ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်ခရိုင်၏ ၂၀၂၅-၂၀၂၆ ခုနှစ်ထွက် (မိုး-နွေ) စပါး/ဆန် ဈေးနှုန်းအခြေအနေ

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် လယ်ယာထွက်ကုန် အခြေခံတန်ဖိုးမြင့်  စားသောက်ကုန်ချောထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးလုပ်ငန်းများဖြင့် ဖွံ့ဖြိုးတိုးတက်သော ခရိုင်တစ်ခုဖြစ်သည်။ မအူပင်ခရိုင် လယ်ယာထွက်ကုန် စပါးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးထွက်ရှိသော ခရိုင်တစ်ခုဖြစ်သည်။ မအူပင်ခရိုင်အသီးသီးမှ စပါး၊ ဆန် ထွက်ရှိသော ဆန်ကွဲများကို ရန်ကုန်သို့ အဓိကထားတင်ပို့ပြီး ဆန်ကွဲကို ရန်ကုန် စက်မှုဇုန်ကြီးများ၊ ဆိတ်ကမ်းများသို့ တင်ပိုကြောင်း သိရသည်။

         စပါးဈေးနှုန်း အနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် ထွက် (၄၆)ပေါင်စပါးတင်း ၁၀၀ ဈေး (အသစ်)အနေဖြင့် ပေါ်ဆန်း ဈေး ၂၈၅၂၀၀၀ ကျပ်၊ ဧည့်မထ(မိုး) ငွေကျပ် ၁၉၃၂၀၀၀ ကျပ်၊ ဧည့်မထ(နွေ) ငွေကျပ် ၁၇၉၄၀၀၀ကျပ်၊ (၁၀၈)ပေါင် ဆန် ၁အိတ်ဈေး ပေါ်ဆန်း ငွေကျပ် ၁၅၅၀၀၀ကျပ်၊ ဧည့်မထ(မိုး)လတ်စ ၁အိတ် ငွေကျပ် ၈၅၀၀၀ကျပ်၊ ဧည့်မထ(နွေ)လတ်စ ငွေကျပ် ၇၁၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့နယ်ဈေးကွက်အတွင်းမှ သိရပါသည်။ ယခင်နှစ် ဈေးဖြင့်နှိုင်းယှဉ်ပါက ငွေကျပ် ၁၅၀၀၀ကျပ် မြင့်တက်လာကြောင်း၊ ဧည်မထ ဆန် ငွေကျပ် ၂၀၀၀၀ ကျပ် မြင့်တက်လာကြောင်း စိစစ်တွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

မြင်းခြံကုန်စည်ဒိုင်၌ ဆောင်းကြက်သွန်နီ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခြင်း

             မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ  ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ကံဆင့်ရွာ၊ တလုပ်ရွာ၊ တောပုရွာ၊ နနွင်းတော်ဘိုးရွာ၊ ကံရွာ၊ တူရွင်းဘိုးရွာ၊ ကျားတိုင်းရွာနှင့် သင်ပြွန်းရွာတို့တွင် ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို အဓိကစိုက်ပျိုးကြောင်း၊  မြင်းခြံဈေးကွက်၌ ဆောင်းကြက်သွန်နီသည် ယခုတစ်ပတ်တွင် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၄၀၀၀၀)ပိဿာခန့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရသည်။

          ၂၀၂၆ခုနှစ်၊ ဇွန်လ(နောက်ဆုံးပတ်)တွင် မြင်းခြံကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော ကြက်သွန်နီ  ဈေးနှုန်းမှာ  ထိပ်စတစ်ပိဿာလျှင် (၃၆၀၀-၃၈၀၀)ကျပ်၊ အလတ်စ  (၃၃၀၀-၃၅၀၀) ကျပ်၊ အသေးစ (၂၇၀၀-၃၂၀၀)ကျပ်ခန့် ပေါက်ဈေးများရှိခဲ့ကြောင်း၊  ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက ကြက်သွန်နီကြီးစတစ်ပိဿာလျှင် (၄၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်( (၃၅၀) ကျပ်၊ အသေးစတစ်ပိဿာလျှင် (၂၅၀)ကျပ်ခန့် ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီးနှင့် မော်လမြိုင်မြို့များသို့ နေ့စဉ်တင်ပို့ကြောင်း၊  တစ်အိတ်လျှင်ကုန်ချိန်ပိဿာဝင် (၃၀) အိတ်များဖြင့် (၁၀၀၀ မှ ၂၀၀၀ ထိ)တင်ပို့ကြောင်း၊ ဆောင်းကြက်သွန်နီသီးနှံသည် သိုလှောင်ရာတွင် တာရှည်ခံသလို စားသုံးရာတွင် နူးညံ့သောကြောင့် ဈေးကွက်၌ ဝယ်လက်များသဖြင့် ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်ကြောင်း၊ ကုန်သည်များထံမှ သိရှိရ ပါသည်။

DOCA(မန္တလေး)

ကန့်ဘလူတွင် ပြောင်းချို စိုက်ပျိုးရောင်းချသူများ အောင်မြင်ဖြစ်ထွန်းကာ အကျိုးအမြတ်များရရှိနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိသားစုအပို ဝင်ငွေရရှိစေရန်အတွက် ရေသွင်းစိုက်ပျိုးရလွယ်ကူပြီး ဈေးကွက်ခိုင်မာမှုရှိသည့် ပြောင်းချို (Sweet Corn) ကို တိုးချဲ့စိုက်ပျိုးလာကြရာ လက်ရှိအချိန်တွင် အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအဆင်ပြေ လျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့နယ်အတွင်းရှိ တောင်သူများသည် ဈေးကွက်အတွင်း အဝယ်လိုက်ပြီး အထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် ပြောင်းချိုစေ့များကို အဓိကထားရွေးချယ်စိုက်ပျိုးကြသည်။ ပြောင်းချိုသည် စိုက်ပျိုးပြီးနောက် ရက်ပေါင်း ၇၀ မှ ၇၅ ရက် (၂ လခွဲဝန်းကျင်) အတွင်းမှာတင် စတင်ခူးဆွတ်ရောင်းချနိုင်သည်။ ရေသွင်းရေထုတ် ကောင်းမွန်ပါက တစ်နှစ်ပတ်လုံး ရာသီမရွေး စိုက်ပျိုးနိုင်သောကြောင့် တောင်သူများအတွက် မြေလွတ်မထားဘဲ စဉ်ဆက်မပြတ် ဝင်ငွေရရှိစေ သည့် သီးနှံဖြစ်သည်။

    ပြောင်းချိုစိုက်ပျိုးရာတွင် အခြားသီးနှံများနှင့်နှိုင်းယှဉ်ပါက စိုက်ပျိုးစရိတ် သက်သာပြီး အကျိုး အမြတ် ပိုမိုများပြားကြောင်း တောင်သူများထံမှ သိရသည်။ မြေပြုပြင်ခ၊ မျိုးစေ့ဖိုး၊ သဘာဝနှင့် ဓာတ်မြေသြဇာဖိုး၊ သွင်းရေနှင့် လုပ်အားခအပါအဝင် တစ်ဧကလျှင် စိုက်ပျိုးစရိတ် စုစုပေါင်း ကျပ် ၇ သိန်းမှ ၁၀ သိန်းဝန်းကျင်သာ ကုန်ကျသည်။ ပြောင်းချိုတစ်ဧကလျှင် ပျမ်းမျှအဖူးရေ ၈၀၀၀ မှ ၁၀၀၀၀ နီးပါးအထိ ထွက်ရှိပြီး စိုက်ပျိုးစရိတ်အားလုံး နှုတ်ပါက တစ်ဧကလျှင် ကျပ် ၇ သိန်းမှ ၁၀ သိန်းအထိ အသားတင်အမြတ်ငွေ ပြန်လည်ရရှိသဖြင့် တွက်ခြေကိုက်လျက်ရှိသည်။

     လက်ရှိအချိန်တွင် ကန့်ဘလူဒေသထွက် ပြောင်းချိုများသည် အရသာချိုမြိန်ပြီး ဖူးထွက် ကောင်းမွန်သောကြောင့် ဈေးကွက်အတွင်း အဝယ်လိုက်လျက်ရှိသည်။ ပြောင်းချိုအဖူးအကြီး၊ အသေးနှင့် အရည်အသွေးပေါ်မူတည်၍ ခူးဆွတ်ချိန်တွင် ခြံဈေးတစ်ဖူးလျှင် ကျပ် ၂၀၀ မှ ၂၅၀ အထိ မိမိတို့စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူကြသည်။ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စိမ်းဒိုင်များနှင့် ဒေသတွင်းဈေးများတွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။ "ပြောင်းချိုက သက်တမ်း လည်းတိုပြီး  စိုက်ပျိုးရသည်မှာ လွယ်ကူသည့်အတွက် စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း လျက်ရှိပါ သည်။ ခူးရသည့် အချိန်တွင်လည်း ပွဲစားများက ခင်းပြတ်ဝယ်ယူ၍ သယ်ယူစရိတ်သက်သာပြီး အကျိုးအမြတ်များရရှိကြောင်း ကန့်ဘလူမြို့နယ်မှ ပြောင်းချိုစိုက်တောင်သူတစ်ဦးက ပြောကြား ခဲ့သည်။

    ကန့်ဘလူမြို့နယ်တွင် စပါးနှင့် အခြားမိုးသီးနှံများအပြင် ယခုကဲ့သို့ သက်တမ်းတိုပြီး တွက်ခြေ ကိုက်သည့် ပြောင်းချိုစိုက်ပျိုးခြင်းလုပ်ငန်းသည် ဒေသခံတောင်သူများ၏ မိသားစုစီးပွားရေးနှင့် လူမှုစီးပွားဘဝကို များစွာအထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် နှမ်းနက်၊ နှမ်းဖြူနှင့် နေကြာသီးနှံများ အရောင်းအဝယ်အေးနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ယခုတစ်ပတ်အတွင်း နှမ်းနက်၊ နှမ်းဖြူနှင့် နေကြာသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိသော်လည်း တောင်သူများ၏ လက်ကျန် ပစ္စည်းနည်းပါးလာခြင်းနှင့် ဝယ်လိုအားပုံမှန်သာရှိနေခြင်းတို့ကြောင့် ဈေးကွက်အခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း၊ ဒေသခံကုန်သည်များထံမှ သိရသည်။

          ကန့်ဘလူမြို့နယ်၌ နှမ်းနက်တစ်တင်းလျှင် ကျပ် ၁၈၇၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၀၄၀၀၀နှင် နေကြာတစ်တင်းလျှင် ကျပ် ၅၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ မန္တလေးဈေးကွက်နှင့် နှိုင်းယှဉ်ပါက ကန့်ဘလူမြို့နယ်မှ သီးနှံများမှာ သယ်ယူပို့ဆောင် ရေးကုန်ကျစရိတ်နှင့် အရည်အသွေးအလိုက် ဈေးနှုန်းအနည်းငယ်ကွာခြားမှုရှိသော်လည်း အခြေခံ ဈေးနှုန်းမှာတည်ငြိမ်နေကြောင်း သိရသည်။ နှမ်းနက်နှင့် နှမ်းဖြူတို့သည် ဆီစက်လုပ်ငန်းများနှင့် ပြည်ပတင်ပို့မှုလိုအပ်ချက်ကြောင့် ဝယ်လိုအားဆက်လက်ရှိနေပြီး နေကြာမှာလည်း စားသုံးဆီထုတ် လုပ်ရေးလုပ်ငန်းများ၏ ဝယ်ယူမှုကြောင့်ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

    ဒေသခံကုန်သည်တစ်ဦးကလက်ရှိမှာ တောင်သူလက်ထဲသီးနှံများ လက်ကျန် နည်းသော်လည်း  ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း၊ မန္တလေးဈေးကွက်နှင့် အရောင်းအဝယ်ပြု လုပ်သည့်အတွက်  ဈေးနှုန်းအနည်း ငယ် အတက်အကျရှိနိုင်ပြီး လတ်တလောတော့ တည်ငြိမ် နေကြောင်း သိရသည်။

   ယခုမိုးရာသီကာလအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြီဖြစ်ရာ  ရာသီဥတုအခြေအနေနှင့် မန္တလေးဈေးကွက်ဝယ်လိုအားအပေါ်မူတည်၍ နှမ်းနှင့်နေကြာဈေးနှုန်းများ အပြောင်အလဲရှိလာနိုင်ကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များက သုံးသပ်ထားသည်။ ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံများ ဈေးကွက်ခိုင်မာလာခြင်းကြောင့် တောင်သူများအနေဖြင့် မိုးရာသီနှင့် လာမည့်ဆောင်းရာသီ စိုက်ပျိုးရာသီများ၌ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုတိုးမြှင့်လုပ်ကိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

မြင်းခြံကုန်စည်ဒိုင်၌ နှမ်း၊မြေပဲနှင့် နေကြာဆီထွက်သီးနှံများအရောင်းအဝယ် ဖြစ်လျက်ရှိပြီးဈေးနှုန်းမြင့်တက်လာ

               မြင်းခြံခရိုင်၊ မြင်းခြံကုန်စည်ဒိုင် (MDCCI) ၌ဇွန်လ နောက်ဆုံးပတ်အတွင်း ဆီထွက်သီးနှံမျိုးစုံ  ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံများကို နွားထိုးကြီးမြို့၊ တောင်သာမြို့နှင့် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများမှအများ ဆုံးစိုက်ပျိုး၍ ထိုကျေးရွာများမှ တောင်သူများကိုယ်တိုင် မြင်းခြံမြို့ရှိပွဲရုံများသို့ လာရောက်ရောင်း ချကြကြောင်း၊ ၂၀၂၆ခုနှစ်၊ ‌ဇွန်လ နောက်ဆုံးပတ်၌  မြေပဲS1လုံးဆံတစ်တင်းလျှင် (၁၆၉၂၀၀-၁၇၀၇၀၀)ကျပ်၊ မြေပဲဆံပြန့်လုံးဆံ တစ်တင်းလျှင် (၁၆၉၀၀၀-၁၇၀၅၀၀)ကျပ်၊ နှမ်းဖြူအသစ်  တစ်တင်းလျှင် (၁၀၅၀၀၀-၁၀၆၅၀၀)ကျပ်၊ နှမ်းညို(ဟောင်း)တစ်တင်း လျှင်(၁၀၄၅၀၀-၁၀၆၀၀၀) ကျပ်၊ ဆီနေကြာသီးနှံ တစ်ပိဿာ(၈၁၅၀)ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊  ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက ယတစ်ပတ်တွင် မြေပဲဆံတစ်တင်းလျှင် ကျပ်(၃၀၀၀)ကျပ်၊ နှမ်းတစ်တင်းလျှင် (၂၅၀၀-၃၀၀၀) ကျပ်၊ ဆီနေကြာသီးနှံတစ်ပိဿာလျှင် (၁၅၀)ကျပ်ခန့် ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊   ဈေးကွက်သို့ ဆီထွက်သီးနှံများ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ကုန်များဝင်သလောက်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ ပွဲရုံများသို့နေ့စဉ်အိတ်ရေ (၂၀၀-၃၀၀) အိတ်ခန့်အရောင်း အဝယ်ဖြစ်ကြောင်း၊ မြင်းခြံဈေးကွက်သို့ ဝင်ရောက်လာသည့် ဆီထွက်သီးနှံများကို  မကွေးမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိဘုရင့်နောင်ဈေးကွက် သို့ တင်ပို့လျက်ရှိကြောင်း ပွဲရုံလုပ်ငန်း လုပ်ကိုင်သူများထံမှသိရှိရသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်တွင် ဒေသထွက် နဂါးမောက်သီးများ ပေါ်ဦးပေါ်ဖျားဖြစ်၍ အရောင်းသွက်နေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံစိုက်ပျိုးတောင်သူများ စိုက်ပျိုး ထုတ်လုပ်ထားသော ဒေသထွက်နဂါးမောက်သီးများ စတင်ခူးဆွတ်ကာ ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချလျက်ရှိရာ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

    နဂါးမောက်ပင်များသည် နွေရာသီကုန်ဆုံး၍ မိုးဦးကျကာလ မေလနှင့် ဇွန်လတို့တွင် စတင်အဖူး အပွင့်များ ပွင့်ကြပြီး ဇွန်လနှောင်းပိုင်းနှင့် ဇူလိုင်လဆန်းပိုင်းတို့တွင် အသီးများ စတင်ရင့်မှည့်ကာ ခူးဆွတ်ကြရသည်။ နဂါးမောက်သီးကို တစ်နှစ်လျှင် မေလမှ အောက်တိုဘာလအထိ () လနီးပါးခန့် အသီးများ ခူးဆွတ်နိုင်ပြီး ယခုအခါ ပထမအသုတ်အဖြစ် ပေါ်ဦးပေါ်ဖျား စတင် ခူးဆွတ်နေခြင်း ဖြစ် သည်။

     နဂါးမောက်ပင်သည် မြေမရွေး၊ ရာသီဥတုမရွေး စိုက်ပျိုးဖြစ်ထွန်းလွယ်ပြီး အပင်သက်တမ်း ရက်ပေါင်း ၃၀ မှ ၃၅ ရက်ဝန်းကျင်တွင် အသီးများရင့်မှည့်ကာ ဆွတ်ခူးနိုင်ပြီ ဖြစ်သည်။ ယခုနှစ်တွင် ရာသီဥတုမျှတပြီး ပြုစုပျိုးထောင်မှု ကောင်းမွန်ခြင်းကြောင့် အထွက်နှုန်း ကောင်းမွန်လျက်ရှိ ကြောင်း၊ စိုက်ပျိုးပြီး ဒုတိယနှစ်မှစ၍ အသီးပိုမိုထွက်ရှိကာ နှစ်ကြာလာသည်နှင့်အမျှ အထွက်နှုန်း ပိုမိုတိုးတက်လာကြောင်း စိုက်ပျိုးတောင်သူတစ်ဦးက ပြောကြားသည်။ လက်ရှိအချိန်တွင် ဒေသတွင်း၌ နဂါးမောက်သီးများ စတင်ပေါ်ထွက်နေပြီး အသီးအရွယ်အစားနှင့် အရည်အသွေးအပေါ် မူတည်၍ ဈေးနှုန်းများ ခွဲခြားရောင်းချလျက်ရှိသည်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများမှာ အသီးကြီး(တစ်လုံး)လျှင် ၁၀၀၀ ကျပ်၊ အသီးသေး(တစ်လုံး)လျှင် ၅၀၀ ကျပ်နှင့် အလုံးကြီး ( လုံး)လျှင် ၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

     "အခုအချိန်တွင် နဂါးမောက်သီးများ ပေါ်ဦးပေါ်ဖျားဖြစ်၍ စားသုံးသူများ အဝယ်လိုက်ကာ အရောင်းသွက်လျက်ရှိကြောင်း၊ အသီးများကလည်း လတ်ဆတ်ပြီး ဆေးဘက်ဝင်သည့်အတွက် မိသားစု အာဟာရအဖြစ်အစားအစာ၊ လက်ဆောင်ပေးရန် ဝယ်ယူကြသည့်အတွက် အရောင်းအဝယ် သွက်နေကြောင်း သိရသည်။

    ကန့်ဘလူမြို့နယ်ထွက် နဂါးမောက်သီးများသည် အသားထူ၊ အရသာချိုမြိန်ပြီး သဘာဝအတိုင်း လတ်ဆတ်မှုရှိခြင်းကြောင့် ဒေသတွင်း သုံးစွဲသူများအပြင် အနီးအနားမြို့နယ်များရှိ သစ်သီးပွဲစားများ နှင့် စားသုံးသူများကပါ လာရောက်ဝယ်ယူလျက်ရှိသဖြင့် စိုက်ပျိုးတောင်သူများနှင့် မိသားစုဝင်များ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူတွင် တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် မိသားစုအပို ဝင်ငွေရရှိစေရန်နှင့် စားဝတ်နေရေး အထောက်အကူပြုစေရန်အတွက် လယ်ယာဘေးထွက်ပစ္စည်း ဖြစ်သော ကောက်ရိုးများကို အသုံးပြု၍ တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိုးခြင်းလုပ်ငန်းကို တိုးချဲ့ လုပ်ကိုင်လာကြကြောင်း သိရသည်။

    ကန့်ဘလူဒေသခံများသည် ကောက်ရိုးမှိုကို ရိုးရာနည်းလမ်းအပြင် ပိုမိုဖြစ်ထွန်းသည့် စိုက်ပျိုး နည်းစနစ်များကိုပါ အသုံးပြု၍ စိုက်ပျိုးကြသည်။ အလျား ၅ ပေ၊ အနံ ၂ ပေခွဲခန့်ရှိသော စိုက်ဘောင်များ ပြုလုပ်ကာ ကောက်ရိုးများကို ရေစိမ်၍ စနစ်တကျ ထပ်ဆင့်ပြီး မှိုမျိုးစေ့များနှင့် ဓာတ်မြေဩဇာ၊ ဖွဲနု စသည်တို့ကို အလွှာလိုက်ထည့်သွင်း စိုက်ပျိုးကြသည်။ စိုက်ပျိုးပြီးနောက် မှိုမျှင်များ ကောင်းမွန်စွာ ဖွံ့ဖြိုးစေရန် ပလတ်စတစ်စများ၊ သက်ကယ်များဖြင့် ဖုံးအုပ်ကာ အပူချိန်နှင့် စိုထိုင်းဆကို ထိန်းညှိပေးရသည်။ စိုက်ပျိုးပြီး () ရက်မှ () ရက်အတွင်း မှိုငုံများ စတင်ထွက်ရှိပြီး (၁၁) ရက်ခန့်တွင် စတင်ခူးဆွတ်နိုင်ကြောင်း သိရသည်။

   ကောက်ရိုးမှိုလုပ်ငန်းသည် အရင်းအနှီးနည်းပြီး ရက်တိုတိုဖြင့် ဝင်ငွေရရှိနိုင်သော လုပ်ငန်းတစ်ခု ဖြစ်သည်။ တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများအနေဖြင့် မှိုမျိုးစေ့ဖိုး၊ ဖွဲနုနှင့် ပလတ်စတစ်စ ဖုံးအုပ်ခ သာမန်မျှသာ ကုန်ကျပြီး မိမိလယ်ယာမှ ထွက်ရှိသည့် ကောက်ရိုးများကို အဓိကအသုံးပြုသဖြင့် သွင်းအားစုစရိတ် အလွန်သက်သာသည်။ မှိုစိုက်ဘောင်တစ်ခုလျှင် ပျမ်းမျှအားဖြင့် မှိုပိဿာချိန် () ပိဿာမှ () ပိဿာအထိ ထွက်ရှိနိုင်ပြီး ရက်သတ္တပတ် () ပတ်ဝန်းကျင်အတွင်း အရင်းအနှီး ပြန်လည်ကျေရုံသာမက အမြတ်အစွန်းများစွာ ကျန်ရှိသည်။

     လက်ရှိအချိန်တွင် ကောက်ရိုးမှိုသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး အရသာကောင်းမွန်လှသဖြင့် ဒေသတွင်း စားသုံးသူများအကြား ဝယ်လိုအား အလွန်မြင့်မားနေသည်။ "ဒီရက်ပိုင်းတွင် မှိုအထွက်နှုန်းက ပုံမှန်ရှိပြီး ဝယ်လိုအားများသည့်အတွက် ခူးသမျှ ချက်ချင်းကုန်သွားသည်အထိ ရောင်းချရပြီး ကန့်ဘလူ ဈေးကွက်ထဲမှာ ကောက်ရိုးမှိုတစ်ပိဿာကို ၁၈,၀၀၀ ကျပ် ဖြင့် ရောင်းချလျက်ရှိပါသည်။

     ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ရက်တိုတိုဖြင့် တွက်ခြေကိုက်သည့် ကောက်ရိုးမှိုစိုက်ပျိုးခြင်းလုပ်ငန်းကို အိမ်တွင်းလက်မှု လုပ်ငန်း တစ်ခုအနေဖြင့် ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာကြကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ နေကြာ၊ ဝါ၊ ဆန်စပါး၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကနီမြို့နယ်၊ ချိုင်ကျေးရွာတွင် မိုးနေကြာ သီးနှံစိုက်ဧက  ၁၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရ သည်။

          နေကြာသီးနှံကို ဩဂုတ်လတွင် စိုက်ပျိုးပြီး နိုဝင်ဘာလတွင် စတင်ရိတ်သိမ်းကြကြောင်း၊ မျိုးစေ့အနေဖြင့် ဆင်းရွှေကြာ-၁မျိုးနှင့် ဆင်းရွှေကြာ-၂ မျိုးများကို စိုက်ပျိုးကြကြောင်း၊ နေကြာသီးနှံကို သီးသန့် စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၈ ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် နေကြာမျိုးစေ့၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၅ သိန်းခန့် ကုန်ကျကြောင်း၊ နေကြာသီးနှံ အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ၂၅-၂၆ တင်းခန့် ထွက်ရှိပြီး စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်း အောင်မြင်မှု အပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နေကြာသီးနှံ ပေါ်စ အချိန်တွင် နေကြာတစ်တင်းလျှင် ငွေကျပ်  ၇၀၀၀၀-၇၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နေကြာဈေးကျဆင်းပါက ဆီကြိတ်၍ ရောင်းချလျက်ရှိပြီး တစ်ဧကလျှင် အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၄ သိန်းကျော်ခန့် ရရှိကြောင်း သိရသည်။

          ယခု ဇူလိုင်လ ပထမပတ်တွင် နေကြာတစ်တင်းလျှင် ငွေကျပ် ၅၆၀၀၀ နှင့် နေကြာဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက် အနေဖြင့် မုံရွာမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ နေကြာသီးနှံသည် စိုက်ပျိုးမှုကုန်ကျ စရိတ် သက်သာပြီး အကျိုး အမြတ်ရရှိသည့် သီးနှံဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မွန်ပြည်နယ်၌ ကွမ်းသီးနုများ လှိုင်လှိုင်ထွက်ရှိသဖြင့် ကွမ်းသီးနုပေါင်းစက်ရုံများ လည်ပတ်ရန် စတင်လျက်ရှိ

          ယခု ဇွန်လကုန် ဇူလိုင်လဆန်းတွင် ကွမ်းသီးနုများ လှိုင်လှိုင်ထွက်ရှိသဖြင့် ကွမ်းသီး နုပေါင်းစက်ရုံများမှာ ရပ်နားထားရာမှ လည်ပတ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

          ယခင်က ကွမ်းသီးကို အမှည့်၊ အခြောက်များကိုသာ တင်ပို့ရောင်းချရာမှ ယခုအခါ တရုတ်နိုင်ငံ၏ ဈေးကွက် ဝယ်လိုအားအရ ကွမ်းသီးနု (အရည်သောက်များ) များကို ကွမ်းသီးနုပေါင်းစက်ရုံများမှ ခြံအရောက် ဝယ်ယူလျက်ရှိကြောင်း သိရှိရသည်။

          ကွမ်းသီးနုပေါင်းစက်ရုံများတွင် ကွမ်းသီးနု (အရည်သောက်)များကို ဆေးကြောသန့် စင်ခြင်း၊ တစ်နာရီခန့်ပြုတ်ခြင်း၊ ပေါင်းဖိုတွင် နာရီ (၁၂၀) ခန့်ပေါင်းခံခြင်း၊ ပေါင်းခံစက်မှ ရရှိလာသော ကွမ်းသီးနုများကို ရွေးချယ်ကာ ပါကင်ထုပ်ပိုးလျက် တရုတ်နိုင်ငံသို့ တင်ပို့ကြောင်း သိရှိရသည်။

          မွန်ပြည်နယ်ရှိ ကွမ်းသီးစက်ရုံများမှ လိုအပ်သော ကုန်ကြမ်းကွမ်းသီးနုများကို မွန်ပြည်နယ်အတွင်းမှ ဝယ်ယူရရှိပြီး ရေးမြို့နယ်မှ ထွက်ရှိသော ကွမ်းသီးနုများမှာ ဈေးပိုမို ရရှိကြောင်းသိရှိရသည်။ လက်ရှိအချိန်တွင် ရေးမြို့နယ်မှ ထွက်ရှိသော ကွမ်းသီးနုအစိမ်း တစ်ပိဿာလျှင် (၇၅၀၀) ကျပ်ရရှိပြီး မော်လမြိုင်မြို့နယ်မှ ထွက်ရှိသော ကွမ်းသီးနုအစိမ်း တစ်ပိဿာလျှင် (၆၅၀၀-၇၀၀၀) ကျပ်ရှိကြောင်း သိရှိရသည်။

          မွန်ပြည်နယ်တွင် ကွမ်းသီးနုပေါင်းစက်ရုံ (၅) ရုံရှိရာ ယခင်နှစ် ကွမ်းသီးနု ရာသီဖြစ်သည့် ၂၀၂၅ ခုနှစ် ဧပြီလ မှ အောက်တိုဘာလအတွင်း ကွမ်းသီးနုတန်ချိန် (၇၄၄) တန်၊ ခန့်မှန်းတန်ဖိုး ယွမ် (၃၇၂၀၀၀၀၀) အား တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း ကြောင်းသိရှိရသည်။ တရုတ်နိုင်ငံ၌ ကွမ်းသီးနုပေါင်းများကို စားသောက်ကုန်အဖြစ် တန်ဖိုးမြှင့်ပြန်လည်ထုတ်လုပ်ကြောင်း သိရှိရသည်။

DOCA (မွန်)

ကျိုက်ထိုတွင် ကတွတ်သီးပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိနေသဖြင့် ခြံရှင်များနှင့် ဆွတ်ခူးသူများ အဆင်ပြေလျက်ရှိ

          မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဒေသခံဥယျာဉ်ခြံသမားများနှင့် တောင်ယာ လုပ်ကိုင်သူများအနေဖြင့် ယခုနှစ် ကတွတ်သီးပေါ်ဦးပေါ်ဖျားရာသီတွင် ကတွတ်သီး ဈေးကွက်အတွင်း ဈေးကောင်းရရှိနေသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

          ကျိုက်ထိုမြို့နယ်သည် သဘာဝအလျောက် ပေါက်ရောက်သော ကတွတ်ပင်များနှင့် စိုက်ပျိုးပင်များမှ ထွက်ရှိသည့် ကတွက်သီး (အချို့ဒေသများတွင် ကတွတ်ချဉ်သီးဟုလည်း ခေါ်ဆိုကြ) များကို ရန်ကုန်နှင့် အခြားမြို့ကြီးများသို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။

          ယခုနှစ် ကတွတ်သီးရာသီအစတွင် အရည်အသွေးနှင့် အရွယ်အစားအပေါ် မှုတည်၍ ဈေးနှုန်းများ ကွာခြားမှုရှိသော်လည်း ယခင်နှစ်များထက်စာလျှင် ပိုမိုကောင်းမွန်သော ဈေးနှုန်းကို ရရှိနေကြသည်။ လက်ကားဈေးနှုန်းအရ ကတွတ်သီး အရွယ်အစားအလိုက် ၁၀ လုံးလျှင် ၈၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။ ကျိုက်ထိုမြို့၊ မြို့မဈေးနှင့် လမ်းဘေးဝဲယာ အရောင်းဆိုင်များတွင်မှု သန့်စင်ပြီးသား အလုံးကြီး ကတွတ်သီးများကို လက်လီဈေး ၁၀ လုံးလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ရောင်းချလျက်ရှိနေကြောင်း သိရသည်။

          ကတွတ်သီးသည် ကျန်းမာရေးအရ အပူငြိမ်းစေခြင်း၊ ဝမ်းမှန်စေခြင်းနှင့် ရိုးရာ ဆေးဖက်ဝင်အသီးအဖြစ် လူကြိုက်များသဖြင့် ဝယ်လိုအား အမြဲရှိနေကာ ကတွတ်သီးကို ယိုထိုးရာတွင် အသုံးပြုကြပြီး ကျိုက်ထိုဒေသမှ ထွက်ရှိသော မိုးမိုး (ကတွတ်ယို)သည် လူကြိုက်အများဆုံး ယိုတစ်မျိုးဖြစ်ကြောင်းလည်း သိရပါသည်။ ထိုကြောင့် ကတွတ်သီးသည် ရာသီချိန်ရောက်တိုင်း ဝယ်လိုအား မြင့်တက်လျှက်ရှိနေပါသည်။

          ထိုသို့ ဝယ်လိုအားများသော ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် ကတွတ်သီးသည် ဇူလှိုင်လနှင့် ဩဂုတ်လများတွင် အသီးလှိုင်လှိုင်ထွက်ကာ ဈေးကောင်းရရှိနိုင်ကြောင်းလည်း ခန့်မှန်းရရှိပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း