
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာ ဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများ ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသောကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သော်လည်းကောင်း စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေး(ဦးစီးမှူး) ဦးဆောင်သော ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့ ၊နံနက် (၁၀း၀၀) အချိန်တွင် မိတ္ထီလာ မြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များပေါ်တွင် မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ်မပါ ရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဆရာဝန်ညွှန်မကြားချက်မလိုသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့် တင်ရောင်းချမှုရှိ/မရှိ စသည့်တို့ကို စစ်ဆေးခဲ့ပြီး၊ စပ်ဆေးအသုံးပြုမှုလျော့ပါးစေရေး၊ အစားသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီ၏ ထောက်ခံချက်မရှိသော အရည်အသွေးနှင့်စံချိန်စံညွှန်းစစ်ဆေးမှု ခံယူထားခြင်း မရှိသည့်အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့်ပြစ်မှုပြစ်ဒဏ်များ အကြောင်းစသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ဆေးမျိုးစုံအရောင်းဆိုင် (၈) ဆိုင်အားကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
