
အပြန်အလှန်စီးပွားရေးကြီးထွားမှုမြင့်တက်ရန် ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်မှုမူဘောင် အသစ်များမှတစ်ဆင့် အီဂျစ်နှင့်ကုန်သွယ်ရေးဆက်နွယ်မှုအားကောင်းရန် အင်ဒိုနီးရှားကြိုးပမ်း သွားမည်ဟု သိရပါသည်။ ၂၀၂၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံကုန်စည်ပြပွဲတွင် အီဂျစ်၏ရင်းနှီးမြှုပ်နှံမှု နှင့် လွတ်လပ်သောဇုန်များအထွေထွေအာဏာပိုင်အဖွဲ့ (GAFI) ၏ CEO ဖြစ်သူ Hossam Heiba နှင့် အစည်းအဝေးတွင် အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Budi Santoso က စီးပွားရေးမိတ်ဖက်ဖွဲ့ မှု သို့မဟုတ် ကုန်သွယ်ရေးသဘောတူညီချက်တည်ထောင်ရန် အဆိုပြုခဲ့ကြောင်း သိရပါသည်။ Santoso က ၎င်းတို့သည် အပြန်အလှန်ကုန်သွယ်ရေးသဘောတူညီချက်ညှိနှိုင်းဆွေးနွေးမှုများကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်အတွက်ကျင်းပမည့် ပူးတွဲကုန်သွယ်ရေး ကော်မတီအစည်းအဝေး (JTC) သည် ကုန်သွယ်ရေးသဘောတူညီချက်စာချုပ်အတွက် လွယ်ကူ ချောမွေ့စေမည်ဟု မျှော်လင့်ကြောင်းနှင့် အင်ဒိုနီးရှားသည်ဆွေးနွေးမှုများအတွက် အချက် အလက်များပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လွန်ခဲ့သည့်နှစ်ကကျင်းပခဲ့သည့် ပထမအကြိမ်မြောက် အင်ဒိုနီးရှား-အီဂျစ် JTC တွင် နှစ်နိုင်ငံစလုံးသည် အပြန်အလှန်ချိတ်ဆက်မှု မြှင့်တင်ရန်နှင့် ၎င်းတို့၏ထုတ်ကုန်များအတွက် ဈေးကွက်လမ်းကြောင်းတိုးချဲ့ရန်အတွက် ကုန်သွယ်ရေးသဘောတူညီချက်ရယူရန် သဘောတူခဲ့ကြကြောင်း သိရပါသည်။ အင်ဒိုနီးရှား သမ္မတ Prabowo Subianto နှင့် အီဂျစ်သမ္မတ el-Sisi တို့ဧပြီလကလက်မှတ်ရေးထိုးခဲ့သည့် Joint Declaration on the Indonesia-Egypt Strategic Partnership သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရန်အတွက် လမ်းကြောင်းပေးနိုင်ခဲ့ကြောင်း သိရပါသည်။ Heiba ကအီဂျစ်သည် ၂၀၂၆ ခုနှစ်တွင် အင်ဒိုနီးရှားသို့ တင်ပို့မှုလွယ်ကူချောမွေ့စေ ရန်အတွက် အင်ဒိုနီးရှား၏ဟာလစံနှုန်းများနှင့် သွင်းကုန်အတွက်အသိအမှတ်ပြုလက်မှတ်လိုအပ် ချက်များကို အနီးကပ်ဂရုပြုဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် Heiba ကအပြန်အလှန်ကုန်သွယ်ရေးအားကောင်းရန်အတွက် အပြန်အလှန်အသိအမှတ်ပြုခြင်းနှင့် ဟာလာအသိအမှတ်ပြုလက်မှတ်တွင် ပူးပေါင်းဆောင်ရွက်ရန် အကြံပြုခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၇၄ ဘီလီယံရှိ ခဲ့ပြီး အင်ဒိုနီးရှားက အမေရိကန်ဒေါ်လာ ၁.၅၃ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ကြောင်း သိရပါသည်။ အီဂျစ်သို့အင်ဒိုနီးရှား၏ အဓိကပို့ကုန်များမှာ စားအုန်းဆီ၊ ကော်ဖီနှင့် တစ်ပိုင်းတစ်စပြုပြင် ထုတ်လုပ်ထားသည့် သံနှင့်စတီးတို့ဖြစ်ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
