ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ညောင်ဦးမြို့နယ်၏ မိုးဦးပဲစဉ်းငုံများအောင်မြင်ဖြစ်ထွန်းလျက်ရှိ

           မန္တလေးတိုင်းဒသကြီး၊ ညောင်ဦးခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာ မိုးဦးပဲစဉ်းငုံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။  မိုးဦးပဲစဉ်းငုံကို ညောင်ဦးမြို့နယ်၌ (၂၀၂၆-၂၀၂၇) စိုက်ပျိုးရာသီတွင် (၁၁၈၆၈)ဧက လျာထားပြီး  ဩဂုတ်လကုန် အထိ (၁၂၄၁၇)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန စာရင်းများအရသိရသည်။

         မိုးဦးပဲစဉ်းငုံကို မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးလျက်ရှိပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီ လများတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း စိုက်ပျိုးမှုအနေဖြင့် ပတ်ကြဲစနစ်နှင့်စိုက်ပျိုးကြသလို  တန်းကြား(၄)ပေခွဲထား၍ စိုက်ကြောင်းများဆွဲပြီး အစေ့ချစနစ်ဖြင့် မြေပဲ၊ နှမ်း၊ ပဲ၊ ဖရုံတို့နှင့် သီးညှပ်စိုက်ပျိုးထားကြောင်း၊ မျိုး(၂)ပြည်ခန့် ကုန်ကျကြောင်း၊ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ သူဌေးကန်၊ ကုန်းတန်းကြီး၊ ညောင်တို၊ သန့်စင်ကြယ်၊ ဖျောက်ဆိပ်ပင်၊ မင်းနန်သူ၊ ချောက်ကန် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း စိုက်ပျိုးသောမျိုးများမှာ သက်ကြီးရွှေဒင်္ဂါးမျိုး နှင့် သူ‌ဌေးကန်မျိုးများ စိုက်ပျိုးကြပြီး တစ်ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ် (၃၅၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်အနှုန်းအနေဖြင့် (၉/၁၀)တင်းခန့် ထွက်ရှိခဲ့ပြီး ယခင်နှစ်ပဲစဉ်းငုံတစ်တင်းလျှင် (၇၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့သောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၆၀၀၀၀၀)ကျပ်ခန့် မြတ်ခဲ့ကြောင်း ယခုနှစ် လက်ရှိပဲစဉ်းငုံ တစ်တင်းပေါက်ဈေးမှာ (၁၀၈၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ဈေးကွက်အနေဖြင့် ညောင်ဦးမြို့ရှိ ပွဲရုံသို့ တိုက်ရိုက်တင်ပို့ရောင်းချပြီး ပွဲရုံများမှတစ်ဆင့်  မန္တလေး၊ ရန်ကုန်မြို့သို့ တင်ပိုရောင်းချကြောင်း ပဲစဉ်းငုံအထွက်အနှုန်းနှင့် ဈေးနှုန်းပိုကောင်းပါက အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း ပဲစဉ်းငုံစိုက်တောင်သူတစ်ဦးထံမှသိသည်။

DOCA(မန္တလေး)

ပြည်မြို့နယ်၏ ဩဇာသီးဈေးနှုန်းဈေးကွက်

      ယခုနှစ်အတွက် ဩဇာသီးရာသီချိန် စတင်နေပြီဖြစ်ပြီး ဈေးကွက်အတွင်းရောက်ရှိနေတဲ့ ဩဇာသီးတစ်လုံးရဲ့ ဈေးနှုန်းမက အမြင့်ဆုံး (၂၅၀၀) ကျပ်အထိ ပေါက်ဈေးရှိတယ်လို့ ရောင်းဝယ်နေသူတွေဆီမှ သိရပါသည်။ ပေါ်ဦးပေါ်ဖျားဈေးကောင်းရနေပေမယ့် လှိုင်လှိုင်ပေါ်လာ ချိန်မှာ ခူးဆွတ်ရသူတွေ အနေနဲ့ အလုံးအရွယ်အစားပေါ်မူတည်၍ ကျပ် (၈၀၀) နှင့် ကျပ် (၅၀၀) ဝန်းကျင်ခန့်သာ ဈေးရရှိနိုင် တယ်လို့ ဆိုပါသည်။ ဩဇာသီးကို မန္တလေးတိုင်းအတွင်းက ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင် ဒေသ၊ မကွေးတိုင်းထဲက မကွေး၊ ပွင့်ဖြူ၊ မင်းဘူး၊ ပဲခူးတိုင်းအတွင်းက ပြည်နှင့် ပန်းတောင်းမြို့နယ်တို့မှာ အဓိကစိုက်ပျိုးကြပြီး ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့မှာလည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          ဩဂုတ်လ ဒုတိယပတ်နှင့် တတိယပတ်ခန့်မှ ပေါက်ခေါင်းမြို့နယ်၊ ပြည်၊ ပန်းတောင်း၊ ဥသျှစ်ပင်၊ ဇီးကုန်း၊ ပေါင်းတည်မြို့နယ်များနှင့် ပုပ္ပါးတောင်ဒေသ၊ တောင်တွင်းကြီးမြို့တွေရှိ စိုက်ပျိုးရေးခြံတွေမှ စတင်ခူးဆွတ်နေတာဖြစ်ပြီး အဝယ်လိုက်နေပေမယ့် လိုအပ်သလောက် မထွက်ရှိသေးဘူးလို့ သိရှိရပါ သည်။ လက်ရှိတွင် ဩဇာသီး အလုံး (၅၀) ပါ တစ်ခြင်းကို ကျပ် (၅၀၀၀၀)၊ ကျပ် (၃၅၀၀၀) တို့နှင့် ရောင်းချနေသလို အရွယ်အစားအပေါ်မူတည်ပြီး (၁) လုံးလျှင် ကျပ် (၁၀၀၀)၊ ကျပ် (၂၀၀၀)၊ ကျပ် (၂၅၀၀) ဝန်းကျင်အထိလည်း ဈေးပေါက်နေသည်လို့ သိရှိရပါသည်

DOCA(ပဲခူး)

ပေါ်ဦးပေါ်ဖျား ဈေးကောင်းရနေတဲ့ ပြည်မြို့၏ သရက်ကင်းဥဈေးကွက်

           သရက်ကင်းဥဆိုသည်မှာ ချင်းတက်နှင့်ဆင်တူကာ သရက်သီးအနံ့သင်းသည့် အမြစ်ဥတစ် မျိုးကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ သရက်ကင်း သို့မဟုတ် သရက်ကင်းဥသည် ၎င်း၏ဥကို ခြစ်လိုက် လျှင် သို့မဟုတ် လှီးလိုက်လျှင် သရက်သီးစိမ်းနံ့ သင်းသင်းလေး ထွက်ရှိခြင်းကြောင့် မြန်မာလူမျိုးတို့ ကြိုက်နှစ်သက်သည့် ရာသီပေါ်အစားအစာတစ်မျိုးဖြစ်ပါသည်။ သရက်ကင်းပင်သည် နနွင်းပင်၊ တောက်တာဖူးပင်တို့နှင့် ပုံစံချင်း ဆင်တူပြီး အမြင့် ၁ ပေမှ ၂ ပေခန့်အထိ ရှိတတ်သည်။ ချင်း (ဂျင်း) တက်ကဲ့သို့ အတက်အခက်များပါရှိပြီး ဥ၏အတွင်းသားမှာ အဖြူရောင်သန်းသော အဝါနုရောင်ရှိပါ သည်။ သရက်ကင်း၏ အရသာမှာ အေး၊ ဖန်၊ ခါး၊ စပ်သောအရသာ အနည်းငယ်စီရှိပါသည်။ သရက်ကင်းဥကို သကြားသင့်ရုံထည့်၍ ပြုတ်သောက်ပါက သွေးဝမ်းရောဂါ၊ လေအောင့်ခြင်း၊ အစား ပျက်ခြင်း၊ နှလုံးမငြိမ်သက်ခြင်းနှင့် ဆီးကြောတင်းခြင်းတို့ကို သက်သာစေသည်။ သရက်ကင်းဥကို ပါးပါးလှီး၍ အချဉ်စိမ်ပြီး ငပိရည်ကျို၊ ငါးပိချက်တို့နှင့် တွဲဖက်ကာ တို့မြှုပ်စားသုံးကြပါသည်။ ရာသီစာ အဖြစ် ငပိရည်ကျို၊ အတို့အမြှုပ်များဖြင့် တွဲဖက်စားသုံးကြပြီး၊ ဈေးကွက်တွင် လူကြိုက်များကာ အရောင်းအဝယ်သွက်သော ရာသီပေါ်စားစရာ တစ်မျိုးဖြစ်ပါသည်။ ပြည်မြို့ ဈေးကွက်ထဲတွင် ရောင်းချ နေသော ပေါ်ဦးပေါ်ဖျားသရက်ကင်းဈေးနှုန်းမှာ တစ်ဆယ်သား ကျပ် (၁၅၀၀) ထိ ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ သရက်ကင်းကို အချဉ်ဖတ်ပြုလုပ်ရောင်းချကြသူများလည်း ရှိကြပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ကန်စွန်းဥဝယ်ယူစားသုံးမှုများမြင့်တက်နေ

                ကန်စွန်းဥသည် မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ကန်းစွန်းဥ အမျိုးအစား ပေါင်း များစွာ ရှိပါသည်။ စားသုံးသူများသည် အများသည် အများသောအားဖြင့် အမြင်အရ အရောင်းကိုကြည့်ပြီး အမျိုးအစား ခွဲခြားကြပါသည်။  ကန်စွန်းဥသည် ပွသော မြေအမျိုး အစားကို ကြိုက်နှစ်သက်ပြီး သဲမြေ၊ သဲနှုန်းမြေများတွင် ကန်စွန်ဥများ ပိုမိုဥ ပါသည်။ လူအများ နှစ်သက် ကြသည့် ကန်စွန်းဥတွင် ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုသော ဗီတာမင်စီ ၊ဒီနှင့် နှလုံး ကျန်းမာရေး အတွက်များစွာအထောက်အကူပြုသော ပိုတက်စီယမ်ဓါတ် ကြွယ်ဝစွာ ပါဝင်ပါသည်။ ကန်စွန်း ဥစားသုံးခြင်းက ဦးနှောက်ရဲ့ လုပ်ဆောင်မှုများကို တိုးတက် ကောင်းမွန်စေပြီး မှတ်ဉာဏ်ကိုလည်း ကောင်းမွန်စေပါသည်။ ကန်စွန်းဥတွင်ပါဝင်သည့် အမျှင်ဓါတ်က အစာခြေစနစ်ကို ကောင်မွန်ပြီး အူတွေကိုလှုပ်ရှားမှု ကောင်းမွန်စေပြီးဝမ်းမှန်စေခြင်း စသည့်အကျိုးကျေးဇူးများ ပါရှိပါသည်။ကန်စွန်းဥကို လူအများ က ပြုတ်စား၊ ဖုတ်စားခြင်းနှင့် ဂျုံမှုန့်နှင့်ရော၍ အချိုပွဲများ ပြုလုပ်ရာတွင် အသုံးပြုကြပါသည်။ ကျန်းမာရေးအတွက်အသုံးဝင်ပြီး လူကြိုက်များသည့် ကန်စွန်းဥကို တောင်ငူမြို့ ၊ ဘုရားဈေးတွင် အသေး (၁)ပိဿာ လျှင် (1500)ကျပ်၊ အလတ်(၁) ပိဿာလျှင် (2000)ကျပ်နှင့်အကြီး(၁)ပိဿာလျှင်(2500)ကျပ်ဖြင့် ရောင်းချလျှက်ရှိရာစားသုံးသူများက ဝယ်ယူမှုမြင့်တက်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကွမ်းသီးပင်အကြောင်း တစေ့တစောင်းနှင့် မြိတ်ခရိုင်၏ ကွမ်းသီးစျေးနှုန်း/စျေးကွက်အခြေအနေ

          မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းဒေသဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်ရာတွင် အရေးပါသောဒေသတစ်ခုဖြစ်ပြီး ဒေသခံတောင်သူများ၏ အဓိက စိုက်ပျိုးရေးထုတ်ကုန် တစ်ခုအဖြစ် နှစ်ပေါင်းများစွာရပ်တည်လျက်ရှိပါသည်။ မြိတ်ဒေသတွင် ထွက်ရှိ သည့် ကွမ်းသီးများသည်  အရည်အသွေး‌ကောင်းမွန်သဖြင့် ပြည်တွင်းစျေးကွက်သာမက နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပစျေးကွက်များသို့လည်း တင်ပို့ရောင်းချလျက်ရှိရာ ဒေသ စီးပွားရေးအတွက် အရေးပါသော ဝင်ငွေအရင်းမြစ်တစ်ခုဖြစ်ပါသည်။

          ကွမ်းသီးပင်များသည် ပုံမှန်အားဖြင့် ဧပြီလနှင့်  မေလတွင် စတင်အပွင့်ပွင့်၍ သီးကင်းနုများ  စတင်သီးပွင့်ကြပြီး ဇွန်လ နှင့် ဇူလိုင်လတို့တွင် ကွမ်းသီးနုများထွက်ရှိကြောင်းသိရှိရသည်။ ဩဂုတ်လ လယ်မှစ၍ ကွမ်းသီးများ ရင့်မှည့်လာကြောင်း သိရှိရသည်။ ယခင်က ကွမ်းသီးအမှည့်အရင့်များကိုသာ ရောင်းဝယ်ခဲ့ကြသော်လည်း ယခုအခါတွင် ကွမ်းသီးအမှည့်အရင့်များကိုသာမက ကွမ်းသီးအနုများ သည်လည်း စျေးကွက်တွင် အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရှိရသည်။ စျေးကွက်ဝင် ကွမ်းသီးနုများကိုမူ ဇွန်လ ဆန်းပိုင်းအစတွင် အစေ့မတည်မီ အသားနုအဆင့်၊ လုံးပတ်အချင်း တစ်လက်မဝန်းကျင်နှင့် အလေး ချိန် ၂၀ ဂရမ်ကနေ ၃၀ ဂရမ်အတွင်း ဆွတ်ခူးရောင်းချကြခြင်းဖြစ်ပြီး ဝယ်လက်၏စံနှုန်းအရ ကွမ်းသီးအဝိုင်းများကိုဝယ်ယူမှုမရှိဘဲ အချွန်သီး(အရှည်သီး) ဒေသအခေါ် ဘဲဥ ချွန်း၊ မျှောချွန်း၊ ကပ်ချွန်းမျိုး အစိမ်းရောင်အသီးအနုများကိုသာ ဝယ်ယူကြခြင်းဖြစ်ကြောင်း သိရှိရပါ သည်။

          ကွမ်းသီးစိမ်းအနုများကို ဝယ်ယူ၍ ကွမ်းသီးနုပြုတ်ခြောက်များ ထုတ်လုပ်လျက်ရှိရာ မြိတ် ခရိုင်၊ မြိတ်မြို့ ရှိ အင်းလေးမြိုင်စက်မှုဇုံတွင် ကွမ်းသီးနုပြုတ်ခြောက်စက်ရုံ (၁၀)ရုံရှိပြီး တစ်ပတ်လျှင် ကွမ်းသီးနုတန်ချိန် တန်(၅၀၀)မှ တန်(၆၀၀)ခန့်ပေါင်းခံထုတ်လုပ်နိုင်ပြီး တစ်ကြိမ်ပေါင်းခံလျှင်၄ ရက် ၅ ရက်ကြာမြင့်၍ ကွမ်းသီးနုတန် (၅၀၀)တန်ပေါင်းခံပါက ကွမ်းသီးနုခြောက်တန် (၁၂၅)တန်ရရှိ ကြောင်း သိရှိရသည်။ ထွက်ရှိသော ကွမ်းသီးနုခြောက်များအား ကုန်ချောထုတ်လုပ်နိုင်ခြင်းမရှိဘဲ အ အေးခန်းများတွင် သိုလှောင်၍ ရန်ကုန်၊ မန္တလေးစျေးကွက်တစ်ဆင့် ပို့ကုန်လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

    ကွမ်းသီးအရောင်းအဝယ်ပြုလုပ်ရာတွင်  ကွမ်းသီးခြောက်  တစ်ပိဿာနှင့် ကွမ်းသီးနု တစ် ပိဿာ ဝယ်ယူဈေးနှုန်း တူညီသော်လည်း ကွမ်းသီးခြောက် (အခွံချွတ်) တစ်ပိဿာတွင် ကွမ်းသီးလုံး ၂၂၀ ခန့်နှင့် ကွမ်းသီးနု(အခွံပါ)    တစ်ပိဿာတွင် ကွမ်းသီး ၆၂ လုံးခန့်ရှိသည့်အတွက်    ကွမ်းသီးနု ရောင်းချခြင်းမှာ ကွမ်းသီးခြောက် ရောင်းချခြင်း ထက် သုံးဆခွဲခန့် ပိုမိုရရှိသဖြင့် ကွမ်းသီးအစိမ်းနုများ ရောင်းဝယ်မှုပိုမိုကောင်းမွန်ပြီးကွမ်းသီးစိုက်တောင်သူများမှာ ဝင်ငွေပိုမိုရရှိကြောင်းသိရှိရသည်။ မြိတ် မြို့တွင်ရောင်းချလျက်ရှိသောစျေးနှုန်းများမှာကွမ်းသီးခြောက်(အလုံး)တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ် ခန့်၊ ကွမ်းသီးခြောက်(ခွဲခြမ်း)တစ်ပိဿာလျှင်(၉၀၀၀)ကျပ်ခန့်နှင့် ကွမ်းသီးနုတစ်ပိဿာလျှင်(၆၃၀၀) ကျပ်ခန့်ဖြင့်ရောင်းဝယ်လျက်ရှိကြောင်းသိရှိရသည်။ မြိတ်ဒေသ၏ကွမ်းသီးဈေးကွက်သည် ဝယ်လို အားကောင်းမွန်နေပြီး အထူးသဖြင့် ကွမ်းသီးအစိမ်းနုများ၏ ဈေးကွက်တန်ဖိုး မြင့် တက်လာမှုကြောင့် ဒေသခံတောင်သူများအတွက် ဝင်ငွေတိုးတက်စေသည့် အခွင့်အလမ်းကောင်းများ ဖန်တီးပေးလျက် ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ဒေသ၏ စိုက်ပျိုးသီးနှံများမှ တစ်ခုဖြစ်သောချဉ်ပေါင်ရွက်ဈေးနှုန်း

    မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် တောင်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းများကို အဓိကအားထား၍ လုပ်ကိုင်ကြပြီး ၄င်းတို့မှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များနှင့် လတ်ဆတ်သောပင်လယ်စာများကိုသာ ရောင်းဝယ်ဖောက်ကားခြင်းဖြင့် ဒေသ၏ စီးပွားရေးကို အဓိကပံ့ပိုးပေးလျက်ရှိပါသည်။ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသ တစ်ခုလည်း ဖြစ်သည့်အတွက် စိုက်ပျိုးရေးမအတွက် အလွန်ပင်ဖြစ်ထွန်းကြောင်း သိရှိရပါသည်။ မြိတ်မြို့ရှိ ကျေးလက်ဒေသများတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများ တောင်သူများ အလွန်ပင် များပြားပြီး ဒေသအတွင်းဖူလုံမှုအတွက် အဓိကလုပ်ကိုင်လျက်ရှိပါသည်။ ဟင်းသီးဟင်းရွက်များကို ကျေးလက်ဒဒေသခံတောင်သူများသာမက မြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း အိမ်တွင်းတနိုင်တပိုင် စိုက်ပျိုးကြပြီး နံနံပင်၊ ပန်းဂေါ်ဖီ၊ ငရုတ်သီး၊ မြင်းခွာရွက်၊ ပင်စိမ်းရွက်၊ ကြက်သွန်မြိတ်၊ သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ရွှေဖယုံသီး၊ ရုံးပတီသီး၊ ဘူးသီး အစရှိသည့် သီးနှံများကို စိုက်ပျိုး ကြသည့် အပြင် မြန်မာပြည်အနှံ့တွင် အလွယ်တကူရရှိနိုင်သော ချဉ်ပေါင်ရွက်များကိုလည်း စိုက်ပျိုးကြပါ သည်။ ဥယျာဉ်ခြံမြေများမှထွက်ရှိလာသော ဟင်းသီးဟင်းရွက်များကို မြိတ်မြို့ရှိ ရှမ်းချောင်းကုန်စိမ်း ဈေး၊ စည်ပင်သာယာဈေးကြီးနှင့် ရပ်ကွက်ရှိဈေးဆိုင်များသို့ပို့ဆောင်၍ ရောင်းချကြောင်းသိရှိရပါ သည်။ ချဉ်ပေါင်ရွက်သည် ဗီတာမင်စီနှင့် သံဓာတ်များအဓိကပါဝင်ပြီး ကျန်းမာရေးအတွက် အထူး ကောင်းမွန်သည့်ဟင်းသီးဟင်းရွက်တစ်မျိုး၍ ဒေသခံများသည် ဟင်းချိုချက်သောက်ခြင်း၊ ကြော်စား ခြင်းဖြင့် အဓိကစားသုံးလေ့ ရှိပါသည်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း မြိတ်မြို့ ပေါ်ရှိ ဈေးများ၌ရောင်းချလျက်ရှိသော ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ (၁)စည်းလျှင် (၅၀၀)ကျပ်မှ (၇၀၀) ကျပ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒေသခံကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါ သည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးတွင် ရေချိုပုစွန်များ ရောင်းဝယ်ဖောက်ကားလျက်ရှိ

 

          တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြစ်ချောင်းများတွင် ရေချိုပုစွန်များ ရရှိနိုင်ပြီး ဒေသခံများ ကပုစွန်ဖမ်းဆီးခြင်းလုပ်ငန်းကို  တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ရရှိလာသော ရေချိုပုစွန်များကို ဒေသတွင်းစျေးများတွင် ရောင်းချကြပြီး ဒေသခံပြည်သူများအတွက် အစားအစာအ ဖြစ်သာမက မိသားစုဝင်ငွေရရှိစေသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုလည်း ဖြစ်လာသည်။

          ရေချိုပုစွန်များကို လတ်ဆတ်စွာ ရောင်းချသည့်အပြင် ပုစွန်ခြောက်အဖြစ် ပြုပြင်ထုတ်လုပ်၍ လည်း ရောင်းချကြသည်။ စျေးနှုန်းမှာ တစ်ပိဿာလျှင်(၄၇၀၀၀/-)ကျပ်ဖြစ်ပြီး ရာသီအလိုက် ပုစွန်ရရှိ မှုနှင့် အရွယ်အစားပေါ်မူတည်၍ ပြောင်းလဲနိုင်ကြောင်း သိရသည်။

          ဒေသတွင်းရေချိုပုစွန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ဒေသခံများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်လာနိုင်သည့်အပြင် ဒေသထွက်ကုန်တစ်မျိုးအဖြစ်လည်း အထောက်အကူပြုနိုင်မည် ဖြစ်သည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့တွင် မုန်ညင်းဖြူများရောင်းအားကောင်းလျက်ရှိ

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် ဒေသ တွင်း ဟင်းသီးဟင်းရွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် မိသားစုအပိုဝင်ငွေရရှိစေရေန်အတွက် ရာသီစာသီးနှံဖြစ်သည့် မုန်ညင်းဖြူများအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်မှု ပုံမှန်ရှိနေပြီး လတ် ဆက်သည့်ဒေသထွက်သီးနှံများ စျေးကွက်အတွင်းသို့ဆက်တိုက်ဝင်ရောက်လျက်ရှိကြောင်း ဒေသခံ စိုက်ပျိုးရေးတောင်သူများထံမှ သိရှိရပါသည်။

          ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများတွင် မုန်ညင်းဖြူကို ဉယျာဉ်ခြံများနှင့်မြစ်ချောင်းကမ်းပါး နုန်းတင်မြေနုများ၌ မိသားစုတစ်နိုင်တစ်ပိုင်နှင့်စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးကြသည်။ လက်ရှိအချိန်တွင် ရိတ်သိမ်းခူးဆွတ်ပြီး မုန်ညင်းဖြူများအား ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးအပါအဝင် မြို့နယ် အတွင်းရှိ ရပ်ကွက်စျေးများ၊ ညနေစျေးများသို့ စနစ်တကျတင်ပို့ရောင်းချလျက်ရှိသည်။

          မုန်ညင်းဖြူသည် စိုက်ပျိုးပြီး ရက်ပေါင်း ၃၀ မှ ၄၅ ရက်အတွင်း ဆွတ်ခူးရောင်းချနိုင်သည့် သက်တမ်းတိုသီးနှံဖြစ်ပြီး စျေးကွက်ဝယ်လိုအားအရ ဒေသတွင်းစားသုံးသူများအကြိုက်တွေ့သည့် သီးနှံဖြစ်သဖြင့် ဒေသထွက်မုန်ညင်းဖြူသည် လတ်ဆတ်မှုနှင့် အရသာကောင်းမွန်မှုတို့ကြောင့် ဒေသတွင်းစားသုံးသူများနှင့် စိုက်ပျိုးသူတောင်သူများအတွက်ပါ ပုံမှန်ဝင်ငွေရရှိစေသည့် သီးနှံ တစ်မျိုး ဖြစ်ကာ ထားဝယ်မြို့စျေးကွက်အတွင်း မုန်ညင်းဖြူအစည်းကြီး တစ်စည်းလျှင် (၁၅၀၀)နှင့် အစည်းငယ်တစ်စည်းလျှင် (၁၀၀၀) ကျပ်ခန့် နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်တွင် ရာသီမရွေးစျေးကွက်ဝင် ကန်စွန်းရွက်စျေးနှုန်း

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် ပင်လယ်ရေကြောင်းကုန်သွယ်မှုလုပ်ငန်းများ ဖြင့်အသက်မွေးဝမ်းကျောင်းများလုပ်ကိုင်လျက်ရှိသလို အနီးပတ်ဝန်းကျင်ရှိကျေးရွာများရှိ ဒေသခံ စိုက်ပျိုးရေးတောင်သူများသည် တစ်နိုင်တစ်ပိုင်နှင့်စီးပွားဖြစ် ကန်စွန်းရွက်စိုက်ပျိုးခြင်းများကိုပိုမို တိုးချဲ့ လုပ်ကိုင်လာကြပြီး ရာသီမရွေးစျေးကွက်အတွင်း ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း၊ ရှိပါသည်။

          ကန်စွန်းရွက် စိုက်ပျိုး‌ရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိရာတွင် မိမိတို့အိမ်ပတ်ဝန်းကျင်ရှိ ခြံမြေများတွင် အိမ်တွင်းတစ်နိုင်တစ်ပိုင်စိုက်ခင်းများဖြင့် လုပ်ကိုင်လျက်ရှိပြီး လူတို့နေ့စဉ် စားသုံး လျက်ရှိသည့် အသီးအနှံများ၊ သစ်သီးသစ်ရွက်များအား အဓိကထားစိုက်ပျိုးရောင်းချလျက်ရှိပါသည်။ အဆိုပါ အသီးအနှံများ၊ သစ်သီးသစ်ရွက်များအား စျေးသည်များမှတစ်ဆင့် အနီးပတ်ဝန်းကျင်ရှိ ရပ်ကွက်စျေးများ၊ စည်ပင်သာယာ‌ စျေးကြီး များ၊ ကမ်းနားပျံကျစျေးများနှင့် ညနေစျေးများအထိပါ ဖောက်သည်များမှ လာရောက်ယူဆောင် ရောင်းချလျက်ရှိပါသည်။ အဆိုပါဟင်းသီး ဟင်းရွက် များသည် လူသားတို့နေ့စဉ်စားသောက်ရာတွင် ကျန်းမာရေးအတွက်ကောင်းမွန်သလို စျေးနှုန်းအား ဖြင့်လည်းသက်သာသဖြင့် ရောင်းချသူများ သာမက စိုက်ပျိုးသူများအတွက်ပါ တွက်ခြေကိုက်လျက် ရှိပါသည်။ ထားဝယ်ဒေသ၏ ရေမြေရာသီ ဥတုသဘာဝအရ စိုစွတ်ခြင်းနှင့် ရေအလွယ်တကူရရှိသည့် အတွက် စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိပါသည်။ လက်ရှိတွင် သဘာဝမြေသြဇာများကို အဓိကအသုံးပြုကာ ဓာတုကင်းလွတ်ဘေးအန္တရာယ်ကင်းကန်စွန်းရွက်များကို ပိုမိုထုတ်လုပ်နိုင်ရေး အတွက် ဒေသခံစိုက်ပျိုးရေး တောင်သူများအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ ထားဝယ် မြို့တွင် ဖြစ်ပေါ်နေသော ကန်စွန်းရွက်တစ်စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရောင်း အဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ လူကြိုက်များသော မျှစ်ချဥ်ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး မြိတ်မြို့ဈေး များသို့ ဒေသထွက်နှင့်အခြားအရပ်ဒေသများမှ ရာသီပေါ် ဟင်းသီးဟင်းရွက်သစ်သီးဝလံများလာ ရောက်ရောင်းချလျက်ရှိရာ မိုးတွင်းကာလတွင်မျှစ်များထွက်ပေါ်လျက်ရှိရာသဘာဝအလျှာက် တောင် များပေါ်တွင် အလေ့ကျပေါက်ရောက်သော ဝါးပင်များမှ ယခုလို မိုးရာသီတွင် မျှစ်အနုလေးများ ထွက် ပေါ်လျက်ရှိပါကြောင်း၊ ရပ်ကွက်ကျေးရွာများမှ မျှစ်များထွက်ရှိရာရွာများဖြစ်ပါကြောင်း၊ မျှစ်များကို ရွာအနီးပတ်ဝန်းကျင်တောင်များတွင် သွားရောက်ချိုးယူ၍ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြကြောင်း၊ မျှစ်များကို ရာသီချိန်တင်မကဘဲ အချိန်မရွေးစားသုံးနိုင်အောင် အချဉ်တည်ပြီး သို လှောင်ကြပါကြောင်း၊  ဝါးအမျိုးပေါင်းရာကျော်ရှိသည်ဖြစ်ရာ မျှစ်ကို စားကုန်အဖြစ်သာမက ရောင်း ကုန်အဖြစ်ပါ စီးပွားဖြစ်လုပ်ကိုင်ကြပါကြောင်း မြို့ပေါ်ရှိဈေးများသို့ မျှစ်အသစ်များ ဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။ မျှစ်ကို အစိမ်းအတိုင်း မျှစ်ဆတ်အဖြစ် စားကြသလို အချဉ်တည်၍ မျှစ်ချဉ် အဖြစ်လည်း စားသုံးကြပါကြောင်း၊ ပို၍လူကြိုက်များကြပါကြောင်း၊ မျှစ်ချဉ်ကို ပုံစံအမျိုးမျိုး၊ ဟင်း လျာအမျိုးမျိုးဖြင့် ပြုလုပ်၍ချက်ပြုတ်စားကြရာတွင် မျှစ်တာလပေါ့ (ခေါ်) မျှစ်သောက်ဆမ်း၊ ဝက် သားမျှစ်ချဉ်နှင့် ငါးခေါင်းမျှစ်ချဉ်ကို ပို၍ကြိုက်နှစ်သက် စားသုံးကြပါကြောင်း၊ မျှစ်တွင် အသားဓာတ်၊ ကစီဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နှင့် အဆီအနည်းဆုံးပါဝင်တဲ့ စားစရာတစ်ခုဖြစ် ကြောင်း လေ့လာသိရှိရပါသည်။ မျှစ်ချဥ်သည် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၀၀၀၀) ကျပ်နှင့် (၁၂၀၀၀)ကျပ်ဖြင့် ရောင်းချပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း