ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြိတ်မြို့ပေါ်ရှိ အမြဲအရောင်းသွက်သော မန်ကျည်းအစေ့လွတ်

             မြန်မာနိုင်ငံတွင် မန်ကျည်းပင်များ ပေါများလာသည်နှင့် အမျှ မန်ကျည်းသီး၊ မန်ကျည်းဖူး၊ မန်ကျည်းရွက်နုတွေကို လူတော်တော်များများနှစ်သက်စွာစားသုံးကြကြောင်း၊ မြန်မာ့ရိုးရာဆေးနည်းမှာ မန်ကျည်းတစ်ပင်လုံးက ပစ်စရာမရှိအောင် အသုံးဝင်ကြောင်း၊ အိမ်ရှင်မများ ဟင်းချက်ရာတွင် ပုံစံမျိုးစုံဖြင့် အသုံးပြုကြကြောင်း၊ မန်ကျည်းသီးမှည့် သီးသန့်ပဲဖြစ်ဖြစ်၊ ဟင်းအနှစ်အဖြစ်လည်း ချက်စားကြသလို ဖျော်ရည်အဖြစ်လည်းအသုံးပြုကြောင်း၊ သောက်သုံးကြကြောင်း၊ ချဉ်ရည်ဟင်း၊ အကင်အမျိုးမျိုးအတွက် အချဉ်ပြုလုပ်ခြင်းတို့တွင် မန်ကျည်းသီးမှည့်သည် အရသာထိမိရုံသာမက ကျန်းမာရေးကောင်းကျိုးများလည်း များစွာရှိကြောင်း၊ မန်ကျည်းသီးမှည့် စားသုံးခြင်းဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ခြင်း၊ သွေးဖိအားကို မျှတစေခြင်း၊ အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးခြင်း စသည့်ကျန်းမာရေးကောင်းကျိုးများစွာရရှိကြောင်း၊ ထောင်းပြီးငပိနှင့် ချက်စားခြင်းအပြင် ပုဇွန်ဆိတ်၊ ပုဇွန်ဆီ၊ ငါးပိကောင်များဖြင့်လည်း ချက်စားလေ့ရှိကြောင်း သိရှိရပါသည်။

        ၂၀၂၆ခုနှစ်၊ သြဂုတ်လနောက်ဆုံးပတ်တွင် မန်ကျည်းသီး ဈေးနှုန်းအနေဖြင့် မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး မန်းကျည်းမှည့်သစ်များ ဖြိုင်ဖြိုင်ဝင်ရောက်လာသောကြောင့် ဈေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ နာနတ်သီးဈေးကွက်

          မြိတ်ခရိုင်၊မြိတ်မြို့နယ်တွင် ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် နာနတ်သီးများ လှိုင်လှိုင်ပေါသော ရာသီဖြစ်ပြီး မြိတ်မြို့ပေါ်ရှိ ကျေးရွာအချို့တို့မှ အများဆုံးထွက်ရှိကြောင်း သိရှိရပါသည်။ ၎င်းဒေသတို့မှထွက်ရှိသော နာနတ်သီးများကို ရန်ကုန်မြို့သို့ တင်ပို့ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရှိရပြီး မြိတ်မြို့အတွင်းသို့လည်း နာနတ်သီးများ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။ စားသုံးသူများအနေဖြင့် နာနက်သီးဝယ်ယူရာတွင် အရောင်လှပ၍ သဘာဝအနံ့ရှိပြီး ပုတ်သိုးခြင်း၊ မှိုတက်ခြင်းနှင့် ထိခိုက်ပျက်စီးမှုမရှိသော အသီးများကိုသာဝယ်ယူစားသုံးသင့်ကြောင်း၊ မစားသုံးမီ သေချာဆေးကြောသန့်စင်ပြီး သန့်ရှင်းလတ်ဆတ်သော အသီးများကိုသာ စားသုံးသင့်ကြောင်းနှင့် ဈေးနှုန်းများသည်လည်း သယ်ယူစရိတ်ပေါ်မူတည်၍ ပြောင်းလဲနိုင်ကြောင်း သိရှိရပါသည်။ နာနတ်သီးသည် အမျှင်ဓါတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေသည့်အပြင် သွေးအတွင်း မကောင်းသော အဆီဓာတ်များကိုပါ လျော့ချနိုင်သောကြောင့် သွေးတိုးရောဂါ ဖြစ်ပွားခြင်းများကိုလည်း လျှော့ချပေးနိုင်ကြောင်း၊ ထို့ပြင် မျက်စိအမြင်အာရုံကို အထောက်အကူဖြစ်စေသော ကျန်းမာရေးဆေးဖက်ဝင် သီးနှံတစ်မျိုးဖြစ်သည့်အပြင် ဖျော်ရည်ပြုလုပ်ရာတွင်လည်းကောင်း၊ လတ်ဆတ်စွာစားသုံးရသောကြောင့် ဝယ်ယူစားသုံးမှုများကြောင်း ဈေးကွက်မှသိရှိရပါသည်။

          မြိတ်မြို့၏ ဆိပ်ငယ်စည်ပင်သာယာဈေး၊ အခြားသောဈေးများနှင့် သစ်သီးဆိုင်များတွင် ၂၀၂၆ ခုနှစ်၊ သြဂုတ်လနောက်ဆုံးပတ်တွင် ဈေးနှုန်းအနေဖြင့် နာနတ်သီးတစ်လုံးလျှင် (၄၀၀၀)ကျပ် မှ (၄၅၀၀)ကျပ်ဖြင့် အရွယ်အစားကိုလိုက်၍ ရောင်းချလျက်ရှိကြောင်း၊ ဝင်ရောက်လာသော နာနတ်သီးများကို လက်လီရောင်းချနေသော ဈေးသည်များကလည်း တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြင့်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကရင်ပြည်နယ်ဒေသထွက်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်၍ တစ်ဦးချင်းဝင်ငွေတိုးတက်ရေးအထောက်အကူပြု

 

          ကရင်ပြည်နယ်၊ ဘားအံမြို့ ဘားအံစက်မှုဇုန် ဇုန်(4)၊အကွက်အမှတ် (214)ရှိ “ပူတူးလေး” ငါး အရေခွံကြော်နှင့် ဝက်ခေါက်ကြော် ထုတ်လုပ်ရေးလုပ်ငန်းသည် ဒေသထွက်ကုန်ကြမ်းများကို အသုံး ပြု၍ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်လျက်ရှိသည့် MSME လုပ်ငန်းတစ်ခုဖြစ်သည်။

          အဆိုပါလုပ်ငန်းတွင် ငါးအရေခွံနှင့် ဝက်ခေါက်များကို စနစ်တကျပြုပြင်ထုတ်လုပ်၍ စားသုံးသူ များအဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရန် ထုပ်ပိုးထုတ်လုပ်ရောင်းချလျက်ရှိသည်။ ထုတ်ကုန်ထုပ်ပိုးမှု အပေါ်တွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ဆက်သွယ်ရန်အချက်အလက်များနှင့် အဟာရတန်ဖိုးများကို ဖော်ပြထားသည့်အတွက် စားသုံးသူများအနေဖြင့် ထုတ်ကုန်အချက်အလက် များကို သိရှိစစ်ဆေး၍ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုန်ကုန်များထုပ်လုပ်ခြင်းသည် ကုန်ကြမ်းများ၏ တန်ဖိုးကိုမြှင့်တင်ပေးနိုင်သည့်အပြင် ဒေသခံများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေရလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ကရင်ပြည်နယ်၏ဒေသထွက်ကုန်များကို အရည်အသွေးကောင်းမွန်စွာထုတ်လုပ်ထုပ်ပိုး၍ ဈေးကွက်အတွင်း ပိုမိုကျယ်ပြန့်စွာ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်သည်။

          ထို့ကြောင့် ဒေသထွက်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာ ခြင်းဖြင့် ဒေသစီးပွားရေးတိုးတက်လာစေရန်၊ တစ်ဦးချင်းဝင်ငွေတိုးတက်လာစေရန်နှင့် ကရင်ပြည်နယ်၏ ဒေသထွက်ကုန်များ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြင့်လားလာစေရန် အထောက်အကူပြုနိုင် မည်ဖြစ်သည်။

DOCA(ကရင်)

 

မြိတ်မြို့ပေါ်ရှိ မိုးရာသီတွင် ထွက်ရှိများသော ဗူးသီးဈေးကွက်

          မိုးရာသီကာလအတွင်း ဗူးသီးစိုက်ခင်းများမှ အထွက်နှုန်းကောင်းလာသဖြင့် ဒေသအသီးသီးရှိ ဈေးကွက်များတွင် ဗူးသီးများပေါများစွာရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဗူးသီးသည် မိုးရာသီတွင် ကောင်းစွာဖြစ်ထွန်းသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး စိုက်ပျိုးရလွယ်ကူသည့်အပြင် အထွက်နှုန်းလည်းကောင်းမွန်သောကြောင့် တောင်သူများက အဓိကစိုက်ပျိုးသည့် သီးနှံများထဲတွင် ဗူးသီးလည်း အပါအဝင်တစ်ခုဖြစ်ပါသည်။ ဈေးကွက်အတွင်း ဗူးသီးပေါများလာသောကြောင့် စားသုံးသူများအနေဖြင့် လတ်ဆက်သောဗူးသီးများကို အလွယ်တကူဝယ်ယူနိုင်ကြပါသည်။ ဗူးသီးနှင့် ဗူးရွက်၊ ဗူးညွှန့်များကို ဟင်းချိုအရည်သောက်ဟင်း၊ ကြော်/ ချက်နှင့် အခြားဟင်းလျာများတွင် အသုံးပြုကြပြီး လူကြိုက်များသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ ဗူးသီးတွင် ရေဓါတ်၊ အမျှင်ဓါတ်နှင့် သတ္ထုဓါတ်အချို့ပါဝင်သဖြင့် ခန္ဓာကိုယ်အတွက် ရေဓါတ်ဖြည့်သွင်းရာတွင် အထောက်အကူပြုနိုင်ပြီး မျှတသော အစားအစာအစိတ်အပိုင်းတစ်ခုအဖြစ် စားသုံးနိုင်ပါသည်။ မြိတ်မြို့ပေါ်ရှိဈေးများတွင် ဗူးသီး အသေး(၁)လုံးလျှင်(၁၅၀၀)ကျပ်၊ဗူးသီးအလတ်(၁)လုံးလျှင်(၂၅၀၀)ကျပ်နှင့် ဗူးသီးအကြီး(၁)လုံးလျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရွယ်အစားနှင့် ဒေသအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း ဈေးသည်များထံမှသိရှိရပါသည်။ မိုးရာသီတွင်အထွက်နှုန်းတိုးလာခြင်းကြောင့်ဝယ်လိုအားကိုအလွယ် တကူဖြည့်ဆည်းပေးနိုင်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ဒေသထွက် ကန်စွန်းဥစျေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်‌ဒေသတွင် ကန်စွန်းဥစိုက်ပျိုးထွက်ရှိမှုပုံမှန်ရှိပြီး ဒေသတွင်း ဈေးကွက်၌ အရောင်းအဝယ်သွက်လျက်ရှိသည်။ ကန်စွန်းဥသည်စိုက်ပျိုးရလွယ်ကူပြီး ရာသီဥတု ဒဏ်ခံနိုင်သည့်အပြင် ရိတ်သိမ်းချိန်တွင် အသီးအထွက်နှုန်းကောင်းမွန်သည့် သီးနှံတစ်မျိုး ဖြစ်သည်။ မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများတွင် ကန်စွန်းဥကိုစီးပွားဖြစ် စိုက်ပျိုးကြသည့်အပြင် မြို့ပေါ်နှင့် အနီးဝန်းကျင်ဒေသများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ကန်စွန်းဥကို ပြုတ်‌ရောင်းခြင်း၊ မုန့်ချိုပြုလုပ်ခြင်း၊ ပျားနှင့်ပေါင်း၍ အချိုပွဲပြုလုပ်ခြင်းများအပြင် ဝက်သား၊ ကြက်သားတို့နှင့်‌ရောစပ်၍ ဟင်းချက်စားကြသည်။ ထို့အပြင် ကန်စွန်းဥကို အခြေခံကုန်ကြမ်းအဖြစ် အသုံးပြု၍ ကန်စွန်းဥကြော်ကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန်များပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

       မြိတ်မြို့နယ်မှထွက်ရှိသည့် ကန်စွန်းဥများကို ဒေသတွင်း ဆိပ်ငယ်ဈေးကြီးအပါအဝင် ရပ်ကွက်အသီးသီးရှိ ဈေးများသို့ အဓိကတင်ပို့ရောင်းချလျက်ရှိသည်။ ကန်စွန်းဥကို အရွယ်အစားနှင့် အလေးချိန်ပေါ်မူတည်၍ ရောင်းချကြရာ ကန်စွန်းဥလက်ကားဈေး တစ်ပိဿာလျှင် (၅,၀၀၀)ကျပ် ဝန်းကျင်နှင့် လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၇,၀၀၀) ကျပ်အထိ ရောင်းချလျက်ရှိသည်။ ကန်စွန်းဥသည် ဒေသခံများအတွက် နေ့စဉ်အဆာပြေအချိုပွဲအဖြစ် ချက်ပြုတ်စားသုံးမှုများပြားသည့်အပြင် ကျန်းမာရေးအတွက်လည်း သင့်တော်သည့် သီးနှံတစ်မျိုးဖြစ်သောကြောင့် ဝယ်လိုအားအမြဲရှိနေသည့် သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ဒေသထွက် ငါးပုတ်သင်ခြောက်

           တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသထွက်ရေထွက်ကုန်တစ်မျိုးဖြစ်သည့် ငါးပုတ်သင်ခြောက်သည် ဒေသခံများသာမက တစ်ခြားအနယ်နယ်အရပ်ရပ်ကလည်း ကြိုက်နှစ်သက်ကြသော ငါးခြောက်အမျိုးအစားတစ်ခုဖြစ်ပြီး မြိတ်မြို့ပေါ်ရှိငါးခြောက်စျေးကွက်များတွင် အရောင်းအဝယ်ကောင်းလျက်ရှိ‌ကြောင်း သိရှိရပါသည်။ မြိတ်ကျွန်းစုနှင့် အနီးဝန်းကျင်‌ပင်လယ်ပြင်မှ ရရှိသည့်ငါးများကို သန့်စင်ကာ ဆားနယ်နေလှန်း၍ ငါးခြောက်အဖြစ်ထုတ်လုပ်ကြပြီး ဒေသတွင်းရောင်းချမှုများအပြင် မြိတ်မှတစ်ဆင့် အခြားဒေသများသို့လည်း ဖြန့်ဖြူး‌ရောင်းချလျက်ရှိသည်။ ငါးပုတ်သင်ခြောက်သည် အရည်အသွေး၊ အရွယ်အစားပေါ်မူတည်၍ စျေးနှုန်းကွာခြားနိုင်သည်။ ငါးပုတ်သင်ခြောက်မှာ ရေဓာတ်လျော့နည်းပြီး အာဟာရဓာတ်များပိုမိုပါဝင်ကြောင်း သိရှိရပါသည်။

          မြိတ်မြို့ပေါ်ရှိစျေးကွက်များတွင် ငါးပုတ်သင်ခြောက် တစ်ပိဿာလျှင် (၁၂၀၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ မြိတ်ဒေသထွက်ငါးခြောက်များ၏ စျေးနှုန်းများသည် ရာသီအလိုက် ငါးဖမ်းဆီးရရှိမှု၊ ရာသီဥတုနှင့် ကုန်ကြမ်းဝင်ရောက်မှု အခြေအနေများအပေါ်မူတည်၍ အတက်အကျ ရှိနိုင်ပါသည်။ နှစ်စဉ်မိုးဦးကာလတွင် ငါးသားပေါက်ရာသီဖြစ်၍ ပင်လယ်ထွက်ကုန်ရရှိမှု လျော့နည်းသောကြောင့် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်များ စျေးနှုန်းမြှင့်တက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရာသီပေါ်သီးနှံ “နာနတ်သီး”

          နာနတ်သီးသည် တောင်သူများ၏လူနေမှုဘဝဖွံဖြိုးတိုးတက်ရေးအတွက် ဝင်ငွေကောင်းရရှိနိုင် သောအသီးနှံတစ်မျိုးဖြစ်ပါသည်။ နာနတ်သီးကို လတ်လတ်ဆတ်ဆတ်စားသုံးခြင်းအပြင် ဖျော်ရည်၊ ယို၊ အခြောက်ခံကာ အခြားတန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ်လည်း ထုတ်လုပ်ရောင်းချကြပါသည်။ နာနတ်သီးပင်သည် ရေဝပ်သည်ကိုမနှစ်သက်သောကြောင့် မြေဆီလွှာတိုက်စားမှုနည်းသော မြေပြန့် ကုန်းမြေများတွင် ၁၅-၂၀ စင်တီမီတာခန့် အနက်ရှိသောစိုက်ကျင်းများ တူး၍စိုက်ပျိုးကြပါသည်။ ရေစီးဆင်းမှုကောင်းပြီး မြေဆီဩဇာထက်သန်သည့် ဂဝံမြေနီ၊ သဲနုန်းမြေများတွင် စိုက်ပျိုးပါက အကောင်းဆုံးဖြစ်ထွန်းပါသည်။နာနတ်သီးကို မိုးဦးကျကာလဖြစ်သောမတ်လ၊ ဧပြီလနှင့် မေလများတွင် အဓိကစတင်စိုက်ပျိုးကြပါသည်။ 

          မိုးရာသီတွင်စိုက်ပျိုးခြင်းဖြင့် သဘာဝမိုးရေကိုအပြည့်အဝရရှိကာ အပင်အမြစ်စွဲမြန်ပြီးကြီးထွား မှုကောင်းမွန်စေပါသည်။ အပင်မစိုက်ပျိုးမီဖယ်ရှားထားသော သားတက်များကိုမှိုမတက်စေရန်နှင့် အပင်ပုတ်ခြင်းမှကာကွယ်ရန် (၁)ရက်မှ (၂)ရက်ခန့် ခြောက်သွေ့အောင်ထားရှိပြီးမှ စိုက်ပျိုးရပါသည်။ နာနတ်ပင်စိုက်ပျိုးပြီး (၁၅)လ မှ (၁၈)လ အကြာတွင်ခူးဆွတ်နိုင်ပါသည်။ မိုးရာသီတွင်မှည့်သော နာနတ်သီးများသည် ဆောင်းရာသီတွင်မှည့်သော အသီးများထက်အချိုဓာတ်ပိုကဲပြီး အရသာပိုမို ကောင်းမွန်ပါသည်။

         ကယားပြည်နယ်ရှိ နာနတ်သီးစိုက်ဧကမှာနည်းပါးပြီး ဒေသအတွင်းဈေးကွက် အနည်းငယ်သာ ရှိပါသည်။ နာနတ်သီးပင်စတင်စိုက်ပျိုးသည့် ပထမနှစ်တွင်စိုက်ပျိုးပြီး(၁)နှစ်ခွဲမှစတင်ကာ (၅)နှစ်မှ (၇)နှစ် အထိနှစ်စဉ်ဆက်တိုက်ခူးဆွတ်နိုင်သည့်အတွက် အကျိုးအမြတ်များစွာရရှိနိုင်ပါသည်။ ယခုလလွိုင်ကော်မြို့ သီရိမင်္ဂလာဈေးကြီးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော နာနတ်သီးဈေးနှုန်းများမှာ အသီးအရွယ်အစားအပေါ်မူတည်၍ တစ်လုံးလျှင် ၃၀၀၀ကျပ် မှ ၄၀၀၀ကျပ်ဝန်းကျင်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီရိမင်္ဂလာဈေးရှိ ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)

 

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၁၇၉ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ 4 ရက်နေ့မှ 10 ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ,၁၇၉ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ က အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၃-၉-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၃ -၉ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ဩဇာသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများနှင့် ဈေးနှုန်းဈေးကွက်

                သြဇာသီးလို့ ဆိုလိုက်တာနဲ့ အရသာကောင်းသလောက် စားရတာအလွန်လက်ဝင်ပြီး အစေ့များစွာပါသော အသီးတစ်မျိုးဖြစ်သည်။ ဩဇာပင်သည် အိန္ဒိယ မျိုးရင်းပင် ဖြစ်ပြီး မြန်မာနိုင်ငံ အပူပိုင်းဒေသများတွင် ပေါက်ရောက်ပါသည်။ ဩဇာသီးသည်  အာဟာရဓာတ်ကြွယ်ဝသဖြင့် နိုင်ငံတော်၏ စီးပွားရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် အရေးပါသောသီးနှံတစ်မျိုးဖြစ်လာပြီး ပြည်ပဈေးကွက်သို့ တင်ပို့ရန်အတွက် ပြင်ဆင်ဆောင်ရွက် လျက်ရှိပါသည်။  

         သြဇာသီးဟာ အရသာကောင်းမွန်သလို ကျန်းမာရေးကို အလွန်အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါသည်။ သြဇာသီးမှာ ဗီတာမင် ဘီ၊ ဗီတာမင် B6၊ ဗီတာမင် စီနဲ့ Antioxidant တွေပါဝင်နေပြီး အရေပြား၊ ဆံပင်၊ မျက်လုံး၊ ဦးနှောက်နဲ့ နှလုံးတို့ကို အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးဖြစ်ပါသည်။ သြဇာသီးမှာပါဝင်တဲ့ ကျန်းမာရေးကောင်းကျိုး ၂၁ ချက်ရှိပါသည်။ အဲ့ဒါတွေကတော့ ကိုယ်အလေးချိန် တိုးစေခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ ခွန်အားဖြည့်တင်းပေးခြင်း၊ ကင်ဆာကို တိုက်ဖျက်နိုင်စွမ်းရှိခြင်း၊ ဦးနှောက်ကို ကျန်းမာစေခြင်း၊ သွားကို ခိုင်မာစေခြင်း၊ သွေးအားနည်းရောဂါကို သက်သာစေခြင်း၊ အမြင်အာရုံကို ကြည်လင်စေခြင်း၊ အဆစ်ရောင်နာကို သက်သာစေခြင်း၊ နှလုံးနဲ့ သက်ဆိုင်တဲ့ရောဂါတွေကို သက်သာစေခြင်း၊ ဆီးချိုကို တားဆီးနိုင်ခြင်း၊ အစာခြေစနစ်ကို အားကောင်းစေခြင်း၊ အသားအရေနဲ့ ဆံပင်ကို အားဖြည့်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကြေးနီဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက် အရင်းအမြစ်တစ်ခုဖြစ်ခြင်း၊ သန္ဓေသားရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေခြင်း၊ သံဓာတ်ပါဝင်မှုများခြင်း၊ ကလေးငယ်များကို ကူးစက်ရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း၊ Morning Sickness ဝေဒနာအား သက်သာစေခြင်း၊ အသားအရေကြည်လင်စေခြင်း၊ အရေပြားကူးစက်ရောဂါများကို ပျောက်ကင်းစေခြင်းနှင့် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်း စတဲ့ကျန်းမာရေး အတွက် ကောင်းကျိုးများကို ရရှိစေပါသည်။

ဩဇာသီးများသည် ဇူလိုင်နှင့်ဩဂုတ်လများတွင် ထွက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။  ယခုနှစ်တွင် မိုးရွာသွန်းမှု သင့်တော်သောကြောင့် အသီးလှပြီး အထွက်နှုန်းများ၍ ဈေးကောင်း ရရှိလျက်ရှိပါသည်။ မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသမှ ဩဇာသီးများ ဝင်ရောက်၍ ဈေးကောင်းရရှိလျက်ရှိပါသည်။ ဩဇာသီးဈေးနှုန်းအနေဖြင့် တစ်လုံးလျှင် အရွယ်အစားအလိုက် ၅၀၀ ကျပ်မှ ၁၅၀၀ ကျပ် ထိရှိကြောင်း လေ့လာသိရှိရပါသည်။                                                                                                              

DOCA(မန္တလေး)                                 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း