ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆိပ်ဖြူကြက်သွန်နီ ဈေးနှုန်းအမြင့်ဖြင့်ဆက်လက် အရောင်းအဝယ်ဖြစ်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီ ဈေးကွက်၌ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားဈေးကွက် ကောင်း၍ဈေးအမြင့်ဖြင့် ဆက်လက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(တတိယပတ် )အနှောင်း ပိုင်းတွင် ကြက်သွန်နီ တောဈေး(ဂျွန်)တစ်ပိဿာလျှင် ကျပ်(၄၀၀၀)မှ(၅၅၀၀)ထိရှိပြီး လက်လီ ဈေးအနေဖြင့် ကြက်သွန်နီအလုံးအကြီးအသေး အရွယ်အစား မူတည်၍ တစ်ပိဿာလျှင် ကျပ်(၅၀၀၀)မှ(၇၅၀၀)ထိရှိကြောင်း  ဒေသတွင်း လက်လီလက္ကား ရောင်းဝယ် သူများထံမှ သိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ ပွဲရုံဈေးကွက်သို့ ဩဂုတ်လ(၁၅) ရက်မှ (၂၁)ရက်အတွင်း တစ်ရက်လျှင် ကြက်သွန်နီကုန်ချိန်ပိဿာ(၃၅၀၀၀/၄၀၀၀၀)ခန့်အထိ ဝင်ရောက် ကြောင်း၊ ယခုနှစ်တွင် ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးမှု နည်း၍ဈေးကွက်သို့ ကုန်ဝင်ရောက်မှု နည်းကြောင်း၊ ဈေးနှုန်း အနေဖြင့် ဩဂုတ်လ (ပထမပတ်)တွင်ကျပ်(၄၀၀၀)မှ(၅၅၅၀)၊ ဩဂုတ်လ (ဒုတိယပတ်)တွင် ကျပ်(၃၇၀၀)မှ(၅၄၅၀)၊ ဩဂုတ်လ (တတိယပတ်)တွင် ကျပ်(၄၀၀၀)မှ(၅၅၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်ပဝယ်လိုအားကောင်း၍ အမြင့်ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်းသိရှိရသည်။

          ကာလတူဈေးနှုန်းနှိုင်းယှဉ်ပါက ယခင်ဇူလိုင်လ (တတိယပတ်)တွင် ကြက်သွန်နီ တစ်ပိဿာလျှင် အမြင့်ဈေးကျပ်(၄၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဩဂုတ်လ(တတိယ ပတ်)တွင် အမြင့်ဈေး ကျပ်(၅၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်လထက် ကြက်သွန်နီ တစ်ပိ ဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဘဏ္ဍာနှစ်အလိုက် ဈေးနှုန်းနှိုင်း ယှဉ်ပါက ၂၀၂၅ ခုနှစ် ဩဂုတ်လ(တတိယပတ်)တွင် ကြက်သွန်နီတောဈေး(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၀၀၀)ပေါက်ဈေးရှိခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် ဩဂုတ်လ(တတိယပတ်)တွင် ကြက်သွန်နီ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၅၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်နှစ် ထက် ကျပ်(၄၅၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုနှစ်ကြက်သွန်နီ စိုက်ပျိုး ထုတ်လုပ်သူ၊ ရောင်းဝယ်ဖောက်ကားသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။ကုန်စည်စီးဆင်းမှုအနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီကို ပြည်တွင်းဒေသအနှံ့ အပြားသို့ တင်ပို့ပြီး အဓိကဈေးကွက်အနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ တင်ပို့ပြီး ပြည်ပဈေးကွက် အနေဖြင့် မြဝတီမြို့ဝယ်လက်များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်၊ နိုင်ငံများသို့ တင်ပို့ကြောင်း ဈေးကွက်၌ သိရှိရပါသည်။   

DOCA(မကွေး)

                                       

ကန့်ဘလူမြို့နယ်၏ ယခင်လနှင့် ယခုလ ပဲစင်းငုံဈေးနှုန်းအတက်/အကျနှိုင်းယှဉ်ချက်

    မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် နိုင်ငံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် ပဲစင်းငုံသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီး ဌာန၏ စာရင်းများအရ သိရသည်။

     ဒေသတွင်းဈေးကွက်၌ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ပဲစင်းငုံနီတစ်တင်း လျှင် ကျပ် ၉၁၀၀၀၊ ပဲစင်းငုံဖြူ တစ်တင်းလျှင် ကျပ် ၈၁၀၀၀ နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်ဩဂုတ်လ ပထမပတ်ဈေးနှုန်းများမှာ ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၈၉၀၀၀နှင့် ပဲစင်းငုံဖြူတစ်တင်းလျှင် ကျပ် ၇၉၅၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ နှိုင်းယှဉ်ပါက ယခုလပထမ ပတ်အတွင်း ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၂၀၀၀နှင့် ပဲစင်းငုံဖြူတစ်တင်းလျှင် ကျပ် ၁၅၀၀ ဈေးနှုန်းမြင့်တက်လာကြောင်း၊ ကန့်ဘလူဒေသထွက် သီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချလျက်ရှိသောကြောင့် ဒေသတွင်းဈေးကွက်၏ ဈေးနှုန်းအတက်အကျ မှာ  မန္တလေးဈေးကွက်အပေါ်မူတည်ကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ် ပဲတီစိမ်းဈေးကွက်၌ ယခင်လဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်း

          စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြောင်း၊ ကြေးတိုင်နှင့် မြေစာ ရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

       ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၇၀၀၀၀၊ ပဲတီစိမ်း (ထွက်တိုး)တစ်တင်းလျှင် ကျပ် ၇၈၀၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊  ယခင်ဩဂုတ်လ ပထမပတ်ဈေးနှုန်းများမှာ ပဲတီစိမ်းတစ်တင်းလျှင်  ကျပ် ၈၂၀၀၀ နှင့် ပဲတီစိမ်း(ထွက်တိုး)တစ်တင်းလျှင် ကျပ် ၈၆၅၀၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ နှိုင်းယှဉ် ပါက ကန့်ဘလူပဲမျိုးစုံဈေးကွက်၌ ယခုလအတွင်း ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၁၂၀၀၀နှင့်  ပဲတီစိမ်း(ထွက်တိုး)တစ်တင်းလျှင် ကျပ် ၈၅၀၀၀ ဝန်းကျင် ဈေးနှုန်းပြန်လည်ကျဆင်းသွားကြောင်း၊ မန္တလေးမြို့ရှိ ကုန်စည်ဒိုင်နှင့် ပွဲရုံများကို တင်ပို့ရောင်းချလျက်ရှိပြီး အရောင်းအဝယ်အေးနေသော ကြောင့် ဈေးအနည်းငယ်ကျဆင်းသွားကြောင်း သီးနှံပွဲရုံများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မကွေးဈေးကွက် အတွင်းဖြစ်ပေါ်နေသော ပဲမျိုးစုံနှင့် နှမ်းဈေးနှုန်းဈေးကွက်အခြေအနေ

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက်စသည့်ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့နယ်တို့မှ ထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ အခြား ပဲမျိုးစုံနှင့် နှမ်းမျိုးစုံတို့ မကွေးဈေးကွက်သို့ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

          ၂၀၂6ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၅၀၀၀၀)၊ နှမ်းဖြူ (၁) တင်းလျှင် ကျပ်(၁၅၁၀၀၀)၊ နှမ်းနက်(စမုံ)(၁)တင်းလျှင် ကျပ်(၁၈၈၀၀၀)၊ နှမ်းညိုကြား (၁) တင်း လျှင် ကျပ်(၁၄၃၅၀၀)ဖြစ်၍ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက နှမ်းနီ ကျပ်(၃၀၀၀)၊ နှမ်းဖြူ ကျပ် (၁၀၀၀)၊ နှမ်းနက်(စမုံ) ကျပ်(၈၀၀၀)၊ နှမ်းညိုကြား ကျပ်(၁၅၅၀၀)ဈေးမြင့်တက်လာကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ နှမ်းအိတ်ရေ (၅၀၀၀)၊ ရန်ကုန်မြို့သို့ နှမ်းအိတ်ရေ (၅၀၀၀) တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန်(၇၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

      ဩဂုတ်လ(စတုတ္ထပတ်)တွင် ကုလားပဲ(HL) (၁)တင်း လျှင် ကျပ်(၇၅၅၀၀)၊ ကုလားပဲ(929) (၁)တင်းလျှင် ကျပ်(၈၄၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကုလားပဲ(929) ကျပ်(၃၀၀)ဈေးမြင့်တက်လာကြောင်း၊ အရောင်းအဝယ်အေးနေပြီး လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ (၁၀၀၀)တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန်(၁၅၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

          ဩဂုတ်လ(စတုတ္ထပတ်)တွင် ပဲစင်းငုံ(၁)တင်းလျှင် ကျပ်(၁၀၀00၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ ယခုအချိန်တွင် ဒေသတွင်း၌ ပဲစင်းငုံစိုက်ပျိုးချိန်ဖြစ်၍ လက်ကျန်ပဲများသာ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်ရေ (၁၀၀၀)တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန်(၁၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

          ဩဂုတ်လ(စတုတ္ထပတ်)တွင် ပဲတီစိမ်း (၁)တင်းလျှင် ကျပ်(၈၀0၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ (၇၀၀)တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန်(၅၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

          ဩဂုတ်လ(စတုတ္ထပတ်)တွင် မတ်ပဲ(၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်ရေ(၃၅၀)တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန်(၅၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့ပေါ်ရှိ အမြဲအရောင်းသွက်သော မန်ကျည်းအစေ့လွတ်

             မြန်မာနိုင်ငံတွင် မန်ကျည်းပင်များ ပေါများလာသည်နှင့် အမျှ မန်ကျည်းသီး၊ မန်ကျည်းဖူး၊ မန်ကျည်းရွက်နုတွေကို လူတော်တော်များများနှစ်သက်စွာစားသုံးကြကြောင်း၊ မြန်မာ့ရိုးရာဆေးနည်းမှာ မန်ကျည်းတစ်ပင်လုံးက ပစ်စရာမရှိအောင် အသုံးဝင်ကြောင်း၊ အိမ်ရှင်မများ ဟင်းချက်ရာတွင် ပုံစံမျိုးစုံဖြင့် အသုံးပြုကြကြောင်း၊ မန်ကျည်းသီးမှည့် သီးသန့်ပဲဖြစ်ဖြစ်၊ ဟင်းအနှစ်အဖြစ်လည်း ချက်စားကြသလို ဖျော်ရည်အဖြစ်လည်းအသုံးပြုကြောင်း၊ သောက်သုံးကြကြောင်း၊ ချဉ်ရည်ဟင်း၊ အကင်အမျိုးမျိုးအတွက် အချဉ်ပြုလုပ်ခြင်းတို့တွင် မန်ကျည်းသီးမှည့်သည် အရသာထိမိရုံသာမက ကျန်းမာရေးကောင်းကျိုးများလည်း များစွာရှိကြောင်း၊ မန်ကျည်းသီးမှည့် စားသုံးခြင်းဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ခြင်း၊ သွေးဖိအားကို မျှတစေခြင်း၊ အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးခြင်း စသည့်ကျန်းမာရေးကောင်းကျိုးများစွာရရှိကြောင်း၊ ထောင်းပြီးငပိနှင့် ချက်စားခြင်းအပြင် ပုဇွန်ဆိတ်၊ ပုဇွန်ဆီ၊ ငါးပိကောင်များဖြင့်လည်း ချက်စားလေ့ရှိကြောင်း သိရှိရပါသည်။

        ၂၀၂၆ခုနှစ်၊ သြဂုတ်လနောက်ဆုံးပတ်တွင် မန်ကျည်းသီး ဈေးနှုန်းအနေဖြင့် မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး မန်းကျည်းမှည့်သစ်များ ဖြိုင်ဖြိုင်ဝင်ရောက်လာသောကြောင့် ဈေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ နာနတ်သီးဈေးကွက်

          မြိတ်ခရိုင်၊မြိတ်မြို့နယ်တွင် ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် နာနတ်သီးများ လှိုင်လှိုင်ပေါသော ရာသီဖြစ်ပြီး မြိတ်မြို့ပေါ်ရှိ ကျေးရွာအချို့တို့မှ အများဆုံးထွက်ရှိကြောင်း သိရှိရပါသည်။ ၎င်းဒေသတို့မှထွက်ရှိသော နာနတ်သီးများကို ရန်ကုန်မြို့သို့ တင်ပို့ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရှိရပြီး မြိတ်မြို့အတွင်းသို့လည်း နာနတ်သီးများ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။ စားသုံးသူများအနေဖြင့် နာနက်သီးဝယ်ယူရာတွင် အရောင်လှပ၍ သဘာဝအနံ့ရှိပြီး ပုတ်သိုးခြင်း၊ မှိုတက်ခြင်းနှင့် ထိခိုက်ပျက်စီးမှုမရှိသော အသီးများကိုသာဝယ်ယူစားသုံးသင့်ကြောင်း၊ မစားသုံးမီ သေချာဆေးကြောသန့်စင်ပြီး သန့်ရှင်းလတ်ဆတ်သော အသီးများကိုသာ စားသုံးသင့်ကြောင်းနှင့် ဈေးနှုန်းများသည်လည်း သယ်ယူစရိတ်ပေါ်မူတည်၍ ပြောင်းလဲနိုင်ကြောင်း သိရှိရပါသည်။ နာနတ်သီးသည် အမျှင်ဓါတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေသည့်အပြင် သွေးအတွင်း မကောင်းသော အဆီဓာတ်များကိုပါ လျော့ချနိုင်သောကြောင့် သွေးတိုးရောဂါ ဖြစ်ပွားခြင်းများကိုလည်း လျှော့ချပေးနိုင်ကြောင်း၊ ထို့ပြင် မျက်စိအမြင်အာရုံကို အထောက်အကူဖြစ်စေသော ကျန်းမာရေးဆေးဖက်ဝင် သီးနှံတစ်မျိုးဖြစ်သည့်အပြင် ဖျော်ရည်ပြုလုပ်ရာတွင်လည်းကောင်း၊ လတ်ဆတ်စွာစားသုံးရသောကြောင့် ဝယ်ယူစားသုံးမှုများကြောင်း ဈေးကွက်မှသိရှိရပါသည်။

          မြိတ်မြို့၏ ဆိပ်ငယ်စည်ပင်သာယာဈေး၊ အခြားသောဈေးများနှင့် သစ်သီးဆိုင်များတွင် ၂၀၂၆ ခုနှစ်၊ သြဂုတ်လနောက်ဆုံးပတ်တွင် ဈေးနှုန်းအနေဖြင့် နာနတ်သီးတစ်လုံးလျှင် (၄၀၀၀)ကျပ် မှ (၄၅၀၀)ကျပ်ဖြင့် အရွယ်အစားကိုလိုက်၍ ရောင်းချလျက်ရှိကြောင်း၊ ဝင်ရောက်လာသော နာနတ်သီးများကို လက်လီရောင်းချနေသော ဈေးသည်များကလည်း တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြင့်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကရင်ပြည်နယ်ဒေသထွက်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်၍ တစ်ဦးချင်းဝင်ငွေတိုးတက်ရေးအထောက်အကူပြု

 

          ကရင်ပြည်နယ်၊ ဘားအံမြို့ ဘားအံစက်မှုဇုန် ဇုန်(4)၊အကွက်အမှတ် (214)ရှိ “ပူတူးလေး” ငါး အရေခွံကြော်နှင့် ဝက်ခေါက်ကြော် ထုတ်လုပ်ရေးလုပ်ငန်းသည် ဒေသထွက်ကုန်ကြမ်းများကို အသုံး ပြု၍ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်လျက်ရှိသည့် MSME လုပ်ငန်းတစ်ခုဖြစ်သည်။

          အဆိုပါလုပ်ငန်းတွင် ငါးအရေခွံနှင့် ဝက်ခေါက်များကို စနစ်တကျပြုပြင်ထုတ်လုပ်၍ စားသုံးသူ များအဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရန် ထုပ်ပိုးထုတ်လုပ်ရောင်းချလျက်ရှိသည်။ ထုတ်ကုန်ထုပ်ပိုးမှု အပေါ်တွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ဆက်သွယ်ရန်အချက်အလက်များနှင့် အဟာရတန်ဖိုးများကို ဖော်ပြထားသည့်အတွက် စားသုံးသူများအနေဖြင့် ထုတ်ကုန်အချက်အလက် များကို သိရှိစစ်ဆေး၍ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုန်ကုန်များထုပ်လုပ်ခြင်းသည် ကုန်ကြမ်းများ၏ တန်ဖိုးကိုမြှင့်တင်ပေးနိုင်သည့်အပြင် ဒေသခံများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေရလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ကရင်ပြည်နယ်၏ဒေသထွက်ကုန်များကို အရည်အသွေးကောင်းမွန်စွာထုတ်လုပ်ထုပ်ပိုး၍ ဈေးကွက်အတွင်း ပိုမိုကျယ်ပြန့်စွာ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်သည်။

          ထို့ကြောင့် ဒေသထွက်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာ ခြင်းဖြင့် ဒေသစီးပွားရေးတိုးတက်လာစေရန်၊ တစ်ဦးချင်းဝင်ငွေတိုးတက်လာစေရန်နှင့် ကရင်ပြည်နယ်၏ ဒေသထွက်ကုန်များ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြင့်လားလာစေရန် အထောက်အကူပြုနိုင် မည်ဖြစ်သည်။

DOCA(ကရင်)

 

မြိတ်မြို့ပေါ်ရှိ မိုးရာသီတွင် ထွက်ရှိများသော ဗူးသီးဈေးကွက်

          မိုးရာသီကာလအတွင်း ဗူးသီးစိုက်ခင်းများမှ အထွက်နှုန်းကောင်းလာသဖြင့် ဒေသအသီးသီးရှိ ဈေးကွက်များတွင် ဗူးသီးများပေါများစွာရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဗူးသီးသည် မိုးရာသီတွင် ကောင်းစွာဖြစ်ထွန်းသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး စိုက်ပျိုးရလွယ်ကူသည့်အပြင် အထွက်နှုန်းလည်းကောင်းမွန်သောကြောင့် တောင်သူများက အဓိကစိုက်ပျိုးသည့် သီးနှံများထဲတွင် ဗူးသီးလည်း အပါအဝင်တစ်ခုဖြစ်ပါသည်။ ဈေးကွက်အတွင်း ဗူးသီးပေါများလာသောကြောင့် စားသုံးသူများအနေဖြင့် လတ်ဆက်သောဗူးသီးများကို အလွယ်တကူဝယ်ယူနိုင်ကြပါသည်။ ဗူးသီးနှင့် ဗူးရွက်၊ ဗူးညွှန့်များကို ဟင်းချိုအရည်သောက်ဟင်း၊ ကြော်/ ချက်နှင့် အခြားဟင်းလျာများတွင် အသုံးပြုကြပြီး လူကြိုက်များသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ ဗူးသီးတွင် ရေဓါတ်၊ အမျှင်ဓါတ်နှင့် သတ္ထုဓါတ်အချို့ပါဝင်သဖြင့် ခန္ဓာကိုယ်အတွက် ရေဓါတ်ဖြည့်သွင်းရာတွင် အထောက်အကူပြုနိုင်ပြီး မျှတသော အစားအစာအစိတ်အပိုင်းတစ်ခုအဖြစ် စားသုံးနိုင်ပါသည်။ မြိတ်မြို့ပေါ်ရှိဈေးများတွင် ဗူးသီး အသေး(၁)လုံးလျှင်(၁၅၀၀)ကျပ်၊ဗူးသီးအလတ်(၁)လုံးလျှင်(၂၅၀၀)ကျပ်နှင့် ဗူးသီးအကြီး(၁)လုံးလျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရွယ်အစားနှင့် ဒေသအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း ဈေးသည်များထံမှသိရှိရပါသည်။ မိုးရာသီတွင်အထွက်နှုန်းတိုးလာခြင်းကြောင့်ဝယ်လိုအားကိုအလွယ် တကူဖြည့်ဆည်းပေးနိုင်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ဒေသထွက် ကန်စွန်းဥစျေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်‌ဒေသတွင် ကန်စွန်းဥစိုက်ပျိုးထွက်ရှိမှုပုံမှန်ရှိပြီး ဒေသတွင်း ဈေးကွက်၌ အရောင်းအဝယ်သွက်လျက်ရှိသည်။ ကန်စွန်းဥသည်စိုက်ပျိုးရလွယ်ကူပြီး ရာသီဥတု ဒဏ်ခံနိုင်သည့်အပြင် ရိတ်သိမ်းချိန်တွင် အသီးအထွက်နှုန်းကောင်းမွန်သည့် သီးနှံတစ်မျိုး ဖြစ်သည်။ မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများတွင် ကန်စွန်းဥကိုစီးပွားဖြစ် စိုက်ပျိုးကြသည့်အပြင် မြို့ပေါ်နှင့် အနီးဝန်းကျင်ဒေသများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ကန်စွန်းဥကို ပြုတ်‌ရောင်းခြင်း၊ မုန့်ချိုပြုလုပ်ခြင်း၊ ပျားနှင့်ပေါင်း၍ အချိုပွဲပြုလုပ်ခြင်းများအပြင် ဝက်သား၊ ကြက်သားတို့နှင့်‌ရောစပ်၍ ဟင်းချက်စားကြသည်။ ထို့အပြင် ကန်စွန်းဥကို အခြေခံကုန်ကြမ်းအဖြစ် အသုံးပြု၍ ကန်စွန်းဥကြော်ကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန်များပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

       မြိတ်မြို့နယ်မှထွက်ရှိသည့် ကန်စွန်းဥများကို ဒေသတွင်း ဆိပ်ငယ်ဈေးကြီးအပါအဝင် ရပ်ကွက်အသီးသီးရှိ ဈေးများသို့ အဓိကတင်ပို့ရောင်းချလျက်ရှိသည်။ ကန်စွန်းဥကို အရွယ်အစားနှင့် အလေးချိန်ပေါ်မူတည်၍ ရောင်းချကြရာ ကန်စွန်းဥလက်ကားဈေး တစ်ပိဿာလျှင် (၅,၀၀၀)ကျပ် ဝန်းကျင်နှင့် လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၇,၀၀၀) ကျပ်အထိ ရောင်းချလျက်ရှိသည်။ ကန်စွန်းဥသည် ဒေသခံများအတွက် နေ့စဉ်အဆာပြေအချိုပွဲအဖြစ် ချက်ပြုတ်စားသုံးမှုများပြားသည့်အပြင် ကျန်းမာရေးအတွက်လည်း သင့်တော်သည့် သီးနှံတစ်မျိုးဖြစ်သောကြောင့် ဝယ်လိုအားအမြဲရှိနေသည့် သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ဒေသထွက် ငါးပုတ်သင်ခြောက်

           တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသထွက်ရေထွက်ကုန်တစ်မျိုးဖြစ်သည့် ငါးပုတ်သင်ခြောက်သည် ဒေသခံများသာမက တစ်ခြားအနယ်နယ်အရပ်ရပ်ကလည်း ကြိုက်နှစ်သက်ကြသော ငါးခြောက်အမျိုးအစားတစ်ခုဖြစ်ပြီး မြိတ်မြို့ပေါ်ရှိငါးခြောက်စျေးကွက်များတွင် အရောင်းအဝယ်ကောင်းလျက်ရှိ‌ကြောင်း သိရှိရပါသည်။ မြိတ်ကျွန်းစုနှင့် အနီးဝန်းကျင်‌ပင်လယ်ပြင်မှ ရရှိသည့်ငါးများကို သန့်စင်ကာ ဆားနယ်နေလှန်း၍ ငါးခြောက်အဖြစ်ထုတ်လုပ်ကြပြီး ဒေသတွင်းရောင်းချမှုများအပြင် မြိတ်မှတစ်ဆင့် အခြားဒေသများသို့လည်း ဖြန့်ဖြူး‌ရောင်းချလျက်ရှိသည်။ ငါးပုတ်သင်ခြောက်သည် အရည်အသွေး၊ အရွယ်အစားပေါ်မူတည်၍ စျေးနှုန်းကွာခြားနိုင်သည်။ ငါးပုတ်သင်ခြောက်မှာ ရေဓာတ်လျော့နည်းပြီး အာဟာရဓာတ်များပိုမိုပါဝင်ကြောင်း သိရှိရပါသည်။

          မြိတ်မြို့ပေါ်ရှိစျေးကွက်များတွင် ငါးပုတ်သင်ခြောက် တစ်ပိဿာလျှင် (၁၂၀၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ မြိတ်ဒေသထွက်ငါးခြောက်များ၏ စျေးနှုန်းများသည် ရာသီအလိုက် ငါးဖမ်းဆီးရရှိမှု၊ ရာသီဥတုနှင့် ကုန်ကြမ်းဝင်ရောက်မှု အခြေအနေများအပေါ်မူတည်၍ အတက်အကျ ရှိနိုင်ပါသည်။ နှစ်စဉ်မိုးဦးကာလတွင် ငါးသားပေါက်ရာသီဖြစ်၍ ပင်လယ်ထွက်ကုန်ရရှိမှု လျော့နည်းသောကြောင့် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်များ စျေးနှုန်းမြှင့်တက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း