Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ်စားသုံးသူများ အလှကုန်ပစ္စည်းများအပေါ် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံကျော် သုံးစွဲလာ

         ဗီယက်နမ်နိုင်ငံ၏ အလှအပနှင့် တစ်ကိုယ်ရေသုံးပစ္စည်းစျေးကွက်သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၇၄ ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်းထားပြီး နောက်ပိုင်းတွင် ဒေါ်လာ ၃ ဘီလီယံအထိ ဆက်လက်တိုးတက်လာရန် မျှော်လင့်ရသည်။

           ဂျာမန်အချက်အလက်သုတေသနလုပ်ငန်း Statista ၏ အချက်အလက်များကို ကိုးကား၍ ဟိုချီမင်းစီးတီးတွင် မကြာသေးမီက ကျင်းပခဲ့သည့် အလှကုန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့မှုကွင်းဆက်ဆိုင်ရာ အခမ်းအနားတစ်ခု၌ ကျွမ်းကျင်သူများက တင်ပြခဲ့ကြသည်။ ၂၀၂၉ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှတိုးတက်မှုနှုန်း ၃.၃ ရာခိုင်နှုန်းခန့် ရှိနေခြင်းကြောင့် အလှအပနှင့် တစ်ကိုယ် ရေသုံးပစ္စည်းစျေးကွက်သည် မကြာမီ ဒေါ်လာ ၃ ဘီလီယံအထိ ရောက်ရှိလာတော့မည် ဖြစ်သည်။

         ၂၀၂၅ ခုနှစ်အရောက်တွင် တစ်ကိုယ်ရေစောင့်ရှောက်မှုကဏ္ဍ (Personal care sector) သည် အကြီးမားဆုံးဝေစုအဖြစ် ဒေါ်လာ ၁.၂ ဘီလီယံခန့် ရှိလာမည်ဖြစ်သည်။ ဗီယက်နမ်စားသုံးသူများသည် အရေပြားကျန်းမာရေးနှင့် လူနေမှုဘဝအရည်အသွေးအပေါ် ပိုမိုအလေးထားလာ ကြသဖြင့် အရှိန်အဟုန်အမြန်ဆုံး တိုးတက်လာမည့် ကဏ္ဍမှာ အရေပြားစောင့်ရှောက်မှု (Skincare) နှင့် အလှကုန်ပစ္စည်း (Cosmetics) ကဏ္ဍဖြစ်သည်။

         DKSH Group ၏ တစ်ကိုယ်ရေစောင့်ရှောက်မှုနှင့် ဓာတုဗေဒပစ္စည်းဌာနခွဲ ဒုတိယဥက္ကဋ္ဌ Michelle Delac က ဗီယက်နမ်အလှကုန်စျေးကွက်သည် ကမ္ဘာ့ပျမ်းမျှနှုန်းထက် များစွာကျော်လွန် ပြီး ဂဏန်းနှစ်လုံးနေရာ (Double-digit) တိုးတက်မှုနှုန်းကို ကြုံတွေ့နေရကြောင်း မှတ်ချက်ပြုခဲ့ သည်။

      အလှအပရေးရာ ထုတ်ကုန်များသည် လက်ရှိ၌ အီလက်ထရွန်နစ်ကုန်သွယ်မှု (E-commerce) ပလတ်ဖောင်းများပေါ်တွင် စုစုပေါင်းကုန်စည်တန်ဖိုး အများဆုံးရရှိနေသည့် အမျိုး အစားဖြစ်သည်။ Metric ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်စားသုံးသူများ သည် Shopee, TikTok Shop, Lazada နှင့် Tiki ဟူသော ပလတ်ဖောင်း ၄ ခုပေါ်ရှိ အလှအပရေးရာထုတ်ကုန်များအတွက် ဗီယက်နမ်ဒေါင် ၇၄.၅ ထရီလီယံခန့် သုံးစွဲသွားမည် ဖြစ်သည်။

       ဗီယက်နမ်နိုင်ငံတွင် Clean Beauty ခေတ်ရေစီးကြောင်းသည် သဘာဝပါဝင်ပစ္စည်းများ (Natural ingredients) သုံးစွဲထားသည်ဟု ကြော်ငြာသည့် ထုတ်ကုန်များနှင့် ဒွန်တွဲနေလေ့ရှိ သည်။ သို့သော်လည်း ကျွမ်းကျင်သူက သဘာဝအတိုင်းဖြစ်ခြင်း သည် ဘေးကင်းခြင်း ကို ရာနှုန်းပြည့် မဆိုလိုကြောင်း သတိပေးထားသည်ဟု သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ မြေသြဇာတင်ပို့မှု အရှိန်အဟုန်ဖြင့် မြင့်တက်လာ

        အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့မြေသြဇာထောက်ပံ့မှု ကွင်းဆက်များ ပြတ် တောက် သွားပြီးနောက် ဗီယက်နမ်နိုင်ငံသည် မြေသြဇာတန်ချိန် ၁.၇ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး ပမာဏရော တန်ဖိုးပါ သိသာထင်ရှားစွာ မြင့်တက်လာခဲ့သည်။

       ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဗီယက်နမ်သည် ယခုနှစ်ပထမနှစ် ဝက်အတွင်း မြေသြဇာတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၃၃ သန်း ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် တင်ပို့မှုပမာဏ ၅၂ ရာခိုင်နှုန်းနှင့် ရရှိသည့်တန်ဖိုး ၁၀၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

        ကမ္ဘောဒီးယားနိုင်ငံသည် တန်ချိန် ၃၃၀,၀၀၀ ကျော် (အမေရိကန်ဒေါ်လာ ၁၄၆ သန်းဖိုး) ဖြင့် ဗီယက်နမ်မြေသြဇာကို အများဆုံးဝယ်ယူသည့် ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေသည်။ ထို့ပြင် တောင်ကိုရီးယားနိုင်ငံက တန်ချိန် ၁၄၉,၀၀၀ နီးပါး (ဒေါ်လာ ၁၀၄ သန်းဖိုး)၊ ဖိလစ်ပိုင်နိုင်ငံက တန်ချိန် ၁၁၈,၀၀၀ (ဒေါ်လာ ၆၄ သန်းဖိုး) နှင့် မလေးရှားနိုင်ငံက တန်ချိန် ၈၈,၀၀၀ (ဒေါ်လာ ၄၉ သန်းဖိုး) အသီးသီး တင်သွင်းခဲ့ကြသည်။

       စီးပွားရေးလုပ်ငန်းရှင်များ၏ အဆိုအရ ပို့ကုန်အင်တိုက်အားတိုက် မြင့်တက်လာရခြင်းမှာ ကမ္ဘာ့မြေသြဇာထောက်ပံ့မှု ပြတ်တောက်သွားခြင်းကြောင့် ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးတင်းမာမှုများသည် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ကုန်စည် ပို့ဆောင်မှုကို သက်ရောက်မှုရှိစေခဲ့ပြီး ပါရှန်းပင်လယ်ကွေ့ဒေသရှိ စက်ရုံအများအပြား ကို ထုတ်လုပ် မှုလျှော့ချစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ရုရှားနှင့် တရုတ်နိုင်ငံတို့က ပြည်ပတင်ပို့မှုခွဲတမ်းများကို ဆက်လက်တင်းကျပ်ထားခြင်းကြောင့် နိုင်ငံတကာစျေးကွက်တွင် ထောက်ပံ့မှုပမာဏ ပိုမိုကျုံ့သွား စေခဲ့သည်။

        ကမ္ဘာ့ထောက်ပံ့မှု တင်းကျပ်လာပြီး သွင်းကုန်လိုအပ်ချက် မြင့်မားလာချိန်တွင် ဗီယက်နမ် မြေသြဇာလုပ်ငန်းများသည် ပို့ကုန်အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်နိုင်ရန် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို လျင်မြန်စွာ ညှိနှိုင်းပြင်ဆင်ခဲ့ကြသည်။

        ပြည်ပပို့ကုန်စျေးကွက်၏ ကောင်းမွန်သော ဖြစ်ထွန်းမှုများကို ကဏ္ဍတွင်းရှိ ကုမ္ပဏီအများအပြား၏ စီးပွားရေးရလဒ်များတွင် မြင်တွေ့နိုင်သည်။ ပထမခြောက်လပတ် ပဏာမအစီရင်ခံစာအရ PVCFC သည် ဗီယက်နမ်ဒေါင် ၁၁,၈၀၀ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ပြီး ထုတ်ကုန်တန်ချိန် ၉၀၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ကာ နှစ်စဉ်လျာထားချက်၏ ၅၉ ရာခိုင်နှုန်းကျော်ကို ပြီးမြောက်ခဲ့ပြီဖြစ်သည်။

          တစ်ချိန်တည်းမှာပင် Petrochemical Fertilizer and Chemical Corporation (Phu My Fertilizer) သည် ယခုနှစ်ပထမနှစ်ဝက်တွင် မြေသြဇာနှင့် ဓာတုပစ္စည်း တန်ချိန် ၅၅၁,၅၀၀ ခန့် ထုတ်လုပ်နိုင်ခဲ့ကြောင်း ခန့်မှန်းထားသည်။ စုစုပေါင်းရောင်းချရမှုမှာ တန်ချိန် ၉၇၂,၃၀၀ ခန့်ရှိပြီး ထိုအထဲတွင် မြေသြဇာတစ်မျိုးတည်းတင် တန်ချိန် ၉၀၆,၀၀၀ ကျော်ပါဝင်ကာ ၆ လတာ လျာထားချက်ထက် ၃၂ ရာခိုင်နှုန်း ကျော်လွန်ခဲ့သည်။ Phu My NPK မြေသြဇာသည် တန်ချိန် ၁၄၄,၂၀၀ ခန့် ရောင်းချခဲ့ရပြီး ဗီယက်နမ်ဒေါင် ၁,၈၀၀ ဘီလီယံကျော် ဝင်ငွေပံ့ပိုးပေးနိုင်ခဲ့သဖြင့် ထူးခြားသည့် အမှတ်အသားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။

         လက်ရှိတွင် ဗီယက်နမ်ပြည်တွင်း၌ မြေသြဇာစျေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး အထူးသဖြင့် တောင်ပိုင်းဒေသတွင် Urea၊ DAP နှင့် NPK စျေးနှုန်းများ တက်နေသော်လည်း မြောက်ပိုင်းစျေးကွက်မှာမူ ယေဘုယျအားဖြင့် တည်ငြိမ်နေဆဲဖြစ်သည်။

       နိုင်ငံတကာစျေးကွက်တွင်မူ DTN ၏ အဆိုအရ ဇွန်လအတွင်း အမေရိကန်နိုင်ငံရှိ မြေသြဇာ လက်လီစျေးနှုန်းများသည် ယခင်လနှင့်နှိုင်းယှဉ်ပါက အမျိုးအစားအများစုတွင် ကျဆင်းသွားသော်လည်း ယခင်နှစ်ကာလတူထက် ၄ ရာခိုင်နှုန်းမှ ၄၁ ရာခိုင်နှုန်းအထိ ပိုမိုမြင့်မားနေသေးသဖြင့် ကမ္ဘာ့မြေသြဇာစျေးနှုန်းများ မြင့်မားသည့်အဆင့်တွင် ဆက်ရှိနေကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ ကုန်စည်နှင့် ဝန်ဆောင်မှု လက်လီရောင်းချမှု မြင့်တက်လာ

       တရုတ်နိုင်ငံ၏ စားသုံးမှုအင်အားကို ပြသသည့် အဓိကညွှန်းကိန်းတစ်ခုဖြစ်သော ကုန်စည်နှင့် ဝန်ဆောင်မှု စုစုပေါင်း လက်လီရောင်းချမှုသည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ယခင်နှစ်ကာလ တူထက် ၂.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။

       အမျိုးသားစာရင်းအင်းဗျူရို (NBS) က ထုတ်ပြန်သည့် အချက်အလက်များအရ ထိုကာလအတွင်း ဝန်ဆောင်မှုကဏ္ဍ လက်လီရောင်းချမှုသည် ယခင်နှစ်ကထက် ၅.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကုန်စည်ကဏ္ဍ လက်လီရောင်းချမှုမှာမူ ၁.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

         NBS အချက်အလက်များအရ ဝန်ဆောင်မှုကဏ္ဍ စားသုံးမှုတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ဆောင်မှုများ၊ ခရီးသွားလာရေးဆိုင်ရာ အကြံပေးလုပ်ငန်းနှင့် ငှားရမ်းခြင်း ဝန်ဆောင်မှုများ၊ ယဉ်ကျေးမှု၊ အားကစားနှင့် အပန်းဖြေဝန်ဆောင်မှု အမျိုးအစားများသည် လျင်မြန်စွာ တိုးတက်လာခဲ့ကြောင်း ပြသနေသည်။

        ယခုနှစ် ပထမနှစ်ဝက်တွင် ရုပ်ဝတ္ထုပစ္စည်း စားသုံးကုန်များ ရောင်းချရမှုနှင့် စားသောက်ကုန်လုပ်ငန်းမှ ရရှိသည့် ဝင်ငွေများ ပါဝင်သော စားသုံးကုန်ပစ္စည်း စုစုပေါင်း လက်လီရောင်းချမှု သည် ယခင်နှစ်ကာလတူထက် ၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် ၂၄.၈၇ ထရီလီယံ (အမေရိကန် ဒေါ်လာ ၃.၆၆ ထရီလီယံခန့်) သို့ ရောက်ရှိခဲ့ကြောင်း အဆိုပါအချက်အလက်များတွင် ဖော်ပြထားသည်။

        (၂၀၂၆-၂၀၃၀) (၁၅) ကြိမ်မြောက် ငါးနှစ်စီမံကိန်း ကာလအတွင်း စားသုံးမှုတိုးချဲ့ရေးဆိုင်ရာ အစိုးရ၏ စီမံကိန်းအရ တရုတ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ရာတွင် စားသုံးမှုကဏ္ဍ၏ အခန်းကဏ္ဍကို ပိုမိုခိုင်မာစေရန် ရည်ရွယ်လျက် ၂၀၃၀ ပြည့်နှစ်တွင် စားသုံးကုန်ပစ္စည်း စုစုပေါင်း လက်လီရောင်းချမှုကို ယွမ် ၆၀ ထရီလီယံခန့်အထိ ရောက်ရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

        ပြည်သူများ၏ စားသုံးလိုစိတ်နှင့် စားသုံးနိုင်စွမ်းရည်ကို မြှင့်တင်ရန်နှင့် စားသုံးမှုဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန်ကြိုးပမ်းမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အလွန်ကြီးမားသော စျေးကွက်ကြီး၏ စားသုံးမှုစွမ်းအားကို ပိုမိုကောင်းမွန်စွာ အသုံးချသွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

တရုတ်စျေးကွက်ကြောင့် ဗီယက်နမ် ဒူးရင်းစိုက်ပျိုးသူများ အလားအလာ ကောင်းမွန်လာ

​          ဒူးရင်းသီး ဆွတ်ခူးရာသီအတွင်း ဗီယက်နမ်နိုင်ငံ၏ အရှေ့တောင်ဘက်နှင့် အနောက်တောင်ဘက် ဒေသများသို့ လှည့်လည်လုပ်ကိုင်သူက ပြောကြားရာတွင် ၂၀၂၂ ခုနှစ်မှစတင်ကာ တရုတ်နိုင်ငံသို့ တရားဝင် ဒူးရင်းသီးတင်ပို့မှု တိုးချဲ့လာနိုင်ခြင်းကြောင့် ပြည်တွင်းစျေးကွက်တစ်ခု တည်းအပေါ်၌သာ အဓိကမှီခိုခဲ့ရသည့် ယခင်အချိန်များနှင့်နှိုင်းယှဉ်ပါက ယခုအခါ စျေးနှုန်းများ ပိုမိုတည်ငြိမ်လာကြောင်း ပြောကြားခဲ့သည်။

         ဤကဲ့သို့ တိုးတက်ပြောင်းလဲလာမှုများကို တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှု တိုးချဲ့လာခြင်းနှင့်အတူ ဝင်ငွေများ မြင့်တက်လာခြင်းကို ဒူးရင်းစိုက်ပျိုးသူများ၏ ခြံများတွင်လည်း သိသာထင်ရှားစွာ မြင်တွေ့နိုင်သည်။ ဒူးရင်းခြံကို ဆယ်စုနှစ်တစ်ခုကြာ စိုက်ပျိုးလာခဲ့သူ တစ်ဦးက ဤအသီးသည် သူမ၏ မိသားစုအတွက် အဓိကဝင်ငွေ အရင်းအမြစ်ဖြစ်လာပြီး ပြီးခဲ့သည့်နှစ် တစ်နှစ်တည်းတွင်ပင် ဗီယက်နမ်ဒေါင် ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၅၈,၇၀၀ ခန့်) ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ စိုက်ပျိုးသူသည် တရုတ်ဝယ်လက်များထံ တိုက်ရိုက်ရောင်းချခြင်း မဟုတ်သော်လည်း ဗီယက်နမ်ဒူးရင်းသီးများ နယ်စပ်ဖြတ်ကျော်စီးဆင်းမှု ပိုမိုများပြားလာသည်နှင့်အမျှ သူမ၏ အကျိုးအမြတ်များပါ တဖြည်းဖြည်း မြင့်တက်လာသည်။

​          တရုတ်နိုင်ငံသည် ဗီယက်နမ်၏ အကြီးမားဆုံး စိုက်ပျိုးရေး-သစ်တော-ရေလုပ်ငန်း ပို့ကုန်စျေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး ပြီးခဲ့သည့်နှစ်က ဗီယက်နမ်သည် တရုတ်နိုင်ငံသို့ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ . ဘီလီယံ ရရှိခဲ့ကာ ထိုအထဲတွင် ဒူးရင်းသီးတင်ပို့မှုမှ  အမေရိကန်ဒေါ်လာ . ဘီလီယံ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                

DOCA (ရန်ကုန်)

ကုန်သွယ်ရေးစာချုပ်များမှတစ်ဆင့် ပို့ကုန်တိုးမြှင့်ရန် ကုန်ထုတ်လုပ်သူများကို တိုက်တွန်းခဲ့သည့် အင်ဒိုနီးရှားဝန်ကြီး

        အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Budi Santoso က အလုပ်အကိုင်အများအပြား ဖန်တီးပေးသည့် (Labour-intensive) စက်မှုလုပ်ငန်းများအနေဖြင့် အင်ဒိုနီးရှားနိုင်ငံက နိုင်ငံအသီးသီးနှင့် ချုပ်ဆိုထားသည့် လွတ်လပ်သောကုန်သွယ်ရေးနှင့် စီးပွားရေးသဘောတူညီချက်များကို အကျိုးရှိစွာအသုံးချ၍ ပို့ကုန်တိုးမြှင့်တင်ပို့ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်တွင် မြှင့်တင်နိုင်ရန် အသုံးချနိုင်သည့် ကုန်သွယ်ရေးသဘောတူညီချက်များ ပိုင်ဆိုင်ထားကြောင်းနှင့် အစိုးရအနေနှင့်လည်း အလုပ်အကိုင်အများအပြားဖန်တီးပေးသည့် ကုန်ထုတ်လုပ်ငန်းများကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ပြီး ပို့ကုန်ဈေးကွက်နိုင်ငံများတွင် အကောက်ခွန်နှုန်းထား ပိုမိုယှဉ်ပြိုင်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဇူလိုင် ၁၆ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ကုန်ဦးတည်သည့် စက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေကာ ဈေးကွက်ဝင်ရောက်နိုင်မှုတိုးချဲ့ရေးနှင့် နိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရေးကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။ ထိုရည်ရွယ်ချက်ဖြင့် ဝန်ကြီး Santoso သည် ဇူလိုင် ၁၄ ရက်က ဂျကာတာ မြို့ရှိ ကုန်သွယ်ရေးဝန်ကြီးဌာနတွင် ဂျပန်နိုင်ငံအခြေစိုက် Epson ကုမ္ပဏီ၏ ဌာနချုပ်မှ ကိုယ်စား လှယ်များနှင့် PT Indonesia Epson Industry မှ တာဝန်ရှိသူများကို လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါသည်။ တွေ့ဆုံစဉ်အတွင်း ဂျပန်နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းဖြစ်သည့် Epson အနေဖြင့် အင်ဒိုနီးရှားနိုင်ငံကချုပ်ဆိုထားသည့် ကုန်သွယ်ရေးသဘောတူညီချက်များကို အပြည့်အဝအသုံးချကာ နိုင်ငံအတွင်း ထုတ်လုပ်သည့်ကုန်ပစ္စည်းများ၏ ပို့ကုန်ပမာဏကို တိုးမြှင့်တင်ပို့ရန် ဝန်ကြီးက တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ထို့ပြင် Epson ၏ အင်ဒိုနီးရှားလုပ်ငန်းခွဲမှ ထုတ်ကုန်များကို အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများအထိ ဈေးကွက်တိုးချဲ့မည့် အစီအစဉ်အပေါ်လည်း ဝန်ကြီးက ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရပါသည်။ ၎င်းဈေးကွက်ချဲ့ထွင်မှုသည် အစဉ်အလာ ကုန်သွယ်ဖက်နိုင်ငံများအပြင် အခြားဈေးကွက်သစ်များသို့ တိုးချဲ့ဝင်ရောက်ရန် အင်ဒိုနီးရှား အစိုးရ၏မူဝါဒနှင့်ကိုက်ညီကြောင်းလည်း ဝန်ကြီးကပြောကြားခဲ့ပါသည်။ လက်ရှိတွင် အင်ဒိုနီးရှား နိုင်ငံသည် ကုန်သွယ်ရေးသဘောတူညီချက် ၂၀ ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပြီး သဘောတူညီချက် ၁၅ ခုမှာ အတည်ပြုရေးလုပ်ငန်းစဉ်တွင် ရှိနေကာ သဘောတူညီချက် ၁၁ ခုမှာ ဆွေးနွေးညှိနှိုင်းဆဲဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ကုန်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့များ ဖွဲ့စည်းထားပြီး ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ဈေးကွက်များတွင်ကြုံတွေ့ရသည့် အခက်အခဲများကိုဖြေရှင်းနိုင်ရန် အထောက်အကူပြုလျက်ရှိကြောင်း သိရပါသည်။ ဝန်ကြီးက အင်ဒိုနီးရှားရှိ ကုန်ထုတ်လုပ်ငန်းများအနေဖြင့် ရရှိနိုင်သည့်အထောက်အကူပြုအစီအစဉ်များနှင့် အခွင့်အလမ်းများကို အပြည့်အဝ အသုံးချကာ ပို့ကုန်ပမာဏကို ဆက်လက်တိုးမြှင့်ကြရန်လည်း ထပ်လောင်းတိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ကုန်သွယ်ရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စက်မှုလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေးနှင့် စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာအခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်လာစေရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

၂၀၂၈ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ ရောက်ရှိရန် ဆောင်ရွက်သွားမည့် အင်ဒိုနီးရှားနှင့် ဗီယက်နမ်

         အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့သည် ၂၀၂၈ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံအထိ ရောက်ရှိစေရန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစွာမြှင့်တင်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Sugiono က ပြောကြားခဲ့ပါသည်။ ထိုကတိကဝတ်ကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ဇူလိုင်လ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာပူးတွဲကော်မရှင် အစည်းအဝေး (JCBC) အပြီးတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Sugiono နှင့် ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီး Le Hoai Trung တို့က နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းဖြင့် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့်ပတ်သက်၍ ၂၀၂၈ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုရည်မှန်းချက် အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံ ရရှိစေရန် ၎င်းတို့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုလိုက်ကြောင်း ဝန်ကြီး Sugiono က ဝန်ကြီး Le Hoai Trung နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ အဆိုပါရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုများတိုးမြှင့်ရေး၊ နှစ်နိုင်ငံစလုံးရှိ ကုန်သွယ်ရေးအတားအဆီးများ ဖယ်ရှားရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် နှစ်နိုင်ငံစီးပွားရေးအသိုင်းအဝိုင်းများအကြားထိတွေ့ ဆက်ဆံမှုများ ပိုမိုတိုးမြှင့်သွားမည်ဖြစ်ပြီး လက်ရှိတည်ရှိပြီးသော နှစ်နိုင်ငံသဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများကို ဆက်လက်အကောင်အထည်ဖော်ကာ လက်တွေ့ကျသော ရလဒ်များရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ စီးပွားရေးပူးပေါင်းမှုများအပြင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး လုပ်ငန်းစီမံချက်တွင် သီးသန့်စီးပွားရေးဇုန် (EEZ) နှင့်ပတ်သက်သည့် နှစ်နိုင်ငံသဘောတူညီချက်များကို အကောင်အထည်ဖော်ရေးလည်း ပါဝင်ကြောင်း သိရပါသည်။ ထို့ပြင် ရေကြောင်းကဏ္ဍအတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ အထူးသဖြင့် မူးယစ်ဆေးဝါးမှောင်ခိုမှု တားဆီးရေးတို့ကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ နှစ်နိုင်ငံဝန်ကြီး များသည် စိုက်ပျိုးရေး၊ သိပ္ပံနှင့် နည်းပညာ၊ လျှပ်စစ်မော်တော်ယာဉ် ထောက်ပံ့ရေးကွင်းဆက် (EV supply chain) နှင့် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနီးကပ်လာစေရန်လည်း သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီး Le Hoai Trung ကလည်း ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေရန် နှစ်နိုင်ငံ ချိတ်ဆက်ဆောင်ရွက်မှု (connectivity) ကို တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြောင်းနှင့် လက်ရှိအချိန်အထိ အင်ဒိုနီးရှား-ဗီယက်နမ် ကုန်သွယ်ရေးလုပ်ငန်းများ အားကောင်းစွာတိုးတက်နေသဖြင့် ၂၀၂၈ ခုနှစ် ကုန်သွယ်ရေးရည်မှန်းချက်ကို လွယ်ကူစွာရရှိနိုင်ပြီး ထိုထက်ပင် ကျော်လွန်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

စားအုန်းဆီကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် MoU လက်မှတ်ရေးထိုးခဲ့သည့် ရုရှားနှင့် အင်ဒိုနီးရှား

       အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီရန်ပုံငွေ စီမံခန့်ခွဲရေးအေဂျင်စီ (BPDP) သည် အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံအကြား စားအုန်းဆီကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန် အထောက်အပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုကို မော်စကိုမြို့ရှိ အင်ဒိုနီးရှားသံရုံး၌ ကျင်းပခဲ့သည့် အခမ်းအနားတွင် အင်ဒိုနီးရှားစားအုန်းဆီအသင်း (GAPKI) နှင့် ရုရှားနိုင်ငံအဆီနှင့် ဆီထွက်ပစ္စည်းသမဂ္ဂနှင့် ယူရေးရှားစီးပွားရေးသမဂ္ဂ (EAEU) အဆီနှင့် ဆီ ထုတ်လုပ်ရေးလုပ်ငန်းများ အသင်းတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး ခြင်းဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ BPDP ၏ ဥပဒေရေးရာနှင့် ပူးပေါင်း ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Pangihutan Siagian က ထိုပူးပေါင်းမှုသည် နိုင်ငံတကာ မိတ်ဖက်ကွန်ရက်များတိုးချဲ့ရန်နှင့် အင်ဒိုနီးရှားစားအုန်းဆီထုတ်ကုန်များအတွက် စျေးကွက်အခွင့် အလမ်းသစ်များဖွင့်လှစ်ရန် အရေးပါသော အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ယခုပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့ဈေးကွက်တွင် အင်ဒိုနီးရှားစားအုန်းဆီလုပ်ငန်း၏ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေရန်ကြိုးပမ်းမှုတစ်ရပ်ဖြစ်သော ကြောင့် BPDP အနေဖြင့် ကြိုဆိုကြောင်း  ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်းရှင်များနှင့် ရုရှားနိုင်ငံမှ မိတ်ဖက်များအကြား ပူးပေါင်းဆောင်ရွက်မှုသည် သတင်းအချက်အလက်ဖလှယ်မှုတိုးမြှင့်ရေး၊ ထုတ်ကုန်မြှင့်တင်ရေးလုပ်ငန်းများ အားကောင်းလာစေရေးနှင့် နှစ်ဖက်စလုံးအတွက်အကျိုးရှိမည့် စီးပွားရေးပူးပေါင်းမှုများ ဖော်ဆောင်နိုင်ရေးကို အထောက်အကူပြုမည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။ ယခင်ကလည်း GAPKI ဥက္ကဋ္ဌ Eddy Martono နှင့် ရုရှားနိုင်ငံ၏ အဆီနှင့် ဆီ လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက MoU ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါသည်။ အဆိုပါလက်မှတ်ရေးထိုးပွဲကို BPDP မှ Pangihutan Siagian နှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံနှင့် ဘီလာရုစ်သမ္မတနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ် Jose Antonio Morato Tavares တို့က သက်သေခံခဲ့ကြကြောင်း သိရပါသည်။ ၎င်း MoU သည် သတင်းအချက်အလက်ဖလှယ်ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ နည်းပညာနှင့် စွမ်းရည်မြှင့်တင်ရေး၊ စက်မှုလုပ်ငန်းစံနှုန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုရှားနိုင်ငံအပြင် EAEU အဖွဲ့ဝင်နိုင်ငံများသို့ အင်ဒိုနီးရှား စားအုန်းဆီ ထုတ်ကုန်များ တင်ပို့ရောင်းချနိုင်ရေးအတွက် အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်လာမည်ဟု မျှော်လင့်ရကြောင်း သိရပါသည်။ Siagian ယခု ပူးပေါင်းမှုသည် အင်ဒိုနီးရှား စားအုန်းဆီလုပ်ငန်းရှင်များနှင့် ရုရှား၊ ယူရေးရှားဒေသရှိမိတ်ဖက်များအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေ မည့် မဟာဗျူဟာမြောက် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုနားလည်မှု စာချွန်လွှာ ကြောင့် စားအုန်းဆီနှင့် ၎င်းမှထုတ်လုပ်သည့် ဆက်စပ်ထုတ်ကုန်များအပါအဝင် ကုန်သွယ်မှု တိုးမြှင့်နိုင်မည့် အခွင့်အလမ်းများ ပိုမိုပွင့်လင်းလာမည်ဟု မျှော်လင့်ထားကြောင်း သိရပါသည်။ ထို့အပြင် BPDP သည် ဇူလိုင် ၆ ရက်မှ ၉ ရက်အထိ ရုရှားနိုင်ငံ Yekaterinburg မြို့၌ ကျင်းပ ခဲ့သည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ စက်မှုကုန်စည်ပြပွဲ (INNOPROM 2026) တွင်လည်း ပူးတွဲပြခန်းပြသသူအဖြစ် ပါဝင်ခဲ့ကြောင်း သိရပါသည်။ BPDP ၏ MoU လက်မှတ်ရေးထိုးမှုနှင့် INNOPROM 2026 ပါဝင်မှုတို့သည် အင်ဒိုနီးရှားစားအုန်းဆီထုတ်ကုန်များ အတွက် ကမ္ဘာလုံး ဆိုင်ရာ မိတ်ဖက်ကွန်ရက်များတိုးချဲ့ရန်၊ စီးပွားရေးသံတမန်ရေးကို ခိုင်မာစေရန်နှင့် ရေရှည် တည်တံ့သောထုတ်ကုန်များအတွက် စျေးကွက်အသစ်များဖွင့်လှစ်ရန် ရည်ရွယ်သည့် မဟာဗျူဟာ တစ်ရပ်၏အစိတ်အပိုင်းများဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှား သံအမတ် Tavares ကလည်း ၎င်း MoU ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ပြီး ပါဝင်ပတ်သက်သူအားလုံးအတွက် အကျိုးဖြစ်ထွန်းစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး အင်ဒိုနီးရှားနှင့် ရုရှား၊ EAEU အဖွဲ့ဝင် နိုင်ငံများအကြား စီးပွားရေးဆက်ဆံမှု ပိုမိုတိုးတက်ခိုင်မာစေရန် အမျိုးမျိုးသော အစီအစဉ်များကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း သံရုံး၏ ကတိကဝတ်ကိုလည်း ထပ်မံအတည်ပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

သကြားလုပ်ငန်းနယ်ပယ် ကြီးထွားမှုမြှင့်တင်ရန် သမဝါယများမှတစ်ဆင့် ကြိုးပမ်းသွားမည့်အင်ဒိုနီးရှား

          အင်ဒိုနီးရှားနိုင်ငံ သမဝါယမဝန်ကြီးဌာနသည် Red and White Village Cooperatives - KDMP အစီအစဉ်အောက်ရှိ စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် ဒေသခံကြံစိုက်တောင်သူများ၏ ကြံထွက်ကုန်များကို စုဆောင်းဝယ်ယူကာ သကြားထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရည်မှန်းထားကြောင်း သိရပါသည်။ သမဝါယမဝန်ကြီး Ferry Juliantono က သမဝါယမများသည် စိုက်ပျိုးရေး၊ သီးနှံစိုက်ပျိုးရေးနှင့် စိုက်ခင်းထွက်ကုန်လုပ်ငန်းများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် ပြည်သူများ၏ လူနေမှုဘဝတိုးတက်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း၊ အဆိုပါအစီအစဉ်သည် သကြားအပါအဝင် အမျိုးသားအစားအစာဖူလုံရေး ရည်မှန်းချက်များအကောင်အထည်ဖော်ရာတွင် ကျေးရွာသမဝါယမများကို အဓိကမောင်းနှင်အား များအဖြစ် အားပေးမြှင့်တင်ရန် အစိုးရ၏ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်းနှင့် အမျိုးသားသကြား ထုတ်လုပ်မှုတိုးမြှင့်နိုင်ပါက ကြံစိုက်တောင်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက်လာ နိုင်မည်ဖြစ်သော်လည်း ကြံစိုက်တောင်သူများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် သမဝါယမ စီမံခန့်ခွဲမှု ပိုမိုခိုင်မာလာရန်လိုအပ်ကြောင်း ဇူလိုင် ၁၅ ရက်တွင် အလယ်ပိုင်းဂျာဗားပြည်နယ် Semarang မြို့၌ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ပါသည်။ သမဝါယမများမှ စုဆောင်းရရှိလာသည့် ကြံထွက်ကုန်များကို နိုင်ငံပိုင်စားသောက်ကုန်ကုမ္ပဏီ ID Food ၏ လက်အောက်ခံ PT PG Rajawali I က ဝယ်ယူပေးသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တောင်သူများအနေဖြင့် သင့်လျော်သောဈေးနှုန်းရရှိစေရန် အာမခံပေးမည်ဖြစ်ကြောင်း သိရပါသည်။ ထို့နောက် ကြံမှထုတ်လုပ်ပြီးသော စားသုံးသကြားများကို နိုင်ငံတစ်ဝန်းရှိ KDMP သမဝါယမဆိုင်များမှတစ်ဆင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးက စိုက်ပျိုးရေးလုပ်ငန်းများ၊ အစားအစာသီးနှံများ၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးနှင့် အခြားကဏ္ဍများတွင်ဖြစ်ပေါ်နေသောပြဿနာများအတွက် ဖြေရှင်းချက်များရှာဖွေနိုင်ရန် စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေသွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ထို့ပြင် သမဝါယမဝန်ကြီးဌာနသည် သကြားကြံစိုက်ပျိုးရေးတွင် ပါဝင်သည့် သမဝါယမများ ဖွံ့ဖြိုးတိုးတက်လာစေရန် လှည့်ပတ်ရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့ (LPDB) ကို အသုံးချကာ သင့်လျော်သော ငွေကြေးထောက်ပံ့မှုအစီအစဉ်များ၊ လုပ်ငန်းဖွံ့ဖြိုးရေး လေ့ကျင့်ပေးမှုများနှင့် အကြံပေးပံ့ပိုးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ အလားတူ အခမ်းအနားတွင် စိုက်ပျိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sudaryono က အင်ဒိုနီးရှားနိုင်ငံသည် စားသုံးသကြားကဏ္ဍတွင် ကိုယ်ပိုင်ဖူလုံမှုရရှိထားပြီဖြစ်သော်လည်း စက်မှုလုပ်ငန်းသုံး သန့်စင်သကြားများအတွက်မူ ပြည်ပမှတင်သွင်းနေရဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် သကြားအမျိုးအစားအားလုံးတွင် ကိုယ်ပိုင်ဖူလုံရေးရရှိစေရန် ရည်ရွယ်ထားပြီး ဇီဝလောင်စာ ဘိုင်အိုအီသနော (Bioethanol) ထုတ်လုပ်ရာတွင် အသုံးပြုမည့် သကြားဓာတ်ကြွယ်ဝသော သီးနှံများ ထုတ်လုပ်ရေးကိုလည်းတိုးချဲ့သွားမည်ဖြစ်ကြောင်း ၎င်း၏အဆိုအရသိရပါသည်။ ထိုရည်မှန်းချက် များသည် စိုက်ပျိုးရေးထွက်ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး၊ တောင်သူများ၏လူနေမှုဘဝမြှင့်တင်ရေးနှင့် ကျေးလက်စီးပွားရေးတွင် သမဝါယမများ၏ အခန်းကဏ္ဍ ပိုမိုခိုင်မာလာစေရေးတို့အတွက် သမ္မတ Prabowo Subianto ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

Gayo ကော်ဖီကိုပြည်ပသို့ တင်ပို့မှုတိုးမြှင့်မည့် အင်ဒိုနီးရှား

        အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ဈေးကွက်တွင် ထင်ရှားကျော်ကြားသည့် Aceh ပြည်နယ်ထွက် Gayo အထူးအရည်အသွေးမြင့် ကော်ဖီကို ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးနှင့် ကော်ဖီစိုက် တောင်သူများ၏ဝင်ငွေတိုးတက်စေရေးအတွက် Gayo ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကို ဆက်လက် တိုးချဲ့သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့ပါသည်။ ၎င်းက Gayo ကော်ဖီသည် ကမ္ဘာတစ်ဝန်းတွင် လူသိများပြီးဖြစ်ပြီး Aceh ဒေသကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူများ၏ လူနေမှုဘဝ မြင့်မားလာစေရန် ထိုလုပ်ငန်းကို အကောင်အထည်ဖော်နေကာ နောက်ထပ်ဦးစားပေးလုပ်ငန်းမှာ ပြည်ပတင်ပို့မှုတိုးမြှင့်ရေးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဒေသဆိုင်ရာအစိုးရ၏ အချက်အလက်များအရ Aceh ပြည်နယ်ရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုမှ စီးပွားရေးတန်ဖိုး အင်ဒိုနီးရှားရူပီး လေးထရီလီယံ (အမေရိကန် ဒေါ်လာ ၂၄၆ သန်းခန့်) ဖန်တီးပေးထားကြောင်း သိရပါသည်။ အစိုးရသည် Aceh ပြည်နယ်ရှိ ကော်ဖီစိုက်ဧရိယာ ဟက်တာ ၁၇,၀၀၀ ခန့်တွင် စိုက်ပျိုးထုတ်လုပ်မှုကို ပံ့ပိုးပေးထားပြီး ကော်ဖီစိုက်ပျိုးရေး အဓိကဒေသများ၌ ကော်ဖီပင်ပေါင်း ၁၇ သန်းခန့် စိုက်ပျိုးထားကြောင်း သိရပါသည်။ တောင်သူများအနေဖြင့် လက်ရှိစိုက်ခင်းများကို ကောင်းမွန်စွာထိန်းသိမ်း၍ ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်နိုင်ပါက လာမည့်နှစ်တွင် စိုက်ပျိုးဧရိယာကိုထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် Aceh ပြည်နယ်ရှိ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ဒေသဆိုင်ရာရုံးများသည် ပျိုးဥယျာဉ်များ အားကောင်းလာစေရေးနှင့် နည်းပညာအကူအညီများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကော်ဖီပင်များ၏ အရည်အသွေးတိုးတက်ကောင်းမွန်လာခဲ့ကြောင်းလည်း ဝန်ကြီးကချီးကျူး ပြောကြားခဲ့ပါသည်။ Gayo ကော်ဖီသည် နိုင်ငံတကာဈေးကွက်တွင် နာမည်ကောင်းရရှိထားသဖြင့် ပြည်ပတင်ပို့မှုကိုပိုမိုတိုးချဲ့နိုင်မည့် အလားအလာကောင်းများရှိသကဲ့သို့ အင်ဒိုနီးရှားကော်ဖီကိုလည်း ကမ္ဘာ့ဈေးကွက်တွင် ပိုမိုလူသိများလာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ စိုက်ပျိုးရေးဝန်ကြီး၏ ပြောကြားချက်အရ ၂၀၂၅ ခုနှစ်အတွင်း အင်ဒိုနီးရှား၏ စိုက်ခင်းထွက်ကုန်များ ပြည်ပတင်ပို့မှုတန်ဖိုးမှာ အင်ဒိုနီးရှားရူပီး ၄၀ ထရီလီယံ (အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၆ ဘီလီယံခန့်) ရှိခဲ့ပြီး ၎င်းထက် ပိုမိုတိုးတက်လာနိုင်သည့် အခွင့်အလမ်းများစွာရှိနေကြောင်း သိရပါသည်။ Gayo ကော်ဖီကို ကမ္ဘာ့အမှတ်တံဆိပ်တစ်ခု ဖြစ်လာစေလိုကြောင်းနှင့် လက်ရှိ စိုက်ခင်းထွက်ကုန် တင်ပို့မှုတန်ဖိုးမှာ ရူပီး ၄၀ ထရီလီယံ ရှိနေပြီး နောင်တွင် ရူပီး ၁၀၀ ထရီလီယံ သို့မဟုတ် ရူပီး ၂၀၀ ထရီလီယံ အထိ တိုးမြှင့်နိုင်ရန် ရည်မှန်းထားကြောင်း စိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

မလေးရှား၊ စင်ကာပူတို့နှင့် ဆန်တင်ပို့မှုသဘောတူညီချက်ရရှိရန် အင်ဒိုနီးရှားကြိုးပမ်း

        အင်ဒိုနီးရှားနိုင်ငံ အစိုးရပိုင် ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ (Bulog) သည် မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့ ဆန်တင်ပို့ရေးသဘောတူညီချက်များရရှိနိုင်ရန်အတွက် ဆန်ဈေးနှုန်းတည်ငြိမ် သေချာမှုရှိစေရေးနှင့် တောင်သူလယ်သမားများ၊ နိုင်ငံတော်နှင့် ရေရှည်တည်တံ့သော ပို့ကုန် ကဏ္ဍအတွက် အကျိုးရှိစေမည့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်လျက်ရှိကြောင်း သိရပါသည်။ Bulog ဥက္ကဋ္ဌ Ahmad Rizal Ramdhani က အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ အကြီးအကဲနှင့် စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman တို့၏ လမ်းညွှန်ချက်နှင့်အညီ မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့ ဆန်တင်ပို့နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့ပါသည်။ ၎င်းက စိုက်ပျိုးရေးဝန်ကြီး၏ ညွှန်ကြားချက်အရ မလေးရှား၊ စင်ကာပူတို့နှင့် ဈေးနှုန်းသေချာမှုအပါအဝင် အခြားကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းနိုင်ရန် အမြန်ဆုံးအကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Bulog သည် လက်ရှိတွင် မလေးရှားအစိုးရဘက်မှ ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံရန် အသင့်ဖြစ်မည့်အချိန်ကို စောင့်ဆိုင်းလျက် ရှိကြောင်း သိရပါသည်။ Ramdhani ၏ ပြောကြားချက်အရ Bulog သည် မလေးရှားနှင့် စင်ကာပူ တို့၏အဆင်သင့်ဖြစ်မှုကိုအတည်ပြုနိုင်ရန် နှစ်နိုင်ငံနှင့်ညှိနှိုင်းဆောင်ရွက်နေပြီး ဈေးနှုန်းတည်ငြိမ် သေချာမှုရှိကာ သက်ဆိုင်သူအားလုံးအတွက်အကျိုးရှိမည့် သဘောတူညီချက်တစ်ရပ်ရရှိရန် မျှော်လင့်ထားကြောင်း သိရပါသည်။ Ramdhani က ၎င်းတို့အနေနှင့် သွားရောက်ဆွေးနွေးမည့် အချိန်ကို မသတ်မှတ်ရသေးသော်လည်း ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေပြီး ဈေးနှုန်းသေချာမှုရရှိစေရန် ဆောင်ရွက်နေပါကြောင်း၊ ထို့ပြင် မလေးရှားဘက်၏ ပါဝင်ဆောင်ရွက်မည့်အချိန်သည် ၎င်းတို့၏ ပြည်တွင်းဆောင်ရွက်မှုအခြေအနေများပေါ် မူတည်နေသဖြင့် Bulog အနေ ဖြင့် ဆက်သွယ်ညှိနှိုင်းမှုများကို အားကောင်းစွာဆက်လက်ဆောင်ရွက်ရင်း စောင့်ဆိုင်းနေကြောင်းနှင့် သမ္မတ Prabowo Subianto ၏ လမ်းညွှန်ချက်အရ ဆန်တင်ပို့ရာတွင် သတ်မှတ်မည့်ဈေးနှုန်းများသည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရမည် ဖြစ်သကဲ့သို့ သင့်လျော်သောအကျိုးအမြတ်ရရှိစေပြီး နိုင်ငံ့စီးပွားရေးကိုလည်း အထောက်အကူပြုရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခင်ကလည်း အင်ဒိုနီးရှားမှ မလေးရှားသို့ ဆန် တန်ချိန် ၂ သိန်း တင်ပို့ရန်စီစဉ်ထားမှုနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများမှာ ဈေးနှုန်းသတ်မှတ်ရေးအပေါ် အဓိကထားဆက်လက်ဆောင်ရွက်နေကြောင်း Ramdhani က အတည်ပြုထား ပါသည်။ Bulog နှင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မလေးရှားနိုင်ငံ Sarawak ပြည်နယ်သို့သွားရောက်ကာ အဆိုပါဆန်တင်ပို့ရေးအစီအစဉ်ကို ဆွေးနွေးသွားရန် စီစဉ်ထား ကြောင်း သိရပါသည်။ ထို့ပြင် အင်ဒိုနီးရှားသည် စင်ကာပူနိုင်ငံသို့လည်း ဆန်တန်ချိန် ၁၀,၀၀၀ တင်ပို့ရန်စီစဉ်ထားပြီး အဆိုပါအစီအစဉ်ကို ဇွန် ၂၉ ရက်က ဂျကာတာမြို့ရှိ စိုက်ပျိုးရေးဝန်ကြီးဌာန ၌ ကျင်းပသည့် အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman နှင့် စင်ကာပူနိုင်ငံ ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး Grace Fu တို့၏ နှစ်နိုင်ငံဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ