ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့ပေါ်ရှိ ဈေးများ၌ရောင်းချနေသော ဗူးသီးဈေးနှုန်းအခြေအနေ

          မိုးရာသီကာလအတွင်း ဗူးသီးစိုက်ခင်းများမှ အထွက်နှုန်းကောင်းလာသဖြင့် ဒေသအသီးသီးရှိ ဈေးကွက်များတွင် ဗူးသီးများပေါများစွာရောင်းချလျက်ရှိကြောင်း သိရသည်။ ဗူးသီးသည် မိုးရာသီတွင် ကောင်းစွာဖြစ်ထွန်းသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး စိုက်ပျိုးရလွယ်ကူသည့်အပြင် အထွက်နှုန်း လည်းကောင်းမွန်သောကြောင့် တောင်သူများက အဓိကစိုက်ပျိုးသည့် သီးနှံများထဲတွင် ဗူးသီးလည်း ပါဝင်သည်။ ဈေးကွက်အတွင်း ဗူးသီးပေါများလာသောကြောင့် စားသုံးသူများအနေဖြင့် လတ်ဆက်သောဗူးသီးများကို အလွယ်တကူဝယ်ယူနိုင်ကြသည်။ ဗူးသီးကို ဟင်းချိုအရည်သောက်ဟင်း၊ ကြော်/ ချက်နှင့် အခြားဟင်းလျာများတွင် အသုံးပြုကြပြီး လူကြိုက်များသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ် သည်။

          ဗူးသီးတွင် ရေဓါတ်၊ အမျှင်ဓါတ်နှင့် သတ္ထုဓါတ်အချို့ပါဝင်သဖြင့် ခန္ဓာကိုယ်အတွက် ရေဓါတ်ဖြည့်သွင်းရာတွင် အထောက်အကူပြုနိုင်ပြီး မျှတသော အစားအစာအစိတ်အပိုင်းတစ်ခုအဖြစ် စားသုံးနိုင်သည်။ မကွေးမြို့ပေါ်ရှိဈေးများတွင် ဗူးသီးအသေး (၁)လုံးလျှင် (၁၅၀၀)ကျပ်၊ ဗူးသီးအလတ် (၁)လုံးလျှင် (၂၀၀၀)ကျပ်နှင့် ဗူးသီးအကြီး (၁)လုံးလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရွယ်အစားနှင့် ဒေသအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း ဈေးသည်များထံမှသိရှိရပါသည်။ မိုးရာသီတွင် အထွက်နှုန်းတိုးလာခြင်းကြောင့် ဝယ်လိုအားကို အလွယ်တကူဖြည့်ဆည်းပေးနိုင်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးဈေးကွက် အတွင်းဖြစ်ပေါ်နေသော ပဲမျိုးစုံနှင့် နှမ်းဈေးနှုန်းဈေးကွက်အခြေအနေ

           မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက်စသည့်ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့နယ်တို့မှ ထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ အခြားပဲမျိုးစုံနှင့် နှမ်းမျိုးစုံတို့ မကွေးဈေးကွက်သို့ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရပါသည်။

         ၂၀၂6ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၃၀၀၀၀)၊ နှမ်းဖြူ (၁) တင်း လျှင် ကျပ်(၁၄၀၀၀၀)၊ နှမ်းနက်(စမုံ)(၁)တင်းလျှင် ကျပ်(၁၇၈၀၀၀)၊ နှမ်းညိုကြား (၁) တင်းလျှင် ကျပ် (၁၂၇၀၀၀)ဖြစ်၍ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ) ကျပ်(၁၃၀၀၀)၊ နှမ်းနီ ကျပ်(၃၀၀၀)၊ နှမ်းဖြူ ကျပ်(၄၀၀၀)၊ နှမ်းညိုကြား ကျပ်(၁၀၀၀)ဈေးကျဆင်းခဲ့ပြီး တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ နှမ်းအိတ်ရေ (၂၀၀၀)၊ ရန်ကုန်မြို့သို့ နှမ်းအိတ်ရေ (၂၀၀၀) တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန်(၂၆၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

     ဇူလိုင်လ(စတုတ္ထပတ်)တွင် ကုလားပဲ(HL) (၁)တင်း လျှင် ကျပ်(၇၆၀၀၀)၊ ကုလားပဲ(929) (၁) တင်းလျှင် ကျပ်(၇၇၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ အရောင်းအဝယ်အေးနေပြီး လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ (၁၀၀၀)၊ ရန်ကုန်မြို့သို့ အိတ်ရေ (၂၀၀၀)တင်ပို့ခဲ့ ပြီး တန်ချိန်အားဖြင့် တန်(၂၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

          ဇူလိုင်လ(စတုတ္ထပတ်)တွင် ပဲစင်းငုံ(၁)တင်းလျှင် ကျပ်(၁၀၀00၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ ယခုအချိန်တွင် ဒေသတွင်း၌ ပဲစင်းငုံစိုက်ပျိုးချိန်ဖြစ်၍ လက်ကျန်ပဲများသာ ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်ရေ (၁၅၀၀)တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန်(၁၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

          ဇူလိုင်လ(စတုတ္ထပတ်)တွင် ပဲတီစိမ်း (၁)တင်းလျှင် ကျပ်(၈၀0၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၁၀၀၀) ဈေးနှုန်းကျဆင်းလာကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ (၅၀၀)၊ ရန်ကုန်မြို့သို့ အိတ်ရေ(၅၀၀) တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန်(၅၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

          ဇူလိုင်လ(စတုတ္ထပတ်)တွင် စားတော်ပဲ(၁)တင်းလျှင် ကျပ်(၂၄၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၂၀၀၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်ရေ(၁၀၀၀)တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန်(၅၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၃၀-၇-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၃၀ -၇ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ကန့်ဘလူမြို့နယ် ပဲမျိုးစုံဈေးကွက်၏ ယခင်လနှင့် ယခုလ ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်ခဲ့မှုအခြေအနေ

 

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဇွန်လနောက်ဆုံး ပတ်၏ ဈေးနှုန်းများနှင့် ယခုဇူလိုင်လ နောက်ဆုံးပတ်ဈေးနှုန်းများကို နှိုင်းယှဉ်၍ ဈေးနှုန်းအတက် အကျတို့ကို ရေးသားဖော်ပြလိုက်ပါသည်။

ကုလားပဲ

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲ(ထိုင်ဝမ်) တစ်တင်းလျှင် ကျပ်(၆၇၀၀၀) (929)တစ်တင်းလျှင် ကျပ်(၇၀၀၀၀) (V2)တစ်တင်းလျှင် ကျပ် (၇၃၀၀)နှင့် (V7)တစ်တင်းလျှင် ကျပ်(၇၁၅၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်ဇွန်လ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုဇူလိုင်လနောက်ဆုံးပတ်အတွင်း မန္တလေးပဲမျိုးစုံ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုတို့အပေါ်မူတည်၍ ဒေသတွင်းဈေး ကွက်၌ ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကျပ် ၈၀၀၀ ဝန်းကျင်မြင့်တက်လာကြောင်း သိရသည်။

မတ်ပဲ

ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မတ်ပဲရိုးရိုးတစ်တင်းလျှင် ကျပ် ၉၃၀၀၀၊ မတ်ပဲမျက်(ဂျပန်) တစ်တင်းလျှင် ကျပ် ၉၇၀၀၀နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်ဇွန်လ၏ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုဇူလိုင်လနောက်ဆုံးပတ်အတွင်း တင်ပို့ရောင်းချရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသော်လည်း မန္တေလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များတွင် မတ်ပဲဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့သောကြောင့် မတ်ပဲတစ်တင်းလျှင် ကျပ် ၁၀၀၀၀ ဝန်းကျင်ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

ပဲစင်းငုံ

          ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၉၂၀၀၀၊ ပဲစင်းငုံဖြူတစ်တင်းလျှင် ကျပ် ၈၂၀၀၀နှင့် အောက်စ တစ်တင်းလျှင် ကျပ် ၈၁၅၀၀ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်ဇွန်လ၏ ဈေးနှုန်း များနှင့်နှိုင်းယှဉ်ပါက ယခုဇူလိုင်လနောက်ဆုံးပတ်အတွင်း  ဒေသတွင်းဈေးကွက်သို့ ပစ္စည်းဝင် ရောက်မှုနည်းသော်လည်း  မန္တလေးပဲဈေးကွက်၌ ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်ခဲ့သောကြောင့် ကန့်ဘလူမြို့နယ် ပဲဈေးကွက်တွင် ပဲစင်းငုံမျိုးစုံ တစ်တင်းလျှင် ၁၀၀၀၀ ဝန်ကျင်း မြင့်တက်ခဲ့ကြောင်း သိရသည်။

 

ပဲတီစိမ်း

          ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် ကျပ် ၇၅၀၀၀၊ ပဲတီစိမ်းထွက်တိုးတစ်တင်းလျှင် ကျပ် ၈၁၀၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်ဇွန်လ၏ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုဇူလိုင်လနောက်ဆုံးပတ်အတွင်း မန္တလေးဈေးကွက်တွင် ပဲတီစိမ်းအရောင်းအဝယ် အေးနေသော ကြောင့် ပဲတီစိမ်း(ရိုးရိုး)တစ်တင်းလျှင် ကျပ် ၃၀၀၀ ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။

စွန်တာနီ

          စွန်တာနီ(ပဲနီ)တစ်တင်းလျှင် ကျပ် ၁၀၃၀၀၀၊ အကွဲအနာပါတစ်တင်းလျှင် ကျပ် ၁၀၂၅၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်ဇွန်လ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခု ဇူလိုင်လနောက်ဆုံးပတ်အတွင်း စွန်တာနီ(ပဲနီ)သည် မန္တလေးမြို့ရှိ ပွဲရုံနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ သည်သာမက ဒေသတွင်းစားသုံးမှုရှိသောကြောင့် တစ်တင်းလျှင် ကျပ် ၂၀၀၀ ဈေးနှုန်းမြင့်တက်လာ ကြောင်း သိရသည်။

ထောပတ်ပဲ

          ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် ကျပ် ၁၃၆၀၀၀၊ အကွဲအနာပါ တစ်တင်းလျှင် ကျပ် ၁၃၅၅၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်ဇွန်လနောက် ဆုံးပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုဇူလိုင်လနောက်ဆုံးပတ်အတွင်း မန္တလေးဈေးကွက်၌ အရောင်းအဝယ်လိုက်လာသောကြောင့် ထောပတ်ပဲဖြူတစ်တင်းလျှင် ကျပ် ၄၀၀၀ ဝန်းကျင်ဈေး နှုန်းမြင့်တက်လာကြောင်း သိရသည်။

ပဲလွမ်းဖြူ

          ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ပဲလွမ်းဖြူတစ်တင်းလျှင် ကျပ် ၁၀၁၀၀၀၊ အကွဲအနာပါ တစ်တင်းလျှင် ကျပ် ၁၀၀၅၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်ဇွန်လနောက် ဆုံးပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုဇူလိုင်နောက်ဆုံးပတ်အတွင်း မန္တလေးဈေးကွက်တွင် အရောင်းအဝယ်အေးနေသောကြောင့်  ပဲလွမ်းဖြူသီးနှံတစ်တင်းလျှင် ကျပ် ၅၀၀၀ ဝန်းကျင်ဈေးနှုန်း ကျဆင်းသွားကြောင်း ဒေသတွင်း သီးနှံပွဲရုံများထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ပြည်တွင်းဈေးကွက်တွင် ဈေးအမြင့်တန်းဖြင့် အရောင်းအဝယ်ဖြစ်နေသည့် ဆိပ်ဖြူဒေသထွက်ကုန် ကြက်သွန်နီ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို ဒေသစီးပွားဖြစ် လုပ်ကိုင်ကြပြီး စိုက်ပျိုးသီးနှံများစွာမှ တောင်သူအကျိုးအမြတ်ရရှိနိုင်သော ကြက်သွန်နီသီးနှံကို တစ်မြို့နယ်လုံးနီးပါး အဓိကအားထားစိုက်ပျိုးကြသည်။ ရေမြေရာသီဥတု ကောင်းမွန် ရာဒေသဖြစ်ပြီး အရည်အသွေးကောင်းမွန်သော ကြက်သွန်နီများထွက်ရှိ၍ ကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားစိုက်ပျိုးလျက်ရှိပြီး နှစ်စဉ်စိုက်ဧက(၆၀၀၀)ခန့် စိုက်ပျိုးခြင်းဖြင့် ဒေသတွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလျက်ရှိပြီး ဒေသခံပြည်သူများမှလည်း နှစ်ပတ်လည် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိလျက်ရှိသည်။ မြို့ပေါ်ရှိ ကြက်သွန်နီပွဲရုံဈေးကွက်၌လည်း သီးနှံအရည်အသွေးနှင့် အရွယ်အစားလိုက်၍ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

        ဆိပ်ဖြူကြက်သွန်နီဈေးကွက်တွင် ဆောင်းပင်စိုက် ကြက်သွန်နီများ သီးနှံပေါ်စအချိန် မတ်လကုန် ဧပြီလဆန်းတွင် တောဈေး ကြက်သွန်နီ(ဂျွန်)တစ်ပိဿာလျှင် ကျပ်(၁၀၀၀ - ၁၅၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ မေလတွင် ကျပ်(၁၅၀၀-၂၀၀၀)ပေါက်ဈေးရှိပြီး ဇွန်လဆန်းမှ စတင်၍ ပြည်တွင်းကြက်သွန်နီသီးနှံများ ပြည်ပအဝယ်လိုက်လာ၍ ကြက်သွန်နီတစ်ပိဿလျှင် ကျပ်(၂၀၀၀-၃၀၀၀)ထိ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

              ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (တတိယပတ်)တွင် ဂျွန်ကြက်သွန်နီ တစ်ပိဿာလျှင် အနိမ့်ဈေး ကျပ် (၃၅၀၀)မှ အမြင့်ဈေး ကျပ်(၄၅၀၀)ထိမြင့်တက်လာကြောင်း၊ ယခင်ဇွန်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၁၅၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ကြက် သွန်နီဈေးနှုန်း တရိပ်ရိပ်မြင့်တက်လျက်ရှိသော်လည်း ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းကြောင်း၊ ဒေသတွင်း လက်လီဈေးကွက်အနေဖြင့် ကြက်သွန်နီ တစ်ပိဿလျှင် ကျပ်(၃၀၀၀ မှ ၅၀၀၀)ရှိကြောင်း၊ အရည်အသွေးကောင်းပါက ကျပ်(၅၅၀၀)ခန့်ရှိကြောင်း ပတ္တမြားဈေးအတွင်းရှိ လက်လီအရောင်းဆိုင်များမှ သိရှိရသည်။

           အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ကြက်သွန်နီပွဲရုံဈေးကွက်သို့ ဇူလိုင်လ ()ရက် မှ (၁၆)ရက် အတွင်း ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးမှုများသော တခေါင်း၊ ကူရှည်ရွာမှ အလယ်စု၊ ဆိုက်ခမ်း၊ ထမ္မကောက်၊ တွင်းမငယ်၊ ကံတွင်း၊ လယ်သာဝ၊ အနောက်ကမ်းဖြူ ကျေးရွာများမှ နေ့စဉ် ဝင် ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှ  ပိဿာ()သောင်းခန့်()ပတ်အတွင်း ပိဿာချိန် () သိန်းခန့် ဝင်ရောက်ကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဇူလိုင်လ ပထမ()ပတ်အတွင်း ပျမ်းမျှ ကားအစီးရေ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ (၄၅)စီး၊ မြဝတီမြို့သို့ (၂၀)စီး၊ ပုသိမ်မြို့သို့ ()စီး၊ စုစုပေါင်း အစီးရေ (၇၀) ရှိခဲ့ပြီး ကြက်သွန်နီ ပျမ်းမျှပိဿာ()သိန်းခန့် စီးဆင်းခဲ့ကြောင်း၊ ဆိပ်ဖြူ မြို့နယ် ဒေသထွက်ကုန် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ တင်ပို့ပြီး ထိုမှတဆင့် အခြားမြို့များသို့ တင်ပို့ရောင်းချဖြန့်ဖြူးပြီး ပြည်ပပို့ကုန်အဖြစ် ဆိပ်ဖြူမြို့မှ မြဝတီမြို့သို့ တင်ပို့၍ နယ်စပ်ဝယ်လက်များမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့မဈေး၌ မုန့်ဟင်းခါးခြောက်ထုပ်များ ဈေးငြိမ်ပြီး ရောင်းအားကောင်းလျက်ရှိ

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးတွင် အခြေခံစားသောက်ကုန်များ ရောင်းချလျက်ရှိသော ကုန်ခြောက်ဆိုင်များတွင် နေ့စဉ်မုန့်ဟင်းခါးခြောက်ထုပ်များလည်း အရောင်းအဝယ်သွက်လျက်ရှိပါသည်။ မုန့်ဟင်းခါးခြောက်ကို  ကုန်ကြမ်းအဖြစ် ဆန်မှထုတ်လုပ်၍ မုံရွာမြို့ မုန့်ဖတ်/ ခေါက်ဆွဲခြောက်ထုတ်လုပ်သည့် စက်ရုံများမှ ထုတ်လုပ်ပြီး ပခုက္ကူဈေးကွက်သို့ ဝင်ရောက်ကြောင်း၊ စားသုံးသူများအတွက် ဈေးနှုန်းသင့်တင့်ပြီး အသင့်စားသုံးရန်လွယ်ကူသောကြောင့်  ရောင်းအားကောင်းလျက်ရှိကြောင်း၊ မြန်မာ့ရိုးရာ အစားအစာအဖြစ်၊ မုန့်ဟင်းခါးသုပ်၊ မုန့်ဟင်းခါး အရည်ပျော်ပြုလုပ်၍ ရှေးယခင် နှစ်များစွာကတည်းက စားသုံးလာကြောင်း သိရှိရသည်။

          ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (တတိယပတ်)တွင် မုန့်ဟင်းခါးခြောက်ထုပ်များ ဈေးငြိမ်၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ “ရွှေပုဇွန်“ တံဆိပ် မုန့်ဟင်းခါးခြောက်ထုပ် (၂၅)ကျပ်သား တစ်ထုပ်လျှင် ကျပ်(၁၆၀၀)၊ (၅၀)ထုပ်ပါ တစ်ပါကင်လျှင် ကျပ်(၇၅၀၀၀)၊  စက်ကျအကျိုး တစ် ပိဿာလျှင် ကျပ်(၂၅၀၀)၊ မုန့်တီခြောက်ထုပ် အကျိုးတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ “ဒုံးပျံ” တံဆိပ် မုန့်ဟင်းခါးခြောက်ထုပ် (၅၀)ကျပ်သားတစ်ထုပ်လျှင် ကျပ်(၂၅၀၀)၊ (၂၀)ထုပ်ပါ တစ်ပါကင်လျှင် ကျပ်(၄၉၀၀၀)၊  မုန့်တီရှမ်း‌အကျိုးစက်ကျ တစ်ပိဿာလျှင် ကျပ်(၂၅၀၀)ဈေးဖြင့် ရောင်းအားသွက် လျက်ရှိကြောင်း၊ ရောင်းအားအကောင်းဆုံးမှာမုန့်ဟင်းခါးခြောက်ထုပ် စက်ကျအကျိုးဖြစ်ပြီး တစ်နေ့လျှင် ပိဿာချိန်(၉၀-၁၀၀)ခန့်ရောင်းရကြောင်း၊ ဝါတွင်းကာလရာသီချိန်ဖြစ်၍ ရောင်းအားကောင်းလာကြောင်း၊ ပခုက္ကူမြို့နယ်ရှိ ကျေးရွာများနှင့် နယ်ဘက်ဒေသ မြိုင်၊ ရေစကြို၊ ယောနယ်များမှ လည်းကုန်ကားမှ တဆင့်မှာယူပြီး ဝယ်ယူလျက်ရှိကြောင်း၊ တစ်ပတ်အတွင်း‌ မုန့်ဟင်းခါးခြောက် ထုပ်ပိဿာ (၅၅၀-၆၀၀)ခန့် ရောင်းချရကြောင်းကုန်ခြောက်ဆိုင် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၏ အာလူးဈေးနှုန်း တည်ငြိမ်လျက်ရှိ

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့် ပေါက်ဒေသထွက် အာလူးများ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ အာလူးသီးနှံသည် ပြည်သူအများ စားသုံးမှုမြင့်မားလျက်ရှိပြီး စားဖိုဆောင်သီးနှံအဖြစ် စားသုံးမှု အပြင် ဒေသတွင်း ကုန်ကြမ်းအာလူးသီးနှံမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အာလူးကြော်ထုတ်လုပ်မှု လုပ်ငန်းများလည်း တွင်ကျယ်စွာ ဆောင်ရွက်လျက်ရှိ၍ အာလူးသီးနှံမှာ ဒေသတွင်း သုံးစွဲမှုများ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဈေးကွက်မှ သိရသည်။

          ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် အာလူးအလုံးအရွယ်အစားနှင့် အရည်အသွေးလိုက်၍ အာလူး(အလုံးကြီး)ရှယ် တစ်ပိဿာလျှင် ကျပ်(၅၅၀၀)၊ အာလူး(အလုံးလတ်) တစ်ပိဿာ လျှင် ကျပ်(၄၀၀၀)၊ အာလူး(အလုံးသေး) တစ်ပိဿာလျှင် ကျပ်(၃၅၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက အာလူး(အလုံးကြီး)ရှယ် တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့်ဈေးနှုန်းမြင့်တက်ပြီး အာလူး(အလုံးလတ်)နှင့် အာလူး(အလုံးသေး)မှာ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေကြောင်း သိရှိရပါသည်။

          ဈေးနှုန်းသုံးသပ်ချက်မှာ အာလူးသည် မိုးရာသီကာလဖြစ်သော်လည်း ကုန်အဝင်ပုံမှန် ရှိနေသဖြင့် ဈေးနှုန်းအနည်းငယ် အပြောင်းအလဲရှိနိုင်သော်လည်း လက်ရှိတွင် ပခုက္ကူအာလူးသီး ဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း မြို့မဈေးအာလူးပွဲရုံများထံမှ သိရှိရပါသည်။

DOCA(မကွေး)

နာနတ်သီးစိုက်တောင်သူများဈေးကောင်းရနေ

    ကချင်ပြည်နယ်တွင် နာနတ်သီးများကို မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်း ဒေသများတွင် စီးပွားဖြစ်အများဆုံးစိုက်ပျိုးကြပြီး အိမ်ခြံဝန်းများအတွင်း၌ တနိုင်တပိုင် စိုက်ပျိုးကြ ပါသည်။ ကချင်ပြည်နယ်တွင် နာနတ်ကို ဒေသမျိုးအပြင် အသီးအရွယ်ကြီးမားပြီး အသားထူအရည် ရွှမ်းကာ သယ်ယူပို့ဆောင်ရေးဒဏ်ခံနိုင်သည့် ထိုင်းမျိုး  “ smooth Cayenne” နှင့်Queen” မျိုးတို့ကို လည်း စိုက်ပျိုးကြကြောင်းသိရပါသည်။ ကချင်ပြည်နယ်တွင် စိုက်ပျိုးသည့် နာနတ်သီးများအနက် မြစ်ကြီးနားဒေသထွက် နာနတ်သီးသည် အရသာချိုမွှေး၍ ချက်ဆံတိမ်သောကြောင့် စျေးကွက်အတွင်း နာမည်ရလျက်ရှိပြီး မြစ်ကြီးနားမြို့ရှိ မန်ခိန်၊ ရွှေပြည်သာ၊ နန့်ကျင်၊ နောင်နန်း၊ ရွှေစက် ရပ်ကွက်တို့တွင် ခြံများ၊ ယာခင်းများတွင် အများဆုံးစိုက်ပျိုးကြပါသည်။

     နာနတ်စိုက်ပျိုးရေးအတွက် သဲဆန်သောမြေ၊ နှုန်းမြေ၊  ဂဝံမြေနီများသည် အသင့်တော်ဆုံးမြေ များဖြစ်သည်။နာနတ်စိုက်ပျိုးနည်းစနစ်မှာ စိုက်ကျင်းပြုလုပ်စိုက်ပျိုးခြင်းနှင့် ထည်ရေးမြောင်းပြုလုပ် ၍ စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြပြီး ကချင်ပြည်နယ်တွင် ထည်ရေးမြောင်း ပြုလုပ်စိုက်ပျိုး နည်းသာ အများစု အသုံးပြုစိုက်ပျိုးလေ့ရှိပါသည်။စိုက်ပျိုးရာတွင်(၁၂ လက်မ- ၁၆လက်မ) အနက်ရှိ ထည်ရေးမြောင်း အတွင်း အပင်စိုက်ပျိုးကြ၍ စိုက်စနစ်အားလုံးအတွက် ပင်ကြား (၁၀ လက်မ) တန်းကြား (၂၄ လက်မ) စိုက်မြောင်းအကွာအဝေး (၃၆ လက်မ)ဖြင့် စိုက်ပျိုးလျှင် တစ်ဧက အပင်အရေအတွက် (၂၄၀၀၀ မှ ၃၀၀၀၀ အထိ) ဝင်ဆံ့စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးချိန်ပုံမှန်ခြား၍ ဇူလိုင်လ မှ ဒီဇင်ဘာလ အထိ စိုက်ပျိုးခြင်းဖြစ် ဆောင်ရွက်နိုင်ပြီး အပင်စိုက်ပြီး(၁၀-၁၂)လအကြာတွင် ပန်းပွင့်ကာ(၁၅-၁၈)လအကြာတွင် ရိတ်သိမ်း နိုင်သော အဆင့်သို့ရရှိနိုင်ပါသည်။ စိုက်ပျိုးသည့်မျိုး၊ စိုက်ပျိုးစနစ်၊ စိုက်ပျိုးသည့်‌ဒေသနှင့် သက်တမ်း လိုက်၍ တစ်ဧကအထွက်နှုန်း အသီးအရေအတွက် ၂၅၀၀၀ မှ ၃၂၀၀၀(တန်ချိန် ၁၃ တန် မှ ၁၆ တန်)အကြား ထွက်ရှိကြောင်း နာနစိုက်ပျိုးသူတစ်ဦးထံမှ သိရှိရပါသည်။

    မြစ်ကြီးနားဒေသထွက် နာနတ်သီးများသည် ဇူလိုင်လတွင် လှိုင်လှိုင်ထွက်ရှိကာ သီးနှံကုန် သည်များအနေဖြင့် အခင်းပြတ်ဝယ်ယူမှုရှိသလို အလုံးလိုက် ဝယ်ယူမှုများလည်းရှိပါသည်။ အခင်း ပြတ်ဝယ်ယူရာတွင် အခင်းအတွင်း အသီးအရေအတွက်ပေါ်မူတည်၍ အပင်ရေ (၁၀၀၀၀)ပါ အခင်း ကွက်အား ငွေကျပ်(၁၃,၀၀၀,၀၀၀)ကျပ် မှ (၁၄,၀၀၀,၀၀၀) ကျပ်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း၊ အလုံး လိုက်ဝယ်ယူရာတွင် အလုံးအကြီးအသေးရောရာ တစ်လုံးလျှင် (၁၄၀၀)ကျပ်မှ (၁၅၀၀)ကျပ် အထိ ဝယ်ယူရကြောင်း၊ အခင်းပြတ်ဝယ်ယူရာတွင် အလုံးလိုက် ဝယ်ယူသည့်စျေးနှုန်းထက် လျော့နည်းရခြင်းမှာ ရိတ်သိမ်းခူးဆွတ် လုပ်သားခကိုခုနှိမ် ဝယ်ယူခြင်းကြောင့် ဖြစ်ကြောင်း၊ အသီးပေါ်ရှိ အပင် Crown ပါသည့်အသီးကို ခူးဆွတ်ပါက (၁၀) ရက်မှ (၁၅) ရက် အထိ အပျက်အဆီးမရှိ ထားသိုနိုင် ကြောင်း သီးနှံကုန်သည်တစ်ဦးထံမှသိရပါသည်။ မြစ်ကြီးနားမြို့ နာနတ်သီးလက်လီစျေးအနေဖြင့် အလုံးကြီးတစ်လုံးလျှင် ၂၅၀၀ ကျပ် အလုံးလတ်တစ်လုံးလျှင် ၂၀၀၀ ကျပ် အလုံးသေးတစ်လုံးလျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်နှစ် နှင့်နှိုင်းယှဉ်ပါက တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်း နာနတ်သီးရောင်းချသူတစ်ဦးထံမှ သိရပါသည်။

     မြစ်ကြီးနားနာနတ်သီးကို စျေးကွက်အတွင်းရှိ သစ်သီးအရောင်းဆိုင်များ၊ စျေးများတွင် လက်လီ ရောင်းချလျက်ရှိသလို ‌ဒေသအတွင်း MSMEလုပ်ငန်းရှင်များကလည်း ဒေသတွင်းထွက်ရှိသော နာနတ်သီးများကို နာနတ်သီးဖျော်ရည်၊ နာနတ်သီးခြောက်၊ သကြားမပါသောနာနတ်သီးယို၊ နာနတ်သီး ဝိုင်(Pineapple Wine)  များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ ‌စျေးကွက်ထိုးဖောက်နိုင်ရေး ဆောင်ရွက်လျက်ရှိနေသောကြောင့် နာနတ်သီးစိုက် တောင်သူများ ဈေးကောင်းရရှိ၍ အကျိုးအမြတ် ရရှိလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

      

ပြည်မြို့ရှိပွဲရုံများနှင့်ဈေးကွက်များတွင် ဆီထွက်သီးနှံဈေးများ၏ဈေးနှုန်းဈေးကွက်

                  ပြည်ဈေးကွက်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့် မြေပဲဆန် များမှာ မိုးနှမ်းနှင့် မိုးမြေပဲများစိုက်ပျိုးချိန်ဖြစ်၍ ဝင်ရောက်မှုမရှိခြင်း၊ ဒေသတွင်း လည်း လာရောက်ရောင်းချခြင်းမရှိ၍ ယခင်လက်ကျန်များဖြင့်သာ အရောင်း အဝယ်ဖြစ် လျက်ရှိပါ သည်။ မြေပဲဆန်မှာ ဝယ်လိုအား ရှိသော်လည်း ပစ္စည်းလက်ကျန်နည်းနေသည့်အတွက် ဈေးများမြင့် တက်လာသလို နှမ်းသီးနှံမှာ လည်း နောက်ထပ်(၁)လခွဲအကြာတွင် ထွက်ပေါ်လာမည်ဖြစ်သည်ဟု သိရပါသည်။ ယခုအချိန်တွင်  လူအများမှာ မြေပဲဆီနှင့် နှမ်းဆီကို ဝယ်ယူစားသုံးကြသည့်အတွက် ဆီစက်သမားများကလည်း နှမ်းနှင့်မြေပဲကိုဆီကြိတ်ရန်အဝယ်ရှိသဖြင့် သီးနှံများ ထွက်ပေါ်မှု မရှိသေးဘဲ စပ်ကူးမတ်ကူး အချိန်ဖြစ်၍ ဈေးနှုန်းများမြင့်တက်လာသည်ဟု သိရပါသည်။ ယခု အပတ်ဖြစ်သော ဇူလိုင်လ နောက်ဆုံးပတ်တွင် မြေပဲဆီဆန်(အဖြူ)တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ (အနီ)တစ်ပိဿာ လျှင် (၁၀၀၀၀)ကျပ် နှင့် မြေပဲလုံးဆန်(အဖြူ)တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ဖြင့် ရောင်းချသလို ဈေးကွက်များတွင် မြေပဲကြော်စားရန်အတွက် ရောင်းချသော မြေပဲဆန်ဈေးမှာ နို့ဆီဘူးတစ်ဘူးလျှင် (၁၇၀၀)ကျပ်ဖြင့် ရောင်းချ လျှက်ရှိပါသည်။ နှမ်းဈေးမှာ ဈေးကွက်တွင် ပစ္စည်းပြတ်နေသော်လည်း ဈေးသာဖြစ်နေ၍ နှမ်းနီ တစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၁၃၀၀၀၀)ကျပ် နှင့် စမုံနက်နှမ်းတစ်တင်းလျှင် (၁၆၀၀၀၀)ကျပ်ဖြင့် ဈေးဖြစ်ပြီး ရံဖန်ရံခါသာအရောင်းအဝယ်ဖြစ်လျှက်ရှိသည်ဟု သိရပါသည်။

          ပြည်ဈေးကွက်ဖြစ်ပေါ်ခဲ့သော ဆီထွက်သီးနှံဈေးနှုန်းများအား ၂၀၂၅ခုနှစ်နှင့် ၂၀၂၆ခုနှစ်  (၂)နှစ် အလိုက် နှိုင်းယှဉ် ကြည့်မည်ဆိုလျှင်-

စဉ်

အမျိုးအမည်

ရေတွက်

ပုံ

၂၀၂၅ခုနှစ်

၂၀၂၆ခုနှစ်(ဇန်နဝါရီလမှ

ဇူလိုင်လနောက်ဆုံးပတ်)

အနိမ့်

အမြင့်

အနိမ့်

အမြင့်

မြေပဲဆန်(လုံးဆန်)

ပိဿာ

၇၄၀၀

၁၀၀၀၀

၉၂၀၀

၁၃၀၀၀

မြေပဲဆန်(ဆီဆန်)

ပိဿာ

၆၈၀၀

၈၈၀၀

၉၀၀၀

၁၂၀၀၀

နှမ်းနီ

တင်း

၁၁၀၀၀၀

၁၂၀၀၀၀

၁၁၀၀၀၀

၁၂၀၀၀၀

နှမ်းနက်

တင်း

၁၇၀၀၀၀

၂၂၀၀၀၀

၁၃၀၀၀၀

၁၇၃၀၀၀

စမုံနက်နှမ်း

တင်း

၂၀၀၀၀၀

၂၅၀၀၀၀

၁၆၀၀၀၀

၂၂၀၀၀၀

          အထက်ပါဇယားကိုကြည့်ခြင်းအားဖြင့် မြေပဲ(လုံးဆန်)ဈေးမှာ ယခင်နှစ်ထက်ယခုနှစ်မှာ ဈေးအနည်းပိုလာခဲ့သလို (ဆီဆန်)ဈေးမှာလည်း ယခုနှစ်မှာဈေးမြင့်တက်လာခဲ့ပါသည်။ နှမ်းနီဈေးကိုယခင်နှစ်နှင့်ယခုနှစ် နှိုင်းယှဉ်ကြည့်လျှင် ဈေးငြိမ်နေတာတွေ့ရပါသည်။ နှမ်းနက်နှင့် စမုံနက်နှမ်း မှာ ယခုနှစ်တွင် ဈေးနှုန်းများကျဆင်းလာသည်ကို လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)  

မြိတ်ဒေသမှ ထွက်ရှိသည့် သီဟိုဠ်စေ့ စျေးနှုန်း/စျေးကွက်

          မြိတ်ဒေသတွင် ဒေသထွက်ကုန်ဖြစ်သော ရာဘာ၊ သီဟိုဠ်၊ ဆီအုန်း၊ ကွမ်းသီးများစိုက်ပျိုးလျက်ရှိပြီး ပြည်တွင်းပြည်ပတင်ပို့လျက်ရှိရာ ဒေသထွက်ကွမ်းသီးစျေးနှုန်းများ ကျဆင်းလာကြောင်း သိရှိရပါသည်။ သီဟိုဠ်သီးကို မြိတ်ခရိုင်ရှိ မြို့နယ်များဖြစ်သော ပုလော၊ တနင်္သာရီ၊ ကျွန်းစု၊ ဘုတ်ပြင်း မြို့နယ်များတွင် အများဆုံးထွက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတိုင်းတို့အား တင်ပို့ရောင်းချလျက်ရှိပါသည်။  ၎င်းတို့မှတစ်ဆင့် ဒေသထွက်များဖြစ်သည့် သီဟိုဠ်စေ့များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချကြပြီး ယခုအခါ အထွက်နှုန်းကောင်းမွန်ခြင်းနှင့် ဝယ်လိုအားတိုးလာခြင်းတို့ကြောင့် မြိတ်ဒေသထွက် သီဟိုဠ်စေ့များ စျေးနှုန်းတက်လာ‌ကြောင်း သိရှိရပါသည်။ ယခင်နှစ်က သီဟိုဠ်စေ့တစ်ပိဿာ စျေးနှုန်း ၄၅၀၀၀ ကျပ်ခန့် ပတ်လည်ဝန်းကျင်ရှိရာမှ ယခု စျေးနှုန်းတစ်ပိဿာ စျေးနှုန်း ၆၀၀၀၀ ကျပ် ခန့်ထိ စျေးတက်သွားကြောင်း သိရှိရပါသည်။ ယခုလအတွင်း သီဟိုဠ်စေ့လုပ်ငန်းလုပ်ကိုင်သူခန့်မှန်း ပြောကြားချက်အရ တစ်ပိဿာလျှင် ၇၀၀၀၀ ကျပ်ခန့်အထိ စျေးတက်သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၂၈)ရက်နေ့တွင် မြိတ်မြို့၌ သီဟိုဠ်စေ့ တစ်ပိဿာလျှင် ၆၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း