
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသတွင် စိုက်ပျိုးထွက်ရှိသော သစ်တော်သီးများ ယခုရာသီတွင် ရိတ်သိမ်းထွက်ရှိလာပြီး ဒေသတွင်းဈေးကွက်များအပြင် အနီး ပတ်ဝန်းကျင်မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
နောင်တရားဒေသသည် အေးမြသောရာသီဥတုနှင့် မြေဩဇာကောင်းမွန်သည့် ဒေသဖြစ်သည့် အတွက် ဒေသသစ်တော်သီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတောင်သူများအနေဖြင့် နှစ်စဉ် စိုက်ပျိုးလျက်ရှိသည်။ ယခုနှစ်တွင် ရာသီဥတုအခြေအနေ သင့်တင့်ကောင်းမွန်ခဲ့သဖြင့် အသီးအရည်အသွေး ကောင်းမွန်ပြီး အရွယ်အစားလှပသော သစ်တော်သီးများထွက်ရှိလာကြောင်း နှင့် ဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်ကာ အရာင်းသွက်လျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။
သစ်တော်သီးများကို အရည်အသွေး၊ အသီးအရွယ်အစားနှင့် အမှည့်အနေအထားအလိုက် အမျိုးအစားခွဲခြား၍ ရောင်းချကြပြီး အရည်အသွေးကောင်းမွန်သည့်အသီးများမှာ ဝယ်လိုအား ပိုမိုကောင်းမွန်ကြောင်း ဈေးကွက်အတွင်းမှသိရသည်။
ဒေသခံတောင်သူများအနေဖြင့် သစ်တော်သီး ထုတ်လုပ်မှု ပိုမိုတိုးတက်လာစေရန် စိုက်ပျိုး နည်းပညာများ မြှင့်တင်အသုံးပြုလျက်ရှိပြီး အရည်အသွေးကောင်းမွန်သော ဒေသသစ်တော်သီးများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သစ်တော်သီးသည် ရေဓာတ်ပါဝင်မှုများပြားပြီး အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်အချို့ ပါဝင်သည့်အသီးဖြစ်သဖြင့် လတ်ဆတ်စွာစားသုံးနိုင်သည့်အပြင် ဖျော်ရည်နှင့်အခြား စားသောက်ကုန် များ အဖြစ်လည်း အသုံးပြုနိုင်သည်။
နောင်တရားဒေသထွက် သစ်တော်သီးများ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လက် လာခြင်းသည် ဒေသခံသစ်တော်စိုက်တောင်သူများအတွက် ဝင်ငွေရရှိစေရန် အထောက်အကူပြုသည့် အပြင် ဒေသထွက်သီးနှံများ၏ ဈေးကွက်တန်ဖိုးကိုလည်း ပိုမိုမြှင့်တက်လာစေနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိကာလတွင် ဒေသသစ်တော်သီးများကို တောင်ကြီး၊ အောင်ပန်း၊ ကလော၊ ရန်ကုန် နှင့် မန္တလေးစသည့်မြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိပြီး လက်ကားဈေးကွက်များတွင်လည်း ဝယ်ယူမှုကောင်းမွန်နေကြောင်း ကုန်သည်များထံမှ သိရသည်။
ကြွပ်ကြွပ်ရွရွသဘာဝဒေသသစ်တော်သီးများကို တစ်ပိဿာလျှင် ၇၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်အထိ ရောင်းချနေကြပြီး အသီးအရည်အသွေး၊ အရွယ်အစားနှင့် ရောင်းချသည့် ဒေသပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုရှိနိုင်ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
