
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာ ဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင် ယူဆရသောကုန်စည်(သို့)ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍သော်လည်းကောင်း စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျှက်ရှိပါသည်။
မိတ္ထီလာခရိုင်၊မိတ္ထီလာမြို့၊စားသုံးသူပြည်သူတစ်ဦးသည် အောင်ဆန်းရပ်ကွက်၊ ကျောက်ဖူး နယ်မြေအတွင်းရှိ မြေကွက်ပေါ်တွင် နှစ်ထပ်ခွဲRCC အဆောက်အဦဆောက်လုပ် ရန်အတွက် (အလျား ၃၅’×အနံ၃၀’) နှစ်ထပ်ခွဲ အဆောက်အဦဆောက်လုပ်ခြင်းစာချုပ်အား (၁၄.၇.၂၀၂၄)ရက်နေ့တွင် နှစ်ဦးသဘောတူစာချုပ်ချုပ်ဆို၍ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပါသည်။ အဆောက်အဦကန်ထရိုက် အား (၁၄.၇.၂၀၂၄)တွင် လှေကားအိမ်ပါ RCC နှစ်ထပ်ခွဲကို ကျသင့်ငွေ ၁၂၀၀၀၀၀၀၀ (ကျပ်သိန်း တစ်ထောင့်နှစ်ရာ တိတိ)ဖြင့် အပ်နှံခဲ့ပါသည်။ (၃၀.၄.၂၀၂၆) နောက်ဆုံးထား၍ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အဆောက်အဦအားစားသုံးသူလက်ဝယ်သို့ အပ်နှံရန် ကတိစာချုပ် ချုပ်ဆို၍ အပ်နှံခဲ့သော်လည်း (၃၀.၄ .၂၀၂၆) ရက်နေ့အထိ စားသုံးသူလက်ဝယ်သို့ အဆောက်အဦအပ်နှံနိုင် ခြင်းမရှိဘဲ (၁၉.၆.၂၀၂၆)ရက်နေ့တိုင်အောင် လုပ်ငန်းလာရောက် ဆောင်ရွက်ခြင်းမရှိသဖြင့် စာချုပ်ပါအတိုင်း နှစ်ဆပေးလျော်ရန်နှင့် စာချုပ်ပါဒဏ်ကြေးများ ရရှိရန်အတွက် လာရောက် တိုင်ကြားခြင်းဖြစ်ပါသည်။
အဆိုပါတိုင်ကြားမှုနှင့်စပ်လျဉ်း၍ စားသုံးသူနှင့်တိုင်ကြားခံရသည့် လုပ်ငန်းရှင်အား (၁၀.၇.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌ စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ခဲ့ပါသည်။ လုပ်ငန်းရှင်မှ ဖြေရှင်းရာတွင် လုပ်ငန်းစတင်ဆောက်လုပ်ချိန်မှ ယခုအချိန်ထိ ကျပ်သိန်း(၁၆၀၀)ခန့် ကုန်ကျသွားပြီဖြစ်သော်လည်း စာချုပ်ပါအတိုင်း လုပ်ငန်းပြီးစီးအောင် ဆောင် ရွက်ပေးရမည်မှာ မိမိတာဝန်ဖြစ်ပါကြောင်း၊ ဆောက်လက်စအိမ်တွင် ဆောက်လုပ်ရန်ကျန်ရှိသည့် အစိတ်အပိုင်းများအား ဆောက်လုပ်ရာတွင် ကျပ်သိန်း(၄၀၀)ခန့် ထပ်မံကုန်ကျမည် ဖြစ်သောကြောင့် မိမိအနေဖြင့် ဆက်လက်ဆောက်လုပ်ရန် ငွေကြေးအခက်ခဲများကြောင့် အဆောက်အဦပြီးစီးရန် ကြန့်ကြာသွားရခြင်း ဖြစ်ပါကြောင်း၊ အဆင်မပြေမှုများအတွက် စားသုံးသူအား အနူးအညွတ်တောင်း ပန်ပါကြောင်း၊ ကျန်ရှိနေသည့်အဆောက်အဦ အစိတ်အပိုင်းများအား(၃)လအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
စားသုံးသူမှ လုပ်ငန်းအဆင်ပြေချောမွေ့စေရေးအတွက် ကျပ်သိန်း(၁၀၀)စိုက်ထုတ် ကူညီ သွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့်အဆောက်အဦ အစိတ်အပိုင်းများအား(၃)လအတွင်း ပြီးစီး အောင် ဆောင်ရွက်ပေးသွားဆိုပါက စားသုံးသူအနေဖြင့် စိတ်ကျေနပ်မှုရှိပါကြောင်း ဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံး ရိုင်ဦးစီးမှူးမှ တိုင်ကြားခံရသူသည်(၂၁.၇.၂၀၂၆) ရက်နေ့တွင် လုပ်ငန်းများစတင်ဆောင်ရွက်သွားရန်နှင့် (၃)လပြည့်မြောက်သည့်နေ့ (၂၁.၁၀.၂၀၂၆) ရက်နေ့တွင် လုပ်ငန်းများအပြီးဆောင်ရွက်၍ စားသုံးသူလက်ဝယ်သို့အပ်နှံသွားရန် ဆုံးဖြတ်ခဲ့ရာ နှစ်ဦးနှစ်ဖက်သဘောတူညီမှုရရှိသဖြင့် သဘောတူညီချက်ပုံစံ(၉)တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
