ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘားအံမြို့ဒေသထွက် ကြက်ဟင်းခါးသီးဈေးနှုန်းအခြေအနေ

      ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ကြက်ဟင်းခါးသီးဈေးနှုန်း အနည်းငယ်တက်လျက်ရှိကြောင်းနှင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။       

     ဈေးနှုန်းအနေဖြင့် ကြက်ဟင်းခါးသီး အတောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အတောင့်သေးဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ဖြင့် လည်းကောင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    ကရင်ပြည်နယ်ဒေသအတွင်း ကြက်ဟင်းခါးသီးဈေးနှုန်း ယခုလို အနည်းငယ်ကျနေရခြင်းမှာ ဒေသတွင်စိုက်ခင်းမှသီးနှံများ လှိုင်လှိုင်ထွက်ရှိလာခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

      ၂၀၂၄ ခုနှစ်၊ ဆောင်းရာသီတွင် ကရင်ပြည်နယ်ဒေသထွက် ခရမ်းချဉ်သီးကို ဘားအံမြို့ အနီးတစ်ဝိုက်ရှိကျေးရွာများရှိ ဒေသခံတောင်သူများက စီးပွားဖြစ်စိုက်ပျိုးကြတလို အပိုဝင်ငွေရရှိရန် အတွက်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး  ဘားအံမြို့ပေါ်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရသည်။

     ဈေးနှုန်းအနေဖြင့် ယခင်အပတ်က ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ယခုအခါ ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၄၀၀၀/၅၀၀၀)ကျပ်နှုန်းတို့ဖြစ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

       ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော နိုဝင်ဘာတတိယပတ်နှင့်နိုဝင်ဘာပဥ္စမပတ် ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ဒေသတွင်စိုက်ခင်းများမှသီးနှံများ လှိုင်လှိုင်ထွက်ရှိလာပြီးဖြစ်၍ ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေကြောင်း သိရပါသည်။

DOCA(ကရင်)

နတ်တလင်းမြို့နယ်တွင်ပန်းဂေါ်ဖီစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

             နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျောင်းကြီးကျေးရွာ၊ အုတ်တွင်းကုန်းကျေးရွာ၊ သရက်တပင်ကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် အခြားကျေးရွာများတွင် ပန်းဂေါ်ဖီများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။

             ပန်းဂေါ်ဖီစိုက်ပျိူးရန် ပျိုးပင်တစ်ပင်ကို(၇၀)ကျပ်နှုန်းဖြင့် (၀.၂၅)ဧက ပျိုးပင်(၃၅၀၀) ခန့်စိုက် ပျိုးရပါသည်။ မြေကျင်းကလေးများတူးပြီး ပျိုးပင်တစ်ပင်ကို ပင်ခြားတန်းခြား နှစ်ပေခွဲထား၍ စိုက်ပျိုးကြပါသည်။ ပန်းဂေါ်ဖီကို စက်တင်ဘာနောက်ဆုံးပတ်မှစတင်စိုက်ပျိုးပြီး တစ်လခွဲခန့်အကြာတွင် စတင်ခုတ်ယူရောင်းချပါသည်။ ပန်းဂေါ်ဖီ(၀.၂၅)ဧက စိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ရေသွင်းခ၊  ပေါင်းမြတ်ရှင်းခ၊ ဓာတ်မြေဩဇာ ပိုးသတ်ဆေးအပါအဝင် စုစုပေါင်း(၇၀၀၀၀၀)  ကျပ်ကုန်ကျပါကြောင်း အထွက်နှုန်းမှာ  အပွင့်ရေ (၃၂၀၀)ခန့်ထွက်ရှိပြီး ယခုအောက်တိုဘာလတတိပတ်တွင် ပန်ဂေါ်ဖီတစ်ပွင့်လျှင် အရွယ်အစားကိုလိုက်၍ (၉၀၀-၇၀၀-၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချရပြီး ဒေသအတွင်းသာမက ကုန်စိမ်းဒိုင်များမှတဆင့် အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချလျက်ရှိပါကြောင်း  ပန်းဂေါ်ဖီစိုက် တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)                          

မိုးမြေပဲ ထွက်ရှိမှု နှင့် အကျိုးအမြတ်

   ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စပါး၊ပဲ၊ပြောင်းနှင့် ဆီထွက်သီးနှံများ အဓိကထားစိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံများအနက်  မိုးမြေပဲသီးနှံကို ပန်းတောကြီး ကျေးရွာအုပ်စု၊ မြို့ကုန်းကျေးရွာရှိ တောင်သူများသည် မိုးမြေပဲကို တစ်နိုင်တစ်ပိုင် ထည့်သွင်း စိုက်ပျိုးလေ့ရှိကြပါသည်။ တောင်သူတစ်ဦးလျှင် ( ၅ ဧက)နှုန်းဖြင့် အနည်ဆုံး (၁၀)ဦးခန့် စိုက်ပျိုးကြောင်း သိရှိရပါသည်။  ဒေသတွင်းထွက်ရှိသော မြေပဲများကို စားသောက်ကုန်လုပ်ငန်း၊ ရိုးရာမုန့်လုပ်ငန်းများတွင် အသုံးပြုလျက်ရှိပြီး၊ မြေပဲကို ကြိတ်ခွဲ၍ မြေပဲဆီအဖြစ်လည်း ထုတ်လုပ် ရောင်းချလျက်ရှိရာ ဒေသအတွင်း မြေပဲများ ပုံမှန်အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

   ယခုအခါ ဒေသတွင်း မိုးမြေပဲများထွက်ရှိပြီဖြစ်ရာ တစ်ဧကလျှင် အထွက်နှုန်းအနေဖြင့် (၄၉ တင်းမှ ၅၀ တင်း)ကြားထွက်ရှိပြီး၊ မြေပဲအရည်အသွေးအပေါ် မူတည်၍ ‌မြေပဲတောင့်တစ်တင်းလျှင် (၃၀၀၀၀/- ကျပ်)၊ မြေပဲဆံ ၁၄ ပိဿာဝင် တစ်တင်းလျှင် (၉၈၀၀၀/- ကျပ်)၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၅၅၀၀/- ကျပ်)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မိုးမြေပဲစိုက်ပျိုးရာတွင် ကုန်ကျစရိတ် သက်သာပြီး အကျိုးအမြတ်များ ရရှိသည့်အပြင် ပြည်တွင်းစားသုံးဆီ ဖူလုံရုံသာမက မြေပဲပင်မှ ထွက်ရှိသော မြေပဲရိုးနှင့် မြေပဲမှော်များကိုလည်း ကျွဲ၊ နွား အစာအဖြစ် အသုံးပြုရသောကြောင့် မြေပဲစိုက်တောင်သူများ တွက်ချေကိုက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။  

DOCA(ဧရာဝတီ)

“ပစ်တိုင်းထောင်” မုန့်ဆီကြော်လုပ်ငန်း

    စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၂.၁၁.၂၀၂၄)ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာရှိ “ပစ်တိုင်းထောင်” မုန့်ဆီကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်ခြင်းနှင့် ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပါသည်။  မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိပြီး မိမိတို့ဒေသ အစားအစာ မုန့်အချိုအဖြစ် စားသုံးခြင်းကြောင့် နေ့စဉ်ဝင်ငွေကောင်းသော လုပ်ငန်းဖြစ်ကြောင်း သိရှိရပါသည်။

          “ပစ်တိုင်းထောင်” မုန့်ဆီကြော် လုပ်ငန်းသည် ၂၀၁၇ ခုနှစ်မှ စတင်ရောင်းချခဲ့ပြီး မိသားစုလုပ်ငန်းအဖြစ် ယခုအချိန်အထိ တွင်ကျယ်စွာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မုန့်ဆီကြော် ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် ကောက်ညှင်းဆန်နှင့် ထန်းလျက်တို့ကို အသုံးပြုပါသည်။ တစ်နေ့လျှင် ကောက်ညှင်းဆန် ၂၄ ပြည် တစ်အိတ်၊ ထန်းလျက် ပိဿာချိန် ၆၀ နှင့် ဆီပိဿာချိန် ၂၀ အသုံးရပြီး၊ လုပ်သားခအပါအဝင် ၄ သိန်းဝန်းကျင် ကုန်ကျပါသည်။ တစ်ရက် ရောင်းရငွေ ၅ သိန်း ကျပ်ခန့် ရောင်းချရပြီး အကျိုးအမြတ်အဖြစ် ၁ သိန်းကျပ်ခန့် ရရှိပါသည်။  မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်သဖြင့် သင့်တင့်မျှတသောအကျိုးအမြတ်ရရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ စားသုံးသူများ ကြိုက်နှစ်သက်သော ဒေသအစားအစာတစ်မျိုးဖြစ်ပြီး မြို့နယ်အတွင်း ဝယ်ယူစားသုံးမှုမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပင်စိမ်းပင် စိုက်ပျိုးမှု နှင့် အကျိုးအမြတ်

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် ပင်စိမ်းပင်များကို စိုက်ပျိုးကြပါသည်။ (၂၁.၁၁.၂၀၂၄)ရက်နေ့ ၊နံနက် (၀၉:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စိမ်းမြသီတာမှ ကွင်းဆင်းလေ့လာမှုကို ဆောင်ရွက်ခဲ့ပါသည်။

     ဇလွန်မြို့နယ် ဒေသတွင်း စိုက်ပျိုးသော ပင်စိမ်းပင်များသည် ဟင်းစားပင်စိမ်းကိုသာ စိုက်ပျိုးကြပြီး တစ်ပြည်လျှင် (၄၈၀၀၀/-)ကျပ်ဖြင့် ဝယ်ယူရပါသည်။ ရာသီမရွေး စိုက်ပျိုးနိုင်ပြီး (၀.၂၀ ဧက)လျှင် တစ်ပြည် ကြဲပက်ရပါသည်။ စိုက်ပျိုးပြီး (၂)လခွဲအကြာတွင် ခူးဆွတ်နိုင်ပြီး တစ်လလျှင် နှစ်ကြိမ် အညွှန့်ချိုးရပါသည်။ အပင်သက်တမ်းတစ်နှစ်ကျော်ကြာမြင့်စွာ ရှင်သန်နိုင်ပြီး ပင်စိမ်း ညွှန့်များ စတင်ခူးဆွတ်ချိန်တွင် အညွှန့် ၅၀၀ ခန့် ဝင်ဆန့်သော ခြင်းတောင်းဖြင့် ၇ ခြင်းမှ  ၈ ခြင်းထိ ခူးဆွတ်နိုင်ကြောင်း သိရှိရပါသည်။ ပင်စိမ်းပင်သည် သက်တမ်းရင့်လေ အညွှန့်အရေအတွက် ပိုမိုထွက်ရှိလေဖြစ်သောကြောင့် အကျိုးအမြတ်များကြောင်း၊ ပထမအကြိမ် စတင်ခူးဆွတ်ချိန်တွင် အညွှန့် ၅၀၀ တစ်ခြင်းလျှင် ၁၀၀၀၀/-ကျပ် ဝန်းကျင်ဈေးနှုန်းဖြင့် လက္ကားရောင်းချရသည်ဟု စိုက်ပျိုးသူတောင်သူများထံမှ သိရှိရပါသည်။ အပင်မျိုးသန့်သောကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ တင်ပို့ရောင်းချလျက် ရှိသည့်အတွက် မိသားစုဝင်ငွေတိုးသော တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)

 

ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၃-၂၀၂၄ မိုးစပါး၊ နွေစပါးထွက်ရှိမှုနှင့် ဖူလုံမှုအခြေအနေ

            ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များမှ မိုးစပါး၊ နွေစပါး စိုက်ဧက ၇၃၅၈၃၅ ဧကရှိပြီး အထွက်တင်းအားဖြင့် ၆၈၄၇၀၂၉၆ တင်းထွက်ရှိပြီး စားသုံးမှု၊ မျိုး၊ အလေအလွင့်နှင့် အခြားစားသုံးမှုမှာ ၂၁၀၅၆၂၁၃ တင်းရှိသည့်အတွက် စပါးပိုလျှံမှု ၄၇၄၁၄၀၈၃တင်း ပိုလျှံပါသည်။ ပိုလျှံသည့်စပါးများအား ဆန်အဖြစ်ကြိတ်ခွဲပြီး အထက်အညာဒေသသို့ တင်ပို့လျက်ရှိပြီး အဓိက ရန်ကုန်တိုင်းသို့ တင်ပို့လျက်ရှိပါသည်။ ထိုသို့တင်ပို့ရာတွင် တင်ပို့သည့် စာရင်းဇယားအား လစဉ်တင်ပြလျက်ရှိပြီး တစ်လလျှင် ၃၀၀၀၀ကျော်ခန့် ဆန်စီးထွက်လျက်ရှိပါသည်။ လက်ရှိစပါးပေါ်စတွင် စပါး ၁၀၀ လျှင် စပါးဈေးနှုန်းမှာ အမျိုးအစားအပေါ်မူတည်၍ သိန်း၂၀နှင့် ၂၃ သိန်းအကြားရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ တွက်ချက်မှုစာရင်းအရ မိုးစပါး (ဧည့်မထ) တစ်ဧကစိုက်ပျိုးစရိတ် ခန့်မှန်း ၉၀၀၀၀ ခန့် ရှိခဲ့ပြီး စပါးအထွက်နှုန်း ၉၀ ထွက်ရှိပါက တောင်သူအနေဖြင့် တစ်ဧကအမြတ်နှုန်းမှာ ၁၂၇၀၀၀ ခန့် ရရှိမှာဖြစ်ပြီး တောင်သူအနေဖြင့် အကျိုးအမြတ်ရရှိ၍ ဆန်စက်ပိုင်ရှင်အနေဖြင့်လည်း ထိုက်သင့်သည့်အကျိုးအမြတ်ရရှိမည် ဖြစ်ပါသည်။ MRF မှ သတ်မှတ်သော သင့်တင့်မျှတသောဆန်ဈေးနှုန်း (Reasonable Market Price) ထုတ်ပြန်ချက်ဖြင့် ကိုက်ညီမှုရှိသောစပါးဈေးအား လက်ရှိအခြေအနေထက် မြင့်တက်မှုမရှိစေရေး ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့မှ ထိန်းကျောင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

DOCA(ဧရာဝတီ)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

            ၂၇.၁၁.၂၀၂၄ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀ မှ အများဆုံး ကျပ် ၇၂၀၀၊ ညောင်ဦးဆေးရှယ်  ကျပ်  ၇၃၀၀၊ ညောင်ဦးဆေးရှယ်(ထန်းရော) အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀ မှ အများဆုံး ကျပ် ၅၁၀၀၊ ပခုက္ကူကြမ်း ကျပ်  ၇၂၀၀၊ ရေစကြိုထန်းလျက် ကျပ် ၈၅၀၀၊ ကြံသကာ(ရှမ်း) အနိမ့်ဆုံးဈေး  ကျပ် ၃၀၀၀ မှ အများဆုံး ကျပ် ၃၁၀၀၊ ကြံသကာ(သကြားရော) ကျပ် ၅၅၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီးပွင့်ကပ်အနိမ့်ဆုံးဈေး ကျပ် ၃၃၀၀ မှ ကျပ် ၃၅၀၀၊ မန်းကျည်းသီး အသားအနိမ့်ဆုံးဈေး ကျပ် ၉၅၀၀ မှ ကျပ် ၁၃၀၀၀၊ ပြည်တွင်းသကြား  အနိမ့်ဆုံးဈေး ကျပ် ၄၈၀၀ မှ ကျပ် ၅၁၀၀ တို့အသီးသီး ဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

             ၂၇.၁၁.၂၀၂၄ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေထွက်ကုန်ပစ္စည်းများ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ် မှာ ကျပ် ၂၈၀၀၀၀၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၂၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၁၄၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၁၀၀၀၀၊ ဖျာပုံချို သေးရှယ်ကျပ် ၉၀၀၀၀၊ ဖျာပုံချိုသေးရိုးရိုးကျပ် ၇၀၀၀၊မြိတ်ပုဇွန်လတ် ကျပ် ၁၂၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၉၀၀၀၊ ရေချိုငါးခြောက်များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး   ကျပ် ၉၀၀၀၊ ငါးကျီးကြပ်တိုက်သေး  ကျပ် ၇၀၀၀၊ ငါးမြွေထိုးကျပ် ၄၀၀၀၀၊ ငါးရံ့ခြောက်ကြီး ကျပ် ၇၅၀၀၊ ငါးရံ့ခြောက်လတ်ကျပ် ၆၀၀၀၊ ငါးရံလုံးရှယ် ကျပ် ၅၀၀၀၀၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၀၀၀၀၊ ငါးကွမ်းရှပ် ကျပ် ၃၅၀၀၀၊ ငါးတံခွန်မျှင်ကြီး ကျပ် ၂၀၀၀၀၊ ငါးတံခွန်လုံး ကျပ် ၆၀၀၀၊ ငါးနှပ်ချို ကျပ် ၃၅၀၀၀၊ ငါးရွှေသေး ကျပ် ၁၀၀၀၀၊ ငါးမီးတံသွယ် ကျပ် ၇၀၀၀  ဈေးတို့အသီးသီး ရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

             ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန်အခြေအနေများ အား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီနေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်း လျက်ရှိပါသည်။ နိုဝင်ဘာလ (၁၈) ရက်မှ နိုဝင်ဘာလ (၂၄) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ ပခုက္ကူ၊ မလိုင်၊ တောင်သာဒေသတို့မှ ကြက်သွန်နီ (၈၇၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၃၄၈၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၂၂၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၃၀၀ ၊ အကြီးမှာ ကျပ် ၃၆၀၀၊ ရှယ်မှာ ကျပ် ၄၀၀၀၊  မြင်းခြံကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၂၀၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၀၀၀ ၊ အကြီးမှာ ကျပ် ၃၄၀၀၊ ရှယ်မှာ ကျပ် ၃၈၀၀၊ ပခုက္ကူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၂၀၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၇၀၀ ၊ အကြီးမှာ ကျပ် ၃၃၀၀၊ ရှယ်မှာ ကျပ် ၄၀၀၀၊ မလိုင် ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၉၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၅၀၀၊ အကြီးမှာ ကျပ် ၃၀၀၀၊ ရှယ်မှာ ကျပ် ၃၅၀၀၊ တောင်သာကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၉၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၅၀၀ ၊ အကြီးမှာ ကျပ် ၃၀၀၀၊ ရှယ်မှာ ကျပ် ၃၅၀၀  ဈေးတို့အသီးသီး ရှိကြောင်း စုံစမ်းသိရှိရပါသည်။

              ယခင်တစ်ပတ်နှင့် ယခုတစ်ပါတ် ကြက်သွန်နီဈေးနှုန်းများ နှိုင်းယှဉ်ရာတွင် ကြက်သွန်ဈေးနှုန်းများမှာ ယခင်အပတ်ထက် အနည်းငယ်ဈေးလျော့နည်းကျဆင်းမှုရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း