Main menu

ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

အွန်လိုင်းမှတစ်ဆင့် ဆိုလာဆလိုက်ဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

   ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် Online Shop  တစ်ခုထံမှ ဆိုလာစလိုက်(350W) ၃လုံးကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့်  ဝယ်ယူခဲ့ရာ ပစ္စည်းပို့ပေး ရောက် ရှိလာသည့်အချိန်တွင် ဆိုလာစလိုက် 350 W အစား  50 W  ကိုပေးပို့လာသည့်အတွက်  စားသုံးသူရေးရာဦးစီးဌာနသို့ စာဖြင့် ပေးပို့ တိုင်ကြားလာပါသည်။

   ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက  Online Shop အကောင့်ပိုင်ရှင်ထံ ဆက်သွယ်၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ဝယ်ယူသူထံသို့ ပစ္စည်းမှားပို့ခဲ့ သည့် ဆိုလာဆလိုက်(50 W)အစား (1500 W)ရှိ ဆိုလာဆလိုက်ကို အစားထိုး ပြန်လည် ပေးပို့ခဲ့သဖြင့် တိုင်ကြားသူမှကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို စားသုံးသူကာကွယ်ရေးဥပဒေအရ  စေ့စပ် ညှိနှိုင်းပေးသဖြင့် အစားထိုးပြန်လည်ပေးအပ်ခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

 

 

လေကြောင်းလိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် နေတိုင်ကြားသူတစ်ဦးသည် လေကြောင်းလိုင်းဝန်ဆောင် မှုလုပ်ငန်းမှ ခရီးစဉ်အား အသိပေးမှုမရှိဘဲ ရက်ရွှေ့ဆိုင်း သည့်အတွက် ခရီးသည်(၄)ဦးမှာ ဟိုတယ်တွင် တစ်ရက် တည်းခိုနေထိုင်ခဲ့ရသဖြင့် တည်းခိုခငွေကျပ် ၃၀၀,၀၀၀/- ကုန်ကျခဲ့မှုကို လျော်ကြေးငွေ ပြန်လည်ရယူလို၍ စားသုံးသူရေးရာဦးစီးဌာနသို့ Website Complaint System မှတစ်ဆင့် ဆက်သွယ်တိုင်ကြားလာပါသည်။

     ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြား မှုကို စိစစ်ရာတွင်  တိုင်ကြားသူဝန်ဆောင်မှုရယူထားသော လေကြောင်းလိုင်းက  ၈-၁၀-၂၀၂၅ ရက် နေ့ ကော့သောင်းမြို့မှရန်ကုန်မြို့ ခရီးစဉ်အား ကြိုတင်သတိပေးချက်မရှိဘဲ ၉-၁၀-၂၀၂၅ ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့သဖြင့် ခရီးသည် (၄)ဦးသည် ဟိုတယ်တွင် တစ်ရက်တည်းခိုနေထိုင်ခဲ့ရသည့်အတွက် နစ်နာသည့်ကုန်ကျငွေကျပ် ၃၀၀,၀၀၀/-ကို ပြန်လည်ရယူလို၍ တိုင်ကြားခြင်းဖြစ်ကြောင်း စိစစ် တွေ့ရှိရသဖြင့် လေကြောင်းလိုင်း(ကော့သောင်းရုံးခွဲ)မှ တာဝန်ခံသို့ဆက်သွယ်ပြီး စားသုံးသူကာ ကွယ်ရေးဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (က)၊ ပုဒ်မ ၂၇ ပုဒ်မခွဲ (က)အရ လုပ်ငန်းရှင်ဘက်မှ အာမခံချက် ပေးထားသည့်ကာလအတိုင်း ဝန်ဆောင်မှုပေးရန် ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုအပေါ် လျော် ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ရာ လေကြောင်းလိုင်းတာဝန်ရှိသူမှ နစ်နာ ဆုံးရှုံးမှုအတွက် လျော်ကြေးငွေကျပ် ၃၀၀,၀၀၀/-ကို တိုင်ကြားသူသို့ ပေးအပ်ခဲ့ပြီး တိုင်ကြားသူ မှလည်း ကျေနပ်မှုရှိပါသောကြောင့် စားသုံးသူကာကွယ်ရေးဥပဒေအရ ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေ ခြင်းနည်းလမ်းဖြင့် တိုင်ကြားမှုကို ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

 

 

 

 

စာဖတ်ပြည်သူများအားစားသုံးသူကာကွယ်‌ရေးအသိပညာပေးဟောပြော

    ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည်၂၀၂၅ ခုနှစ်၊ နို၀င်ဘာလ(၂၀)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌စာဖတ်ပြည်(၁၀)ဦးအား စားသုံးသူကာကွယ်‌ရေးအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
          အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာ၀န်ခံဦးသိန်းမောင်က စာသုံးသူကာကွယ်ရေးဥပဒေအကြောင်းများထဲမှ စားသုံးသူအခွင့် အရေးအကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ဆိုင်သည့် ကိစ္စရပ်များအကြောင်း၊ ကုန်စည်၀န် ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာမှုရှိလာပါက အရေးဆိုတိုင်ကြားနိုင်သည့်callcenter 1535သို့ ဆက်သွယ်‌မေးမြန်းတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူများသာမက ကုန်စည်၀န်ဆောင်မှု ထုတ်လုပ်ဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်များပါစားသုံးသူကာကွယ်ရေးကိစ္စရပ်များနှင့်ပတ်သက်သိရှိလိုသည်များကိုမည်သူမဆိုcall center1535သို့မေးမြန်းနိုင်ပါကြောင်းအသိပညာပေးဟောပြော
ခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အီလက်ထရောနစ်ပစ္စည်း ပြုပြင်ရောင်းဝယ်ရေးဆိုင်၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာ ခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းနေ တိုင် ကြားသူတစ်ဦးသည် အီလက်ထရောနစ်ပစ္စည်း ပြုပြင်ရောင်း ဝယ်ရေးဆိုင်တစ်ဆိုင် နှင့်ပတ်သက်၍ Robotic Vaccum အား ပြင်ဆင်ရန် ဆိုင်သို့ ပေးပို့ထားသော်လည်း (၄)လကြာသည်အထိ ပြင်ဆင်ပေးမှုမရှိသောကြောင့် စားသုံးသူရေးရာ ဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြား ခံရသည့်  အီလက်ထရောနစ်ပစ္စည်းပြုပြင်ရောင်းဝယ်ရေးဆိုင်သို့ အကြောင်းကြားဆောင်ရွက်ခဲ့ရာ အီလက်ထရောနစ်ပစ္စည်းပြုပြင်ရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူများက တိုင်ကြားသူထံဆက်သွယ်၍ ပြင်ဆင်ရန်ပေးပို့ထားသည့် ပစ္စည်းအစား အသစ်(၁)လုံး လဲလှယ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့မှု အပေါ် တိုင်ကြားသူမှလည်း ကျေနပ်လက်ခံခဲ့သည့်အတွက် ပစ္စည်းအား လဲလှယ်ပေးခဲ့ကြောင်း အကြောင်းပြန်ကြားလာပါသည်။ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူထံ ဆက်သွယ်မေးမြန်းရာ တွင် ပစ္စည်းလဲလှယ်ပေးခဲ့၍ ကျေနပ်မှုရှိပါကြောင်းနှင့် တိုင်ကြားမှုအား ပိတ်သိမ်းလိုကြောင်း ပြန် လည်ပြောကြားခဲ့သဖြင့် တိုင်ကြားမှုကို စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

 

 

 

သောက်ရေသန့်အား အခြားတံဆိပ်ပါဘူးခွံတွင် ထည့်သွင်းရောင်းချသဖြင့် တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

     မွန်ပြည်နယ်၊ မော်လမြိုင်မြို့နေ တိုင်ကြားသူတစ်ဦးသည် သောက်ရေသန့်လုပ်ငန်းတစ်ခုထံမှ (၂၀လီတာ)သောက်ရေသန့် ဘူးဝယ်ယူသုံးစွဲခဲ့ရာ အခြားအမှတ်တံဆိပ်( အသားတံဆိပ်)ပါ သောက်ရေသန့်ဘူးခွံထဲတွင် ထည့်သွင်းပြီး အခြားအမှတ်တံဆိပ် (အသားတံဆိပ်)ပေါ်မှ ၎င်း၏အမှတ်တံဆိပ် အား စတစ်ကာကပ်၍ ရောင်းချနေသည့်အတွက် စားသုံးသူအား ထင်ယောင်ထင်မှားဖြစ် စေသည့်အပြင် စတစ်ကာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိစစ်ဆေးပေးနိုင်ပါရန် စားသုံး သူရေးရာဦးစီးဌာနသို့ စာဖြင့် ပေးပို့တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများသည်  အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် တိုင်ကြားခံရသည့် သောက်ရေသန့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးရာ စက်ရုံအတွင်းတွင်ရှိသော ၂၀ လီတာ ရေသန့်ဘူးများ မှာ အခြားသောက်ရေသန့်အမည်အမှတ်တံဆိပ်(အသားတံဆိပ်ပါ) ဘူးများဖြစ်နေသည်ကို တွေ့ရှိရ ကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ အခြားသက်မှတ်ချက်များ ပြည့်စုံသော်လည်း ၂၀ လီတာနှင့် ၁ လီတာဟူသော ဖော်ပြချက်များကို အင်္ဂလိပ်လိုဖော်ပြထားကြောင်းတို့ကို စစ်ဆေးတွေ့ ရှိရသဖြင့် စီးပွားရေးလုပ်ငန်းရှင်အား နောင်အလားတူကိစ္စရပ်များ မဖြစ်ပေါ်စေရေး အလေးထား လိုက်နာဆောင်ရွက်ရန် အသိပေးခြင်းနှင့် ဥပဒေပါပြဌာန်းချက်များအား လိုက်နာဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်မှုကို တိုင်ကြားသူထံ ဆက်သွယ်ရှင်းပြခဲ့ရာ ကျေနပ်မှုရှိသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

 

အွန်လိုင်းမှတစ်ဆင့် ပစ္စည်းဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှု အခြေအနေ

      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နေ တိုင်ကြားသူ တစ်ဦးသည် Online Page တစ်ခုထံမှ တာလီပုတီး ဝယ်ယူရာ တွင် ငွေကျပ် ၄၅,၀၀၀/- ကြိုလွှဲပေးထားသော်လည်း ပစ္စည်း ပေးပို့မှုမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ Call Center (၁၅၃၅)မှတစ်ဆင့် ခေါ်ဆိုတိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ နေပြည်တော်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများက ပဏာမစုံစမ်းစစ်ဆေးရန် တိုင်ကြားသူသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် မှာယူထားသော ပစ္စည်းရောက်ရှိလာသော်လည်း ပြထားသောပုံနှင့် ကွဲလွဲမှုရှိနေကြောင်း ပြောကြားခဲ့သဖြင့် Online Page သို့ ဆက်သွယ်ပြောကြားရာတွင် တိုင်ကြားသူ မှာယူထားသောပစ္စည်းကို ပြန်လည်ပေးပို့ပါက ငွေပြန်အမ်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဌာနမှ တာဝန်ရှိသူများက စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများအကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး နောက်နောင်ယခုကဲ့သို့ မဖြစ်စေရန် သတိပေးပြောကြားခဲ့ပြီး တိုင်ကြားသူသို့လည်း ဆက်သွယ်ပြောကြားကာ မှာယူထားသောပစ္စည်းအား ပြန်လည်ပေးပို့စေခဲ့ပြီး ငွေပြန်လည်အမ်းပေး ခဲ့သောကြောင့် ကျေနပ်မှုရှိသဖြင့်  တိုင်ကြားမှုကို စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

သက်ဆိုင်ရာဌာနထောက်ခံချက်မပါဘဲ သောက်ရေသန့် ထုတ်လုပ်ဖြန့်ဖြူးနေသဖြင့် တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ တိုင်ကြား သူတစ်ဦးက သောက်ရေသန့်လုပ်ငန်းတစ်ခုသည် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက် ခံချက်မပါရှိဘဲ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသဖြင့်  စစ်ဆေး အရေးယူပေးပါရန် စားသုံးသူရေးရာဦးစီးဌာန၊ Website Complaint System မှတစ်ဆင့်  တိုင်ကြားလာပါသည်။

     ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက စိစစ်ရာ တွင် ရေသန့်သည် ကျန်းမာရေးဝန်ကြီးဌာန၏ ထိန်းချုပ်အစားအသောက်ဖြစ်ပါသဖြင့် တိုင်ကြားခံရ သည့် အမှတ်တံဆိပ်ပါ သောက်ရေသန့်လုပ်ငန်းသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန(FDA)၏ ထောက်ခံချက်ရယူထားခြင်း ရှိ/မရှိ သိရှိနိုင်ပါရန်နှင့်အဆိုပါလုပ်ငန်းအား လိုအပ်သလို စိစစ်ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအကြောင်းကြားခဲ့မှုအပေါ် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ(ရန်ကုန်)ရုံးမှ ဌာနမှတ်တမ်းမှတ်ရာများ စိစစ်ချက်အရ တိုင်ကြားခံရသည့် အမှတ်တံဆိပ် ပါ သောက်ရေသန့်လုပ်ငန်းသည် E-Submission System ၌ ၂၉-၈-၂၀၂၅ ရက်နေ့တွင် (20 L/PET Bottle, 1L/PET Bottle) (၂)မျိုးအား အစားအသောက် ထုတ်လုပ်ခြင်းထောက်ခံချက် လျှောက်ထား ဆဲဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ထောက်ခံချက်ရရှိ ပြီးမှသာ ဈေးကွက်အတွင်းဖြန့်ဖြူးရန်နှင့် လိုက်နာမှုမရှိပါက အမျိုးသားအစားအသောက်ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းကို တိုင် ကြားခံရသည့် လုပ်ငန်းရှင်သို့ အသိပေးအကြောင်းကြားပြီးဖြစ်ပါကြောင်း အကြောင်းပြန်ကြားလာ ပါသည်။ ဌာနမှတာဝန်ရှိသူများက တိုင်ကြားသူထံ ဖြေရှင်းဆောင်ရွက်ပေးမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

အွန်လိုင်းမှတစ်ဆင့် ဆန်ဝယ်ယူမှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှု အခြေအနေ

       ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နေ တိုင်ကြားသူတစ်ဦးသည် အဆင့်မြင့်ဆန်ရောင်းဝယ်ရေး တစ်ခုထံမှ ပေါ်ဆန်း(ရှယ်)အမျိုး အစားအား အလေးချိန် (၁၀၈)ပေါင်၊ (၂၄)ပြည် ဝင် ဆန်အိတ်ရေ (၃၃)အိတ်ကို အွန်လိုင်းစနစ်ဖြင့်ဝယ်ယူခဲ့ရာ ပေးပို့လာသည့်ဆန် များ၏အရည်အသွေးသည် နမူနာပြထားသည့်ဆန်အရည်အသွေး နှင့်တူညီမှုမရှိဘဲလွန်စွာကွဲလွဲမှုများရှိနေသောကြောင့် အဆင့်မြင့် ဆန်ရောင်းဝယ်ရေးသို့ ဆက်သွယ်ပြောကြားသော်လည်း တာဝန်ယူမှုမရှိသောကြောင့် စားသုံးသူရေး ရာဦးစီးဌာနသို့စာဖြင့် တိုင်ကြားလာပါသည်။

      ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက မြန်မာ နိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံဆန် စပါးကုန်သည် များအသင်းက ၂၂-၈-၂၀၂၅ရက်နေ့တွင် တိုင်ကြားခံရသည့် အဆင့်မြင့်ဆန်ရောင်းဝယ်ရေးမှ တာဝန်ရှိ သူနှင့် တိုင်ကြားသူတို့အား အသင်းရုံးသို့ခေါ်ယူ၍ ညှိနှိုင်းဖြေရှင်းပေးမှုအရ ဆန်အိတ်လက်ကျန် (၂၀)အိတ်အတွက် တန်ဖိုးငွေကျပ် ၉၀၀,၀၀၀/-တိတိကို တိုင်ကြားခံရသူမှ ပြန်လည်ပေးလျော်မှု အပေါ် တိုင်ကြားသူမှ သဘောတူကျေနပ်စွာ လက်ခံခဲ့ပြီး အသင်းမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါကြောင်း အကြောင်းပြန်ကြားလာပါသည်။ ဌာနမှတာဝန်ရှိ သူများသည် တိုင်ကြားသူထံ ဆက်သွယ်မေးမြန်းခဲ့ရာမှ အသင်းမှခေါ်ယူညှိနှိုင်း ဖြေရှင်းပေးမှုအပေါ် ကျေနပ်မှုရှိပါကြောင်းနှင့် တိုင်ကြားမှုအား ပိတ်သိမ်းလိုကြောင်း ပြန်လည်ပြောကြားခဲ့သဖြင့် တိုင်ကြားမှုအား  စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

 

 

 

အွန်လိုင်းမှတစ်ဆင့် အိတ်ဝယ်ယူမှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှု အခြေအနေ

     ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ် ဦးသည် Online Shop တစ်ခု၏  Page တွင် Branded အိတ်စစ်စစ်အဖြစ် Post တင်ပြီး ကြော်ငြာ သောကြောင့် မှာယူခဲ့ပါကြောင်း၊ မှာယူပြီး မိမိထံ ရောက်ရှိချိန်တွင် အိတ်မှာ Error များပါနေသဖြင့် ကျေနပ်မှုမရှိသောကြောင့် စားသုံးသူရေးရာဦးစီး ဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

      ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက Online Shop မှ တာဝန်ရှိသူများထံသို့ ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း နှစ်ဦးနှစ်ဖက် ပြေလည်မှု မရရှိသောကြောင့် တိုင်ကြားသူနှင့်လုပ်ငန်းရှင် နှစ်ဦးနှစ်ဖက်တို့အား ဌာနသို့ ခေါ်ယူတွေ့ဆုံညှိနှိုင်း ပေးခဲ့ရာ လုပ်ငန်းရှင်မှ တိုင်ကြားသူအား အိတ်ဝယ်ယူထားသည့် တန်ဖိုးငွေကျပ် ၂၂၈,၅၀၀/-တိတိကို ဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ပေးအပ်ခဲ့ပြီး ယခုဖြစ်စဉ်နှင့်ပတ်သက်၍လည်း တောင်းပန် စကားပြောကြားခဲ့သည့်အပြင် နောင်တွင်ယခုလိုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့မှုအပေါ် တိုင်ကြားသူမှ ကျေနပ်လက်ခံပါကြောင်း၊ ယခု ဖြစ်စဉ်နှင့်ပတ်သက်၍ လုပ်ငန်းရှင်နှင့်တိုင်ကြားသူများအနေဖြင့် လူမှုကွန်ယက်စာမျက်နှာများတွင် ရေးသား ပြောဆိုခြင်းများအား ရှောင်ကြဉ်သွားမည်ဖြစ်ကြောင်း သဘောတူညီချက် လက်မှတ်ရေးထိုး ခဲ့ပြီး တိုင်ကြားမှုကို စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းခြင်းဖြင့် ဖြေရှင်း ဆောင်ရွက်ခဲ့ပါ သည်။

 

 

ခရီးသွားဝန်ဆောင်မှုနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် ခရီးသွားဝန်ဆောင်မှုနှင့် ကုန် စည်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုမှတစ်ဆင့် “တောသူမ" သဘာဝဆေးဖက်ဝင် ထုတ်ကုန်များ (ခေါင်းလျှော်ရည် အပါ)အား ဂျပ်ဖာ(၄)ဖာကို ငွေကျပ် ၅၂,၀၀ဝ/- ဖြင့် ရန်ကုန်မြို့ရှိ  Super Market တစ်ခုသို့ Deli ပို့ခငွေကျပ် ၂၀,၀၀ဝ/- ဖြင့် အပ်နှံပို့ဆောင်ခဲ့ရာ  ရန်ကုန်မြို့ရှိ  Super Market  သို့ ပစ္စည်းများရောက်ရှိသော်လည်း ငွေကျပ် ၁၈,၉၁,၀၀၀/- တန်ဖိုးရှိ ကုန်ပစ္စည်းများ ပျက်စီးနေပါသဖြင့် နစ်နာဆုံးရှုံးမှုအတွက် ဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ Call Center မှတစ်ဆင့် ခေါ်ဆိုတိုင်ကြားလာပါသည်။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား သူနှင့် တိုင်ကြားခံရသူတို့အား ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌  ခေါ်ယူ၍ တွေ့ဆုံဆွေးနွေးခဲ့ရာ တိုင်ကြားသူက တိုင်ကြားခံရသည့် ခရီးသွားဝန်ဆောင်မှုနှင့်ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းအနေဖြင့် ပျက်စီးသွားသော ကုန်ပစ္စည်းများကို ယူဆောင်မှုမရှိပါက  ဆုံးရှုံးငွေမှ အနည်းငယ်ကို လျော့ပေါ့၍ လျော်ပေးရမည်ဖြစ်ကြောင်း၊ ပျက်စီးကုန်ပစ္စည်းများကို လက်ခံယူ ဆောင်သွားမည်ဆိုပါက ပစ္စည်း တန်ဖိုးငွေကျပ် ၁,၈၉၁,၀၀၀/-ကို ပေးလျော်စေလိုကြောင်း ပြောကြားခဲ့ပါသည်။ တိုင်ကြားခံရသူမှ ပျက်စီးသွားသည့် ကုန်ပစ္စည်းများအား ယူဆောင်သွားမည်ဖြစ်ပြီး ကျသင့်ငွေအား ပြန်လည် ပေးအပ် မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကုန်ပစ္စည်းများ၏တန်ဖိုးငွေကျပ် ၁,၈၉၁,၀၀၀/-ကို ခရိုင်ဦးစီးမှူးရှေ့ မှောက်တွင် ပေးအပ်ခဲ့ပါသဖြင့် တိုင်ကြားသူမှကျေနပ်မှုရရှိခဲ့ပြီး တိုင်ကြားမှုကို စားသုံးသူကာကွယ် ရေးဥပဒေအရ နစ်နာဆုံးရှုံးမှုနှင့်အညီ ငွေပြန်လည်ပေးစေခြင်းဖြင့်  ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

 

 

Pages

Subscribe to RSS - ဖြေရှင်းဆောင်ရွက်ပေးမှုများ