Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့တွင် စားအုန်းဆီလက်လီအရောင်းဆိုင်များအား ပူးပေါင်းကွင်းဆင်းစစ်ဆေး

         (၁၅-၈-၂၀၂၆) ရက်နေ့ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ စားအုန်းဆီလက်လီအရောင်း ဆိုင်များအား သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အဆိုပါ ကွင်းဆင်းစိစစ်မှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားအုန်းဆီအသင်းတို့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

      ကွင်းဆင်းစိစစ်ရာတွင် နေ့စဉ်ခွဲတမ်းအရ ရရှိသည့် စားအုန်းဆီများကို စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့် စနစ်တကျ ရောင်းချပြီး အရောင်းစာရင်းများကို မှန်ကန်စွာ ရေးသွင်းမှတ်တမ်းတင်ထားရှိရန် ဆိုင်ရှင်များအား အသိပေး ပြောကြား ခဲ့သည်။

         ထို့အပြင် ဈေးကွက်အတွင်းမှ ပြင်ပစားအုန်းဆီများကို ဝယ်ယူသိုလှောင်၍ ပြန်လည်ရောင်းချ ခြင်းများ မပြု လုပ်ရန်နှင့် စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့် ပြည်သူများကို သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းအတိုင်း ၁ပိဿာ ၅၀ကျပ်သားဖြင့် ရောင်းချရန် လမ်းညွှန်မှာကြားခဲ့သည်။

          စားအုန်းဆီရောင်းချရာတွင် စားသုံးသူများ သိရှိနိုင်စေရန် ရည်ညွှန်းဈေးနှုန်းအား ဗီနိုင်းဆိုင်းဘုတ်ဖြင့် ထင်ရှားစွာ ချိတ်ဆွဲဖော်ပြထားရန်၊ သတ်မှတ်ပမာဏအတိုင်း ချိန်တွယ်မှုမှန်ကန်စွာဖြင့် ရောင်းချရန် နှင့် စားသုံးသူများအပေါ် မျှတစွာ ဝန်ဆောင်မှုပေးရန်တို့ကိုလည်း အသိပေးပြောကြားခဲ့သည်။

         စားအုန်းဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများ စနစ်တကျဖြစ်စေရေးနှင့် စားသုံးသူများ သတ်မှတ်ဈေးနှုန်း၊ သတ်မှတ် ပမာဏအတိုင်း စားအုန်းဆီများ ဝယ်ယူရရှိနိုင်ရေးအတွက် ဓနုဖြူမြို့နယ်အတွင်း သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဆက်လက်စောင့်ကြည့်စိစစ် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၁၇၉ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

 

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ 1၇ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇,၁၇၉ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ က အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

စစ်ကိုင်းခရိုင်၏ ဩဂုတ်လအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း  ဆောင်ရွက်နိုင်မှုအခြေအနေ

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

          ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦး ဆောင်ကာ မိတ်ဖက်ဌာနများ နှင့်ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သောကုန်စည် များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏           ဘေးအန္တရာယ်ရှိ/မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှု ရှိ/ မရှိ စစ်ဆေးခြင်းကို စစ်ကိုင်းခရိုင်အနေဖြင့် စစ်ကိုင်းမြို့ပေါ်ရှိ ဆီနှင့် ကုန်မျိုးစုံဆိုင်၊  စတိုးဆိုင် (၅)ဆိုင်၊ ဆေးအရောင်းဆိုင်(၂)ဆိုင်၊ ကျောင်းမုန့်ဈေးဆိုင်(၁၂) ဆိုင်တို့ကို စစ်ဆေးခဲ့ပြီး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို  (၅)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာ ဌာနများမှ စားသုံးရန်မသင့် ထုတ်ပြန်ထားသည့် ကုန်စည်များကို ရောင်းချခြင်းမပြုရေး သတိထား ဆောင်ရွက်ကြရန်နှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍  အသိပညာပေးခဲ့ ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာနသည် ဒေသတွင်းစားသုံးဆီများဖူလုံစေရေး ဆောင်ရွက် လျက်ရှိပြီး နိုင်ငံတော်မှ စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးနှုန်းများချမှတ်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊  (၂) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဌာနတို့ဖြင့်ပူးပေါင်း၍ မုံရွာမြို့၊ အလယ်ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်၍ စားအုန်းဆီများ သတ်မှတ် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုံရွာမြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင် များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနိုင်းများကပ်၍ ရောင်းချနေကြောင်းသိရှိရပြီး လက်ကား ကိုယ်စားလှယ်များထံမှရရှိကြောင်း၊ မုံရွာမြို့တွင်သယ်ယူပို့ဆောင်စရိတ်နှင့် ၂ ရာခိုင်နှုန်းပေါင်း၍ ရောင်းချကြောင်းသိရှိရပြီး ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့်ရောင်းချရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမဖြစ်ပေါ်စေရေး၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစာရန်ရည်ရွယ်၍ သို့လှောင်ခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူခံရ နိုင်‌ကြောင်း  အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်တွင် အောင်အမှတ်တံဆိပ် ပဲစိမ်းကြော်ဖိုအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး

 

( ၅.၉.၂၀၂၆ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ကုန်စည်ထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်၍ ဈေးကွက် မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြနိုင်စေရေးအတွက် လအလိုက် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

ထိုသို့ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက် သွားစေရေး တို့အား ရည်ရွယ်၍ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းကို အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနတို့  ပူးပေါင်း၍ " အောင် " အမှတ်တံဆိပ်ဖြင့် ထုတ်ုလုပ်ရောင်းချသည့် ပဲစိမ်းကြော် လုပ်ငန်းအား ကုန်အညွန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော်လည်း စားသုံးသူ ကာကွယ်ရေး ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) သည် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး မိမိတို့ရောင်းချသည့် ကုန်စည်များအား စားသုံးသူများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်စေရန်အတွက် အသိပညာပေး‌ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်း အသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် ၂၀၂၆ ခုနှစ် ဩဂုတ် လ ၁၄ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် လမ်းမတော်(မ)ရပ်ကွက်ရှိ ဇလွန်မြို့မဈေး တာဝန်ခံ ရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်း အသိပညာ ပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက  ၂၀၁၅ခုနှစ် စားသုံးသူကာကွယ် ရေး ဥပ‌ဒေပါ အခန်း ၁၀ ပုဒ်မ ၂၁။တွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအား ပထမဦးစွာရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်အညီ လိုက်နာဆောင်ရွက်ရန်အချက်များ၊ လုပ်ငန်းရှင် များအနေ ဖြင့် သက်ဆိုင်ရာဌာန၏ထောက်ခံချက်ရရှိပြီးသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ထုတ်လုပ် ရောင်းချရန်နှင့် စားအုန်းဆီများသိုလှောင်ဖြန့်ဖြူးမှုရောင်းချမှုနှင့်ပတ်သက်၍လည်း ဒေသအရောက် ဈေးနှုန်းများ အပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်ခစရိတ်အပြင် သတ်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချရမည် ဖြစ်ကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်ခြင်း ခံရမည် ဖြစ်ကြောင်း စသည်တို့ကို အသိပညာ ပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ၊မရှိ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၃-၈-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၀၀)အချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ်၊ထူးကြီးမြို့ ဇေတဝန်လမ်းနှင့်စည်ပင်ဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင်ရောင်းချ လျက်ရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်များပေါ်တွင် ကုန်အညွှန်းအမှတ်အားဖော်ပြခြင်းရှိ၊ မရှိ နှင့် သက်ဆိုင်ရာဌာနထောက်ခံချက်များ ဖော်ပြမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကို လိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသောညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များအကြောင်း၊တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ အရောင်းဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ဆီဖြန့်ဖြူးမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၁၄-၈-၂၀၂၆ ရက် နေ့ နံနက်(၁၁:၀၀)နာရီ ဟင်္သာတမြို့၊ လယ်တော်ကျေးရွာရှိ ဆီအသင်းရုံး၌ ဟင်္သာတမြို့နယ်ရှိ ကျေးရွာအုပ်စု (၂၂)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ကုန်မျိုးစုံအရောင်းဆိုင် လုပ်ငန်းရှင်များနှင့်တွေဆုံ ၍ ပြည်သူများသို့ ဆီဖြန့်ဖြူး ရောင်းချသည့် စည်းကမ်းသတ်မှတ် ချက်များ၊ ပြည်သူလက်ဝယ် ရောက်ရှိနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် လုပ်ငန်းရှင်များမှ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်ကုန်အညွှန်း အမှတ်အသား ဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ   လိုက်နာရမည့်  တာဝန် များနှင့် စားသုံးသူများအသုံးပြုမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများဘေးအန္တရာယ်  ကင်းရှင်း ပြီး လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ဆွေးနွေးခြင်း၊ စားသုံးသူပြည်သူများသို့ စားအုန်းဆီများ လက်လီ၊လက်ကား  ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့် ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံမှုအားကောင်းစေရေး၊သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့်အရည်အသွေး၊ အလေးချိန်  ပြည့်ဝစွာ  ပြည်သူများသို့ဖြန့်ဖြူးရောင်းချစေရေးတို့ကို ဟောပြောဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်(၄၅)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

 

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည် သို့မ ဟုတ် ဝန်ဆောင်မှုကို ရောင်းဝယ်မှုပြုလုပ်ရာတွင် လိုက်နာရမည့်အချက်များ အသိပညာပေး Talk Show ဆောင်ရွက်ခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်တာဝန်ခံသည်(၁၃-၈-၂၀၂၆)ရက်နေ့ နေ့လည်(၁၃:၃၀)အချိန်တွင် အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌   စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ် ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းဝယ်မှုပြုလုပ်ရာတွင် စားသုံးသူအားလိမ်လည်လှည့်ဖြားခြင်း၊ ထင်ယောင်ထင်မှား ဖြစ်စေသော နည်းလမ်းများဖြင့် ရောင်းချမရှိစေရေးနှင့် ကျုးလွန်ကြောင်းပြစ်မှု ထင်ရှားပါက  သက်ဆိုင်ရာ ဦးစီးမှူးရုံးမှ ချမှတ်နိုင်သည့် အမိန့်များကို အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်ထွန်းက ပထမဦးစွာ စားသုံးသူကာ ကွယ်ရေး ဥပဒေပါ ပုဒ်မ ၂၁ အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ယင်းပုဒ်မ ၂၁ အရ တာဝန်များ လိုက်နာရန်ပျက်ကွက်ကြောင်း သို့မဟုတ် ပုဒ်မ ၂၄၊၂၅ နှင့် ၂၇ ပါ စားသုံးသူက တောင်းဆိုနိုင်သော အခွင့်အရေးများကို ပေးအပ်ရန်ပျက်ကွက်ကြောင်း စစ်ဆေးရေး အရာရှိမှ စစ်ဆေး တွေ့ရှိလျှင် မည်သည့်စီးပွားရေးလုပ်ငန်းရှင်ကိုမဆို သက်ဆိုင်ရာဦးစီးမှူးရုံးမှ သတိပေးခြင်း၊ ပြန်လည် ပြင်ဆင်ပေးစေခြင်း၊ အစားထိုးပေးစေခြင်းနှင့် ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်း စသည့် အမိန့်တစ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင် ကြောင်း၊ စားသုံးသူထင်ယောင်ထင်မှား ဖြစ်စေသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ပြုပြင် ပြောင်းလဲခြင်း၊ သတ်မှတ်ရက်စွဲကျော် လွန်သော ကုန်စည်များ၊ စားသုံးရန်မသင့်သောကုန်စည်များ ရောင်းချသည်ဟု ကျုးလွန်ကြောင်း ပြစ်မှု ထင်ရှားပါက  ခြောက်လထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း စသည့်တို့ကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့်ဆန်သိုလှောင်မှုအခြေအနေများအားကွင်းဆင်းစစ်ဆေးခြင်း

                စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်တာဝန်ခံသည်  ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ကွင်းကောက်ဒေသရှိ မြို့ပေါ်ရပ်ကွက်တွင် ရောင်းချလျက်ရှိသောဆန်လက်လီ ၊လက်ကား ရောင်းချသည့်ဆိုင်များအား  ဆန်ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေးနှင့် ဆန်သိုလှောင်မှုအခြေအနေများကို  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

                   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ဖြန့်ဖြူး ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေး ယူခံရမည်ဖြစ်ကြောင်း၊  ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များအား အသိပေးပြော ကြားခဲ့ကြောင်း၊  ထို့နောက် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေ အနေတို့အား စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ဆန်တန်ချိန် ၂၅ သို့မဟုတ် စပါးတင်း  ၂၅၀၀နှင့် အထက်  သိုလှောင်ရုံပိုင်ဆိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် Myanmar Rice Online(My-Ro)- www.myro.com.mmတွင် မဖြစ် မနေ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လစဉ်ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများ ဖြည့်သွင်းပေးနိုင်ရေးအသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ