
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်း မိုးရာသီအစပြုလာသည်နှင့်အမျှ သဘာဝဝါးတောများမှ မျှစ်များပေါများစွာထွက်ရှိလာပြီး မျှစ်ဈေးကွက်များပြန်လည်အသက်ဝင်လာကာ ဒေသခံပြည်သူများအတွက် စားသောက်ကုန်နှင့်ဝင်ငွေရရှိရေးအတွက် အရေးပါသော သဘာဝထွက်ကုန်တစ်ခုဖြစ်လာပြီး ဒေသတွင်းဈေးကွက်များ၌ မျှစ်အရောင်းအဝယ်များ ကောင်းမွန်လျက်ရှိကြောင်း ဒေသခံများနှင့် ဈေးသည်များထံမှ သိရှိရပါသည်။ ကျေးရွာများတွင် မျှစ်များ နေ့စဉ်ထွက်ရှိလာပြီး ဒေသတွင်း ဈေးများသို့ တင်ပို့ရောင်းချနေကြောင်း သိရှိရပါသည်။ ဒေသခံများသည် တောအတွင်းသို့သွားပြီး သွားရောက်ခူးဆွတ်ကာ လတ်လတ်ဆပ်ဆပ်ရောင်းချခြင်း၊ မျှစ်ချဉ်ဖောက်ခြင်းများပြုလုပ်၍ စီးပွားဖြစ်ရောင်းချလျက်ရှိကြပါသည်။ ဒေသခံများအနေဖြင့် မျှစ်များကို မျှစ်ဟင်းချို၊ မျှစ်သုပ်၊ ငပိရည်နှင့် တွဲဖက်စားသုံးခြင်းနှင့် မျှစ်ချဥ်များကိုလည်း အသား၊ ငါးများနှင့်ရောနှောချက်ပြုတ်ကြသည့်အတွက် လူကြိုက်များလျက်ရှိကြောင်း သိရှိရပါသည်။ မျှစ် ရှာဖွေရောင်းချခြင်းသည် မိုးရာသီကာလအတွင်း မြိတ်မြို့နယ်ရှိ ကျေးလက်ဒေသနေ ပြည်သူများအတွက် အပိုဝင်ငွေရရှိစေသော ရာသီတစ်ခုဖြစ်သည့်အတွက် လက်ရှိတွင် မျှစ်(၁၀)ချောင်းပါ တစ်စည်းလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
