မြိတ်ဒေသတွင် စိုက်ပျိုးဖြစ်ထွန်း ဝင်ငွေရရှိလျက်ရှိသော ရုံးပတီသီး

Powered by Drupal

         ရုံးပတီသီးသည် မြန်မာတို့၏ နေ့စဉ်ဟင်းလျာများတွင် မရှိမဖြစ်ပါဝင်သော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပါသည်။ ဗီတာမင်၊ အမျှင်ဓာတ်နှင့် အချွဲဓာတ်တို့ ကြွယ်ဝစွာပါဝင်သဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည့်အပြင် ရာသီမရွေး စိုက်ပျိုးရလွယ်ကူသော အပင်မျိုးလည်း ဖြစ်ပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ဥယျာဉ်ခြံမြေများတွင် ဒေသခံ တောင်သူများသည် မိသားစုအလိုက်နေ့စဉ်ဝင်ငွေပုံမှန်ရရှိသည့် ရုံးပတီသီးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို စီးပွားဖြစ်လည်းစိုက်ပျိုးကြရာဖြစ်ထွန်းမှုရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

       ရုံးပတီသီးသည်စိုက်ပျိုးရာတွင် စိုက်ပျိုးစရိတ်စဂသက်သာခြင်း၊ ပြုစုရလွယ်ကူခြင်းနှင့် ရာသီမရွေး၊ မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်သောကြောင့် ဒေသခံတောင်သူများသည်အဓိကအားထား၍ စိုက်ပျိုးသော သီးနှံတစ်မျိုးဖြစ်သည်။ ရုံးပတီသီးသည် စိုက်ပျိုးရာတွင် ဦးစွာ ရုံးပတီစေ့များသည် အခွံမာသဖြင့် အပင်ပေါက်မြန်စေရန် စိုက်ပျိုးခြင်းမပြုမီ ရေနွေးနွေး သို့မဟုတ် ရိုးရိုးရေထဲတွင် ၁၂ နာရီမှ ၂၄ နာရီခန့် ကြိုတင်စိမ်ထားရပါသည်။ ရုံးပတီသီးပင်များကို တစ်ပင်နှင့်တစ်ပင်ကို ၁ ပေခွဲခန့်ခွာ၍ မြေအနက် ၁ လက်မခန့်တွင် မျိုးစေ့များကို မြှုပ်နှံစိုက်ပျိုးနိုင်ပြီး အတန်းလိုက် စိုက်ပျိုးပါက တစ်တန်းနှင့် တစ်တန်း ၂ ပေခွဲမှ ၃ ပေ ခန့် ခြား၍ စိုက်သင့်ပါသည်။

          ရုံးပတီသီးသည် စိုက်ပျိုးပြီး ရက်ပေါင်း ၅၀ ရက်မှ ၆၀(၂လခန့်)အကြာတွင် စတင်ဆွတ်ခူးနိုင်ပြီး နှစ်ရက်ခြားတစ်ကြိမ် ပုံမှန်ဆွတ်ခူးရောင်းချရသည်။ ရုံးပတီသီးများ အရမ်းမရင့်မှည့်မီ၊ အလျား ၃ လက်မမှ ၄ လက်မခန့် ရှိချိန်သည် အသီး၏အနုဆုံးအချိန်ဖြစ်ပြီး စားသုံးရန် အကောင်း ဆုံးဖြစ်သည်။ ရုံးပတီသီးများကို ခူးဆွတ်ရာတွင် ကတ်ကြေး သို့မဟုတ် ဓားဖြင့်ညှပ်၍ ခူးရပါမည်။ ရုံးပတီသီးများကို ဆက်တိုက်မှန်မှန် ဆွတ်ခူးပေးခြင်းဖြင့် အပင်မှ အသီးအသစ်များ ပိုမိုထွက်ရှိလာစေပါသည်။ မြိတ်မြို့၌ ရုံးပတီသီး(၁)ပိဿာလျှင် ၁၅၀၀၀ခန့် ဈေးရှိကြောင်း မြေပြင်သတင်းအရင်းမြစ်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)