ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျိုက်မရော ဒေသထွက် ယိုးဒယားဒူးရင်းသီးမျိုးများ အထွက်နှုန်းကောင်း၍ စျေးကောင်းရနေ

 

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ ဒေသတွင်း စီးပွားဖြစ်စိုက်ပျိူးထားသော ယိုးဒယားဒူရင်းသီးများ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်ပြီး စျေးကွက်အတွင်း ဝယ်လိုအားမြင့်တက်လျက်ရှိသဖြင့် စျေးကောင်းရရှိနေကြောင်း သိရသည်။

    ယိုးဒယားဒူးရင်းသီးမျိုးများသည်အလုံးကြီးပြီး အသားထူ၍အရသာမှာလည်း ချိုမွှေး ကောင်းမွန်သဖြင့် အရည်အသွေးမြင့်မားသောကြောင့် စားသုံးသူများအကြား ကြိုက်နှစ်သက်မှုများသဖြင့် စီးပွားဖြစ်စိုက်ပျိုးသူများ ဝင်ငွေတိုးတက်နိုင်စေသည့်အပြင် စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်လျက်ရှိပါသည်။

    စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးစေသည့်အတွက် ယခင်ကထက် အဆိုပါဒူးရင်းသီးမျိုးများကို စိုက်ပျိုးသူ ပိုမိုများလာကြောင်းသိရှိရပြီး  ဒူရင်းသီးကို ကီလိုအချိန်ဖြင့်ရောင်းချနေပြီး ဒူးရင်းသီး တစ်ကီလိုလျှင် (၁၅၀၀၀) ကျပ်ဖြစ်ပြီး ဒူးရင်းသီးအကြီးတစ်လုံးကို ၄ ကီလို ၃ ကီလို အစားစားရှိသဖြင့် တစ်လုံးလျှင် (၃၀၀၀၀) ကျပ်မှ (၄၀၀၀၀) ကျပ်ထိ ရရှိသဖြင့် မိသားစု ဝင်ငွေတိုးပွားပီး ယခုနှစ်တွင် ယခင်နှစ်ကထက် စိုက်ပျိုးသူများပြီး ဒေသထွက်ကုန် တိုးလျက်ရှိကြောင်း ဒူးရင်းခြံပိုင်ရှင် ဦးစိုးမြင့်ထံမှ သိရသည်။

DOCA (မွန်)

“အုန်းသီးဈေးနှုန်းဈေးကွက်”

                  မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည့်အလျှောက် စီးပွားရေးလုပ်ငန်း ရှင်များသည် ယခုအခါရေရှည်၊ ရေတိုစီမံကိန်းများချမှတ်၍ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်လာကြသည်တွေ့ရှိရပြီး နှစ်ရှည်သီးပင်များဖြစ်သော အုန်းသီးပင်များကိုလည်းအလေးထား စိုက်ပျိုးလာကြပါသည်။ ဘက်စုံသုံး အုန်းသီးပင်ကို မြန်မာနိုင်ငံပင်လယ် ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများအဖြစ် အောက်ပြည်အောက်ရွာ၌သာမက အညာဒေသများမှာလည်း အုန်းသီးပင် များစိုက်ပျိုးထားသည်ကို တွေ့ရှိရကြောင်းသိရှိရသည် ။  အုန်းသီးစိုက်ပျိုးမှုအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၂၃)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၂)ဧက၊ မြစ်သားမြို့နယ်တွင် (၉၃)ဧက ၊ စုစုပေါင်း (၁၂၈)ဧက စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ အုန်းသီးများကို အုန်းသီးအညှာတံပါသည့် ဆွဲအုန်း(ခေါ်) အုန်းစို (ခေါ်)အုန်းစိမ်းနှင့်အခွံများခွာထားသည့်အုန်းပေါက်ဟူ၍ နှစ်မျိုးခွဲခြားရောင်းချရကြောင်း၊ အုန်းစိမ်းကို ဘုရားသာသနာပွဲများ၊ ရဟန်းသံဃာ ကန်တော့ပွဲများနှင့် သာရေး၊ နာရေးကန်တော့ ပွဲများတွင် လည်းကောင်း၊ မိရိုးဖလာ အိမ်တွင်းနတ်စင်များတွင် နတ်အုန်းအဖြစ်လည်းကောင်း ဝယ်ယူသုံးစွဲကြပြီး အုန်းပေါက်ကိုမူ အုန်းသီးဆံခြစ်၍ မြန်မာ့ရိုးရာမုန့်များတွင် ထည့်သွင်းအသုံးပြုခြင်းများ၊ အုန်းနို့ ထုတ်လုပ်ခြင်းများအတွက် ဝယ်ယူလေ့ရှိကြောင်း၊ အုန်းသီးဈေးနှုန်းများအနေဖြင့် နတ်တင်အုန်း တစ်လုံးလျှင် အလုံးအကြီးအသေးပေါ်မူတည်၍ (၅၀၀၀-၆၀၀၀) ကျပ်၊ အုန်းစိမ်းနုတစ်လုံးလျှင် (၁၅၀၀-၂၀၀၀)ကျပ်၊ အုန်းပင်ပေါက် တစ်ပင်လျှင် အပင်အကြီးအသေးပေါ်မူတည်၍ (၃၀၀၀-၅၀၀၀) ကျပ်အထိ ရောင်းဝယ်လျက်ရှိကြောင်း၊ အုန်းရည်တွင် အမိုင်နိုအက်ဆစ်၊ အင်ဇိုင်း၊ သံဓာတ်၊ ကယ်လစီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်ဓာတ် များပါဝင်နေသဖြင့် ခန္ဓာကိုယ်အတွက် ရေဓာတ် ဖြည့်တင်းပေးခြင်း၊ ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ နှလုံးကိုကျန်းမာစေခြင်း၊ သွေးဖိအားကို ထိန်းညှိပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ကျောက်ကပ်ကို ကျန်းမာစေခြင်း၊ ဆံပင်ကိုအားဖြည့်ပေးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိကြောင်း၊ အုန်းသီးနုနု၏ အုန်းရည်သည် ပိုတက်စီယမ်၊ ဆိုဒီယမ်နှင့် ဂလူးကို့စ်ဓာတ်များ ပြည့်ဝစွာပါဝင်သည့်အတွက် အားကစားသမားများ နှင့်လေ့ကျင့်ခန်းပြုလုပ်ပြီးသူများ သောက်သုံးပါက ရေဓာတ်ကိုလျှင်မြန်စွာ ဖြည့်ဆည်းပေးနိုင်သဖြင့် အားအင်ပြန်လည်ပြည့်ဖြိုး လန်းဆန်းစေကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မြိတ်မြို့တွင် အာလူးဈေးနှုန်းမြှင့်တက်

           တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊မြိတ်မြို့သို့ အခြားဒေသများမှ အာလူးများ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး မြိတ်ဒေသတွင် အာလူးကို အဓိကအားဖြင့် ရှမ်းပြည်နယ်၊ အောင်ပန်း၊ ဟဲဟိုးနှင့် ပြင်ဦးလွင်ဒေသများမှ ကုန်တင်ယာဉ်များဖြင့် တင်သွင်းလျက်ရှိပြီး ဒေသတွင်း စျေးကွက် အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။ အာလူးများ ပုံမှန်ဝင်ရောက်မှုများရှိပြီး ဝယ်လိုအားလည်းကောင်းမွန်လျက်ရှိသလို အာလူးအရည်အသွေး၊ အရွယ်အစားနှင့် သယ်ယူပို့ဆောင် စရိတ်များအပေါ်မူတည်၍ စျေးနှုန်းအတက်အကျရှိသော်လည်း အများအားဖြင့် တည်ငြိမ်လျက်ရှိကြောင်း၊ ယခုကာလအတွင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပုံမှန်လည်ပတ်နိုင်မှုကြောင့် ကုန်စည်စီးဆင်းမှုများ အဆင်ပြေချောမွေ့လျက်ရှိသလို လာမည့်ကာလများတွင်လည်း အာလူးဝင်ရောက်မှု ဆက်လက်တည်ငြိမ်နိုင်မည်ဆိုပါက မြိတ်ဒေသရှိ ပြည်သူများအနေဖြင့် အာလူးကို နေ့စဉ်စားသုံးကုန်တစ်မျိုးအဖြစ် အသုံးပြုလျက်ရှိရာ ‌စျေးကွက်အတွင်း ပုံမှန်ဝင်ရောက်မှုရှိခြင်းသည် ဒေသအတွင်း စားသောက်ကုန်ဖူလုံရေးအတွက် များစွာအထောက်အကူပြုလျက်ရှိကြောင်း သိရှိရပါသည်။  လက်ရှိတွင် အာလူးစားသုံးမှု မြှင့်တက်နေခြင်းကြောင့် လက်ကားနှင့်လက်လီ‌ စျေးကွက်များ၌ ဝယ်လိုအားကောင်းနေပြီး စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် အိမ်ထောင်စုများမှ ပုံမှန်ဝယ်ယူ အသုံးပြုလျက်ရှိသလို အထူးသဖြင့် အကြော်လုပ်ငန်းများနှင့် အာလူးအခြေခံထုတ်လုပ်သူများ၏ ဝယ်လိုအားများကြောင့် စျေးကွက်အတွင်း ရောင်းအားကောင်းလျက်ရှိပြီး မြိတ်မြို့ရှိ စည်ပင်သာယာစျေးကြီးများနှင့် အခြားသောရပ်ကွက်စျေးများတွင် ရောင်းချနေသာ စျေးနှုန်းများအရ အာလူးတစ်ပိဿာလျှင် ကျပ် (၆၀၀၀)ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့နယ်ရှိ ခဝဲသီးဈေးနှုန်း/ ဈေးကွက်

            တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိသားစု အပိုဝင်ငွေရရှိစေရန်အတွက် တွဲဖက်သီးနှံအဖြစ်လည်းကောင်း၊ တစ်ပိုင်တစ်နိုင် အိမ်ခြံဝန်းအတွင်း၌ လည်းကောင်း စိုက်ပျိုးထားကြသည့် ရာသီစာ ခဝဲသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ ဆွတ်ခူး ရောင်းချနေရပြီဖြစ်၍ စိုက်ပျိုးသူတောင်သူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။ သီးနှံများထဲမှ ခဝဲသီးနှံကို အများအားဖြင့် မိရိုးဖလာနည်းလမ်းများအတိုင်း စိုက်ပျိုးကြသော်လည်း မေလနှင့် ဇွန်လများတွင် ပိုမိုစိုက်ပျိုးကြောင်းလည်း သိရှိရပါသည်။ စိုက်ပျိုးရာတွင် အစိုဓာတ်ထိန်းသိမ်းနိုင်ရန် နုံးမြေ၊ နွားချေး၊ မြေဆွေးတို့ဖြင့် စနစ်တကျ မြေပြုပြင်ကာစင် တင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် စိုက်ပျိုးမှုအပေါ်မူတည်၍ ကုန်ကျစရိတ်ကွာခြားမှုရှိသော်လည်း ခဝဲသီးနှံသည် အရင်းအနှီးနည်းပါးသော သီးနှံဖြစ်ပါသည်။ မျိုးစေ့ဖိုး၊ စင်ဆောက်ရန် ဝါးနှင့် နိုင်လွန်ကြိုးဖိုး၊ သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေးဖိုး စသည်တို့ဖြစ်သည်။ စိုက်ခင်းတစ်ခုအတွက် ပျမ်းမျှအားဖြင့် ငွေကျပ် သောင်းဂဏန်းမှ သိန်းဂဏန်း ဝန်းကျင်သာ ကုန်ကျလေ့ရှိသဖြင့် အခြေခံတောင်သူများ အလွယ်တကူ စိုက်ပျိုးနိုင်သည့် သီးနှံဖြစ်သည်။ ခုလို မိုးဦးကျကာလမှာ ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းရကာ နေ့စဉ် ဒါမှမဟုတ် ရက်ခြား ဝင်ငွေရရှိနေကြာင်း၊ အိမ်စရိတ်အတွက်တင်မကဘဲ မိသားစုအပိုဝင်ငွေပါရရှိ၍ အဆင်ပြေနေကြောင်း မြိတ်မြို့နယ်မှ သီးနှံစိုက်ပျိုးတောင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

        လက်ရှိအချိန်တွင် မြိတ်မြို့မဈေးနှင့် အနီးနားရှိဒေသဈေးကွက်များ၌ ခဝဲသီးကို အသီးအရွယ် အစားနှင့် အနုအရင့်အပေါ်မူတည်ပြီး  တစ်တောင့်လျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိ ရောင်းချနေကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဘီးလင်းဒေသတွင် ဒူးရင်းသီးများဈေးကောင်းရရှိပြီး ဈေးကွက်၌ အရောင်းအဝယ်သွက်လက်လျက်ရှိ

          မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ဒေသထွက် ဗမာဒူးရင်းသီးများသည် ဇွန်လမှ စတင်၍ ဈေးကွက်အတွင်း ဝင်ရောက်ထွက်ပေါ်လာခဲ့ပြီး ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် အများဆုံး လှိုင်လှိုင်ထွက်ရှိလျက်ရှိကြောင်း သိရသည်။

          ဘီးလင်းမြို့နယ်ရှိ အလူးလေးကျေးရွာ၊ အလူးကြီးကျေးရွာ၊ ပိုင်ဒယ်ကျေးရွာ၊ နတ်ကြီးကျေးရွာနှင့် မဲပိုင်ကျေးရွာတို့မှ ဒူးရင်းသီးခြံပိုင်ရှင်များသည် ၎င်းတို့ စိုက်ပျိုးထွက်ရှိ သည့် ဒူးရင်းသီးများကို ဘီးလင်းမြို့ပေါ်သို့ တိုက်ရိုက်လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဘီးလင်းမြို့ရှိ ဒူးရင်းသီးရောင်းချသူများကလည်း အဆိုပါကျေးရွာများသို့ သွားရောက်ဝယ်ယူပြီး မြို့ပေါ်ဈေးကွက်တွင် ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

          လက်ရှိတွင် ဒူးရင်းသီးများမှာ အရွယ်အစားအလိုက် အသေးတစ်လုံးလျှင် ကျပ် ၇၀၀၀ ဝန်းကျင်မှ အကြီးတစ်လုံးလျှင် ကျပ် ၂၀၀၀၀ ဝန်းကျင်အထိ ဈေးကောင်းရရှိလျက် ရှိပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။ ဒူးရင်းသီးများ ဈေးကောင်းရရှိကာ အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိသည့်အတွက် ဘီးလင်းမြို့နယ်ရှိ ဒူးရင်းသီးစိုက်ပျိုးသူများ နှင့် ခြံပိုင်ရှင်များအတွက် ဝင်ငွေအဆင်ပြေလျက်ရှိကြောင်း ဒေသခံစိုက်ပျိုးရောင်းချသူများ ထံမှ သိရသည်။

       ဘီးလင်းမြို့ပေါ်တွင် လာရောက်ရောင်းချသည်များရှိသကဲ့သို့ ဘီးလင်းမြို့မှ ဒူးရင်းသီး ရောင်းချသူများမှလည်း ထိုကျေးရွာများသို့ သွားရောက်ဝယ်ယူ၍ ဘီးလင်းမြို့တွင် ပြန်လည်ရောင်းချသူများလည်းရှိကြောင်း၊ ဒူးရင်းသီးတစ်လုံးလျှင် အရွယ်အစားအလိုက် အသေး တစ်လုံးလျှင် (၇၀၀၀) ကျပ်၊ အကြီးတစ်လုံးလျှင် ပျမ်းမျှအားဖြင့် (၂၀၀၀၀) ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ထွန်းနေပြီး ဈေးကောင်းရရှိ၍ အရောင်းသွက်သော ကြောင့် ဘီးလင်းမြို့နယ်မှ ဒူးရင်းခြံပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA (မွန်)

ပခုက္ကူမြို့၏ နာနတ်သီးဈေးနှုန်းအခြေအနေ

       ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် နာနတ်သီးများလှိုင်လှိုင်ပေါသော ရာသီဖြစ်ပြီး  ရှမ်းပြည်(မြောက်ပိုင်း)ဒေသဖြစ်သည့် ကွတ်ခိုင်၊ နောင်ချို၊ သီပေါ၊ ကျောက်မဲတို့မှ အများဆုံးထွက်ရှိကြောင်း သိရှိရသည်။ ၎င်းဒေသတို့မှထွက်ရှိသော နာနတ်သီးများကို မြန်မာပြည်အနှံ့အပြား သို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပြီး ပခုက္ကူဈေးကွက်သို့ သီပေါနှင့် ကျောက်မဲမြို့တို့မှ နာနတ်သီးများ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

      ပခုက္ကူမြို့၏အနောက်ဘက် ပန်းခြံဈေး၊ မြို့မစည်ပင်သာယာဈေးနှင့် သစ်သီးဆိုင်များတွင် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ဈေးနှုန်းအနေဖြင့် နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်(၃၅၀၀-၄၀၀၀)၊ အလတ်တစ်လုံးလျှင် ကျပ်(၂၅၀၀)၊ အသေးတစ်လုံးလျှင် ကျပ်(၂၀၀၀)ဖြင့် အရွယ်အစားကိုလိုက်၍ ရောင်းချလျက်ရှိကြောင်း၊ ဝင်ရောက်လာသော နာနတ်သီးများကို လက်လီရောင်းချနေသော ဈေးသည်များကလည်း တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          နာနတ်သီးသည် အမျှင်ဓါတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေသည့်အပြင် သွေးအတွင်း မကောင်းသော အဆီဓာတ်များကိုပါ လျော့ချနိုင်သောကြောင့် သွေးတိုးရောဂါဖြစ်ပွားခြင်းများကိုလည်း လျှော့ချပေးနိုင်ကြောင်း၊ ထို့ပြင် မျက်စိအမြင်အာရုံကို အထောက် အကူဖြစ်စေသော ကျန်းမာရေးဆေးဖက်ဝင် သီးနှံတစ်မျိုးဖြစ်သည့်အပြင် ဖျော်ရည်ပြုလုပ်ရာတွင် လည်းကောင်း၊ လတ်ဆတ်စွာစားသုံးရသောကြောင့် ဝယ်ယူစားသုံးမှုများကြောင်း ဈေးကွက်မှ သိရှိရသည်။

          စားသုံးသူများအနေဖြင့် နာနက်သီးဝယ်ယူရာတွင် အရောင်လှပ၍ သဘာဝအနံ့ရှိပြီး ပုတ်သိုးခြင်း၊ မှိုတက်ခြင်းနှင့် ထိခိုက်ပျက်စီးမှုမရှိသော အသီးများကိုသာဝယ်ယူစားသုံးသင့်ကြောင်း၊ မစားသုံးမီ သေချာဆေးကြောသန့်စင်ပြီး သန့်ရှင်းလတ်ဆတ်သော အသီးများကိုသာ စားသုံးသင့်ကြောင်းနှင့် ဈေးနှုန်းများသည်လည်း သယ်ယူစရိတ်ပေါ်မူတည်၍ ပြောင်းလဲနိုင်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပြည်ပပို့ကုန်နှင့် ပြည်တွင်းစားသုံးမှုအားကောင်းသော ကုလားပဲများ ဈေးကောင်းရနေ

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်သို့  ပခုက္ကူမြို့နယ်အတွင်းရှိ ကုလားပဲ အဓိက စိုက်ပျိုးထုတ်လုပ်သည့် ကျွန်းရွာများဖြစ်သော ပခုက္ကူကျွန်း၊ ကျွန်းဦး၊ ကျွန်းညို၊ မြင်းကျွန်း၊ ကုက္ကိုလှ၊ သင်္ဘောကုန်း၊ ဘောလုံးခုံကျေးရွာများမှ  အဓိက ဝင်ရောက်လျက်ရှိပါသည်။ ပခုက္ကူမြို့နယ် အပြင်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လျှင် အနီးပတ်ဝန်းကျင်ရှိ  မြိုင်မြို့နယ်နှင့် ရေစကြိုကျွန်း ဒေသများမှလည်း လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ပခုက္ကူကုန်စည်ဒိုင်တွင် ဝင်ရောက်သော အဓိကကုလားပဲအမျိုးအစားများမှာ ကုလားပဲဝါ (929) ကုလားပဲ (HL) နှင့် ကုလားပဲဖြူ (V6)တို့ ဖြစ်ကြသည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (ဒုတိယပတ်) တွင် အရောင်းအဝယ်ဖြစ်သော ဈေးနှုန်းမှာ ကုလားပဲ 929  တစ်တင်းလျှင် ကျပ် (၇၅၅၀၀) ကုလားပဲ HL တစ်တင်းလျှင် ကျပ်(၇၃၀၀၀) ကုလားပဲ (V6) တစ်တင်းလျှင် ကျပ်(၇၀၅၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ကျပ်(၂၅၀၀)ဈေးမြင့်တက်လာ ကြောင်း သိရှိရပါသည်။

          ဈေးနှုန်းမြင့်တက်ရခြင်းမှာ ကုလားပဲသည် ပြည်တွင်း၌ အခြေခံစားသောက်ကုန် (ပဲမှုန့်၊ ပဲကြော်၊ မုန့်ဟင်းခါးချက်ခြင်း)နှင့် မုန့်ပဲသရေစာလုပ်ငန်းများတွင် အဓိကအသုံးပြုရသဖြင့် ပြည်တွင်းစားသုံးမှုနှင့် လုပ်ငန်းသုံးဝယ်လိုအား နေ့စဉ်ပုံမှန် ဝယ်လိုအားရှိခြင်း၊ ပြည်ပပို့ကုန် (အိန္ဒိယ) ပဲလိုအပ်ချက်ကြောင့် ပို့ကုန်ဈေးကွက်အားကောင်းနေခြင်း၊  ယခုကာလသည် ကုလားပဲ အသစ်ပေါ်ချိန် (ဖေဖော်ဝါရီ/မတ်လ)မဟုတ်ဘဲ သိုလှောင်ထားသည့် ပဲဟောင်းများသာ ကုန်စည်ဒိုင် သို့ ဝင်ရောက်သဖြင့် လှောင်လက်များနှင့် ကုန်သည်များလက်ထဲတွင် ပဲလက်ကျန်နည်းပါး လာခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်သည်။ ဈေးကွက်အလားအလာအနေဖြင့် လာမည့်လများအထိ ပြည်တွင်းစားသုံးမှုအပြင် ပို့ကုန်ဝယ်လိုအား ဆက်ရှိနေဦးမည်ဖြစ်သဖြင့် ကုလားပဲ ဈေးနှုန်းကျဆင်းရန်ခဲယဉ်းပြီး လက်ရှိဈေးတွင် ခိုင်မာနေနိုင်သည်ဟု ကုန်သည်များ၏ သုံးသပ်ချက်အရ သိရှိရပါသည်။

DOCA(မကွေး)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် နနွင်းများစိုက်ပျိုးလာ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် စားဖိုဆောင်သီးနှံ တစ်မျိုး ဖြစ်သော နနွင်းကို ၂၀၂၃ ခုနှစ်မှ စ၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရ သည်။

          နနွင်းသီးနှံသည် ဇွန်လနှင့် ဇူလိုင်လများတွင် စတင်စိုက်ပျိုး၍ ဖေ‌ဖော်ဝါရီလတွင် ထွက်ပေါ် သည်။ စိုက်ပျိုးမှုအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးခြင်းမရှိဘဲ အခင်း၊ ခြံစည်းရိုးတွင် ဘောင်ခတ် စိုက်ပျိုးကြသည်။ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၅ သိန်းဝန်းကျင်ကုန်ကျမည်ဖြစ်သည်။ တစ်ဧကလျှင် နနွင်းပင် နှစ်ပေခြားဖြင့် နှစ်သောင်းခန့် စိုက်ပျိုးနိုင်မည်ဖြစ်ပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် နနွင်းအခြောက် ပိဿာချိန်(၇၀၀-၈၀၀) ခန့်ထွက်ရှိကြောင်းနှင့် ရာသီဥတုနှင့် ပိုးမွှားကင်းစင်မှုအပေါ် မူတည်၍  အထွက်နှုန်းကောင်းမွန်ကြောင်း သိရ သည်။

          သီးနှံပေါ်စအချိန်တွင် နနွင်းတက် တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀-၁၀၀၀၀ ဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် နနွင်းတက်များကို ကျေးရွာများတွင် အမှုန့်ကြိတ်စက်ဖြင့် ကြိတ်၍ နနွင်းမှုန့် စစ်စစ်ရောင်းချခြင်း၊ မုံရွာမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချခြင်းများရှိပါကြောင်း၊  အကျိုးအမြတ် အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၄၀ သိန်းခန့် ရရှိကြောင်း၊ နနွင်းစိုက်ပျိုး ခြင်းသည် နနွင်းတက်များ သာမက နနွင်းဖူးများပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများ ရရှိ၍ အဆင်ပြေ လျက်ရှိပြီး နနွင်းစိုက်ခင်းများလည်း အောင်မြင်ဖြစ် ထွန်းလျက် ရှိကြောင်း  နနွင်းကုန်သည်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သည် မိသားစုဝင်ငွေတိုးပွားစေရန်နှင့် သီးနှံပုံမှန်ဝင်ငွေရရှိစေရန်အတွက် နွေနှမ်းကို အားထား စိုက်ပျိုးကြရာ ယခုနှစ်တွင် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဆွတ်ခူးရိတ်သိမ်း ချိန်တွင် ဈေးကောင်းရရှိရန် မျှော်မှန်းလျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့နယ်တွင် နွေနှမ်းကို အများအားဖြင့် ဖေဖော်ဝါရီလလယ်နှင့် မတ်လအတွင်းတွင် စတင်မြေပြုပြင်၍ ကြဲပက်စိုက်ပျိုးကြသည်။ ဆည်ရေသောက်စနစ်ဖြင့်လည်းကောင်း၊ မြေအောက် ရေ (အဝီစိတွင်းရေ) ကို အသုံးပြု၍လည်းကောင်း စိုက်ပျိုးကြပြီး သီးနှံသက်တမ်းမှာ ရက်ပေါင်း ၉၀ မှ ၁၀၀ ဝန်းကျင်ခန့် ကြာမြင့်တတ်သည်။ ယခုနှစ်တွင် စိုက်ပျိုးစရိတ်များဖြစ်သည့် စက်သုံးဆီဈေး၊ သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ၊ လုပ်အားခများ မြင့်တက်လာမှုကြောင့် နွေနှမ်းတစ် ဧကလျှင် စိုက်ပျိုးစရိတ် ကျပ် ၅၀၀၀၀၀ သိန်းကျော် ကုန်ကျကြောင်းသိရသည်။ မျိုးစေ့ဖိုး၊ ထွန်ယက်ခ၊ ရေတင်စရိတ်နှင့် ပေါင်းမြက်ရှင်းလင်းခတို့အပေါ် မူတည်၍ ကုန်ကျစရိတ် ကွာခြားမှု ရှိနိုင်ကြောင်း သိရသည်။

    နွေနှမ်းများကို မေလနှောင်းပိုင်းနှင့် ဇွန်လအတွင်းတွင် စတင်ရိတ်သိမ်းကြသည်။ ရာသီဥတု အခြေအနေနှင့် စနစ်တကျ ပြုစုပျိုးထောင်နိုင်မှုအပေါ် မူတည်၍ ပျမ်းမျှအထွက်နှုန်း တစ်ဧကလျှင် ၁၂ တင်းမှ တင်း ၂၀ အထိ ထွက်ရှိလေ့ရှိသည်။ လက်ရှိကာလတွင် ဆီထွက်သီးနှံဈေးကွက်မှာ နှမ်းတစ်တင်းလျှင် ကာလပေါက်ဈေး ၁၂၀၀၀၀ ကျပ်ရရှိပြီး  တစ်ဧကလျှင် (၁၄)သိန်းကျော်ရရှိ၍  အကျိုးအမြတ်အနေဖြင့်  (၁၀)သိန်းဝန်းကျင်ခန့် ရရှိကြောင်း၊ ဈေးနှုန်းအတက်အကျနှင့် အထွက်နှုန်း ပေါ်မူတည်၍ အကျိုးအမြတ်ရရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

သရက်မြို့ နယ်ရှိကျေးရွာများမှ ထွက်ရှိသော ခြံထွက် ရခိုင်ငှက်ပျောသီး ဈေးနှုန်းဈေးကွက်အခြေအနေ

           မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ရှိ ကျောက်အိုင်၊ ရွာသစ်ကျေးရွာများမှ ထွက်ရှိသော ရခိုင်ငှက်ပျောသီးများ သရက်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီးနှင့် ငှက်ပျောသီး ဈေးဆိုင်များသို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

        ရခိုင်ငှက်ပျောပင်များကို (.၂၅) ဧက ပေါ်တွင် နွေရာသီတွင် စုစုပေါင်းငှက်ပျောပင်(၂၀၀)ခန့် စိုက်ပျိုးထားရှိကြောင်း၊ အပင်ကြီးမျိုးဖြစ်၍ တစ်ပင်နှင့် တစ်ပင် (၁၂ ပေ မှ၁၅ ပေ)အကွာ စိုက်ပျိုးထားရှိကြောင်း၊ရခိုင်ငှက်ပျောပျိုးပင်များ ဝယ်ယူစရိတ်၊ စိုက်ပျိုးခ၊ ပေါင်းသင်ရှင်းလင်း စိုက်ပျိုးခနှင့် သဘာဝမြေဩဇာမြေဆွေး(နွားချေး)တို့ အပါအဝင် စုစုပေါင်းကုန်ကျစရိတ်ကျပ် ()သိန်းခန့် ကုန်ကျကြောင်း၊ ယခုမိုးလယ်တွင်ရခိုင်ငှက်ပျောခိုင်များ ထွက်ရှိလျက်ရှိကြောင်း၊ နွေတွင်ရေပေးမှ အဆင်ပြေပြီး ထွက်အားနည်းကြောင်း၊ ယခုအချိန်တွင်ငှက်ပျောခိုင်များ တစ်ပတ် (သို့မဟုတ်) (၁၀) ရက်ခန့် အကြာတွင် အခိုင်(၂၀ မှ ၃၀)ထွက်ရှိပြီး သရက်မြို့ပေါ်ရှိငှက်ပျော လက်လီလက်ကားဆိုင်များသို့ တင်သွင်းရကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင်ရခိုင် ငှက်ပျောခိုင် (ဂျွန်) တစ်ခိုင်လျှင် ကျပ်(၁၂၀၀၀-၁၅၀၀၀)ဖြင့် ရောင်းချရကြောင်း ငှက်ပျောစိုက် တောင်သူတစ်ဦးထံမှသိရှိရပါသည်။ ငှက်ပျောစိုက်တောင်သူများမှာလည်း အပတ်စဉ်ဝင်ငွေရ၍ ရောင်းချသူငှက်ပျောသီး လက်ကားဈေးသယ်မှာလည်း ယခုအချိန်တွင်ဈေးနှုန်းသင့်၍ ကျန်းမာရေးနှင့် ညီညွတ်သော ရခိုင်ငှက်ပျောသီးများ နေ့စဉ်ရောင်းချရပါကြောင်း ငှက်ပျောသီး(လက်လီ) ရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း