Main menu

ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

အစားအသောက်မှာယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

       ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုမှတစ်ဆင့် Junction City တွင် ဖွင့်လှစ်ထားသော Black Canyon ဆိုင်မှ ငွေကျပ် ၂၅,၁၅၅/- တန်ဖိုးရှိ Spicy Pan Fried Spaghetti တစ်ပွဲ အား CB Bank  မှတဆင့် ငွေပေးချေ၍ မှာယူခဲ့ရာ Rider မှ Order အား လာရောက်ပို့ဆောင်ပေးခြင်း မရှိသည့်အပြင် Order တန်ဖိုးငွေအား ပြန်လည်အမ်းပေးခြင်း မရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြား ခံရသည့် အစားအသောက်ပို့ဆောင်ရေးကုမ္ပဏီမှ တာဝန်ရှိသူများထံ ဆက်သွယ်ဆောင်ရွက်ခဲ့မှု အပေါ် တိုင်ကြားခံရသည့်ကုမ္ပဏီမှ တိုင်ကြားသူသည် အစားအသောက်မှာယူရာ၌ ယခုကဲ့သို့ အဆင် မပြေမှုကြုံတွေ့ရခြင်းအပေါ် စိတ်မကောင်းဖြစ်ရပါကြောင်း၊ တိုင်ကြားသူအား ရုံးဘက်မှ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ပြီး ကြုံတွေ့ခဲ့ရသော အဆင်မပြေမှုများအတွက် သေချာစွာတောင်းပန်စကား ပြောကြားခဲ့ပါကြောင်း၊ ထို့အပြင် အော်ဒါမရောက်ရှိဘဲ ဘဏ်ကဒ်မှ ငွေဖြတ်တောက်သွားခြင်းအပေါ် Refund Process ကိုလည်း ဆောင်ရွက်ပြီးဖြစ်သလို ဝန်ဆောင်မှုအသုံးပြုစဉ် အဆင်မပြေမှုများ ဖြစ်ပွားခဲ့သည့်အတွက် နောက်တစ်ကြိမ်မှာယူသည့်အခါ ကျေနပ်မှုရှိစေရန် Food Code ကိုလည်း ထည့်သွင်းပေးထားပြီးဖြစ်ပါကြောင်း အကြောင်းပြန်ကြားလာသဖြင့် ဌာနမှတာဝန်ရှိသူများသည် တိုင်ကြားသူထံ ဆက်သွယ်မေးမြန်းခဲ့ရာ အစားအသောက်ပို့ဆောင်ရေးကုမ္ပဏီမှ  ဆောင်ရွက်ပေးမှု အပေါ် ကျေနပ်မှုရှိပါကြောင်းနှင့် တိုင်ကြားမှုအား ပိတ်သိမ်းလိုကြောင်း ပြောကြားလာသဖြင့်  တိုင် ကြားမှုအား ၈-၅-၂၀၂၆ ရက်နေ့တွင် ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

ပို့ဆောင်ရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

     ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် ပို့ဆောင်ရေးဝန် ဆောင်မှုလုပ်ငန်းတစ်ခုဖြင့် စွန်ရစ်ဘီး ပေးပို့ခဲ့ရာ ရောက်ရှိချိန်တွင် ကျိုးပဲ့လာမှုအပေါ် တာဝန်ယူ ဆောင်ရွက် ပေးခြင်းမရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများသည် တိုင် ကြားခံရသည့် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသို့ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခဲ့ရာ  ပို့ဆောင်ရေးဝန် ဆောင်မှုလုပ်ငန်းအနေဖြင့် ပါဆယ်နှင့်ပတ်သက်သောအခြေအနေအား ဖြေရှင်းရာတွင် ပါဆယ် ပစ္စည်းစတင်ပို့ဆောင်သော ပေးပို့သူနှင့်သာ အဆင်ပြေအောင် ဆက်လက်ဖြေရှင်းသွားမည် ဖြစ် သဖြင့် ပေးပို့သူအား ဆက်သွယ်၍ ပေးပို့ပါဆယ် ပစ္စည်းနှင့်ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ကျိုးပဲ့သွားသော စွန်ရစ်ဘီးအား ပြင်ဆင်ရန်အတွက် ငွေကျပ် ၆၀,၀၀ဝိ/-ဖြင့် သဘောတူညီသဖြင့် ၁၀-၄-၂၀၂၆ ရက်နေ့တွင် တိုင်ကြားသူထံသို့ ငွေသား ပေးလျော်ခဲ့ပြီး ဖြစ်ပါကြောင်းပေးလျော်ခဲ့သည့် အထောက်အထားများနှင့်တကွ အကြောင်းပြန်ကြားလာသဖြင့် တိုင်ကြားမှုအား ၄-၅-၂၀၂၆ ရက်နေ့ တွင် ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

 

ဟိုတယ်ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ တိုင် ကြားသူတစ်ဦးသည် ပုဂံမြို့ရှိ ဟိုတယ်တစ်ခုသို့ လူအယောက် (၃၀) တည်းခိုခဲ့ရာ ရေကူးကန်ဘေးရှိ ဘန်ဂလိုများတွင် တည်း ခိုခဲ့ရာ အခန်းများမှာ ဘုတ်ပြားများဖြင့် ဆောက်ထားပြီး တစ် ဖက်ခန်းမှ လမ်းလျှောက်လျှင် လှုပ်နေခြင်း၊ စကားပြောသံ၊ အိမ်သာရေချသံများမှာ အတိုင်းသားကြားနေရခြင်း၊ ဟိုတယ်ဟု ဆိုင်းဘုတ်တင်ထား သော်လည်း တည်းခိုခန်းသာသာ Quality စံချိန်မမီသောကြောင့် ပေးရသည့် တန်ဖိုးနှင့် ဝန်ဆောင်မှု မကိုက်ညီခြင်းအပေါ် ငွေကြေးပေးချေရခြင်းများသည် စားသုံးသူအပေါ် မျှတမှုမရှိသဖြင့် ဟိုတယ်သို့ (၂) ရက်တည်းခိုမည့် အစီအစဉ်ဖြင့် ၁၁၂၇၀၀၀ ပေးသွင်းခဲ့ရာ (၁) ညသာတည်းခိုပြီး နောက်ရက်ဆက်မနေလိုပါသဖြင့် ပြောကြားရာ Booking တင်ပြီး မနေဖြစ်ခြင်း အား ဟိုတယ် Policy အတိုင်း တစ်ရက်စာ Booking ၏ ထက်ဝက်တောင်းပါသဖြင့် ညှိနှိုင်းရာ ၄၀၀,၀၀၀ ကျပ် ပေးအပ်ခဲ့ရပါသဖြင့်စားသုံးသူရေးရာဦးစီးဌာနသို့  တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်စိစစ်ခဲ့ရာ လုပ်ငန်းရှင်မှ စားသုံးသူကာကွယ်ရေး ဥပဒေ ပုဒ်မ-၂၁(ဆ)နှင့် ပုဒ်မ-၂၆(ခ) တို့အား ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရသည့်အတွက် တိုင်ကြားခံရသည့်ဟိုတယ်အား “သတိပေးခြင်း” အမိန့်ချမှတ်ခဲ့ပြီး နောက်နောင်တွင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက်စေရေး အထူးအလေးထား လိုက်နာဆောင်ရွက်ရန်နှင့် ဦးစီးမှူးရုံးမှ ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာအမိန့်အား Hotel ပိုင်ရှင်လက်ဝယ်သို့ ပေးအပ်ဆောင်ရွက်ခဲ့ပြီးဖြစ် ပါကြောင်းနှင့် တိုင်ကြားသူမှလည်း မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ သတိပေးခြင်း အမိန့်ချ မှတ်ခဲ့မှုအပေါ် ကျေနပ်မှုရှိပါသည်။ တိုင်ကြားမှုအပေါ် ဆောင်ရွက်မှုအခြေအနေအား မန္တလေးတိုင်း ဒေသကြီး စားသုံးသူရေးရာကော်မတီသို့ တင်ပြခဲ့ရာ သတိပေးမိန့်ချမှတ်ခဲ့မှုအား ဟိုတယ်နှင့်ခရီး သွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ အကြောင်းကြားစာပေးပို့ သွားရန် ဆုံးဖြတ်ခဲ့ပါသဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ-၅၂(က)အရ သတိပေးခြင်းအမိန့် ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း သိရှိနိုင်ပါရန်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန အနေ ဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး အကြောင်းကြားစာပေးပို့ခဲ့ပြီး ဖြစ် ပါသဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

 

ပညာရေးဝန်ဆောင်မှုနှင့် ပတ်သက်၍တိုင်ကြားခြင်း

                   ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့မှတိုင်ကြားသူတစ်ဦးသည်ပညာရေးဝန်ဆောင်မှုစင်တာ တစ်ခုသို့ နိုင်ငံရပ်ခြားပညာသင်သွားရန် ဆက်သွယ်ချိတ်ဆက်၍ ပညာရေးဝန်ဆောင်မှုရယူရန် ကျောင်းအပ်နှံကြေးပေးသွင်းခဲ့ရာမှ ထိုပညာရေး ဝန်ဆောင်မှုစင်တာ၏ ဝန်ဆောင်မှုကို စိတ်ချ ယုံကြည် ကျေနပ်မှုမရှိပါသဖြင့် ကျောင်းအပ်နှံစဉ်ကပေးသွင်းခဲ့သည့် ပညာရေးဝန်ဆောင်ခကို ပြန်လည်ရယူလို ကြောင်းစားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System သို့ ဆက်သွယ် တိုင်ကြားလာခဲ့ပါသည်

                                တိုင်ကြားမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်ကြားခံရသည့် ဝန်ဆောင်မှုစင်တာမှ  တာဝန်ခံများကို ဆက်သွယ်မေးမြန်းခဲ့ရာ၎င်းတို့က“မိမိတို့ပညာ‌ရေးဝန်ဆောင်မှုစင်တာသို့တိုင်ကြားသူနှင့် အပေါင်း အပါသည် လူကိုယ်တိုင် လာရောက်၍ နိုင်ငံရပ်ခြားပညာ‌ရေးဝန်ဆောင်မှုရယူလိုကြောင်း ကျောင်းအပ်နှံကြေး(First Payment ) ပေးသွင်း၍ ‌ကျောင်းအပ်နှံခဲ့ပါသည်။ ကျောင်းအပ်နှံမှု လက်ခံ သည့်(First Payment )ပြေစာတွင်လည်း (Not Refundable )ဟုဖော်ပြထားသော စည်းကမ်းချက် ပါဝင်ပါကြောင်း  ၊ ထို့အပြင် တိုင်ကြားသူမှ ကျောင်းအပ်နှံစဉ်ကပေးသွင်းခဲ့သည့် ပညာရေး ဝန်ဆောင်ခကို ပြန်လည် ရယူလိုကြောင်းပြောကြားလာသည့်အခါတွင်လည်း (Not Refundable ) စည်းကမ်းချက် ‌ရှိသော်လည်း မိမိတို့ကျောင်းအနေဖြင့် ကျောင်းအပ်နှံမှုအတွက် ပေးသွင်းခဲ့သည့် (First Payment )သွင်းငွေမှ တစ်ချို့တစ်ဝက်ကို ပြန်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း တိုင်ကြားသူများဘက်မှ ငြင်းပယ်ခဲ့ ပါကြောင်း ၊ ကျောင်းအင်တာဗျူးဖြေဆိုခွင့်ပေးခဲ့ခြင်းကိုလည်း တိုင်ကြားသူဘက်မှ ငြင်းပယ်ခဲ့ခြင်းသာ ဖြစ်ကြောင်းနှင့် မိမိတို့ပညာရေးဝန်စင်တာသည် တိုင်ကြားသူစွပ်စွဲသကဲ့သို့ စိတ်ချယုံကြည်ရမှုကင်းမဲ့စေသည့် အပြုအမူဆောင်ရွက်ချက်များ လုံးဝလုပ်ဆောင်ခြင်းမရှိခဲ့ပါကြောင်း ပြန်လည်ဖြေကြားလာ ခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး နည်းဥပဒေ  ၈၁၊ နည်းဥပဒေခွဲ (ခ)နှင့်အညီ တိုင်ကြားသူနှင့်တိုင်ကြားခံရသူများထံသို့ ၎င်းတို့၏ အပြန်အလှန်စွပ်စွဲချက်များနှင့်ပတ်သက်၍ သက်သေအထောက်အထားများ တောင်းခံခဲ့ရာ တိုင်ကြား ခံရသူ ပညာရေးဝန်ဆောင်မှုစင်တာဘက်မှ ကျောင်းအပ်နှံစဉ်က ပေးအပ်ခဲ့သည့် (First Payment )ဘောင်ချာပေါ်တွင် (Not Refundable )စာသားပါ တံဆိပ်တုံးရိုက်နှိပ်ထားသည်ကို အထောက်အထားအဖြစ် တင်ပြလာပြီး တိုင်ကြားသူဘက်မှ သက်သေအထောက်အထား အချက် အလက်များ မတင်ပြ နိုင်သည့်အပြင် ပြည်နယ်ဦးစီးမှူးရုံး၏ ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားခြင်းမရှိတော့ပါသဖြင့် စားသုံးသူကာကွယ်ရေးနည်းဥပဒေ ၈၃ ၊နည်းဥပဒေခွဲ (က)၊(ခ)တို့ နှင့်အညီ ပြည်နယ်စားသုံးသူရေးရာ ကော်မတီသို့ တင်ပြ၍ အမှုပိတ်သိမ်းကာ မှတ်တမ်းတင် ထားရှိ ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

DOCA(ရှမ်း)

အခြားဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားမှုအပေါ်‌ဖြေရှင်းဆောင်ရွက်ပေးမှု

         စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ကလေးမြို့ တိုင်ကြားသူသည် ကလေးမြို့၊ ဗိုလ်ချုပ်လမ်း လမ်းဆုံမီးပွိုင့် အနောက်ဘက်အနီးဝန်းကျင်ရှိ အကင်ဆိုင်မှာ ညှော်နံ့မီးခိုးများ၊ မီးစက်ဆူညံသံများကြောင့် ပတ်ဝန်းကျင်ရှိလူကြီးသူမများ၊ ကလေးသူငယ်များ ကျန်းမာရေး ထိခိုက်လျက်ရှိပါသောကြောင့် စိစစ်အရေးယူပေးပါရန် စားသုံးသူရေးရာဦးစီးဌာနConsumer Website သို့ ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင်တိုင်ကြားလာကြောင်း သိရသည်။

      အဆိုပါ  တိုင်ကြားမှုနှင်ပတ်သက်၍  စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးသည်  သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ (၂၆.၅.၂၀၂၆)ရက်နေ့တွင် တိုင်ကြားခံရသူ အကင်ဆိုင်သို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနတို့ သွားရောက်၍ တိုင်ကြားခံရသည့် အကင်ဆိုင်အား စစ်ဆေးရာတွင် အကင်ဆိုင်မှာ အကင်များကို အိမ်ရှေ့မျက်နှာစာ စည်ပင်သာယာလမ်းဘေးတွင် ရောင်းချနေခြင်းအား နေအိမ်၏အနောက်ဘက်တွင်သာ အကင်များကို ကင်၍ရောင်းချရန် အဖွဲ့မှဆုံးဖြတ်ခဲ့သည်ကို  တိုင်ကြားခံရသူမှ  ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ရန်အတွက် အချိန် ၄ ရက်ပေးပါရန် တောင်းဆိုခဲ့ပါကြောင်း၊ ပြင်ဆင်ပြီးချိန် သတ်မှတ်ရက်တွင် အဖွဲ့ဖြင့်ပြန်လည် ကွင်းဆင်းစစ်ဆေးခဲ့ရာ အကင်ဆိုင်မှာအဖွဲ့၏ ညွှန်ကြားချက်အတိုင်း အားလုံးဆောင်ရွက်ပြီးဖြစ်ကြောင်း၊ တိုင်ကြားသူထံ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှဆောင်ရွက်ပေးမှုအား စိတ်ကျေနပ်မှုရှိမရှိ၊ စိတ်ကျေနပ်မှုရှိပါက တိုင်ကြားမှုအားပိတ်သိမ်းမည်ဖြစ်ပါကြောင်း တိုင်ကြားသူ၏  Email သို့ ပေးပို့ခဲ့ရာ  တိုင်ကြားသူမှ အမှုပိတ်သိမ်းပါကြောင်း၊ ဖြေရှင်းဆောင်ရွက်ပေးကြသော တာဝန်ရှိ ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြန်လည်တင်ပြလာပါသဖြင့် တိုင်ကြားမှုအား ၂၀၂၆ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင်  အမှုပိတ်သိမ်းပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့တွင်စားသုံးသူနစ်နာဆုံးရှုံးမှုရှိသဖြင့်တိုင်ကြားလာမှုအား ဖြေရှင်းဆောင်ရွက်ပေးခြင်း

    ၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၂ ရက်နေ့၊ နံနက် ၁၀း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ Website Complaint System တွင် အွန်လိုင်းမှ အထည်ဝယ်ယူရာတွင် ငွေလွှဲပြီးနောက် မှာယူသည့် ပစ္စည်းမရောက်ရှိလာသဖြင့် တိုင်ကြားလာမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လွှဲပြောင်း ပေးမှုအရ မြိတ်မြို့နေ တိုင်ကြားသူအား  မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးမှ တိုင်ကြားမှုနှင့် ပတ် သက်၍ လိုအပ်သည့်အချက်အလက်များအား ထပ်မံတောင်းခံရန်နှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေး နိုင်ရေး ခေါ်ယူတွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ပါသည်။

          အဆိုပါတွေ့ဆုံမေးမြန်းရာတွင် နစ်နာသည့် စားသုံးသူမှ အွန်လိုင်းရောင်းဝယ်ရေး Tik Tok acc တစ်ခုမှ အထည်များအား ရွေးချယ်မှာယူခဲ့ရာ ငွေလွှဲပြီးနောက် ပစ္စည်းပို့ဆောင်ခြင်းမရှိဘဲ ဖုန်း နံပါတ်အား စက်ပိတ်ထားခြင်း၊ acc အားဖျက်သိမ်းခြင်းများပြုလုပ်သွားကြောင်းနှင့် ငွေလွှဲပြေစာဖြတ်ပိုင်း၊ ပစ္စည်းမှာယူထားသည့် အချက်အလက်များအားပြသခဲ့ရာ ခရိုင်ဦးစီးမှူးမှ ညှိနှိုင်းဖြေရှင်းဆောင် ရွက်ပေးနိုင်ရေး လိမ်လည်သွားသည့် စီးပွားရေးလုပ်ငန်းရှင်၏ Tik Tok acc၊ ဖုန်းနံပါတ်တို့အား ဆက်သွယ်ဆောင်ရွက်ရာတွင် ဆက်သွယ်ဆောင်ရွက်၍ မရရှိတော့သဖြင့် အွန်လိုင်းမှတ်ပုံတင်စနစ် www. ecomreg.gov.mm တွင် အွန်လိုင်းမှတ်ပုံတင်ထားခြင်း ရှိ/မရှိ acc name၊ acc link တို့အား စစ်ဆေးရာ မှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားခြင်းမတွေ့ရှိသဖြင့် KBZ Pay Call Center အား ဆက်လက်စုံစမ်းရာတွင်လည်း သတ်မှတ်လုပ်ထုံးလုပ်နည်းများအရ ရဲစခန်းမှ ပ အမှုဖွင့်စာပါရှိမှသာ ဆက်လက်ဆောင်ရွက်၍ရမည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့မှုအား တိုင်ကြားသူအား ပြန်လည် ရှင်းလင်းခဲ့ပြီး အွန်လိုင်းစနစ်မှ ဝယ်ယူရာတွင် သိရှိလိုက်နာသင့်သည့်အချက်များနှင့် အွန်လိုင်းမှတ်ပုံ တင်စနစ်တွင် မှတ်ပုံတင်လက်မှတ်ရယူ‌ဆောင်ရွက်လျက်ရှိ‌သော အွန်လိုင်းလုပ်ငန်းများမှသာ ဝယ်ယူ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပညာပေးခြင်းဆောင်ရွက်ခဲ့ရာ တိုင်ကြားသည့် စားသုံးသူမှ အွန်လိုင်းမှဝယ်ယူရာတွင် သိရှိသင့်သည့်အချက်များနှင့် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထားသော လုပ်ငန်းများမှသာ ဝယ်ယူသွားမည်ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့စားသုံးသူရေးရာဦးစီးဌာန မှတိုင်ကြားမှုအား ဖြေရှင်းစုံစမ်းဆောင်ရွက်ပေးခဲ့မှုအား စိတ်ကျေနပ်မှုရရှိသဖြင့် ကျေးဇူးတင်ရှိပါ ကြောင်းနှင့် တိုင်ကြားမှုအား ပိတ်သိမ်း‌ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ရာ စားသုံးသူ နစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

မော်တော်ယာဉ်ပြုပြင်ရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နေ တိုင်ကြားသူ တစ်ဦးသည် မော်တော်ယာဉ်ပြုပြင် ရေးအလုပ်ရုံမှ ဝန်ဆောင်ခရယူခြင်းနှင့် မထိုက် တန်သော ဝန်ဆောင်မှုများသာ ပေးအပ်လျက်ရှိပြီး ဝန်ဆောင်မှုရယူသူအနေဖြင့် စိတ်အနှောင့်အယှက် ဖြစ်ရခြင်း၊ အချိန်ကုန်ခြင်းနှင့် အခြားသော ထိခိုက် ဆုံးရှုံးမှုများ တွေ့ကြုံခံစားနေရပါသောကြောင့် လိုအပ်သည်များ စစ်ဆေးအရေးယူ ညှိနှိုင်းပေးပါရန် တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြား သူနှင့်တိုင်ကြားခံရသည့် မော်တော်ယာဉ်ပြုပြင်ရေးအလုပ်ရုံမှ တာဝန်ရှိသူတို့အား (၁၀)ကြိမ် တိုင်တိုင် ခေါ်ယူတွေ့ဆုံ၍ စုံစမ်းမေးမြန်းခြင်းနှင့် စေ့စပ်ညှိနှိုင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ နှစ်ဦး နှစ်ဖက်သဘောတူညီမှုအရ တိုင်ကြားသူက မော်တော်ယာဉ်ပြုပြင်ခနှင့် ပစ္စည်းတန်ဖိုးကုန်ကျငွေ စုစုပေါင်း ၁၁,၁၂၁,၀၀၀/- ၏ တစ်ဝက်ဖြစ်သော ငွေကျပ် ၅,၅၆၀,၅၀၀/- ကို မော်တော်ယာဉ် ပြုပြင်ရေးအလုပ်ရုံသို့ ပေးချေခဲ့ပြီး ကျန်ငွေများကို ပေးချေရန်မလိုကြောင်း နှစ်ဦးနှစ်ဖက် သဘောတူ ညီမှုရရှိခဲ့ကြသဖြင့် ပုံစံ(၉)တွင် လက်မှတ်ရေးထိုးခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါ သည်။

ဆိုဖာဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

  ရန်ကုန်မြို့နေ တိုင်ကြားသူ တစ်ဦးသည် Online Shop တစ်ခုမှ ပစ္စည်းများကို ငွေကြိုလွှဲ၍ ဆိုဖာရှည်မှာ ယူခဲ့ရာ သတ်မှတ်ချိန်အတွင်း ပစ္စည်းပေးပို့ နိုင်ခြင်းမရှိ သောကြောင့် စာဖြင့်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် Online Shop နှင့် တိုင်ကြားသူတို့အကြား ဆိုဖာရှည်ပေးပို့နိုင်ခြင်း မရှိသောကြောင့် အငြင်းပွားနေသည့် တိုင်ကြားမှုအား ၁၃-၁-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) တွင် တင်ပြဆွေး နွေးခဲ့ရာ ကော်မတီဝင်များမှ တိုင်ကြားသူထံပေးအပ်ရန် ကျန်ရှိနေသည့် ဆိုဖာရှည်(၁)လုံးအစား အသင့်ပို့ဆောင်ရန်ရှိသည့် ဆိုဖာများအနက်မှ တိုင်ကြားသူ နှစ်သက်သဘောကျသည့် ဆိုဖာ(၁)ခုအား ပေးအပ်ခြင်းဖြင့် ပြေလည်မှု ရရှိရန် ဆောင်ရွက်သင့်ကြောင်း ဆုံးဖြတ်ခဲ့မှုအပေါ် တိုင်ကြားခံရသည့် Online Shop မှ တိုင်ကြားသူအား ဆက်သွယ်ပြီး တိုင်ကြားသူ နှစ်သက်သဘောကျသည့် ဆိုဖာအား စိတ်တိုင်းကျရွေးချယ်စေခဲ့ပြီး တိုင်ကြားသူနေအိမ်သို့ ပို့ဆောင်ပြီးဖြစ်ပါကြောင်း အကြောင်းပြန် ကြားလာသဖြင့် ဌာနမှတာဝန်ရှိသူများက တိုင်ကြားသူထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဆိုဖာ လက်ခံရရှိပြီဖြစ်ကြောင်း ပြန်လည်ပြောကြားလာသဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါ သည်။

ကုန်စည်ပို့ဆောင်ခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      ရှမ်းပြည်နယ် တောင်ကြီးမြို့နေ တိုင်ကြားသူ တစ်ဦးသည် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှတစ်ဆင့် တောင်ကြီးမြို့မှ ကိုးရီးယားနိုင်ငံသို့ ပစ္စည်းပို့ဆောင်ခဲ့ ရာ ပစ္စည်းမရောက်သည့်အတွက် ပေးပို့ခဲ့သည့် ပစ္စည်း တန်ဖိုးနှင့်အညီ ငွေကျပ် ၁,၈၈၉,၀၀၀/- အား ငွေပြန် လည်ရယူလိုသည့်အတွက် ရှမ်းပြည်နယ် ဦးစီးမှူးရုံးသို့ လူကိုယ်တိုင်လာရောက် တိုင်ကြားလာပါ သည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြား ခံရသည့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှ တာဝန်ရှိသူထံ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူက ၂၉-၄-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံးသို့ လာရောက်ဖြေရှင်းပေးခဲ့ပြီး တောင်ကြီးမြို့မှ ကိုးရီးယားနိုင်ငံသို့ ပစ္စည်းပို့ဆောင်ပေးခဲ့ရာ ပေးပို့ခဲ့သည့် ပစ္စည်းတချို့တဝက်အား ကိုးရီးယားနိုင်ငံ သို့ရောက်ရှိခဲ့ပြီးဖြစ်ကြောင်းနှင့် ပြည်ပသို့ပို့ဆောင်ရန် ကန့်သတ်ထားသော ဆေးဝါးပစ္စည်း တချို့ အား တိုင်ကြားသူလက်ဝယ်သို့ ပြန်လည်ပေးအပ်ခဲ့ပြီး တိုင်ကြားသူဘက်မှ ပို့ဆောင်သောပစ္စည်းမှာ မှန်ကန်ပါကြောင်းနှင့် ကျန်ရှိသည့်ပစ္စည်းမှာလည်း မှန်ကန်ပါကြောင်း စစ်ဆေးလက်ခံခဲ့ပြီး ကျေနပ် မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

သစ်သားဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

     ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နေ တိုင် ကြားသူ တစ်ဦးသည် သစ်သားအရောင်းဆိုင် တစ်ခု မှ‌ ရောင်းချသော ယင်းမာအမျိုးအစား သစ်သားများ ဝယ်ယူခဲ့ရာ လာရောက် ပို့ဆောင်ရာတွင်မှာယူထား သော သစ်သားအမျိုး အစားနှင့် ကိုက်ညီမှုမရှိသော အခြားသစ်သားများ ပါဝင်လာသဖြင့် ပြန်လည်ပို့ ဆောင်ခဲ့ပြီးယင်းသစ်သားအရောင်း ဆိုင်မှပေးပို့လာ သော အခြားသစ်သားများအတွက် တန်ဖိုးငွေကျပ် ၅,၀၂၀,၀၀၀/-ကို ပြန်လည်ပေးအပ်မည်ဟု ကတိပြုခဲ့သော်လည်း (၃)လကျော်ကြာသည်အထိ ပြန်လည်ပေးအပ်ခြင်း မရှိသဖြင့် စားသုံးသူရေးရာ ဦးစီးဌာနသို့  တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် သစ်သားအရောင်းဆိုင်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ သစ်သားဖိုးငွေကျပ် ၅,၀၂၀,၀၀၀/- ကို ပြန်လည်ပေးရန် ငွေကြေးအခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ယခုအချိန်ထိ ပေးအပ်နိုင်ခြင်းမရှိပါ ကြောင်း၊ ၃၁-၃-၂၀၂၃ ရက်နေ့တွင် အကြေပေးအပ်သွားမည်ဖြစ်ပါကြောင်း တင်ပြလာခဲ့ပါသဖြင့် ပြည်နယ်ဦးစီးမှူးက တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် စီးပွားရေးလုပ်ငန်းရှင်၏ ကိုယ်စားလှယ်တို့ အားစေ့စပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ရာ တိုင်ကြားသူမှနစ်နာဆုံးရှုံးသည့် သစ်သားတန်ဖိုးငွေ ၅,၀၂၀,၀၀၀/- ကိုပြန်လည်ရရှိပါက တိုင်ကြားမှုကို ကျေအေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်ကလည်း အသိ သက်သေများ ရှေ့မှောက်တွင် သစ်သားတန်ဖိုးငွေ ၅,၀၂၀,၀၀၀/- ကို ပြန်လည်ပေးအပ်ခဲ့ပြီး တိုင် ကြားသူနှင့် လုပ်ငန်းရှင် နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိပြီး တိုင်ကြားမှုပိတ်သိမ်းကြောင်း သဘော တူညီချက်လက်မှတ် ရေးထိုးစေခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

Pages

Subscribe to RSS - ဖြေရှင်းဆောင်ရွက်ပေးမှုများ