Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ၂၀၂၆ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

      ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ က စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်(သို့) ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲသည့်အခါ ကုန်အညွှန်းအမှတ်အသားများ၏ အရေးပါပုံများကို ပြည်သူများသိရှိစေရန်ရည်ရွယ်၍ ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က စားသုံးသူပြည်သူများအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲ သည့်အခါ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းနှင့် စပ်လျဉ်းသည့်အကြောင်းအရာများ၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်ရရန်အထူးလိုအပ်ကြောင်း၊ မိမိတို့ဝယ်ယူသုံးစွဲသည့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် ပတ်သက်၍ သိသင့်သော သတင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံသိရှိမှ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ် အသားနှင့်စပ်လျဉ်း၍ လိုက်နာရန် ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော စားသုံးသူကာကွယ်ရေး ဥပဒေများကို ရှင်းလင်းဆွေးနွေးခြင်းနှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ အခက်အခဲများရှိပါက စားသုံးသူရေးရာ ဦးစီးဌာန၏ မြို့နယ်တာဝန်ခံများရုံးသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

 

 

 

 

ဒေသတွင်းထုတ်ကုန်လုံခြုံစိတ်ချရရေး နွယ်နွယ်လွင် ငှက်ပျောကြော်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ဒေသတွင်းစားသောက်ကုန်များ ဘေးကင်း လုံခြုံရေး၊ သန့်ရှင်းမှုရှိစေရေးနှင့် ကုန်အမှတ်တံဆိပ်ပါ အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိစေရန်အတွက် ဒေသထွက် ငှက်ပျောကြော်လုပ်ငန်းများကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ၂၀၂၆ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀၃၀အချိန်က  ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင်(ဒုဦးစီးမှူး)က ဒေသတွင်းထုတ်ကုန်ဖြစ်သည့် ငှက်ပျောကြော်ထုတ်လုပ်ရာ၌ အသုံးပြုသည့် ကုန်ကြမ်းများ၏ အရည်အသွေး၊ သန့်ရှင်းမှုနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ် များကို လေ့လာစစ်ဆေးခဲ့ပြီး ထုတ်ကုန်များကို သန့်ရှင်းစနစ်တကျ ထုတ်လုပ်၊ ထုပ်ပိုး၊ သိုလှောင်ထားရှိမှု ရှိ/မရှိတို့ကို စစ်ဆေးခြင်း၊ ထို့အပြင် ထုတ်ကုန်ထုပ်ပိုးမှုများပေါ်တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံမှု ရှိ/မရှိ၊ ထုတ်လုပ်သည့်နေ့စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းများနှင့် သက်ဆိုင်ရာအချက် အလက်များကို စားသုံးသူများ သိရှိနိုင်အောင် ဖော်ပြထားမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

        စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်းလိုက်နာ ဆောင်ရွက် ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ် များအကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာရှိ သိဒ္ဓိစံ ဆန်စက်အား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာရှိ ဦးမောင်ဝင်း၏  သိဒ္ဓိစံ ဆန်စက်လုပ်ငန်း သို့ ဆန်ထုတ်ကုန်များ အရည်အသွေးပြည့်မီ၍ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဒေသတွင်း ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် (၂၀-၈-၂၀၂၆) ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

  ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုး ဦးစီးအရာရှိက ဆန်စက်လုပ်ငန်း၏ စပါးဝယ်ယူသိုလှောင်မှုမှစ၍ ကြိတ်ခွဲထုတ်လုပ်ခြင်း၊ ဆန်သန့်စင်ခြင်း၊ ထုပ်ပိုးသိုလှောင်ခြင်းနှင့် ဖြန့်ဖြူးရောင်းချ ခြင်းအဆင့်များကို လေ့လာစစ်ဆေးခဲ့သည်။ ထို့အပြင် ထုတ်လုပ်သည့် ဆန်များ၏ အရည်အသွေး၊ သန့်ရှင်းမှုနှင့် စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းစဉ်များကို စိစစ်ခဲ့ကြောင်း သိရသည်။ တာဝန်ရှိသူများက ဆန်စက်လုပ်ငန်းရှင်အား ထုတ်လုပ်မှုအဆင့်တိုင်းတွင် သန့်ရှင်းရေးကို အလေးထားဆောင်ရွက်ရန်၊ ထုတ်ကုန်အရည် အသွေး မကျဆင်းစေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်သည့် ဆန်ထုတ်ကုန် များ ထုတ်လုပ်နိုင်ရေးအတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် အသိပညာပေး လမ်းညွှန်ခဲ့သည်။

         ထို့အပြင် ဒေသတွင်း ဆန်စက်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေး၊ စပါးမှ ဆန်အဖြစ် ကြိတ်ခွဲ ထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်သည့် ဆန်ထုတ်ကုန်များ ရရှိစေရေးနှင့် စားသုံးသူများအနေဖြင့် လုံခြုံစိတ်ချရသော ထုတ်ကုန်များ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးခြင်းနှင့် လိုအပ်သည့် အသိပညာပေးလမ်းညွှန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

 

 

ကျောင်းကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများတွင် အသိပညာရေးဟောပြောခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုဝန်ထမ်းတို့သည် မြို့နယ် ပြန်/ဆက်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် မြို့နယ်ကျန်းမာရေး၊ မြို့နယ်ပညာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့နှင့်ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အထက တံခွန်တိုင် အခြေခံ ပညာကျောင်းတွင် အသိပညာပေးဟောပြောခဲ့ပါသည်။

                 အဆိုပါဟောပြောမှုတွင် မြို့နယ်တာဝန်ခံဦးတင်ကိုသည် ကျောင်းတွင်းနှင့် ကျောင်းပြင်ပတွင် ရောင်းချနေသော ဈေးဆိုင်များတွင် ကုန်ပစ္စည်းများ ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိမရှိ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ မြန်မာဘာသာစကားဖြင့် ဖော်ပြထားသော ကုန်ပစ္စည်းများကို ဝယ်ယူကြရန်နှင့် ကုန်ညွှန်းအမှတ်အသား ပြည့်စုံခြင်းမရှိသော ကုန်ပစ္စည်းများကို အသုံးမပြုကြရန်၊ ရွေးချယ်ဝယ်ယူသုံးစွဲသည့် အခါတွင်လည်း အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ် အသား များပြည့်စုံသော ကုန်ပစ္စည်းများကိုသာ အရွေးချယ်ဝယ်ယူသင့်ကြောင်းနှင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းမရှိသော မုန့်များသာမက အခြား စားသောက်ကုန်များ တွင်လည်း ကုန်ညွှန်းအမှတ် အသားပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲသင့် ကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဟင်းအိုးချောင်းကျေးရွာနှင့် ရေငံ၊သရက်ကုန်းကျေးရွာတို့တွင် စားအုန်းဆီရောင်းချနေသော ဇနကဆီဆိုင်အား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၇.၈.၂၀၂၆)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ငပုတောမြို့နယ်  ဟင်းအိုးချောင်းကျေးရွာနှင့် ရေငံ၊သရက်ကုန်းကျေးရွာတို့တွင် စားအုန်းဆီရောင်းချ နေသော ဇနကဆီဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချပေးနေခြင်း ဗွီနိုင်းချိတ်ဆွဲထားခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနရှိ မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီ ရောင်းချနေသော ဇနကဆီဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချနေခြင်း၊ ဗွီနိုင်းချိတ်ဆွဲ ထားရှိခြင်း ရှိ/မရှိ၊ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချရန်၊ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊ အလေးချိန်ပြည့်ဝ မှန်ကန်စွာရောင်းချရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ဈေးနှုန်းနှင့် ရောင်းချသည့် ပိဿာချိန် အရေအတွက်အား ဗွီနိုင်းဖြင့် အများပြည်သူမြင်သာအောင် ချိတ်ဆွဲရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး ဇနကဆီဆိုင်ပိုင်ရှင်အား စားအုန်းဆီ လက်လီ/လက္ကားရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်အနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းဇနကဆီဆိုင်ပိုင်ရှင်အားရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ DOCA(ဧရာဝတီ)

 

အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်း

 

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ)ဦးဆောင်၍ (၁၀.၉.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်း အုပ်စု၊ လေသာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမစုစုပေါင်း (၁၁၅)ဦး တက်ရောက် ခဲ့ပါသည်။

          အဆိုပါအသိပညာ‌ပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် အွန်လိုင်း ရောင်းချခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်ပစ္စည်းများတွင် ဖော်ပြပါရှိရမည့်  ကုန်အညွှန်း အမှတ်အသားများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်း  စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                   DOCA(ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

 

          စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/မရှိ တို့ကို (၁၁.၉.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ညောင်လူးကျေးရွာအုပ်စု၊ ညောင်လူးကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိခရိုင်ရှိ “A&Z Clothes Wholesale” အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်း များ လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

                                                                                                                                                                                                             DOCA(ပြည်ထောင်စုနယ်မြေ)

အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၁၀-၉-၂၀၂၆ ရက်နေ့ (၁၃:၀၀)နာရီ အချိန်တွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ စားသုံးသူများအား အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပာယ် ဖွင့်ဆိုချက်အကြောင်း၊ ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)ပါ စားသုံးသူ၏ အခွင့်အရေးများအကြောင်း၊ ဥပဒေ အခန်း(၉)ပုဒ်မ(၂၀)ပါ   စားသုံးသူ၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း သည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေ ခြင်း၊ ၊စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်း များဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက် နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့်ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသော  စားသုံးသူများအား Consumer Call Center 1535 သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့်နည်းလမ်းများအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူရာတွင် သတိထားဝယ်ယူသင့်သည့် အချက်များအကြောင်း၊ Digital ငွေကြေးဝန်ဆောင်မှု ရယူအသုံးပြုရာတွင် စားသုံးသူများ၏ ပုဂ္ဂိုလ် ရေးဆိုင်ရာ အချက်များကို လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဆောင်ရန်ရှောင်ရန်များအကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ  အသိပညာများအကြောင်းတို့အား အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ညောင်တုန်းမြို့နယ် ရွှေသောင်စုကျေးရွာ အထက်တန်းကျောင်းတွင် ကျောင်းမုန့်ဈေးတန်း ကွင်းဆင်းစစ်ဆေး

     (၁၉-၈-၂၀၂၆) ရက်နေ့ နံနက် (၁၂:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ရွှေသောင်စုကျေးရွာအုပ်စုရှိ အထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်း၍ သန့်ရှင်းလတ်ဆတ်သော အစား အသောက်များ စားသုံးနိုင်ရေးအတွက် ကျောင်းမုန့်ဈေးတန်း ကွင်းဆင်းစိစစ်ခြင်း ကို ညောင်တုန်းမြို့နယ် စားသုံးသူရေး ရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်နှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသည့် မုန့်နှင့် အစားအသောက်များ၏ **သန့်ရှင်းလတ်ဆတ်မှု၊ အရည်အသွေးပြည့်မီမှု၊ ထုပ်ပိုးမှုနှင့် သက်တမ်းကုန်ဆုံးရက်**များကို စစ်ဆေးခဲ့သည်။ ထို့အပြင် ကျောင်းသားကျောင်းသူများအတွက် ကျန်းမာရေးနှင့် မသင့်လျော်နိုင်သည့် အစားအသောက်များ ရောင်းချမှုရှိ/ မရှိကိုလည်း စိစစ်ခဲ့ကြောင်း သိရသည်။ တာဝန်ရှိသူများက မုန့်ဈေးတန်းရောင်းချသူများအား အစားအသောက်များကို သန့်ရှင်းစနစ်တကျ ပြင်ဆင်၊ ထုပ်ပိုး၊ သိုလှောင်ရောင်းချရန်၊ သက်တမ်းလွန် အစားအသောက်များ မရောင်းချရန်နှင့် ဝမ်းပျက်ဝမ်းလျောစေမည့် အစားအသောက်များကို မရောင်းချရန်၊  ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေးကို ထိခိုက်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန် အသိပညာပေးလမ်းညွှန်ခဲ့ကြောင်း သိရသည်။ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကိုက်ညီမှုရှိမရှိနှင့် ကျောင်းမုန့်စျေးတန်းများတွင် ရောင်းချနေသည့် မုန့်များတွင် FDA ခွင့်ပြုချက် ရှိ/မရှိ၊ ရက်လွန်မုန့် များရောင်းချခြင်း၊ မသန့်ရှင်းသောပစ္စည်း၊ ဓာတုဆိုးဆေးနှင့် ယင်နားစာများ စနစ်တကျထားသို ရောင်းချခြင်းရှိ/ မရှိ၊မုန့်များကို ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးခြင်း၊ တားမြစ်ကုန်စည်များရောင်းချမှု ရှိ/ မရှိ စစ်ဆေးခြင်း၊  လိုအပ်သည့် အသိပညာပေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် မဲဇလီအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန (DOCA) မှ ဦးဆောင်၍ ပြည်သူများ၊ ကျောင်းသားကျောင်းသူများနှင့် လုပ်ငန်းရှင်များအတွက် စားသုံးသူအခွင့် အရေးနှင့် တာဝန်များ၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်ချေများကို ကျောင်းများ၊ ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲများကို မြို့နယ်အသီးသီး၌ ပုံမှန်ကျင်းပပြုလုပ်ပေးလျက်ရှိသည်။

      (၁၈-၈-၂၀၂၆) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် မဲဇလီဒလ ကျေးရွာအုပ်စုရှိ မဲဇလီအထက်တန်းကျောင်း၌ လူငယ်များအနေဖြင့် ဗဟုသုတနှင့် အသိပညာများ ပိုမိုရရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        အဆိုပါ လူငယ်စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်၍ လူငယ်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ် တာဝန်ခံ ‌ဒေါ်ချိူမီဇင် ကအသိပညာပေးဟောပြောရာစားသုံးသူရေးရာဦးစီး ဌာန ပေါ်ပေါက်လာ ပုံ အဆင့်ဆင့်အကြောင်း၊ ကမ္ဘာ့စားသုံသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊        စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ် ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူအကာကွယ်ပေးရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသော ကုန်စည်များတွင် အမျိုးအမည်၊ အရွယ်အစား အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေချက်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ စသည့် အချက်အလက်များ ပြည့်စုံစွာ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူ စားသောက် အသုံးပြုတတ်ရန်တို့ကိုရှင်းလင်းပြီး ထို့ အပြင် စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက သက်ဆိုင်ရာဌာနများထံ တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာ Call Center (1535) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်း အသိပညာပေး ပြောကြားခဲ့သည်။

         အဆိုပါ လူငယ်စကားဝိုင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ (၅၁၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ