
အင်ဒိုနီးရှားနိုင်ငံ ပြောင်းရွှေ့အခြေချရေးဝန်ကြီး Iftitah Sulaiman Suryanagara က အရှေ့ဂျာဗားပြည်နယ်မှ ထွက်ရှိသည့်သရက်သီးများကို ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် ကုန်စည်အခြေပြုစီးပွားရေးဇုန်များ ဖော်ဆောင်သွားမည်ဖြစ်ပြီး ကုန်သွယ်မှုဆိုင်ရာ နည်းပညာ အတားအဆီးများကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဂျပန်နိုင်ငံသည် အရည်အသွေးမြင့်သစ်သီးဝလံများအပေါ် ဝယ်လိုအားမြင့်မားသည့်ဈေးကွက်ဖြစ်သောကြောင့် ဦးစားပေး တင်ပို့မည့်နိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း သိရပါသည်။ သို့သော် အင်ဒိုနီးရှားသရက်သီးများကို ဂျပန်နိုင်ငံသို့တင်ပို့ရာတွင် Fruit Fly ကင်းစင်ရေးဆိုင်ရာ စံချိန်စံညွှန်းများအပါအဝင် နည်းပညာဆိုင်ရာ အတားအဆီးများကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးက အဓိကစိန်ခေါ်မှုမှာ Fruit Fly ပြဿနာဖြစ်ပြီး ထိုပြဿနာကို ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများလိုအပ်သော်လည်း ထိုအခက်အခဲကိုဖြေရှင်းနိုင်သည်နှင့် ဂျပန်ဈေးကွက်သည် အင်ဒိုနီးရှားသရက်သီးများအတွက် ပိုမိုဖွင့်လှစ်လာမည်ဟုယုံကြည်ကြောင်း၊ ၎င်းအတားအဆီးများကို ဖယ်ရှားနိုင်ပါက အင်ဒိုနီးရှားသရက်သီး များအတွက် ပြည်ပဈေးကွက်ပိုမိုကျယ်ပြန့်လာမည်ဖြစ်သကဲ့သို့ တောင်သူများနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများအတွက်လည်း တန်ဖိုးမြင့်ထုတ်ကုန်များ ဖန်တီးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Pasuruan ခရိုင်မှ Avocado Mango သရက်မျိုးနှင့် Probolinggo ခရိုင်မှ Arumanis သရက်မျိုးတို့သည် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားပြီး အင်ဒိုနီးရှား၏ အဓိက ဥယျာဉ်ခြံထွက် ပို့ကုန်များအဖြစ် ဖွံ့ဖြိုးလာနိုင်ကြောင်း သိရပါသည်။ ထို့ပြင် အမေရိကန်၊ တရုတ်၊ ဩစတြေးလျ နိုင်ငံများအပါအဝင် မိတ်ဖက်နိုင်ငံများ၏ သံအမတ်ကြီးများအား အရှေ့ဂျာဗားသရက်သီးများကို မကြာခဏမိတ်ဆက်ပြသခဲ့ရာ အရည်အသွေးကောင်းမွန်မှုအပေါ် အလွန်ကောင်းမွန်သည့် တုံ့ပြန်ချက်များရရှိခဲ့ကြောင်း သိရပါသည်။ သရက်သီးတင်ပို့မှု တိုးမြှင့်နိုင်ရေးအတွက် ပြောင်းရွှေ့အခြေချရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ စိုက်ပျိုးထုတ်လုပ်မှု၊ ပြုပြင်ထုတ်လုပ်မှု၊ ဈေးကွက်တင်ရောင်းချမှုနှင့် ပို့ကုန်တင်ပို့မှုတို့အထိ ထောက်ပံ့ပေးနိုင်မည့် ကုန်စည်အခြေပြုဒေသများကို ဖော်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။ ဒေသတစ်ခုချင်းစီကို သရက်သီး၊ ဒူးရင်းသီး၊ အုန်းသီးနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များကဲ့သို့ မိမိတို့၏ အားသာချက်ရှိသည့် ကုန်စည်များကို အခြေခံ၍ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ဝန်ကြီးကပြောကြားခဲ့ပါသည်။ ၎င်းအစီအစဉ်သည် လူနေပြောင်းရွှေ့ရေးမူဝါဒကို လူဦးရေပြောင်းရွှေ့ရေးအပေါ်သာ အာရုံစိုက်သည့်ပုံစံမှ စီးပွားရေးတိုးတက်မှုဗဟိုချက်အသစ်များ ဖော်ဆောင်သည့်ပုံစံသို့ အသွင်ကူးပြောင်းရန်ရည်ရွယ်ထားသည့် အစိုးရ၏မူဝါဒတစ်စိတ်တစ်ပိုင်းလည်းဖြစ်ကြောင်း သိရပါသည်။ အရှေ့ဂျာဗားပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Emil Elestianto Dardak ကလည်း ပြည်နယ်၏ အဓိကထုတ်ကုန်များယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်နိုင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ မီဒီယာများနှင့် ဒစ်ဂျစ်တယ်အကြောင်းအရာဖန်တီးသူများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ် ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရ၊ စီးပွားရေးလုပ်ငန်းများ၊ မီဒီယာများနှင့် ဒစ်ဂျစ်တယ်ဖန်တီး ရှင်များအားလုံးပူးပေါင်းပြီး ဒေသ၏အလားအလာကို ပိုမိုကျယ်ပြန့်စွာမြှင့်တင်ဖော်ပြရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှား ကွာရန်တင်းအေဂျင်စီ (Barantin) က ဂျပန်နိုင်ငံ၏ နှစ်စဉ် သရက်သီးတင်သွင်းရန်လိုအပ်ချက်မှာ တန်ချိန် ၇,၀၀၀ ခန့်ရှိနိုင်ပြီး ဈေးကွက်တန်ဖိုးမှာ အင်ဒိုနီးရှားရူပီး ၁၄၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ သန်းခန့်) ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ထိုစဉ်က အင်ဒိုနီးရှားအနေဖြင့် နည်းပညာဆိုင်ရာ တင်ပို့မှုလိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းနိုင်ပါက ကနဦးအဆင့်တွင် သရက်သီးတန်ချိန် ၆၀၀ ခန့်ကို ဂျပန်နိုင်ငံသို့ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ Barantin ၏ ထုတ်ပြန်ချက်အရ ဂျပန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန်အတွက် သစ်သီးခြံများ၊ ထုပ်ပိုးရေးစင်တာများနှင့် ကွာရန်တင်းကုသရေးဆိုင်ရာ အဆောက်အအုံများကို မှတ်ပုံတင်ထားရမည်ဖြစ်ပြီး သရက်သီးများတွင် Fruit Fly ကင်းစင်ကြောင်းအာမခံနိုင်ရမည်ဟု သိရပါသည်။ အဆိုပါ နည်းပညာဆိုင်ရာ လိုအပ်ချက်များသည် အရှေ့ဂျာဗားမှ သရက်သီးများကို ဂျပန်ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ပြောင်းရွှေ့အခြေချရေးဝန်ကြီးဌာနက လက်ရှိဆောင်ရွက်နေသည့် ကြိုးပမ်းမှုများနှင့် ကိုက်ညီလျက်ရှိကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
