ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

အွန်လိုင်းမှအင်္ကျီဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

       ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် Clothing Online Shop တစ်ခုမှ အမျိုးသမီးဝတ် ဝမ်းဆက်(၂)စုံမှာယူခဲ့ရာ ပစ္စည်းရောက်ရှိချိန် တွင် မှာယူခဲ့သည့် ဝမ်းဆက်(၂)စုံအနက် (၁)စုံမှာ မှားယွင်းနေ သည်ကို တွေ့ရှိရသဖြင့် Online Shop သို့ ဆက်သွယ်ပြောကြား ခဲ့ရာ အရောင်တူပစ္စည်းမှာ ကုန်နေကြောင်း ပြောကြားလာသော ကြောင့် ငွေပြန်အမ်း‌ပေးရန်ပြောကြားခဲ့မှုအပေါ် ဆောင်ရွက် ပေးမှုမရှိဘဲ Block သွားသောကြောင့် စားသုံးသူရေးရာဦးစီးဌာန ၏ Email မှတစ်ဆင့် တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြား ခံရသည့် Clothing Online Shop တစ်ခုမှ တာဝန်ရှိသူများထံသို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ Online Shop မှ တာဝန်ရှိသူများသည် တိုင်ကြားသူအား ဆက်သွယ်၍ အဆင်မပြေ ဖြစ်ပွားခဲ့မှုများ အပေါ် တောင်းပန်စကား ပြောကြားခဲ့ပြီး မှားယွင်းပေးပို့ခဲ့သည့် အင်္ကျီတန်ဖိုး ငွေကျပ် ၂၁၅,၀၀၀/-အား တိုင်ကြားသူ၏ K pay Account အတွင်းသို့ ပြန်လည်ထည့်သွင်း ပေးခဲ့မှုအပေါ် တိုင်ကြားသူမှ ကျေနပ်လက်ခံသောကြောင့် တိုင်ကြားမှုကို  ပိတ်သိမ်း‌ဆောင်ရွက်ခဲ့ပါသည်။

ဦးထုပ်ဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

       ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ တိုင် ကြားသူတစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် ဦးထုပ်အလုံး (၁၀၀) အတွက် စရံငွေကျပ် ၄၀၀,၀၀၀/- ပေးသွင်း၍ ၇-၆-၂၀၂၆ ရက်နေ့အမှီ ဦးထုပ်များပေးပို့ရန် ပြောကြားခဲ့သော်လည်း ကုမ္ပဏီမှပေးပို့နိုင်ခြင်းမရှိပါကြောင်း၊ ထိုသို့ပေးပို့နိုင်ခြင်း မရှိ သည့်အပေါ် ကုမ္ပဏီအနေဖြင့် တစ်စုံတစ်ရာ တာဝန်ယူ ဆောင်ရွက်ပေးမှုမရှိဘဲ စရံငွေ ပြန်အမ်းပေးမည်ဟုသာ ပြော ကြားလာပြီး ပစ္စည်းအပ်နှံမှုမရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြား ခံရသည့်ကုမ္ပဏီမှ တာဝန်ရှိသူများထံသို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ တိုင်ကြားသူသည် ကုန် ပစ္စည်းမှာယူရာတွင် ဖုန်းဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း ရင့်သီးစွာပြောဆိုခဲ့ကြောင်း၊ ကုမ္ပဏီမှ ဝန်ထမ်းများက တိုင်ကြားသူမှာကြားသည့်ကုန်ပစ္စည်းကို  ထုတ်လုပ်ပြီးသည့် သတ်မှတ် ရက်တွင် တိုင်ကြားသူထံဆက်သွယ်သော်လည်း ဆက်သွယ်မှုကိုလက်မခံဘဲ စားသုံးသူရေးရာဦးစီး ဌာနသို့ တိုင်ကြားစာပေးပို့ခြင်းဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ကုန်ပစ္စည်းအမှာများ လက်ခံဆောင် ရွက်ရာတွင် ကျသင့်တန်ဖိုး၏ ၅၀% ကိုသာ ကောက်ခံဆောင်ရွက်ရခြင်းဖြစ်ပြီး ကုန်ကြမ်းနှင့် စား စရိတ်အတွက် ကုန်ကျငွေမှာ ကျသင့်တန်ဖိုး၏ ၈၅% ရှိပါကြောင်း၊ ကုန်ပစ္စည်းများမှာကြားပြီး မယူဖြစ်ပါက နစ်နာဆုံးရှုံးသူမှာ ကုမ္ပဏီသာဖြစ်ပါကြောင်း၊ သို့သော် တိုင်ကြားသူ စိတ်ကျေနပ်စေရန် လက်ခံထားသော စရံငွေကျပ် ၄၀၀,၀၀၀/-အား ၂၉-၆-၂၀၂၆ ရက်နေ့တွင် တိုင်ကြားသူ၏ K pay နံပါတ်သို့ ပြန်လည်ပေးအပ်ပြီးဖြစ်ပါကြောင်းတို့ကို ကုမ္ပဏီမှတာဝန်ရှိသူများက ငွေလွှဲပြေစာနှင့်အတူ ပြန်လည်တင်ပြလာမှုကို တိုင်ကြားသူထံ အကြောင်းကြားရာ စရံငွေပြန်လည်ရရှိပြီး ကျေနပ်ပါသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

 

အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ တိုင် ကြားသူတစ်ဦးသည် အစားအသောက်ပို့ဆောင်ရေး App တစ်ခု မှ Order မှာရန် Order တန်ဖိုး ငွေ ကျပ် ၃၆,၁၅၀/- အား Online Payment ဖြင့် ပေးချေရာတွင် Payment successful မပြသဖြင့် နေ့ခင်း(၁၂း၀၅)တွင် Cancel ပြုလုပ်ခဲ့ရာ Order Cancel ဖြစ်သွားသော်လည်း Online Payment မှ ငွေဖြတ် တောက်သွားသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် အစားအသောက်ပို့ဆောင်ရေးကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ကုမ္ပဏီမှတာဝန်ရှိသူများ သည် တိုင်ကြားသူအားဆက်သွယ်၍ အော်ဒါကုတ်နံပါတ်တောင်းပြီး စစ်ဆေးရာတွင် တိုင်ကြားသူ သည် အမှာစာ(Order)အား စားသောက်ဆိုင်ဘက်မှ လက်ခံ၍ ပြင်ဆင်ချက်ပြုတ် ပြီးစီးသည့် နောက်ပိုင်းတွင်မှ “အမှာစာ ပြင်ဆင်ခွင့်မရရှိခြင်း” (Order modification not possible)ဟူသော အကြောင်းပြချက်ဖြင့် အမှာစာ(Order)အား ပယ်ဖျက်(Cancel)ခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်ကြားသူ သည် ငွေပြန်အမ်းပေးရန် လူမှုကွန်ယက်စာမျက်နှာအဖွဲ့ (So Me Team)ထံသို့ ဆက်သွယ်တောင်း ဆိုခဲ့သော်လည်း ကုမ္ပဏီ၏ မူဝါဒ(Policy)အရ စားသောက် ဆိုင်မှ အမှာစာအား လက်ခံပြီးစီးသည့်် နောက်ပိုင်းတွင် ဝယ်ယူသူဘက်မှ ပယ်ဖျက်ခြင်းဖြစ်ပါက ငွေပြန်အမ်းခွင့်မရှိပါကြောင်း၊ ယခုဖြစ်စဉ် အဆင့်အတန်းအား အရေးကြီးအဆင့်အဖြစ် သတ်မှတ်ကာ ယခုတစ်ကြိမ်တွင် ခြွင်းချက်အနေဖြင့် ဖြေလျှော့မှုပြုလုပ်ပေးရန်နှင့် ငွေပြန်အမ်းရေးအဖွဲ့သို့ ဆက်လက်လွှဲပြောင်းပေးရန် ပြန်လည်ညွှန် ကြားခဲ့ပြီး တိုင်ကြားသူ၏ Wave Money အကောင့်ထဲသို့ ဇွန်လ ၉ ရက်နေ့တွင် ငွေပြန်လည် ထည့်ပေးခဲ့ပြီးဖြစ်ပါကြောင်း အကြောင်းပြန်ကြားလာသဖြင့် ဌာနမှတာဝန်ရှိသူများသည် တိုင်ကြားသူ ထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ Refund ငွေပြန်လည်ရရှိပါကြောင်း ဖြေကြားလာသဖြင့် တိုင် ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

 

ရေခဲသေတ္တာဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် ကုမ္ပဏီတစ်ခုမှ အာမခံသက်တမ်း (၅)နှစ် ပါရှိသည့် ရေခဲသေတ္တာဝယ်ယူခဲ့ပါကြောင်း၊ အာမခံသက်တမ်း(၃)နှစ်တွင် ရေခဲ သေတ္တာမှာ မအေးတော့သဖြင့် ကုမ္ပဏီသို့ဆက်သွယ် အကြောင်း ကြားခဲ့ရာCompressor လဲလှယ်ရန်လိုအပ်ကြောင်း ပြောကြားလာ ပြီး အာမခံသက်တမ်းအတွင်း အကျုံးဝင်သော်လည်း တန်ဖိုးပေးအပ် ရမည်ဖြစ်ကြောင်း ပြောကြားလာသောကြောင့် စားသုံးသူရေးရာ ဦးစီးဌာန၏ Website Complaint System မှတစ်ဆင့်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့်ကုမ္ပဏီမှ တာဝန်ရှိသူများသို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ အနေဖြင့် တိုင်ကြားသူနှင့်ဆက်သွယ်၍ ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက်ပြေလည်မှုမရှိသောကြောင့် ဌာနမှတာဝန်ရှိသူများက ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တိုင်ကြားသူတို့အား ဌာနသို့ခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်းမှုများဆောင်ရွက်ပေးခဲ့ပါသည်။ ဌာနမှတာဝန်ရှိသူများ၏ ညှိနှိုင်း ဆွေးနွေးပေးခဲ့မှုများအရ ကုမ္ပဏီက တိုင်ကြားသူ၏ ရေခဲသေတ္တာမှ ပျက်စီးနေသည့် Compressor အား အသစ်ဖြင့် အစားထိုး လဲလှယ်ပေးခဲ့ရာ တိုင်ကြားသူမှ အဆိုပါရေခဲသေတ္တာ၏ Driving Card နှင့် ပိုက်လိုင်းများကို ရှင်းလင်းပြီး Gas ဖြည့်‌ပေးခြင်းများအတွက် ကုန်ကျစရိတ်ငွေအား ပေးအပ်ခဲ့ပါကြောင်း၊ ပြင်ဆင် ပြီးစီးသည့် ရေခဲသေတ္တာအား တိုင်ကြားသူထံ ပြန်လည်ပေးအပ်ပြီးဖြစ်ပါကြောင်း အကြောင်းပြန် ကြားလာသဖြင့် ဌာနမှတာဝန်ရှိသူသည် တိုင်ကြားသူထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ရေခဲ သေတ္တာမှာ အသုံးပြု၍ အဆင်ပြေနေပြီဖြစ်ကြောင်း ပြန်လည်ပြောကြားလာသဖြင့် တိုင်ကြားမှုကို စေ့စပ်ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။

 

 

 

 

မော်လမြိုင်မြို့ရှိ ကားတန်ဆာခနှင့် ပတ်သက်၍ စားသုံးသူတိုင်ကြားမှုအား ညှိနှိုင်းဖြေရှင်း

          ၂၀.၈.၂၀၂၆ ရက်နေ့တွင် ရန်ကုန်မြို့တွင် နေထိုင်သူ စားသုံးသူတစ်ဦးက မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ အဝေးပြေးကားဂိတ်တစ်ခုမှ ရန်ကုန်သို့ ဒေသထွက်အစား အသောက်ပါသည့် ပီနံတစ်အိတ်ပေးပို့သည်ကို တန်ဆာခ ၄၅၀၀၀ အထိ အဆမတန် တောင်းခံခဲ့သည့်အတွက် ကျေနပ်မှုမရှိပါ၍ ဖြေရှင်းပေးပါရန် စားသုံးသူရေးရာ ဦးစီးဌာနသို့ Website Complaint System တိုင်ကြားလာခဲ့ပါသည်။

          တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက ဂိတ်တာဝန်ခံနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့ရာ ဂိတ်တာဝန်ခံအနေဖြင့် စားသုံးသူများမှ ကုန်စည်ပို့ဆောင်သည့်အခါတွင် တန်ဆာခကို သင့်တော်သည့်နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် နောင်တွင် အလားတူကိစ္စရပ်များမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်သွားပါမည်ဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ပြီး အမှုအား ပိတ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။

       စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူများ နစ်နာမှုရှိပါက တိုင်ကြားမှုများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းပေးလျက်ရှိကြောင်း သိရှိရပါသည်။            

DOCA (မွန်)

ကန်ထရိုက်ဖြင့်အဆောက်အဦဆောက်လုပ်ရာတွင်တစ်နှစ်ကျော်ကြာသည့်တိုင် လုပ်ငန်းပြီးစီးမှုမရှိသဖြင့် တိုင်ကြားခြင်း

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာ ဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု  ထင်မြင် ယူဆရသောကုန်စည်(သို့)ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍သော်လည်းကောင်း စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျှက်ရှိပါသည်။

          မိတ္ထီလာခရိုင်၊မိတ္ထီလာမြို့၊စားသုံးသူပြည်သူတစ်ဦးသည် အောင်ဆန်းရပ်ကွက်၊ ကျောက်ဖူး နယ်မြေအတွင်းရှိ မြေကွက်ပေါ်တွင် နှစ်ထပ်ခွဲRCC အဆောက်အဦဆောက်လုပ် ရန်အတွက်  (အလျား ၃၅’×အနံ၃၀’) နှစ်ထပ်ခွဲ အဆောက်အဦဆောက်လုပ်ခြင်းစာချုပ်အား (၁၄.၇.၂၀၂၄)ရက်နေ့တွင် နှစ်ဦးသဘောတူစာချုပ်ချုပ်ဆို၍ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပါသည်။ အဆောက်အဦကန်ထရိုက် အား (၁၄.၇.၂၀၂၄)တွင် လှေကားအိမ်ပါ RCC နှစ်ထပ်ခွဲကို ကျသင့်ငွေ ၁၂၀၀၀၀၀၀၀ (ကျပ်သိန်း တစ်ထောင့်နှစ်ရာ တိတိ)ဖြင့် အပ်နှံခဲ့ပါသည်။ (၃၀.၄.၂၀၂၆) နောက်ဆုံးထား၍ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အဆောက်အဦအားစားသုံးသူလက်ဝယ်သို့ အပ်နှံရန် ကတိစာချုပ် ချုပ်ဆို၍ အပ်နှံခဲ့သော်လည်း (၃၀.၄ .၂၀၂၆) ရက်နေ့အထိ စားသုံးသူလက်ဝယ်သို့ အဆောက်အဦအပ်နှံနိုင် ခြင်းမရှိဘဲ (၁၉.၆.၂၀၂၆)ရက်နေ့တိုင်အောင် လုပ်ငန်းလာရောက် ဆောင်ရွက်ခြင်းမရှိသဖြင့် စာချုပ်ပါအတိုင်း နှစ်ဆပေးလျော်ရန်နှင့် စာချုပ်ပါဒဏ်ကြေးများ ရရှိရန်အတွက် လာရောက် တိုင်ကြားခြင်းဖြစ်ပါသည်။

          အဆိုပါတိုင်ကြားမှုနှင့်စပ်လျဉ်း၍  စားသုံးသူနှင့်တိုင်ကြားခံရသည့် လုပ်ငန်းရှင်အား (၁၀.၇.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌ စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ခဲ့ပါသည်။ လုပ်ငန်းရှင်မှ ဖြေရှင်းရာတွင် လုပ်ငန်းစတင်ဆောက်လုပ်ချိန်မှ ယခုအချိန်ထိ ကျပ်သိန်း(၁၆၀၀)ခန့် ကုန်ကျသွားပြီဖြစ်သော်လည်း စာချုပ်ပါအတိုင်း လုပ်ငန်းပြီးစီးအောင် ဆောင် ရွက်ပေးရမည်မှာ မိမိတာဝန်ဖြစ်ပါကြောင်း၊ ဆောက်လက်စအိမ်တွင် ဆောက်လုပ်ရန်ကျန်ရှိသည့် အစိတ်အပိုင်းများအား ဆောက်လုပ်ရာတွင် ကျပ်သိန်း(၄၀၀)ခန့် ထပ်မံကုန်ကျမည် ဖြစ်သောကြောင့် မိမိအနေဖြင့် ဆက်လက်ဆောက်လုပ်ရန် ငွေကြေးအခက်ခဲများကြောင့် အဆောက်အဦပြီးစီးရန် ကြန့်ကြာသွားရခြင်း ဖြစ်ပါကြောင်း၊ အဆင်မပြေမှုများအတွက် စားသုံးသူအား အနူးအညွတ်တောင်း ပန်ပါကြောင်း၊ ကျန်ရှိနေသည့်အဆောက်အဦ အစိတ်အပိုင်းများအား(၃)လအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

          စားသုံးသူမှ လုပ်ငန်းအဆင်ပြေချောမွေ့စေရေးအတွက် ကျပ်သိန်း(၁၀၀)စိုက်ထုတ် ကူညီ သွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့်အဆောက်အဦ အစိတ်အပိုင်းများအား(၃)လအတွင်း ပြီးစီး အောင် ဆောင်ရွက်ပေးသွားဆိုပါက စားသုံးသူအနေဖြင့် စိတ်ကျေနပ်မှုရှိပါကြောင်း ဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံး ရိုင်ဦးစီးမှူးမှ  တိုင်ကြားခံရသူသည်(၂၁.၇.၂၀၂၆) ရက်နေ့တွင် လုပ်ငန်းများစတင်ဆောင်ရွက်သွားရန်နှင့် (၃)လပြည့်မြောက်သည့်နေ့ (၂၁.၁၀.၂၀၂၆) ရက်နေ့တွင် လုပ်ငန်းများအပြီးဆောင်ရွက်၍ စားသုံးသူလက်ဝယ်သို့အပ်နှံသွားရန် ဆုံးဖြတ်ခဲ့ရာ နှစ်ဦးနှစ်ဖက်သဘောတူညီမှုရရှိသဖြင့် သဘောတူညီချက်ပုံစံ(၉)တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

အင်တာနက်ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

       မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်နေ တိုင်ကြားသူတစ်ဦး သည် Wifi ကုမ္ပဏီတစ်ခုမှ Internet ftth 20 Mbps အား (၃)လစာ ငွေကျပ် ၇၅,၀၀၀/-ဖြင့် ယူထားသော်လည်း 4 Mbps သာတက်ခြင်း၊ Call Center သို့ ၁၇-၃-၂၀၂၆ ရက်နေ့တွင် ပြောကြားရာ စက်အား ဖွင့်လိုက်/ ပိတ်လိုက် လုပ်ရန်ပြောကြားသော်လည်း အဆင်ပြေမှုမရှိပါသဖြင့် စား သုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။          တိုင်ကြားမှုနှင့်ပတ်သက်၍စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦး ခရိုင်တာဝန်ခံမှ တိုင်ကြားသူနှင့် လုပ်ငန်းရှင်တို့အား ၃-၄-၂၀၂၆ ရက်နေ့နှင့် ၁၀-၄-၂၀၂၆ ရက်နေ့ တို့တွင် ခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်းဖြေရှင်းပေးခဲ့ရာ တိုင်ကြားခံရသည့် Wifi ကုမ္ပဏီမှ အင်တာနက် ဝန်ဆောင်မှုနှင့်ပတ်သက်၍ ကြိုတင်အသိပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်တာနက်လိုင်း ကျဆင်းမှုအတွက် လိုင်းများကောင်းမွန်စေရေး အထူးအလေးပေး ဆောင်ရွက်သွားမည်ဖြစ်၍ သုံးစွဲသူ နစ်နာမှု အတွက်ရက်(၃၀)စာ အစားထိုးပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့မှုအပေါ် တိုင်ကြားသူ မှလည်း သဘောတူကျေနပ်လက်ခံပါသောကြောင့် တိုင်ကြားမှုအား စားသုံးသူကာကွယ်ရေးဥပဒေ အရ စေ့စပ်ညှိနှိုင်းပေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

 

 

 

ဆက်သွယ်ရေးကုမ္ပဏီတစ်ခု၏ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေ တိုင် ကြားသူ တစ်ဦးသည် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု၏ App မှ Flexi Card  အား ငွေကျပ် ၃၅,၀၀၀/- ဖြင့် ဝယ်ယူခဲ့ရာ ပေးပို့လာခြင်း မရှိသောကြောင့် စားသုံးသူ ရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် ဆက်သွယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများထံသို့ ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။ ဆက်သွယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက လိုအပ်သောစိစစ်မှုများပြုလုပ်ခဲ့ရာ ၂၄-၄-၂၀၂၆ ရက်နေ့ တွင် Flexi Card အား MGL ဖြင့် တိုင်ကြားသူထံ ပို့ဆောင်ခဲ့သော်လည်း လိပ်စာမှားယွင်းနေသည့် အတွက် တိုင်ကြားသူထံ အချိန်မီမရောက်ရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့နောက် တိုင်ကြားသူ၏ လိပ်စာ အမှန်ပြန်လည်ရရှိပြီးနောက် MGL ဖြင့်ဆက်လက်ပို့ဆောင်ခဲ့ရာ တိုင်ကြားသူထံသို့ ရောက်ရှိခဲ့သော် လည်း တိုင်ကြားသူမှ  Flexi Card အား လက်ခံရယူခြင်း မပြုတော့ဘဲ ပြန်အမ်းငွေကိုသာတောင်း ဆိုခဲ့ပါကြောင်း၊ ထိုကိစ္စကိုညှိနှိုင်းရန် တိုင်ကြားသူထံ ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံဖြေကြား ခြင်းမရှိဘဲ အကြိမ်ကြိမ်ခေါ်ဆိုမှသာ ဖုန်းလက်ခံဖြေဆိုခြင်းပြုပါကြောင်း၊ Flexi Card ကို တိုင်ကြား သူမှလက်ခံရန် ငြင်းဆိုပြီး ပြန်အမ်းငွေကိုသာ ထပ်မံတောင်းဆိုလာသည့်အတွက် ပြန်အမ်းငွေကျပ် ၃၅,၀၀ဝ/- ကို ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း အကြောင်းပြန်ကြားလာပါသည်။ ဌာနမှတာဝန်ရှိ သူများသည် တိုင်ကြားသူထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်အမ်း ငွေလက်ခံရရှိပါကြောင်းနှင့် ကျေနပ်မှုရှိပါကြောင်း ပြန်လည်ပြောကြားလာသဖြင့် တိုင်ကြားမှုအား စားသုံးသူကာကွယ်ရေး ဥပဒေအရ စေ့စပ်ညှိနှိုင်းပေးသောကြောင့် ပြန်အမ်းငွေရရှိစေခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

သွားဆေးခန်း၏ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

     ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် သွားဆေးခန်းတစ်ခုတွင် အံကပ်နှင့် သွားအစွပ် ပြုလုပ်ရာ ကျသင့်ငွေကျပ် ၁၇,၅၀၀,၀၀၀/- တွင် စရံငွေကျပ် ၅,၀၀၀,၀၀၀/- ပေးအပ်ပြီးနောက် အခြားဆေးခန်းများတွင် ဈေးနှုန်းစုံစမ်းခဲ့ရာ ဈေးနှုန်းများ အဆမတန်ကွာခြားမှုရှိနေသောကြောင့် အံကပ်နှင့် သွားအစွပ်ပြုလုပ်လိုခြင်းမရှိသဖြင့် စရံငွေပေး အပ်ထားသည့်အတွင်းမှ စမ်းသပ်ခနှုတ်ယူ၍ ကျန်ငွေများအား ပြန်လည်ရယူလိုသဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့်တိုင် ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြားခံရသည့် သွားဆေးခန်းမှတာဝန်ရှိသူများထံ အကြောင်းကြားဆောင်ရွက်ခဲ့ရာ ဆေးခန်းမှ တာဝန်ရှိသူ သည် တိုင်ကြားသူအား ဆက်သွယ်၍ ၎င်းပေးအပ်ခဲ့သည့် စရံငွေကျပ် ၅,၀၀၀,၀၀၀/- မှ စမ်းသပ်ခတန်ဖိုးနှင့် ကုန်ကြမ်းပစ္စည်းတန်ဖိုးအား နှုတ်ယူ၍ ကျန်ငွေကျပ် ၂,၈၀၀,၀၀၀/- အား Wave Pay ဖြင့် လွှဲပြောင်းပေးအပ်ခဲ့မှုအပေါ် တိုင်ကြားသူက ကျေနပ်လက်ခံပါကြောင်း အကြောင်းပြန် ကြားလာပါသည်။ တိုင်ကြားသူမှလည်း ဆေးခန်းမှပေးအပ်သည့်ငွေအား လက်ခံရရှိပါကြောင်း ဌာနသို့ ဆက်သွယ်ပြောကြားလာသဖြင့် တိုင်ကြားမှုအား စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းပေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

ခရီးသွားဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

       ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ တိုင် ကြားသူတစ်ဦးသည် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းနှင့် ချိတ်ဆက်၍သွားရောက်သည့် ဂျပန်ခရီးစဉ်မှာအဆင်ပြေ မှုမရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူများထံသို့ ဆက်သွယ်အကြောင်း ကြားခဲ့ရာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူများသည် တိုင်ကြားသူများအား ဖုန်းဖြင့်ဆက်သွယ်၍ လည်းကောင်း၊ လူကိုယ်တိုင်သွားရောက်၍လည်းကောင်း တောင်းပန်ခဲ့ပြီး တိုင်ကြားသူများအား တောင်းပန်စာနှင့် တကွ တိုင်ကြားသူ တစ်ဦးစီအတွက် USD 300 အား အိမ်တိုင်ရာရောက် ပေးပို့ခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ထားပြီးဖြစ်ပါကြောင်းနှင့် တိုင်ကြားသူများအနေဖြင့်လည်း ကုမ္ပဏီ ဘက်မှဖြေရှင်းဆောင်ရွက်မှုအပေါ် အပြည့်အဝ လက်ခံသဘောတူညီကြပါကြောင်း အကြောင်းပြန် ကြားလာပါသည်။ ဌာနမှတာဝန်ရှိသူများက တိုင်ကြားသူအား ဆက်သွယ်မေးမြန်းခဲ့ရာ တိုင်ကြားခံရ သည့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ဆောင်ရွက်ပေးမှုအပေါ် ကျေနပ်မှုရှိပါကြောင်း ပြန်လည်ပြော ကြားလာသဖြင့် တိုင်ကြားမှုအား စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းပေးသောကြောင့် ဆုံးရှုံးမှုတန်ဖိုးကို ရရှိစေခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

Pages

Subscribe to RSS - ဖြေရှင်းဆောင်ရွက်ပေးမှုများ