ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နန်းတည်ရွာ၌ ကြက်သွန်ဖြူများစိုက်ပျိုးထားရှိမှုနှင့်တစ်ဧကကုန်ကျစရိတ်

               တောင်သာမြို့နယ်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်၍ သီးနှံမျိုးစုံအောင်မြင်ဖြစ် ထွန်းလျက်ရှိပြီး စပါး၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူသီးနှံကို လည်းစိုက်ပျိုးလျက်ရှိပါသည်။ တောင်သာမြို့နယ်အတွင်း ကြက်သွန်ဖြူ စိုက်ဧက (၁၈၅) ဧက၊ စိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရ သည်။ အများဆုံးစိုက်ပျိုးထားရှိသော ကျေးရွာများမှာ နစောင်ရွာ၊ ညောင်တိုရွာ၊ နန်းတည်းရွာနှင့် အင်းတဲရွာများတွင် အများဆုံးစိုက်ပျိုးထားကြောင်း၊

             တောင်သာမြို့နယ်တွင် ကြက်သွန်ဖြူများကို ၂၀၂၆ ခုနှစ်၊ မတ်လဆန်းပိုင်း၌ စတင်ရိတ်သိမ်း နေပြီဖြစ် ကြောင်းသိရှိရသည်။  စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်ဖြူကို အတက်ကလေးများ နွှာပြီး  စိုက်ပျိုးရကြောင်း၊ အများဆုံးစိုက်ပျိုးသော မျိုးများမှာ ဗမာမျိုးများကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း၊ ကြက်သွန်ဖြူ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ကျပ်သိန်း (၂၆)ကျပ်ခန့်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၀၀၀-၁၃၃၀)ပိဿာခန့် ထွက်ရှိခဲ့ကြောင်း၊ ယခု ၂၀၂၆ခုနှစ်၊ ဧပြီပထမပတ်၌ ထွက်ပေါ်သော ကြက်သွန်ဖြူအခြောက် (အသစ်) စျေးနှုန်း (၁)ပိဿာလျှင် (၅၀၀၀-၆၀၀၀)ကျပ် အထိစျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ကြက်သွန်ဖြူ အစိုတစ်ပိဿာလျှင်(၃၅၀၀-၄၀၀၀) ကျပ်ခန့်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး အထွက်နှုန်း အပေါ်မူတည်၍ တစ်ဧကလျှင်ကျပ် (၁၉-၂၀)သိန်းကျော် မြတ်ခဲ့ကြောင်း၊ ယခုဧပြီလ တတိယပတ်တွင် လက်လီ ကြက်သွန်ဖြူ တစ်ပိဿာ ပေါက်ဈေးအနေဖြင့်  (၆၀၀၀-၇၀၀၀) ကျပ်ဖြင့်  ရောင်းဝယ်လျက် ရှိကြောင်း၊  ကြက်သွန်ဖြူ ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲ အရောက်လာရောက် ဝယ်ယူကြကြောင်း၊ တောင်သူများ အနေဖြင့် ဒေသတွင်းပွဲရုံများနှင့် မြင်းခြံမြို့ ရှိပွဲရုံများသို့လည်း တင်ပို့ရောင်းချကြကြောင်း၊ ကြက်သွန်ဖြူများ အထွက်နှုန်းကောင်း၍ တောင်သူများ အကျိုးအမြတ် အမြတ်ရရှိကြောင်း နန်းတည်ရွာမှ ကြက်သွန်ဖြူ စိုက်တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိ ရပါသည်။

DOCA(မန္တလေး)

ပခုက္ကူ သကြားပြောင်းဖူး ဈေးနှုန်းအခြေအနေ

          သကြားပြောင်းဖူးသည် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်သည်။ ပြောင်းဖူးကို သရေစာအဖြစ် အမယ်မျိုးစုံပြုလုပ်စားသောက်ကြ၍ ဝယ်ယူစားသုံးမှုများပြီး ဈေးကွက်ခိုင်မာမှုရှိ၍ ရာသီအလိုက် သီးထပ် စိုက်ပျိုးလျက်ရှိကြပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့လည်း သကြားပြောင်းဖူးစိုက်ပျိုးမှုများသော ပခုက္ကူကျွန်းကျေးရွာများဖြစ်သည့် ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ရွာသစ်၊ ကံလှ၊ နန်းတော်ရပ်၊ တင်းဂတ်၊ သံပုရာပင်ကုန်း၊ ဘောလုံးခုံ၊ လိပ်ကုန်းကျေးရွာများအပြင် မြစ်ခြေ၊ ကမ္မမြို့များနှင့် အခြားမြို့နယ်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အထက် ညဉ့်၊ အောက်ညဉ့်ကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုဧပြီလ(စတုတ္ထပတ်)တွင် ဈေးကွက်သို့ သကြားပြောင်းဖူးများ ဝင်ရောက်မှုနည်းပြီး ဈေးအနည်းငယ်မြင့်တက်၍ အရောင်းအဝယ် ဖြစ်ကြောင်း၊ နွေရာသီရောက်ရှိ၍ ပြောင်းဖူးသီးနှံကို ဝယ်ယူစားသုံးမှု များကြောင်း သိရှိရသည်။

          သကြားပြောင်းဖူးဈေးနှုန်းများအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် ပြောင်းဖူး အရွယ် အစား၊ အစေ့ အကြီးအသေး အောင်မြင်မှုနှင့် သီးနှံလတ်ဆတ်မှုအပေါ်မူတည်၍ သကြားပြောင်းဖူးစိမ်း တစ်ဖူးလျှင် ကျပ်(၄၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဧပြီလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ် ပါက သကြား ပြောင်းဖူး တစ်ဖူးလျှင် ကျပ်(၅၀)ခန့် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြောင်းဖူး သည် လူ့ခန္ဓာကိုယ်ကို ခွန်အား ဖြစ်စေပြီး ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံတစ်မျိုးဖြစ်၍ ဝယ်ယူစားသုံးမှု မြင့်မားခြင်းကြောင့် နေ့စဉ် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ အကြော် ဆိုင်များ၊ အသုပ်မျိုးစုံ ဆိုင်များမှ ဝယ်ယူမှု များကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ်  ၇,၄၉၉ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

         စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူ စားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

            စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏စျေးနှုန်းအတက်အကျပေါ်မူတည်၍ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ၂၀၂၆ခုနှစ်၊မေလ၈ရက်နေ့မှ၁၄ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာစားအုန်းဆီ တစ်ပိဿာလျှင်ငွေကျပ်7,၄၉၉ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါသည်။

            စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်းထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများ အနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov. mm၊Facebook Pageနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် များအသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာ နိုင်ကြောင်းသိရှိရပါသည်။ 

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၇-၅-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၇-၅-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

စစ်ကိုင်းမြို့၏ ‌ဒေသထုက်ကုန် ရွှေမြန်မာဂျုံခေါက်ဆွဲ

            စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ ရွှေမြန်မာဂျုံခေါက်ဆွဲလုပ်ငန်းကို ၂၀၀၀ ခုနှစ်ကစတင်ပြီး မတည်ရင်းနှီးငွေ ကျပ်သိန်း(၀၀)ဖြင့် တစ်ပိုင်တစ်နိုင် အိမ်တွင်းစားသောက်ကုန်လုပ်ငန်းအဖြစ်  လုပ်ကိုင်ခဲ့ရာ ယခုလုပ်သားအင်အား ကျား+မ(၁၅)ဦးဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်ပါသည်။ လုပ်သားတစ်ဦးလျှင် တစ်လ ()သိန်းမှ ()သိန်းထိ လုပ်ငန်းကျွမ်းကျင်မှုပေါ်မူတည်၍ လုပ်အားခများပေးချေပါသည်။ ဂျုံကုန်ကြမ်းကို မန္တ‌လေးမြို့မှ ဒုံးပျံတံဆိပ်ကို ဝယ်ယူအသုံးပြုသည်။ တစ်လလျှင်ကုန်ကြမ်း ဂျုံ ၂၅ပိဿာဝင် အိတ် ၄၀၀ကို အသုံးပြု၍ ကုန်ချောခေါက်ဆွဲခြောက် ၁၀၀၀၀ ပိဿာခန့် ထုတ်လုပ်နိုင်ကြောင်း သိရသည်။

          ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်မှာ ဂျုံ၊ ကြက်ဥ၊ ရေ၊ ဆားနှင့် ဆော်ဒါများဖြင့် မွှေသည့်စည်တွင်ထည့်ကာ အချိန်မိနစ် ၂၀ခန့်မွှေသည်။ ထွက်ရှိလာသော ဂျုံများကို ကြိတ်ခုံ()ခုမှ အဆင့်ဆင့်ဖြတ်၍ ဂျုံပြားများရရှိလာပြီး ခေါက်ဆွဲမျှင်ဖြတ်သည့်စက်ဖြင့် အမျှင်များဖြတ်သည်။ ခေါက်ဆွဲမျှင်များကို တုတ်တန်းများပေါ်တွင်တင်၍ အစိမ်းနေလှန်းချိန်(၃)နာရီကြာမြင့်ပါသည်။  ရွှေမြန်မာခေါက်ဆွဲခြောက်မှထုတ်လုပ်သည့် ခေါက်ဆွဲများမှာကြက်ဥဂျုံခေါက်ဆွဲနှင့် သက်သတ်လွတ်ဂျုံခေါက်ဆွဲဟူ၍ (၂)မျိုးထုတ်လုပ်ပါသည်။ နေလှန်းပြီးဂျုံများကို  သတ်မှတ်ထားသည့် အရှည်အတိုင်းဖြတ်တောက်ပြီး ကြက်ဥဂျုံခေါက်ဆွဲ ၃၆၀ဂရမ် တစ်ထုပ်လျှင် (၃၀၀၀)ကျပ်နှင့် သတ်သတ်လွတ် ဂျုံခေါက်ဆွဲ ၃၅၅ဂရမ် တစ်ထုပ်လျှင် (၂၀၅၀)ကျပ် စသည်ဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိသည်။ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ ဈေးနှုန်းမှန်ဖြင့် ထုတ်လုပ်ရောင်းချသဖြင့် စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော ဈေးနှုန်းများဖြစ်ပါသည်။ ရွှေမြန်မာခေါက်ဆွဲစက်မှ ထွက်ရှိသည့်ခေါက်ဆွဲများကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနှင့် မြစ်ကြီးနားမြို့၊ မိုးညှင်းမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ လက်မှတ်ရရှိပြီးဖြစ်၍ စားသုံးသူပြည်သူများအတွက် စိတ်ချယုံကြည်စွာဖြင့် ဝယ်ယူစားသုံးနိုင်သည့် ခေါက်ဆွဲဖြစ်ကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မွန်ပြည်နယ်တွင် ဒူးရင်းသီးများ ဈေးကောင်းရရှိနေမှုနှင့် ဈေးကွက်အခြေအနေ

     မွန်ပြည်နယ်အတွင်း ယခုနှစ် ဒူးရင်းသီးရာသီ စတင်ထွက်ပေါ်ချိန်တွင် အထွက် နည်းပြီး ဝယ်လိုအားများနေခြင်းကြောင့် ဒူးရင်းသီးများ ဈေးကောင်းရရှိနေကြောင်း သိရသည်။ ယခုနှစ်တွင် ဒူးရင်းသီးများကို အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ တစ်လုံးလျှင် ကျပ် ၁၅၀၀၀ မှ ၃၀၀၀၀ ထိစ၍ ရောင်းချနေပြီး အရည်အသွေးမြင့် အမျိုးအစားများသည် ထို့ထက်ပို၍လည်း ဈေးရနိုင်ကြောင်း သိရသည်။ ယခင်နှစ်က ဒူးရင်းသီးစတင်ထွက်ပေါ်ချိန်တွင် ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်ထိသာ ရှိပြီး ယခင်နှစ်နှင့် ယခုနှစ် ဈေးနှုန်းများ နှိုင်းယှဉ်ပါက ယခုနှစ်တွင် ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရသည်။

     “ဒီနှစ် ဒူးရင်းသီးက ဈေးတော်တော်ကောင်းပါတယ်။ တစ်လုံးလျှင် ၁၅၀၀၀ ကျပ် အထက် ရောင်းနိုင်တာတွေရှိတယ်။ ဝယ်သူတွေလည်း များလာတဲ့အတွက် စိုက်ပျိုးသူတွေ အတွက် အကျိုးအမြတ်ပိုရလာတယ်” ဟု မွန်ပြည်နယ်ရှိ စိုက်ပျိုးသူတစ်ဦးက ပြောသည်။

    ထို့ပြင် ဒူးရင်းသီးများကို မွန်ပြည်နယ်အတွင်းရှိ မြို့များသာမက ရန်ကုန်နှင့်အခြား ဒေသများသို့ ပို့ဆောင်ရောင်းချနေခြင်းကြောင့် ဈေးကွက်ပိုမိုကျယ်ပြန့်လာကြောင်း သိရသည်။ ဝယ်သူများအနေဖြင့် အရည်အသွေးမြင့် ဒူးရင်းသီးများကို ပိုမိုနှစ်သက်ကြောင်း လည်း သိရသည်။

    ယခုကဲ့သို့ ဒူးရင်းသီး ဈေးကောင်းရရှိနေမှုနှင့် ဈေးကွက်ဝယ်လိုအား မြင့်တက်နေမှု သည် ဒေသခံစိုက်ပျိုးရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးနေပြီး မွန်ပြည်နယ်၏ စီးပွားရေးတိုးတက်မှုအတွက်လည်း အရေးပါသော အခန်းကဏ္ဍတစ်ရပ်ဖြစ်လာကြောင်း သိရသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ ခရမ်းချဉ်သီးဈေးနှုန်း ပြန်လည်ကောင်းမွန်လာသဖြင့် ခရမ်းချဉ်သီးစိုက်တောင်သူများ အဆင်ပြေလျက်ရှိ

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဆန်စပါးအပြင် ရာသီအလိုက် ကာလတို/ ကာလရှည် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးဈေးနှုန်း ပြန်လည်ကောင်းမွန်လာသဖြင့် ခရမ်းချဉ်သီးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ကျုံကကျေးရွာမှ တောင်သူ တစ်ဦးကပြောပြ၍ သိရှိရပြီး ခရမ်းချဉ်သီးသည်  ပျိုးထောင်အချိန်မှ စတင်ပြီး ခူးဆွတ် ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစား ဖြစ်ကြောင်း၊ စိုက်ပျိုးမြေ အမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ် မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း ပြောပြသည်။

    ခရမ်းချဉ်ပင်စိုက်ပျိုးပြီး (၄၅) ရက်တွင် အသီးများ စတင်ခူးဆွတ်ရကြောင်း၊ နှစ်ရက်ခြား တစ်ကြိမ် ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါးဝင်ငွေရကြောင်း၊ ရောင်းဈေးအနေဖြင့် ခရမ်းချဉ်သီး တစ်ပိဿာ ငွေကျပ် (၄၀၀၀)ကျပ် ရောင်းရသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ပေါင်မြို့နယ်တွင် စီးပွားဖြစ် ခရမ်းချဉ်သီးနှံ စိုက်ပျိုးသူများအနေဖြင့် ဦးစွာသာဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားရကြောင်း၊ ရေသွင်းရေထုတ်ကောင်းမွန်စေရန်အတွက် မြေဘောင်များပြုလုပ်၍ ရေအလေအလွင့်နည်းပါးစေရန်နှင့် ပေါင်းမြက်များပေါက်ရောက်မှု သက်သာစေရန်အတွက် ပလတ်စတစ် အပါးစများခင်း၍ စိုက်ပျိုးပါက အပင်ဖြစ်ထွန်းမှု ကောင်းပြီး အသီးထွက်နှုန်း ကောင်းမွန်ကြောင်းနှင့် ခရမ်းချဉ်စိုက်ပျိုးခြင်းသည် ကျွမ်းကျင်မှုရှိပါက အကျိုးအမြတ်များသော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိသည်။

DOCA (မွန်)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

    ၂၀၂၆ ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kgတစ်အိတ်လျှင် (၁၆၅၀၀၀)ကျပ်၊ မြှားကမ္ဘာ (50)kg တစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီတစ်ဘူးလျှင် (၂၁၀၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီ တစ်ဘူးလျှင်  (၄၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် သယ်ယူစရိတ်မြင့်တက်လာသည့်အတွက် ဈေးနှုန်းများအနည်းငယ် မြင့်တက်လျက်ရှိကြောင်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရှိရပါသည်။    

DOCA(စစ်ကိုင်း)

ဘီးလင်းမြို့နယ်ဒေသထွက် ကွမ်းရွက်များ ဈေးကောင်းရနေ

          မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ နှင်းပုလဲကျေးရွာ၊ ဇုတ်သုတ်ကျေးရွာ၊ မုသင်ကျေးရွာနှင့် ရွှေလှေကျေးရွာများ၌ ကွမ်းရွက်အား တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြပြီး ယခုနှစ်တွင် ဈေးကောင်းရ၍ ကွမ်းရွက်စိုက်ပျိုးသူများ အဆင်ပြေနေကြောင်း သိရသည်။

          အဆိုပါ ကွမ်းရွက်ပင်များ စိုက်ပျိုးရာ၌ ဝါဆိုလတွင် စိုက်ပျိုးကြပြီး ဝါးတစ်တိုင်လျှင် ကွမ်းအညွှန့်နှစ်ညွှန့်စိုက်ပျိုးရပြီး တော်သလင်းလတွင် သွင်းအားစုများအဖြစ် နွားချေး၊ မြေဆွေး၊ ဓာတ်မြေဩဇာများ ကျွေးရပါသည်။ သီတင်းကျွတ်လခန့်တွင် ကွမ်းရွက်များ စတင်ခူးဆွတ်ရရှိပြီး ကွမ်းတိုင် (၁၀၀၀) တိုင်စိုက်ပျိုးလျှင် (၂၀) ရက်လျှင် (၁) ကြိမ်ခူးရာ (၇၅) ပိဿာခန့်ခူးဆွတ်ရရှိ၍ ထိုကွမ်းရွက်များအား မြို့နယ်အတွင်းဖြန့်ဖြူးရောင်းချရာတွင် ကွမ်း (၅၀) ကျပ်သားတစ်လိပ်လျှင် (၆၀၀၀) ကျပ်ဝန်းကျင်ရရှိကြောင်း၊ ကွမ်းတိုင် တစ်ထောင်စိုက်ပျိုးရန် အထွေထွေကုန်ကျစရိတ် (၅၀) သိန်းခန့် ကုန်ကျပြီး ကွမ်းပင်၏ သက်တမ်းမှာ (၄) နှစ်ခန့်ရှိကြောင်း၊ အထွေထွေကုန်ကျစရိတ်များသော်လည်း ကွမ်းရွက် ဈေးကောင်းရ၍ အထွက်နှုန်းကောင်းလျှင် အကျိုးအမြတ်ကောင်းစွာ ရရှိနိုင်ကြောင်း ကွမ်းရွက်စိုက်ပျိုးသူများထံမှ သိရှိရပါသည်။

DOCA (မွန်)

ထားဝယ်ဒေသထွက် ပဲသီးဈေးနှုန်း/ဈေးကွက်

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီးတစ်ဝိုက်ရှိရွာများတွင် ဒေသထွက်ပဲသီး များ ယခုနှစ်တွင် အထွက်ကောင်းပြီး ဒေသခံများအတွက် ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရသည်။ ပဲသီးများအထွက် အထွက်ကောင်းခြင်းကြောင့် ဒေသတွင်းဈေးကွက်များတွင်လည်း ရောင်း ဝယ်မှုများ တက်ကြွလာပြီး ရပ်ကွက်ဈေးများ၊ ထားဝယ်မြို့ပေါ်ရှိဈေးများသို့ တင်ပို့လျက်ရှိကြောင်း လည်း သိရှိရပါသည်။

          ဒေသ၏ မြေဆီလွှာကောင်းပြီး ရာသီဥတုမျှတမှုကြောင့် အထွက်တိုးသည့်အတွက် ဈေး ကောင်းရလျက်ရှိပြီး ပဲသီး(၁)စည်းလျှင် (၈၀၀)ကျပ်မှ (၁၀၀၀)ကျပ် (၂)စည်းလျှင် (၁၅၀၀) ကျပ် ဝန်းကျင်ဖြင့် ရောင်းဝယ်လျက် ရှိပြီး ပဲသီးအရည်အသွေးအပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိ ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း