ဆေးခဲ့ကြသည်။ ဒေးဒရဲမြို့နယ်အတွင်း စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံ၍ အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 DOCA(ဧရာဝတီ)

ကျေးရွာစားအုန်းဆီကော်မတီဝင်များအား ဆွေးနွေးပြောကြား

           ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက ကျေးရွာရှိ စားအုန်းဆီကော်မတီ အဖွဲ့ဝင် များအား ဆွေးနွေးမှာကြားခဲ့ပါသည်။ အဆိုပါတွေ့ဆုံပြောကြားရာတွင် “ကျုံတာ” ကျေးရွာအုပ်စုရှိ ပြည်သူများသက်သာသော ဈေးနှုန်း ဖြင့် စာအုန်းဆီဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်း ရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသော ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ ရောင်းချနေမှုတို့အား ဓာတ်ပုံမှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး ကျေးရွာရှိ စားသုံးဆီကော်မတီ အဖွဲ့ဝင်များအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်ရှိ Polytechnic တက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

            (၁၃-၈-၂၀၂၆) ရက်နေ့ နေ့လည် (၂:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်ရှိ Polytechnic တက္ကသိုလ်၌ စားသုံးသူ ကာကွယ်ရေးဥပဒေနှင့် စားသုံးသူများ သိရှိထားသင့်သည့် အကြောင်းအရာများကို အသိပညာပေးနိုင်ရန် မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

             အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားများကို စနစ်တကျဖတ်ရှုစစ်ဆေး၍ အရည်အသွေးပြည့်မီပြီး ဘေးကင်းလုံခြုံသည့် ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူသုံးစွဲရန် လိုအပ်ချက်များကို မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက ရှင်းလင်းဟောပြောခဲ့သည်။ ထို့အပြင် စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ဌာနများထံ တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် စားသုံးသူရေးရာ Call Center (1535) သို့ ဆက်သွယ်မေးမြန်း၊ တိုင်ကြား နိုင်ကြောင်းကိုလည်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၇၅) ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ