ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဇန်နဝါရီလအစ ဒေသထွက်ကွမ်းရွက်စျေးနှုန်းများ စျေးကောင်းရလျက်ရှိ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် သဘာဝပေါက်ပင်များပေါက်ရောက်သော ဒေသ ဖြစ်သလို ဒေသတွင်းစီးပွားဖြစ်ဖြစ်စေ၊ တစ်နိုင်တစ်ပိုင်စားသုံးရန်ဖြစ်စေ စိုက်ပျိုးကြသောပေါက်ပင် များလည်းရှိပေသည်။ စီးပွားဖြစ်စိုက်ပျိုးကြသော အပင်များထဲမှ ကွမ်းရွက်သည် ၂၀၂၆ခုနှစ်၊ ဇန်န ဝါရီလအစတွင် စျေးကောင်းရရှိလျက်ရှိကြောင်းသိရှိရပါသည်။ ကွမ်းရွက်ကို ဒေသတွင်း စားသုံးရန် သာမက ကွမ်းယာနှင့် မြန်မာ့တိုင်းရင်းဆေးလုပ်ငန်းအတွက် မရှိမဖြစ်ဖြစ်ပြီး ဒေသတွင်း ရောင်းချ ကြသလို အခြားတိုင်း/ပြည်နယ်များသို့တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။ ကျေးရွာများနှင့် မြို့များ တွင်ပါစိုက်ပျိုးထားရှိပြီး မြို့ရှိလက်ကားဒိုင်များသို့ပြန်လည်ရောင်းချကြကြောင်း သိရှိရပါသည်။ ကွမ်းယာတွင် အကြမ်း၊ အချောဟူ၍ အမျိုးမျိုးရှိပြီး စျေးနှုန်းမှာလည်းကွဲပြားလျက်ရှိကြောင်း သိရှိရ ပါသည်။

    ကွမ်းရွက်သည် ဆောင်းရာသီနှင့် ပူပြင်းသောနွေရာသီများတွင် အထွက်နှုန်းကျဆင်းပြီး ပိုးမွှားများအန္တရာယ်ကြောင့် စျေးနှုန်းများမြင့်တက်ကြသော်လည်း ယခုဒေသတွင် ဒီဇင်ဘာလ အကုန် ဇန်နဝါရီလအထိ အေးသောရာသီများဖြစ်သောကြောင့် ကွမ်းရွက်ရှားပါးလာသဖြင့် ပို၍ စျေးကောင်းလျက်ရှိကြောင်း သိရှိရပါသည်။ ကွမ်းရွက်သည် ယခင်က အစည်း(၁၀၀)ပေါက် စျေး လျှင် ကျပ်၇၀၀၀၀ခန့်ရှိရာမှ ယခုဇန်နဝါရီလတွင် အစည်း(၁၀၀)ပေါက်လျှင် ကျပ်(၁၈၀၀၀၀) ထိစျေးနှုန်းကောင်းမွန်းလျက်ရှိကြောင်း၊ ဒေသတွင်ကွမ်းရွက်အရွက် (၂၀)ပါတစ်စည်းစည်း၍ မြို့ ပေါ်ရှိဆိုင်များသို့ပြန်လည်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ မြိတ်မြို့တွင် ကွမ်းရွက်တစ်စည်း လျှင် ၂၃၀၀ကျပ် ခန့်ရှိနေပြီး ကွမ်းကြမ်းတစ်စည်းလျှင် ကျပ်(၁၅၀၀)ကျပ်ခန့်ရှိကြောင်းသိရှိရပါ သည်။

DOCA(တနင်္သာရီ)

ရောင်းအားကောင်းသော မြိတ်‌ဒေသထွက် ပန်းဂေါ်ဖီဈေးနှုန်း

     ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အလျောက် ရေထွက်ကုန်များ အများအပြားထွက်ရှိ သော်လည်း တစ်ဖက်တွင် ခြံထွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး‌လျက်ရှိပါသည်။ သန့်ရှင်း လတ်ဆတ်သော သီးပင်၊စားပင်များနှင့်တကွ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော ဗီတာမင်ဓာတ်ကြွယ်ဝသော ပန်း‌ဂေါ်ဖီများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။ ကမ်းရိုးတန်း‌ ဒေသဖြစ်သည့်အတွက် ဆားငန်ရေများ မြေဆီလွှာမှာရှိနေသောကြောင့် မြေသြဇာကောင်းပြီး ရေစိမ့်စိမ့်နိုင်သော မြေတွင်သာကောင်းစွာဖြစ်ထွန်းပြီး ရေလွန်ရေချိုမဖြစ်စေရန် အရေးကြီးပါ သည်။

          ကိုယ်ခံအားစနစ်ကောင်းစေခြင်း၊ ဗီတာမင်စီအများကြီးပါဝင်လို့ အအေးမိ၊ဖျားနာခြင်းတွေ ကို ကာကွယ်ပေးပါသည်။ ဝမ်းချုပ်ခြင်းကိုလျှော့ချပေးပြီး အစာအိမ်ကျန်းမာစေပါသည်။ မြိတ်ဒေသ တွင် ရှမ်းပြည်နယ်မှတင် သွင်းလာသောပန်းဂေါ်ဖီများလည်း စျေးကွက်အတွင်းရောင်းချကြသလို ဒေသထွက်ပန်းဂေါ်ဖီများလည်းရောင်းချလျက်ရှိပါသည်။ မြိတ်ဒေသထွက်ပန်းဂေါ်ဖီမှာ ရှမ်းပြည်မှ ထွက်သော ပန်းဂေါ်ဖီထက် အရွယ်အစားပိုသေး၍ အရသာမှာပိုချိုသောကြောင့် ရောင်းအား‌ကောင်း ကြောင်းသိရှိရပါသည်။ သိုင်းရိုက်ဒ်ရောဂါရှိသူများက ပြုတ်ပြီးစားသင့်ကြောင်းလည်းသိရှိရပါသည်။ ဒေသထွက်ကုန်ဖြစ်သည့်အတွက် ဈေးနှုန်းသင့်တင့်၍ ဝယ်လိုအားကောင်းသော သီးနှံတစ်ခုဖြစ် ပါသည်။ မြို့ပေါ်ရှိစျေးများတွင် ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ရံဖန်ရံခါ (၃၅၀၀) အထိဈေးကောင်း ရရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၅-၁-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၅-၁-၂၀၂၆ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

                  ရွှေဘိုခရိုင်အတွင်းတွင် ဇန်နဝါရီလ ပထမပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ (၆၉၀၈၃)အိတ်၊ မန္တလေးသို့ (၄၆၅၂၀) အိတ်၊ နေပြည်တော်သို့ (၂၀၆၅)အိတ်၊ပဲခူးတိုင်းသို့ (၇၂၇၀)အိတ်၊ မကွေးတိုင်းသို့ (၂၆၆၈)အိတ်၊ ရှမ်း(တောင်)သို့ (၁၇၈၁၀)အိတ်၊ မွန်ပြည်နယ်သို့ (၇၆၄၅)အိတ်၊ ကရင်ပြည်နယ်သို့ (၂၉၈၅)အိတ် ၊မူဆယ်သို့ (၅၄၀)အိတ်၊တနင်္သာရီတိုင်း မြိတ်သို့ (၁၁၀၀)အိတ်၊ စုစုပေါင်း အိတ်ရေ ၁၅၇၆၈၆ တန်အားဖြင့် ၇၈၈၄တန် စီးထွက်ခဲ့ပါသည်။

          ယခု ၂၀၂၆ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ရန်ကုန်သို့ (၉၈၁၇၆)အိတ်၊ မန္တလေးသို့ (၆၀၀၂၈) အိတ်၊ နေပြည်တော်သို့ (၂၅၆၇)အိတ်၊ပဲခူးတိုင်းသို့ (၇၀၂၆)အိတ်၊ မကွေးတိုင်းသို့ (၁၉၉၂)အိတ်၊ ရှမ်း(တောင်)သို့ (၂၄၄၆၄)အိတ်၊ မွန်ပြည်နယ်သို့ (၁၇၆၁၀)အိတ်၊ ကရင်ပြည်နယ်သို့ (၃၇၅၅)အိတ် ၊မူဆယ်သို့ (၉၀၀)အိတ်၊ ကချင်ပြည်နယ်သို့ (၁၀၀)အိတ်၊စုစုပေါင်း အိတ်ရေ ၂၁၆၆၁၈ တန်အားဖြင့် ၁၀၈၃၁တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ ၅၈၉၃၂၊ တန်အားဖြင့် ၂၉၄၇တန် ပို၍ စီးထွက် ခဲ့ပါသည်။

            ရွှေဘိုမြို့၏ ဇန်နဝါရီလ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်း စပါး တင်း၁၀၀လျင် ကျပ် ၅၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၉၀၀၀၀မှ ကျပ် ၂၀၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း(သစ်) စပါး တင်း၁၀၀လျှင် ကျပ် ၃၉၀၀၀၀၀၊ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊  ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2၈00000၊ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂5၀၀၀မှ ကျပ် ၁၃၅၀၀၀၊ ဧရာမင်း စပါး(သစ်)တင်း ၁၀၀လျှင် ကျပ်၂၀၀၀၀၀၀၊ ဧရာမင်းဆန် (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ထားဝယ်ဒေသအိမ်ပြန်လက်ဆောင်မုန့်မျိုးစုံ

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ရာသီပေါ်အစားအစာများ၊ ရိုးရာမုန့်မျိုးစုံများ၊ ထား ဝယ်ဒေသထွက်မုန့်မျိုးစုံများ၊ မြိတ်မြို့တွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများတို့ကို ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြခဲ့ခြင်းဖြစ်ပါသည်။ ထားဝယ်ဒေသထွက် မြန်မာရိုးရာ အစားအစာများသည် မြိတ်မြို့ပေါ်တွင် အိမ်ပြန်လက်ဆောင်များ အဖြစ်အလွန်ပင် ‌ရောင်းအား ကောင်းကြောင်းသိရှိရပါသည်။ ထားဝယ်ဒေသထွက်အစားအစာများသည် ထုတ်ပိုးမှုနှင့် သန့်ရှင်း သန့်ရပ်မှုရှိသောကြောင့်အလွန်ပင်ရောင်းအားကောင်းပြီး ထမင်းစားပြီး အချိုတည့် စရာအဖြစ်လည်း လူကြီး/လူငယ်မရွေးစားသုံးကြကြောင်း သိရှိရပါသည်။

    ယခင်၂၀၂၆ခုနှစ်၊ ဇန်နဝါရီလပထမပတ်တွင် မြိတ်မြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များ တွင် ရောင်းချနေသော ထားဝယ်မုန့်ကြွပ်(၁၀)ချပ်ပါတစ်ထုပ်လျှင် (၃၀၀၀)ကျပ်၊ (၅)ချပ်ပါ တစ်ထုပ်လျှင် (၁၅၀၀)ကျပ်၊ ကောက်ညင်းမုန့်ကြွပ်တစ်လျှင် (၂၅၀၀)ကျပ်၊ မြေပဲယို၊နှမ်းဖြူ၊ နှမ်းနက်ယိုသုံးမျိုးစပ် တစ်ဘူးလျှင် (၃၈၀၀)ကျပ်၊ထားဝယ်ဒေသခေါ်ဂါဂျိုး (ခေါ်)အုန်းယိုလုံးတစ် ထုပ်လျှင် (၅၅၀၀)ကျပ်၊ ဇီးထညက် တစ်ထုပ်လျှင်(၂၅၀၀)ကျပ်၊ ဇီးတော်ဖီ တစ်ထုပ်လျှင် (၁၀၀၀)ကျပ်၊ ပိန္နဲပျက်တစ်ထုပ် လျှင်(၂၅၀၀)ကျပ်၊ ပါတက်ကား (ခေါက်မုန့်) တစ်ဗူးလျှင် (၁၃၀၀၀)ကျပ်၊ ထန်းလျက်တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ အစရှိသည့် ထားဝယ်ဒေသထွက်မုန့် မျိုးစုံများလည်းရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ရောင်းအားကောင်းနေသော ပျားလိမ္မော်ဈေးနှုန်း

    မြိတ်မြို့နယ်အတွင်းရှိ ဈေးများနှင့် အသီးအနှံရောင်းချသည့် ဆိုင်များတွင် ပျားလိမ္မော်သီး များရောင်းချမှု စတင်မြင့်တက်လာကြောင်း တွေ့ရှိရသည်။ ပျားလိမ္မော်၏ အရသာသည် ခံတွင်းရှင်းပြီး အချိုဓာတ်နှင့် အချဥ်ဓာတ်ရရှိကာ အရည်ရွှမ်းသည့် အသီးဖြစ်သည်။ ဗီတာမင်Cဓာတ် ကြွယ်ဝစွာ ပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက် အကျိုးပြုသည့် အသီးအနှံတစ်မျိုးဖြစ်ပါသည်။ ပျားလိမ္မော် သည် ဗီတာမင်များစွာ ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန် စေသော ကြောင့် လူအများက ဝယ်ယူစားသုံးကြပါသည်။

      ယခု၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ပထမပတ်တွင် မြိတ်မြို့နယ်အတွင်း ရောင်းချနေသော ပျား လိမ္မော်သီး ဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် တစ်ကီလိုလျှင် (၆၅၀၀)ကျပ်တို့ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ ပျားလိမ္မော်သီးများကို ရှမ်းပြည်နယ်ဘက်က လိမ္မော်ခြံတွေ ကနေ အဓိကတင်သွင်းလာတာဖြစ်ပြီး သစ်သီးလက်ကားဒိုင်များမှတစ်ဆင့် ဝယ်ယူရောင်းချလျက်ရှိပါသည်။ မြိတ်မြို့နယ်အတွင်း ရောင်းချနေသော ပျားလိမ္မော်သီးများသည် အရည်အသွေး ကောင်းမွန်မှုကြောင့် ဒေသခံများ၏ နှစ်သက်မှုကို ရရှိထားပြီး ကျန်းမာရေးအတွက် အထောက် အကူပြုသော အသီးအနှံဖြစ်သည့်အတွက် အိမ်ရှင်မများ၏ ဈေးဝယ်စာရင်းတွင် ပါဝင်လာကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

“ဂန္ဓာမာပန်းမျိုးစုံစိုက်ပျိုးရောင်းချသူများအဆင်ပြေလျက်ရှိ”

    ကျောက်ဆည်မြို့နယ် ၊ ထားဝယ်ကျေးရွာတွင် နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေးအဆင်ပြေရန်အတွက် ဂန္ဓာမာပန်းမျိုးစုံကို နှစ်ပတ်လည် စိုက်ပျိုးရောင်းချသည့် မိသားစုများ ရှိကြောင်း၊ စိုက်ပျိုးထားသော ဂန္ဓာမာပန်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ခူးဆွတ် ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း၊ ပန်းမျိုးအနေဖြင့် ရွှေစိမ်းအနီ၊ ခိုင်ချူး၊ စပယ်အဖြူ၊ စပယ်အဝါ၊ ကျောက်စိမ်း၊ရွှေဝါဝင်းစသည့် ပန်းမျိုးကွဲများစွာရှိကြောင်း၊ ပန်းပျိုး ပင်များကို ပြင်ဦးလွင်မြို့အနီးစခန်းကျေးရွာများမှ တစ်ပင်လျှင်(၂၅-၃၀)ကျပ်အထိ ပန်းအမျိုးအစား အလိုက် ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ တစ်ဧက စိုက်ပျိုးမည်ဆိုပါက ပန်းပျိုးပင်ရေ(၆)သောင်းခန့် စိုက်ပျိုးနိုင်ကြောင်း ၊ စတင်စိုက်ပျိုးပြီး (၄)လခန့်အကြာတွင် စတင်ခူးဆွတ်ရောင်းချရကြောင်း ၊ ရောင်းချရာတွင် ပန်းခိုင်(၁၀)ခိုင်ခန့် ပါဝင်သောပန်းတစ်စည်းလျှင် ပန်းလှပမှုနှင့် ပန်းအမျိုးအစား ပေါ်မူတည်၍ လက်လီဈေးနှုန်းအနေဖြင့် (၄၅၀၀/-)ကျပ်နှုန်းခန့် ရောင်းချရကြောင်း၊ ပန်းစတင် ခူးဆွတ်ချိန်မှ အပြီးရိတ်သိမ်းချိန်အထိ ပန်းအစည်းပေါင်း (၂၅၀၀)ခန့် ထွက်ရှိပြီး၊ လက်ကားဈေး တစ်စည်းကို (၂၅၀၀/-)ကျပ်ဖြင့် ရောင်းချရသောကြောင့် တစ်ဧကကုန်ကျစရိတ်အနေ ဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားခအပါအဝင် (၂၅)သိန်းခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် (၃၀)သိန်းကျပ်ခန့်အမြတ်ရရှိကြောင်း၊ ဂန္ဓာမာပန်းများကို နှစ်ပတ်လည်စိုက်ပျိုး ရောင်းချသူများအနေဖြင့် နေ့စဉ်ဝင်ငွေရရှိပြီး အဆင်ပြေလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ချဉ်ပေါင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုး”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက် ရှိပြီး ဆည်ရေသောက် ဒေသတစ်ခုဖြစ်သောကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရသော ဝယ်လိုအားရှိသော ချဉ်ပေါင်သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးသော မျိုးများမှာ ချဉ်ပေါင်လက်ချား၊ ချဉ်ပေါင်ခါးနှင့် ဘီးလပ်ချဉ်ပေါင်မျိုးများကို စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသောမျိုးမှာ ဘီးလပ်ချဉ်ပေါင်မျိုးဖြစ်ပြီး အသီးသီး ချိန်တွင်လည်း ချဉ်ပေါင်ဖူးကိုပါ ရောင်းချရသောကြောင့် ဝင်ငွေနှစ်မျိုးရရှိကြောင်း ဝါဆိုလနှင့် သီတင်းကျွတ်လများတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစနစ်အနေဖြင့် ထယ်ထိုး၊ ထယ်မွှေကာ မြေတွင် တစ်တန်းနှင့်တစ်တန်း (၂)ပေခွာပြီး (၄)လက်မခြား၍ အစေ့ချ စိုက်ပျိုး ကြကြောင်း၊ (၁)ဧက စိုက်ပျိုးမှုမျိုးအနေဖြင့် ချဉ်ပေါင်စေ့(၁)ပြည် ကုန်ကျကြောင်း၊ မျိုးစေ့ (၁)ပြည်လျှင်(၅၀၀၀/-)ကျပ် ပေးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်(၃၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊  စိုက်ပျိုးပြီး (၁)လခွဲသားတွင် အရွက်၊ ကိုင်းနှင့် အပင်များခူးညှပ်၍ ရောင်းချ နိုင်ပြီဖြစ်ကြောင်း၊ အနေတော် အပင်ပေါက် ကလေးများကိုနုတ်၍ အစီးလေးများဖြင့် ရောင်းချပါက တစ်ဧက အစီးပေါင်း (၁၀၀၀၀)စီးခန့် ထွက်ရှိကြောင်း၊ ယခင်လတွင် လက်ကားဈေးနှုန်းအနေဖြင့် ချဉ်ပေါင်တစ်စီးလျှင်(၈၀/-)ကျပ်၊ လက်လီစျေးအနေဖြင့် (၁၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ် လျှက်ရှိပြီး၊ ယခုလတွင် ချဉ်ပေါင်တစ်စီးလျှင် (၁၀၀/-)ကျပ်၊ လက်လီဈေးနှုန်းအနေဖြင့် (၁၅၀/-) ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း ၊ ဆောင်းရာသီအချိန်တွင် သီးနှံများအနည်းငယ်ရှားပါးသော ကြောင့် ယခင်လထက် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း ၊ အဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲရုံများ နှင့် ကုန်စိမ်းပွဲစားများမှ အခင်းထဲအရောက် လာရောက်ဝယ်ယူသူများရှိသလို ကုန်စိမ်းပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ ရောင်းချပေးလျက်ရှိကြောင်း၊ (၁)ဧက အကျိုးအမြတ် အနေဖြင့် စိုက်ပျိုးစရိတ်နုတ်ပြီး (၇၀၀၀၀၀/-)ကျပ် ခန့်မြတ်ကြောင်း၊ ချဉ်ပေါင်ရွက်ကိုမျှစ် သို့မဟုတ် ပုစွန်၊ ဝက်သားတို့နဲ့ရောကြော်ပြီးသော်လည်းကောင်း ၊ ချဉ်ရည်ဟင်းအနေနဲ့သော်လည်းကောင်း ၊ ဟင်းချိုချက်ပြီး သော်လည်းကောင်း စားသုံးနိုင်ကြောင်း ၊ ချဉ်ပေါင်သီးနှံကို တောင်သူများမှ မိသားစုဝင်ငွေတိုးပြီး စီးပွားဖြစ်သောကြောင့် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း တောင်သူတစ်ဦး ပြောကြားချက်အရ သိရှိရပါသည်။ 

DOCA(မန္တလေး)

 

“ ကျောက်ဆည်မြို့နယ်တွင် နှံစားပြောင်းသီးနှံများအောင်မြင်စွာရိတ်သိမ်းပြီးစီး”

   ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ နေကြာ၊ မြေပဲများအပြင် စျေးကွက်ဝယ်လိုအားရှိပြီး ကျွဲ၊နွားစာပါဖူလုံသော နှံစားပြောင်းသီးနှံကို လည်းစိုက်ပျိုလျှက်ရှိပါသည်။ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် နှံစားပြောင်း သီးနှံကို (၂၉၉၄)ဧက  စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာ ဌာန၏ စာရင်းများအရ သိရှိရပါသည်။ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် တိုးနီမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုး(၄)ပြည် စိုက်ပျိုးရပြီး၊ (၁)ပြည်လျှင်(၂၀၀၀/-) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ထယ်စနစ်ဖြင့် စိုက်ကြောင်း ဆွဲအစေ့ချ ၊ အတန်းလိုက် စိုက်ပျိုးရကြောင်း၊ ၄င်းသီးနှံအား ဆည်ရေမရရှိသော ယာမြေများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၃၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ‌မေလတွင်တွင် စတင်စိုက်ပျိုးပြီး ယခုအချိန်တွင် အားလုံးရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း၊  အထွက်နှုန်းအနေဖြင့် (၃၀-၃၅) တင်းခန့် ထွက်ရှိပြီး စျေးနှုန်းအနေဖြင့်ယခင်နှစ်တွင်နှံစားပြောင်းတစ်တင်းလျှင်(၂၃၀၀၀/-)ကျပ်ရရှိခဲ့ကြောင်း၊ယခုလက်ရှိ ပေါက်ဈေးအနေဖြင့် နှံစားပြောင်းစျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၂၁၀၀၀/-)ကျပ် စျေးနှုန်းများ ဖြင့် ရောင်းဝယ်လျက်ရှိပြီး၊ ယခင်နှစ်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း၊ တောင်သူ များမှ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့‌ရောင်းချကြပြီး ပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ တစ်ဧကစိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် စိုက်ပျိုး စရိတ်နှုတ်ပြီး (၃၃၀၀၀၀/-)ကျပ် ခန့်မြတ်ကြောင်း၊ နှံစားပြောင်းသီးနှံ စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ် ဝင်ငွေတိုးရုံသာမက ကျွဲ ၊ နွားစာပါ ဖူလုံသောကြောင့် တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။

DOCA(မန္တလေး)

တောင်သာမြို့နယ်၏ ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးကြက်သွန်နီ စိုက်ပျိုးထားရှိမှုနှင့် ဈေးနှုန်းအခြေအနေ

  မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်အတွင်း မိုးကြက်သွန်နီများ ကို စက်တင်ဘာလ၊ အောက်တိုဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး၊ ဒီဇင်ဘာလ၊ ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ် လေ့ရှိပါသည်။ တောင်သာမြို့နယ် ယခင်နှစ်မိုးကြက်သွန်နီစိုက်ဧကမှာ (၂၂၅)ဧက စိုက်ပျိုး ခဲ့ကြောင်း၊ ယခုနှစ်စိုက်ပျိုးထားရှိမှုဧကမှာ  (၂၈၀)ဧကစိုက်ပျိုးထားရှိပြီး၊ ရိတ်သိမ်းပြီးဧက (၁၅၀) ဧက၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၂၁၀၀)ဧကထွက်ရှိကြောင်း၊ ယခုနှစ်တွင် ယခင်နှစ် ထက် စိုက်ဧက(၅၅)ဧကပိုမိုစိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများ အရသိရှိရသည်။

    တောင်သာမြို့နယ်ကုန်စည်ဒိုင်၌ မိုးကြက်သွန်နီကြီးစတစ်ပိဿာလျှင် (၂၇၀၀-၃၀၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၂၀၀၀-၂၅၀၀)ကျပ်၊ အသေးစတစ်ပိဿာလျှင်(၅၀၀-၁၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ တင်ပို့မှုအနေဖြင့် မြင်းခြံမြို့၊ မန္တလေးမြို့၊ပခုက္ကူမြို့နှင့် ရန်ကုန်မြို့သို့တင်ပို့ကြောင်း၊ တောင်သာမြို့နယ်ကြက်သွန်နီ အရောင်း အဝယ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း