Main menu

ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

အွန်လိုင်းမှတစ်ဆင့် မော်တော်ယာဉ်ရောင်းချမှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်း ပေးမှုအခြေအနေ

     ရန်ကုန်တိုင်းဒေသကြီးရှိ ကားအရောင်းစင်တာအွန်လိုင်း Page တစ်ခုသည် Brand New Honda CR-V ယာဉ်များအား ဆိုရှယ်မီဒီယာမှတဆင့် ကြော်ငြာရောင်းချလျက်ရှိရာ EV ကား သာ တင်သွင်းခွင့်ပြုထားချိန်ဖြစ်သဖြင့် မှန်ကန်မှုရှိ/မရှိ စိစစ် အရေးယူဆောင်ရွက်ပေးရန် စားသုံးသူတစ်ဦးက အကြောင်းကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန် ရှိသူများက တိုင်ကြားခံရသည့် ကားအရောင်းစင်တာမှ တာဝန်ရှိသူများအား ခေါ်ယူတွေ့ဆုံ၍ စားသုံး သူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပေးခြင်း ဆောင်ရွက်ခဲ့ကာ SKD(ပြည်တွင်းထုတ်မော်တော်ယာဉ်) စနစ်ဆိုပါကလည်း ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက် ပေးရန် ပျက်ကွက်မှုကြောင့် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ(က) အရ သတိပေးခြင်း အမိန့်အား ချမှတ်ခဲ့ပါသည်။ အဆိုပါ ကားအရောင်းစင်တာများအား အွန်လိုင်းမှတဆင့် မော်တော်ယာဉ် များရောင်းချမည်ဆိုပါက အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့်မော်တော်ယာဉ် ရောင်းချမှုများနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင် ရာဌာနများမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် သွားရန်တို့ကို ညွှန်ကြားခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။ 

LAPTOP ဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နေ တိုင်ကြား သူတစ်ဦးသည် LAPTOP SHOWROOM တစ်ခုထံမှ laptop အား ငွေကျပ် ၁,၄၅၀,၀၀၀/-ဖြင့် ဝယ်ယူခဲ့ပြီးနောက် laptop Battery Error ဖြစ်ပေါ်လာသဖြင့် ဆိုင်သို့ ဆက်သွယ် အကြောင်းကြားသော်လည်း တာဝန်ယူဖြေရှင်း ပေးခြင်း မရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက ပဏာမ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး စေ့စပ်ညှိနှိုင်းခဲ့ရာ ဆိုင်ဘက်မှ laptop တန်ဖိုး ငွေကျပ် ၁,၄၅၀,၀၀၀/- ကို တိုင်ကြားသူအသုံးပြုခဲ့သည့် အချိန်ကာလအတွက်တန်ဖိုးနှင့် laptop ဝယ်ယူ စဉ်က ပေးအပ်ခဲ့သည့် လက်ဆောင်ပစ္စည်းတန်ဖိုးများအား နှုတ်ယူ၍ ကျန်ငွေကျပ် ၁,၂၂၀,၀၀၀/-ကို တိုင်ကြားသူထံသို့ ပြန်လည်လွှဲပေးခဲ့ရာ တိုင်ကြားသူမှလည်း ကျေနပ်လက်ခံသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

ယာဉ်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နေ တိုင်ကြားသူတစ်ဦး သည်  မကွေးမြို့ရှိ ကားဂိတ်တစ်ခု တွင် ငွေကျပ်(၁၀)သိန်းတန် စက်ဘီးဂီယာစက်တစ်ခုကို မန္တလေးမှ အောင်လံမြို့သို့ ဝန်ဆောင်ခ ပေး၍ ပို့ဆောင်စေခဲ့ရာ ၎င်းပစ္စည်းမှာ အောင်လံမြို့သို့ ရောက်ရှိ လာ ခြင်းမရှိသဖြင့် ဂိတ်သို့ မေးမြန်း စုံစမ်းရာ ဂိတ်တာဝန်ရှိသူမှ မကွေးမြို့ရှိဂိတ်သို့ ပေးပို့ခဲ့ကြောင်း၊ မကွေးမြို့ရှိဂိတ်မှတစ်ဆင့် အခြားယာဉ်လိုင်းဖြင့် ဆက်လက်ပေးပို့စေခဲ့ရာတွင် ပစ္စည်းမှာ လမ်းတွင်ပျောက်ဆုံးခဲ့ကြောင်း၊ မကွေးမြို့ရှိ ဂိတ်တာဝန်ရှိသူမှ လျော်ကြေးငွေကျပ်(၃)သိန်း ပေးလျော်မည်ဖြစ်ကြောင်း  ပြောကြားခဲ့မှု အပေါ် ပစ္စည်း၏တန်ဖိုးမှာ ငွေကျပ် (၁၀)သိန်းဖြစ်၍ ပစ္စည်း(သို့မဟုတ်) ပေးချေခဲ့ရသည့် ပစ္စည်းငွေ တန်ဖိုးအတိုင်း ပေးလျော်စေလိုသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါ သည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက ပို့ဆောင် ရေး စီမံကိန်းဦးစီးဌာန၊ ပုဂ္ဂလိက လုပ်ငန်းသုံးမော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီတို့ ပါဝင်သောအဖွဲ့ဖြင့် မကွေးမြို့ဂိတ်တာဝန်ခံအား  ခေါ်ယူမေးမြန်းခဲ့ရာ ဂိတ်တာဝန်ခံမှ အမှန်တစ်ကယ် ပေးချေခဲ့ရသည့် ပစ္စည်းတန်ဖိုးအထောက်အထားများ တင်ပြပေးရန်နှင့် တိုင်ကြားသူနှင့် ပြေလည် အောင် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း တောင်းဆိုမှုအရ တိုင်ကြားသူထံမှ ပေးချေခဲ့သည့် အထောက် အထားများကို တောင်းယူ၍ မကွေးမြို့ဂိတ်တာဝန်ခံသို့ ပေးပို့ခဲ့သော်လည်း ပြေလည်မှုမရရှိသည့် အတွက် ဌာနမှ စစ်ဆေးရေးအရာရှိနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ရှေ့မှောက်၌ ထပ်မံတွေ့ဆုံ ညှိနှိုင်းခဲ့ရာ တိုင်ကြားခံရသည့်ဂိတ်တာဝန်ခံမှ ငွေကျပ် (၈)သိန်းအား ပေးလျော်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ချက်ချင်းပေးလျော်နိုင်ခြင်းမရှိသည့်အတွက် တစ်လခန့် စောင့်ဆိုင်းပေးရန် ပြောကြားလာသဖြင့် တိုင်ကြားသူထံသို့ ဆက်သွယ်ညှိနှိုင်းပေးခဲ့ရာ သဘောတူလက်ခံပါသည်။  ၁၇-၂-၂၀၂၅ ရက်နေ့တွင် မကွေးမြို့ဂိတ်တာဝန်ခံက သက်ဆိုင်ရာဌာနဆိုင်ရာများ ရှေ့မှောက်တွင် ငွေကျပ်(၈)သိန်းအား တိုင်ကြားသူသို့ ပေးလျော်ခဲ့ပြီး တိုင်ကြားသူမှ ကျေနပ်လက်ခံခဲ့သောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

 

Asus Proart Display Moniter ဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှု အခြေအနေ

   ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် xxx ဆိုင်မှ Asus Proart Display Pa279CV 27” 4 K HDR UHD IPS 60 HZ Moniter အား ငွေကျပ် ၁,၆၅၈,၈၃၅ ဖြင့်ဝယ်ယူခဲ့ရာ အာမခံသက်တမ်း (၃)နှစ်အတွင်း Monitor တွင် Error ဖြစ်ပေါ်သောကြောင့် ဆိုင်သို့ အကြောင်းကြားသော် လည်း User Fault ဟုပြောဆိုပြီး ပြင်ဆင်ပေးမှုမရှိသဖြင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

   ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ၂၀-၂-၂၀၂၅ ရက်နေ့တွင် တိုင်ကြားသူနှင့် တိုင်ကြားခံရသည့်  xxx ဆိုင်မှ တာဝန်ရှိသူတို့အား အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးတွင် နှစ်ဦးနှစ်ဖက် တွေ့ဆုံခေါ်ယူစစ်ဆေးမေးမြန်းခဲ့ရာ တိုင်ကြားသူက သီချင်း သွင်းလုပ်ငန်းလုပ်ဆောင်နေသူဖြစ်ကြောင်း၊ ပစ္စည်းအား ၂၃-၃-၂၀၂၃ ရက်နေ့ တွင် ဝယ်ယူခဲ့ပြီး ၁၀-၆-၂၀၂၄ ရက်နေ့တွင် မှန်ကွဲသွားခဲ့ကြောင်း ၊ မိမိလုပ်ငန်း လုပ်ကိုင်စဉ်အတွင်း မှန်မှာ အကောင်း အတိုင်းဖြစ်ပြီး လုပ်ငန်းရပ်လိုက်သောအခါ ဆိုင်မှအိမ်သို့ ပြောင်းရွေ့လိုက်ပြီး သုံးစွဲခြင်းမရှိဘဲ သိမ်း ထားကြောင်း၊ ၁၀-၆-၂၀၂၄ ရက်နေ့တွင် ပစ္စည်းဖွင့်ကြည့်ရာ မှန်ကွဲနေကြောင်း တွေ့ရှိခဲ့သဖြင့် ဆိုင်သို့ သွားရောက်၍ ပြောကြားရာ User Fault ဟု ပြောကြားပြီး အာမခံသက်တမ်း (၃)နှစ်ပေးထား သော်လည်း ပြင်ဆင်ပေးခြင်းမရှိသောကြောင့် တိုင်ကြားရခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါကြောင်း၊ တိုင်ကြားခံရသည့် xxx ဆိုင်မှ မန်နေဂျာဖြစ်သူကလည်း မိမိဆိုင်သို့လာပြစဉ်ကတည်းက ပစ္စည်းကို စစ်ဆေးရာ User fault ကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဌာန၏စေ့စပ်ညှိနှိုင်းပေးမှုအရ  xxx ဆိုင်မှ  ငွေကျပ် ၈၅၀,၀၀၀/-ကို  ပေးလျော်ခဲ့ပြီး တိုင်ကြားသူမှလည်း ကျေနပ်မှုရှိသဖြင့် တိုင်ကြား မှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။   

 

 

အွန်လိုင်းမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုပြု၍ ငွေကြေးလိမ်လည်မှုနှင့်ပတ်သက်၍ တိုင်ကြား လာခြင်းအပေါ် ဖြေရှင်းပေးမှု အခြေအနေ

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် Online Website မှ တရားမဝင် ကုန်သွယ်မှုပြု၍ ငွေကြေးလိမ်လည်နေ သော အဖွဲ့အစည်းအား ဖမ်းဆီးဖော်ထုတ် အရေးယူ ပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက စိစစ်ပြီး နောက် တိုင်ကြားမှုဖြစ်စဉ်သည် စားသုံးသူကာကွယ်ရေးဥပဒေအရ ဖြေရှင်းဆောင်ရွက်ပေးရန် အကန့်အသတ်ရှိနေသည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မှုခင်းရဲတပ်ဖွဲ့အနေဖြင့် ပူးပေါင်းကူညီ စုံစမ်းဖော်ထုတ်ပေးနိုင်ပါရန် ပြည်ထောင်စုဝန်ကြီးရုံးမှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ညှိနှိုင်းပေးပို့ခဲ့ ခြင်းအပေါ် ပြည်ထဲရေးဝန်ကြီးဌာနက တိုင်ကြားသူအနေဖြင့် အကျိုးအမြတ်များ ပြန်လည်ရရှိခြင်း မရှိဘဲ လိမ်လည်ခံခဲ့ရခြင်းကြောင့် ငွေကြေးများ ဆုံးရှုံးနစ်နာမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းတွင် အမှုရေးဖွင့် တိုင်တန်းသင့်ပါကြောင်း အကြောင်းပြန်ကြားလာမှုကို  တိုင်ကြားသူအား ရုံးအမှတ်(၅၂)၊ စားသုံးသူရေးရာဦးစီးဌာနသို့ ခေါ်ယူတွေ့ဆုံ ရှင်းလင်းဆွေးနွေး ခဲ့ရာ တိုင်ကြားသူက သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တိုင်ကြားမှုအား ပိတ် သိမ်းခွင့်ပြုနိုင်ပါရန် လက်မှတ်ရေးထိုး၍ တင်ပြလာခဲ့သဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ ပါသည်။

 

 

ယာဉ်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

    ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်နေ တိုင် ကြားသူတစ်ဦးသည် လပွတ္တာ-မြောင်းမြ ယာဉ်လိုင်းဖြင့် ဆန်စက်တွင် အသုံးပြုသော ၇.၅ ကီလိုဝပ် ရေပန့်မော်တာ တစ်လုံးအား မြောင်းမြမြို့သို့ ပို့ဆောင်ရာတွင် လမ်းတွင် ပစ္စည်းပျောက်ဆုံးသွားပါသဖြင့် စားသုံးသူရေးရာဦးစီး ဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။

   ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ မြောင်းမြခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိ သူများက ၃-၂-၂၀၂၅ ရက်နေ့တွင် လပွတ္တာမြို့နယ်တာဝန်ခံနှင့် မော်တော်ယာဉ် စနစ်တကျ ပြေးဆွဲ ရေးကော်မတီမှ တာဝန်ရှိသူတို့က တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့အား မြောင်းမြခရိုင်ဦးစီးမှူးရုံး သို့ နှစ်ဦးနှစ်ဖက် ခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ရာ ယာဉ်လိုင်းမှ တာဝန်ရှိသူက တိုင်ကြားသူသို့ မော်တာတန်ဖိုး ငွေကျပ် ၅၀၀,၀၀၀/-အား ၁၇-၂-၂၀၂၅ ရက်နေ့တွင် ပထမအကြိမ် ငွေကျပ် ၂၅၀,၀၀၀/-ကိုလည်းကောင်း၊ ၄-၃-၂၀၂၅ ရက်နေ့တွင် ဒုတိယအကြိမ် ငွေကျပ် ၂၅၀,၀၀၀/-ကို လည်း ကောင်း  နှစ်ကြိမ်ခွဲ၍ ပေးလျော်ခဲ့ပြီး  နှစ်ဦးနှစ်ဖက် ကျေနပ်မှုရရှိခဲ့သဖြင့် အဖွဲ့၏ရှေ့မှောက်တွင် အမှုကျေအေးကြောင်း သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်း ဆောင်ရွက်ခဲ့ ပါသည်။

 

ပါကေးနှင့် အထွေထွေအိမ်ဆောက်ပစ္စည်းအ‌ရောင်းဆိုင် ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

ခရီးသွားဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချနေသဖြင့် တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

အွန်လိုင်းမှတစ်ဆင့် ကားလက်မှတ်ဝယ်ယူမှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှု အခြေအနေ

Pages

Subscribe to RSS - ဖြေရှင်းဆောင်ရွက်ပေးမှုများ