ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြိတ်ဒေသတွင် စိုက်ပျိုးဖြစ်ထွန်း ဝင်ငွေရရှိလျက်ရှိသော ရုံးပတီသီး

         ရုံးပတီသီးသည် မြန်မာတို့၏ နေ့စဉ်ဟင်းလျာများတွင် မရှိမဖြစ်ပါဝင်သော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပါသည်။ ဗီတာမင်၊ အမျှင်ဓာတ်နှင့် အချွဲဓာတ်တို့ ကြွယ်ဝစွာပါဝင်သဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည့်အပြင် ရာသီမရွေး စိုက်ပျိုးရလွယ်ကူသော အပင်မျိုးလည်း ဖြစ်ပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ဥယျာဉ်ခြံမြေများတွင် ဒေသခံ တောင်သူများသည် မိသားစုအလိုက်နေ့စဉ်ဝင်ငွေပုံမှန်ရရှိသည့် ရုံးပတီသီးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို စီးပွားဖြစ်လည်းစိုက်ပျိုးကြရာဖြစ်ထွန်းမှုရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

       ရုံးပတီသီးသည်စိုက်ပျိုးရာတွင် စိုက်ပျိုးစရိတ်စဂသက်သာခြင်း၊ ပြုစုရလွယ်ကူခြင်းနှင့် ရာသီမရွေး၊ မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်သောကြောင့် ဒေသခံတောင်သူများသည်အဓိကအားထား၍ စိုက်ပျိုးသော သီးနှံတစ်မျိုးဖြစ်သည်။ ရုံးပတီသီးသည် စိုက်ပျိုးရာတွင် ဦးစွာ ရုံးပတီစေ့များသည် အခွံမာသဖြင့် အပင်ပေါက်မြန်စေရန် စိုက်ပျိုးခြင်းမပြုမီ ရေနွေးနွေး သို့မဟုတ် ရိုးရိုးရေထဲတွင် ၁၂ နာရီမှ ၂၄ နာရီခန့် ကြိုတင်စိမ်ထားရပါသည်။ ရုံးပတီသီးပင်များကို တစ်ပင်နှင့်တစ်ပင်ကို ၁ ပေခွဲခန့်ခွာ၍ မြေအနက် ၁ လက်မခန့်တွင် မျိုးစေ့များကို မြှုပ်နှံစိုက်ပျိုးနိုင်ပြီး အတန်းလိုက် စိုက်ပျိုးပါက တစ်တန်းနှင့် တစ်တန်း ၂ ပေခွဲမှ ၃ ပေ ခန့် ခြား၍ စိုက်သင့်ပါသည်။

          ရုံးပတီသီးသည် စိုက်ပျိုးပြီး ရက်ပေါင်း ၅၀ ရက်မှ ၆၀(၂လခန့်)အကြာတွင် စတင်ဆွတ်ခူးနိုင်ပြီး နှစ်ရက်ခြားတစ်ကြိမ် ပုံမှန်ဆွတ်ခူးရောင်းချရသည်။ ရုံးပတီသီးများ အရမ်းမရင့်မှည့်မီ၊ အလျား ၃ လက်မမှ ၄ လက်မခန့် ရှိချိန်သည် အသီး၏အနုဆုံးအချိန်ဖြစ်ပြီး စားသုံးရန် အကောင်း ဆုံးဖြစ်သည်။ ရုံးပတီသီးများကို ခူးဆွတ်ရာတွင် ကတ်ကြေး သို့မဟုတ် ဓားဖြင့်ညှပ်၍ ခူးရပါမည်။ ရုံးပတီသီးများကို ဆက်တိုက်မှန်မှန် ဆွတ်ခူးပေးခြင်းဖြင့် အပင်မှ အသီးအသစ်များ ပိုမိုထွက်ရှိလာစေပါသည်။ မြိတ်မြို့၌ ရုံးပတီသီး(၁)ပိဿာလျှင် ၁၅၀၀၀ခန့် ဈေးရှိကြောင်း မြေပြင်သတင်းအရင်းမြစ်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ခရမ်းချဥ်သီးစားသုံးခြင်းနှင့် မြိတ်ဒေသစျေးနှုန်း

         ခရမ်းချဥ်သီးကိုမြန်မာနိုင်ငံတွင် မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်စသည့် ဒေသများတွင် အဓိကစိုက်ပျိုးကြကြောင်း သိရပါသည်။ ခရမ်းချဥ်သီးသည် နေ့စဥ်အစားအသောက်ထဲတွင် ပါဝင်ပြီး စျေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်သည်။ ခရမ်းချဥ်သီးပင်ကို ဘောင်ဖော်၍စိုက်ပျိုးနိုင်သလို ပျိုးအိတ်ဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။ ခရမ်းချဥ်သီးတွင် ချို၊ ချဥ်သော အရသာရှိပြီး ရေစင်အောင်ဆေး၍ ဆီ၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်၊ ဆီချက်တို့ဖြင့် ရောနှော၍ ခရမ်းချဥ်သီးသုပ်အဖြစ်လည်းကောင်း၊ ချင်း/လက်ဖက်တို့ဖြင့် ရောနှော၍လည်းကောင်း၊ ထမင်းနှင့်ရောနှော၍ လက်ဖက်ထမင်းသုပ်အဖြစ်လည်းကောင်း ထည့်သွင်းစားသုံးကြသလို ခရမ်းချဥ်သီးယို၊ ခရမ်းချဥ်သီး sauceနှင့် ဟင်းများတွင် ချက်ပြုတ်စားသုံးကြပြီး ခရမ်းချဥ်သီးဖျော်ရည်အနေဖြင့် သောက်သုံးနိုင်ပါသည်။

       ခရမ်းချဥ်သီးသည် နှလုံးကိုကျန်းမာစေပါသည်။ အရိုးအဆစ်သန်မာစေသည့် ကယ်လစီယမ်၊ သံဓါတ်၊ ဗီတာမင်စီ၊ မျက်စိအမြင်ကောင်းစေသော ဗီတာမင်အေ၊ ပိုတက်စီယမ်နှင့် အခြားဗီတာမင် သတ္တုဓါတ်များပါဝင်သည့်အပြင် အသားအရေလှပစေရန် ခရမ်းချဥ်သီးကို စားသုံးကြကြောင်း သိရပါသည်။ ခရမ်းချဥ်သီးကို မြိတ်ဒေသရှိရပ်ကွက်နှင့် စျေးများတွင်ရောင်းချလျက်ရှိပြီး ၂၀၂၆ ခုနှစ် ဇူလိုင် လတတိယအပတ်တွင် မြိတ်မြို့၊ ဆိပ်ငယ်စည်ပင်သာယာစျေး၌ ခရမ်းချဥ်သီးတစ်ပိဿာလျှင် ၄၀၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၂၈-၇-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၂၈ -၇ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

တနင်္သာရီတိုင်း၏‌‌ ဒေသထွက်ခရမ်းချဉ်သီး စျေးကောင်းရရှိ

       တနင်္သာရီတိုင်းဒေသကြီးအတွင်း မိသားစုတစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်ခရမ်းချဉ်သီး စိုက်ပျိုးထုတ်လုပ်မှုများ အောင်မြင်ဖြစ်ထွန်းနေပြီး ဒေသအတွင်း ဝယ်လိုအားကောင်းမွန်ကာ စျေးနှုန်းခိုင်မာမှုကြောင့် တောင်သူများ ပုံမှန်ဝင်ငွေရရှိ၍ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

       လက်ရှိစျေးကွက်အတွင်း စျေးနှုန်းအခြေအနေမှာ ဒေသထွက် ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ် ဝန်းကျင်ဖြစ် ပုံမှန်စျေးကောင်းရရှိနေပြီး၊ အခြားတိုင်းနှင့်ပြည်နယ်များမှ မှာယူရသည့် သယ်ယူစရိတ်သက်သာခြင်းနှင့် ဒေသထွက်အသီးများ၏ လတ်ဆက်မှုတို့ကြောင့် ထားဝယ်၊ မြိတ်နှင့်ကော့သောင်း စသည့် မြို့ကြီးများရှိ မြို့မစျေးများနှင့် ကုန်စိမ်းဒိုင်များတွင် စျေးကွက်ဝယ်လိုအားခိုင်မာလျက်ရှိကြောင်း သိရသည်။

          တနင်္သာရီတိုင်းအတွင်း ခရမ်းချဉ်သီးစိုက်ပျိုးရေးသည် ဒေသခံများ၏ မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ များစွာအကျိုးပြုနေသော သီးနှံတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၏ နှစ်ရှည်သီးနှံဒူးရင်းသီး စျေးကွက်ကောင်းမွန်၊ တောင်သူများဝင်ငွေတိုးရရှိ

        တနင်္သာရီတိုင်းဒေသကြီးသည် ရာသီဥတုနှင့်မြေဆီလွှာအခြေအနေ ကောင်းမွန်မှုကြောင့် ဒူးရင်းသီးအပါအဝင် နှစ်ရှည်သီးနှံများ စိုက်ပျိုးရန်သင့်လျော်သည့် ဒေသတစ်ခုဖြစ်သည်။ ဒူးရင်းသီးသည် ဒေသခံတောင်သူများအတွက် ရေရှည်ဝင်ငွေရရှိစေသည့် အရေးပါသော စီးပွားဖြစ်သီးနှံ တစ်မျိုးအဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

       ဒူးရင်းသီးစျေးနှုန်းများသည် ရာသီအလိုက်အသီးထွက်နှုန်း၊ ဝယ်လိုအား၊ သယ်ယူပို့ဆောင်ရေး အခြေအနေနှင့် မျိုးအရည်အသွေးတို့အပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်သည်။

       ယခုနှစ် ဒူးရင်းသီးရာသီတွင် တနင်္သာရီဒေသထွက် ဒူးရင်းသီးများသည် အရေးအသွေးကောင်းမွန်မှုကြောင့် စျေးကွက်အတွင်းဝယ်လိုအား ကောင်းမွန်လျက်ရှိပြီး အမျိုးအစား၊ အရွယ်အစားနှင့် အ‌ရည်အသွေးအပေါ်မူတည်၍ တစ်လုံးလျှင် ကျပ်(၁၀၀၀၀မှ၅၀၀၀၀)ကျပ် ဝန်းကျင်အထိ ‌ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ပဲပြား ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိဈေးများတွင် ပဲပြားများရောင်းချနေကြောင်း သိရသည်။ ထားဝယ်မြို့အတွင်းရှိ ဟင်းသီးဟင်းရွက်ရောင်းချသည့် ဈေးဆိုင်များတွင် ဟင်းသီးဟင်းရွက်အပြင် ပဲပြားသည်လည်း မပါမဖြစ်တွဲ၍ စားသုံးသော အစားအစာတစ်မျိုး ဖြစ်ပါသည်။ ပဲပြားသည် သတ်သတ်လွတ်စားသုံးသူများအတွက် အသားဓါတ်တွေကို ပဲပြားကနေရနိုင်ပြီး ကိုယ်ခန္ဓာအတွက် လိုအပ်သော ဗီတာမင်ချို့တဲ့မသွားစေရန် ပဲပြားကို စားသုံးကြသည်။ ပဲပြားကို ကြော်ပြီးအစာသွပ်စားခြင်းဟာ မြန်မာတို့အတွက် နှစ်ကြိုက်လှတဲ့ သရေစာ တစ်မျိုးဖြစ်ပါသည်။ ပဲပြားကို အစိမ်းချက်စားကြသလို ကြော်၍၊ သုပ်၍လည်း စားသုံးကြသည်။ ထို့အပြင်  ဟင်းချိုတွေနဲ့ တစ်ချို့ဟင်းလျာတွေမှာ တွဲဖက်ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြသည်။

       ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ တတိယပတ်တွင် ရောင်းချလျက်ရှိသော ပဲပြားဈေးနှုန်းများမှာ ပဲပြား(၁)တုံးလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချပြီး (၃)တုံးလျှင် (၂၄၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့တွင် စျေးကောင်းရနေသည့် ကြက်သွန်နီ

          တနင်္သာရီတိုင်းဒေသကြီး မြို့တော်ဖြစ်သည့် ထားဝယ်မြို့သည် ကြက်သွန်နီအကြီးအကျယ် စိုက်ပျိုးထွက်ရှိသည့် ‌ဒေသမဟုတ်ဘဲ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အဓိကမှာယူရလေ့ရှိပါသည်။ ထားဝယ်ခရိုင်အတွင်းရှိ ဒေသတွင်းစျေးကွက်များ၌ လက်ရှိကာလတွင် ကြက်သွန်နီဝယ်လိုအား ပုံမှန်ရှိနေသော်လည်း ကုန်ကျစရိတ်များနှင့် သယ်ယူပို့ဆောင်ရေးအခြေအနေများကြောင့် ကြက်သွန်နီစျေးနှုန်းများ ဆက်တိုက်စျေးကောင်းရရှိနေကြောင်း ဒေသခံကုန်သည်များနှင့် စျေးသည်များထံမှ သိရှိရပါသည်။ ထားဝယ်‌ဒေသသို့ဝင်‌ရောက်နေသည့် ကြက်သွန်နီအများစုမှာ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်အပါအဝင် မန္တလေး၊ မြင်းခြံ၊ မုံရွာနှင့် ပခုက္ကူကုန်စည်ဒိုင်များ စသည့် အထက်အညာဒေသများမှ မှာယူတင်သွင်းရခြင်းဖြစ်ပြီး၊ လမ်းခရီး၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာခြင်းနှင့် ပြည်ပသို့တင်ပို့မှု အားကောင်းနေခြင်းတို့ကြောင့် ထားဝယ်စျေးကွက်အတွင်းသို့ အဝင်နည်းကာ စျေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ပါသည်။ မြန်မာ့ကြက်သွန်နီကို အဓိကအားဖြင့် ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနှင့် တရုတ်နိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများအပြင် ပင်လယ်ရေကြောင်းမှလည်း တင်ပို့လျက်ရှိသည်။ ယခုရက်သတ္တပတ်အတွင်း ထားဝယ်မြို့ စည်ပင်သာယာစျေးကြီးနှင့် ပတ်ဝန်းကျင်မြို့နယ်များရှိ လက်လီ/လက်ကားစျေးကွက်များတွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ကြက်သွန်နီတစ်ပိဿာလျှင် (၆၀၀၀)ကျပ်ခန့်ထိရှိနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ မိုးရာသီ မျှစ်ဈေးကွက်

         တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်း မိုးရာသီအစပြုလာသည်နှင့်အမျှ သဘာဝဝါးတောများမှ မျှစ်များပေါများစွာထွက်ရှိလာပြီး မျှစ်ဈေးကွက်များပြန်လည်အသက်ဝင်လာကာ ဒေသခံပြည်သူများအတွက်  စားသောက်ကုန်နှင့်ဝင်ငွေရရှိရေးအတွက် အရေးပါသော သဘာဝထွက်ကုန်တစ်ခုဖြစ်လာပြီး ဒေသတွင်းဈေးကွက်များ၌ မျှစ်အရောင်းအဝယ်များ ကောင်းမွန်လျက်ရှိကြောင်း ဒေသခံများနှင့် ဈေးသည်များထံမှ သိရှိရပါသည်။ ကျေးရွာများတွင် မျှစ်များ နေ့စဉ်ထွက်ရှိလာပြီး ဒေသတွင်း ဈေးများသို့ တင်ပို့ရောင်းချနေကြောင်း သိရှိရပါသည်။ ဒေသခံများသည် တောအတွင်းသို့သွားပြီး သွားရောက်ခူးဆွတ်ကာ လတ်လတ်ဆပ်ဆပ်ရောင်းချခြင်း၊ မျှစ်ချဉ်ဖောက်ခြင်းများပြုလုပ်၍ စီးပွားဖြစ်ရောင်းချလျက်ရှိကြပါသည်။ ဒေသခံများအနေဖြင့် မျှစ်များကို မျှစ်ဟင်းချို၊ မျှစ်သုပ်၊ ငပိရည်နှင့် တွဲဖက်စားသုံးခြင်းနှင့် မျှစ်ချဥ်များကိုလည်း အသား၊ ငါးများနှင့်ရောနှောချက်ပြုတ်ကြသည့်အတွက် လူကြိုက်များလျက်ရှိကြောင်း သိရှိရပါသည်။ မျှစ် ရှာဖွေရောင်းချခြင်းသည် မိုးရာသီကာလအတွင်း မြိတ်မြို့နယ်ရှိ ကျေးလက်ဒေသနေ ပြည်သူများအတွက် အပိုဝင်ငွေရရှိစေသော ရာသီတစ်ခုဖြစ်သည့်အတွက် လက်ရှိတွင် မျှစ်(၁၀)ချောင်းပါ တစ်စည်းလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

၂၀၂၆ ခုနှစ် ဇူလိုင်လ စတုတ္ထပတ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်ဈေးနှုန်းစာရင်းနှင့် ပဲပုတ်လက်ကျန်စာရင်း

           ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၀၂၆ ခုနှစ် ဇူလိုင်လ စတုတ္ထပတ် မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်ဈေးနှုန်းများမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၂၀၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၁၅၀၀ ကျပ်ခန့်ရှိပါသည်။ လက်ရှိတွင် မြေပဲ ထွက်ချိန်မဟုတ်ပါ အသစ်များမှာ ဩဂုတ်လလယ်နှင့် စက်တင်ဘာလပိုင်းတို့တွင် ထွက်မည်ဖြစ်ပါသည်။ လက်ရှိလှောင်ပဲလက်ကျန်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူသစ်ပေါ်ချိန်ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့တွင် နှမ်းဖြူအသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရိုင်းအိတ်) အိတ် (၁၀၀၀) ဝန်းကျင်ခန့်ဝင်သည်ဟု ခန့်မှန်းပါသည်။ ဇူလိုင်လ လယ်မှာ ကျောက်ဆည်တွင် နှမ်းအထွက် နှုန်းနည်းပါးမည်ဟု ခန့်မှန်းပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၅၄၀၀၀၀ ကျပ်ခန့်ရှိပြီး နှမ်းနက်အသစ်ပေါ်ချိန် ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့တွင် နှမ်းနက်အသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရိုင်းအိတ်) အိတ် (၁၅၀၀) ဝန်းကျင်ခန့်  ဝင်သည်ဟု ခန့်မှန်းပါသည်။ ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ၂၀၂၆ ခုနှစ် အတွက် ပဲပုတ်လက်ကျန်တန်ချိန် (၁၇၀၀၀) ဝန်းကျင်ရှိကြောင်းနှင့် ဇူလိုင်လ တတိယပတ်တွင် ပဲပုတ် ၂၀၂၆ ခုနှစ် အတွက် လက်ကျန်တန်ချိန် (၁၆၂၀၀) ရှိရာမှ ယခုတစ်ပတ်တွင် လက်ကျန်တန်ချိန် (၁၇၀၀၀) ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA(ရန်ကုန်)  

မြစ်ကြီးနားမြို့နယ်တွင်ဖြစ်ပေါ်နေသော ဘိလပ်မြေ၊ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်းအခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ပြည်သူလူထုများနှင့် ကျေးလက်နေတောင်သူ လယ်သမားများအား ကုန်စည်များကို ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် ကုန်သွယ်မှု ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဒေသတွင်း ကုန်စည်ရောင်းချသောဆိုင်များ၊ စတိုးဆိုင် များ၊ ကုန်မာဆိုင်များ၊ စိုက်ပျိုးရေးသုံးပစ္စည်း ရောင်းချသောဆိုင်များ၊ ဆေးဆိုင်၊ ဆန်ဆိုင်များသို့ အပတ်စဉ်ကွင်းဆင်း၍ ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများကို လေ့လာဆန်းစစ်တင်ပြလျက်ရှိပါသည်။

     ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (စတုတ္ထပတ်)တွင် မြစ်ကြီးနားမြို့နယ်အတွင်း၌ အခြေခံဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သော ဘိလပ်မြေနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်သုံး စိုက်ပျိုးရေး သွင်းအားစု များဖြစ်သော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများမှာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအတိုင်း စီးဝင်လျက် ရှိသော်လည်း ယခုအခြေအနေတွင် လမ်းခရီးပိတ်ဆို့မှုများကြောင့် ကုန်စည်အဝင် ကျဆင်းနေပြီး လက်ကျန်လျော့နည်းနေကြောင်းနှင့် ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။

    ဒေသတွင်း ဘိလပ်မြေဈေးကွက်အခြေအနေမှာ မိုးရာသီကာလဖြစ်သောကြောင့် ဒေသတွင်း အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အဆောက်ဦးပြင်ဆင်မှုလုပ်ငန်းများ နည်းပါးသွားခြင်း ကြောင့် ဘိလပ်မြေဝယ်လိုအားမှာ ယခင်လများထက် အနည်းငယ် လျော့နည်းသွားသော်လည်း ဈေးကွက်အတွင်း ကုန်စည်ပြတ်လပ်မှုမရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဘိလပ်မြေဈေးနှုန်းမှာ  Crown-525 တစ်အိတ်လျှင် ကျပ် ၅၆၀၀၀၊ Crown-425 တစ်အိတ်လျှင်ကျပ် ၅၅၅၀၀၊ Alpha တစ်အိတ်လျှင်ကျပ် ၅၅၀၀၀၊ Apache တစ်အိတ်လျှင်ကျပ် ၅၅၀၀၀ တို့ဖြင့် ဈေးကွက်အတွင်း အသီးသီးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    စိုက်ပျိုးရေးသွင်းအားစု (ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး) ဈေးကွက်အခြေအနေမှာ မိုးရာသီ စိုက်ပျိုးချိန်ကာလဖြစ်သောကြောင့် တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးသွင်းအားစုများ ဖြစ်သော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အဝယ်လိုက်လျက်ရှိပါသည်။ ယခုအချိန်တွင် ကားလမ်း များ ပိတ်ဆို့ထားမှုရှိသော်လည်း သွင်းအားစုများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးကို သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ဈေးကွက်အတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး  ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေ သော ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ(ရွှေတောင်) (50KG) တစ်အိတ်လျှင်ကျပ် ၂၄၀၀၀၀၊ ကွန်ပေါင်း(အာမို)(၁၀:၁၀:၅)(50KG)တစ်အိတ်လျှင်ကျပ်၂၃၀၀၀၀၊ ကွန်ပေါင်း (၁၅:၁၅:၁၅) (50KG) တစ်အိတ်လျှင်ကျပ် ၂၆၀၀၀၀ ဖြင့်ရောင်းချလျက်ရှိပြီး ပိုးသတ်ဆေးဈေးနှုန်းများအနေဖြင့်  Rocket (ဝိစာရ)10cc တစ်ထုပ်လျှင်ကျပ် ၃၀၀၀ ၊ Rocket (ဝိစာရ)100cc တစ်ထုပ်လျှင်ကျပ် ၁၂၀၀၀ ၊ အီဘာလန်ဒါ (ဝိစာရ) 100g တစ်ထုပ်လျှင်ကျပ် ၂၀၀၀၀ ၊ အလန်း(ဩဘာ)100g တစ်ထုပ်လျှင်ကျပ် ၂၃၀၀၀၊ ဘတ်တား(ဩဘာ)10g တစ်ထုပ်လျှင်ကျပ် ၃၅၀၀ တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း