Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သာစည်မြို့နယ်တွင် ကုလားပဲများ စတင်စိုက်ပျိုး

        ပြည်ပဝယ်လိုအားကောင်းနေသော လယ်ယာထွက်ကုန်သီးနှံများအနက် ကုလားပဲကို သာစည်မြို့နယ်တွင် ယခုနှစ်စိုက်ပျိုးရာသီအတွက် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးနေကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

       ကုလားပဲမှာ ဧကပြည့်သီးသန့်စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် မျိုးစေ့တစ်တင်းခွဲခန့် စိုက်ပျိုးရပြီး အများအားဖြင့် တောင်သူများက နံနံပင်များနှင့် သီးညှပ်စိုက်ပျိုးကြပါသည်။ ကုလားပဲမျိုးအနေဖြင့်  ဒေသတွင်းစိုက်ပျိုးမှုများသော ကုလားပဲအဖြူ/ အနီ မျိုးများမှာ တစ်တင်းလျှင် (၇၀၀၀၀-၈၀၀၀၀) ကျပ် ဈေးရှိပြီး၊ ကုလားပဲစိုက်ပျိုးရာတွင် မြေပြုပြင်ခြင်း၊ လုပ်သားခနှင့် သွင်းအားစု စုစုပေါင်း တစ်ဧကလျှင် (၃၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။ ကုလားပဲကို ဆောင်းသီးနှံအနေဖြင့်စိုက်ပျိုးရာ ဖေဖော်ဝါရီနှင့်မတ်လများတွင် ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်တွင် သင်္ဘောသီးများ စတင်ထွက်ရှိ

     မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် သင်္ဘောသီးကိုနှစ်စဉ်စိုက်ပျိုးရာ ယခုနှစ် မေလမှ စတင်စိုက်ပျိုးခဲ့ပြီး မိုးရာသီတွင် မိုးအချိုးအစား လုံလောက်ခြင်းကြောင့် နိုဝင်ဘာလအတွင်း အသီးအထွက်ကောင်းမွန်နေပြီး ဈေးနှုန်းတဖြည်းဖြည်းမြင့်တက်နေကြောင်း ဒေသစိုက်ပျိုးသူများထံ သိရှိရပါသည်။ သင်္ဘောသီး ဈေးကွက်အခြေအနေအရ အလုံးအကြီး/ အသေးပေါ်မူတည်၍ တစ်လုံးလျှင် (၁၅၀၀-၂၀၀၀) ကျပ်ခန့်ရှိပြီး တစ်ဧကလျှင် တစ်ပတ် ပျှမ်းမျှအသီး  အလုံးရေ(၁၀၀-၁၅၀) ခန့်ရှိပြီး၊ ဈေးကွက်နှင့် ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ အခင်းအရောက်လာရောက်ဝယ်ယူကြသလို သာစည်၊ မိတ္ထီလာ၊ မန္တလေးမြို့ပေါ်သို့ သွားရောက်ရောင်းချသူများလည်းရှိကြောင်း သင်္ဘောစိုက်တောင်သူများထံမှ သိရှိရပါသည်။ သာစည်မြို့နယ်၌ သင်္ဘောပင်စိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိသော သင်္ဘောကို နှစ်စဉ်ပုံမှန်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကလေးကစားစရာသစ်သားအိုးပုတ်ဈေးနှုန်း

       မြင်းခြံမြို့နယ်အတွင်းရှိ အေးမြသီတာဈေးတွင် ကလေးကစားစရာ မြန်မာ့ရိုးရာလက်မှုပညာ သစ်သားအိုးပုတ်ကစားစရာများ ရောင်းချလျက်ရှိကြောင်း၊ ထိုသစ်သားအိုးပုပ် ကစားစရာများကို မန္တလေးမြို့  မှာယူရောင်းချကြောင်း၊  ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ မြန်မာ့ရိုးရာသစ်သားအိုးပုတ် တစ်တွဲလျှင်(၁၂၀၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ အိုးပုတ်ကစားနည်းသည် ကလေးတွေကို စုပေါင်းလုပ်ဆောင်တက်ခြင်း၊ မျှဝေခြင်း၊ အိမ်မှုကိစ္စနှင့် လူမှုရေးတာဝန်ယူမှုတွေကို ငယ်စဉ်ကတည်းက လေ့လာသင်ယူနိုင်ခြင်း၊ အိုးပုတ်လေးနှင့် ထောင်းကြိတ်ဆော့ကစားခြင်းဖြင့် ကလေးတွေရဲ့ လက်ချောင်းလေးတွေ လက်ကောက်ဝတ်နဲ့ လက်မောင်းကြွက်သားတွေ သန်မာလာစေခြင်း စသည့် အကျိုးကျေးဇူးများရရှိသောကြောင့် သဘာဝသစ်သားနဲ့ ပြုလုပ်ထားသော မြန်မာ့ရိုးရာကလေး ကစားစရာသစ်သားအိုးပုတ်သည် ကလေးများ၏ကမ္ဘာထဲမှ ရိုးရှင်းပြီး ပညာသားပါသော ကစားစရာတစ်ခုဖြစ်ကာ ကလေးဘဝရဲ့ စိတ်ဝင်စားဖွယ် မှတ်ဉာဏ်များကို ဖြည့်ဆည်းပေးနိုင်သော ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်၏ ၂၀၂၅/၂၀၂၆ခုနှစ်၊ပဲကြား(ဆောင်း)သီးနှံစိုက်ပျိုးထားရှိမှု

      မြင်းခြံမြို့နယ်၌ ပဲကြားဆောင်းသီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင် စိုက်ပျိုး၍ စိုက်ပျိုးပြီး ၄ လခန့်အကြာ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းရကြောင်း၊ ၂၀၂၅/၂၀၂၆ခုနှစ်တွင် ပဲကျားဆောင်းသီးနှံ စီမံကိန်းဧက(၂၃၀၀)လျာထား ဧကအနက် စိုက်ပျိုး ပြီးဧက (၁၀၀၀)ဧက စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသော ဧကများအား လျာထား ချက်ပြည့်မီအောင် ဆက်လက်စိုက်ပျိုးမည်ဖြစ်ကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ ပဲကြား(ဆောင်း)သီးနှံကို ဒါးကျွန်းကျေးရွာ၊ နတ်ညွှန်းကျေးရွာ၊ အနိမ့်ရွာ၊ ဖိုးတုတ်ဖြူရွာနှင့် ကွမ်းစိုက်ရွာများတွင်စိုက်ပျိုးထားကြောင်း၊ ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် အတန်းလိုက် စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအာစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် (၄၅၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် (၉-၁၀) တင်းခန့်ထွက် ရှိခဲ့ကြောင်း၊  ယခင်နှစ်ထွက်ပေါ်ချိန်ပေါ်ချိန်တွင် ပဲကြားတစ်တင်းလျှင် (၁၃၃၀၀၀) ကျပ် ဝန်းကျင်ရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ပဲကြား(ဆောင်း)သီးနှံကို ရာသီဥတု၊ အပင်ပြုစုမှု၊ သွင်းအားစုများနှင့် အချိန်မှန်ရေတင်ပေးပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်း နိုင်မည်ဖြစ်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်၏ ၂၀၂၅/၂၀၂၆ခုနှစ်၊ ဆောင်းထောပတ်ပဲ စိုက်ပျိုးထားရှိမှု

        မြင်းခြံမြို့နယ်၌ ဆောင်းထောပတ်ပဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅/၂၀၂၆ခုနှစ်တွင် ဆောင်းထောပတ်ပဲစီမံကိန်းဧက(၆၅၀)လျာထားချက်တွင် စိုက်ပျိုးပြီးဧက (၂၉၂)ဧက စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသော ဧကများအား လျာထားချက်ပြည့်မီအောင် ဆက်လက်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။  ဆောင်းထောပတ်ပဲသီးနှံကို  အနိမ့်ကျေးရွာ၊ ဂေါင်းကွဲရွာ၊ နဘူးအိုင် ကျေးရွာ၊ တလုပ်မြို့ကျေးရွာနှင့် ဓါးကျွန်းကျေးရွာတို့တွင် စိုက်ပျိုးထားကြောင်း၊ ထောပတ်ပဲကို ပင်ထောင်နှင့် ပင်ပြန့်ဟူ၍ နှစ်မျိုးရှိ၍ ပင်ထောင်ပဲသည် အစေ့ကြီးပြီး ပင်ပြန့်ပဲသည် အစေ့ငယ်ကြောင်း၊ မြင်းခြံမြို့နယ်တွင် ပင်ပြန့်ပဲများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ ပင်ပြန့်မျိုးသည် စိုက်ပျိုးပြီး ရက်ပေါင်း(၆၅)ရက်ခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး ပင်ထောင်မျိုးသည် စိုက်ပျိုးပြီးရက်ပေါင်း(၈၀-၁၀၀)ခန့်အကြာတွင် ခူးဆွတ်နိုင်ကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၆-၇)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ အပင်ပြုစုမှု၊ သွင်းအားစုနှင့်  စိုက်ခင်းသို့ တစ်ပတ်လျှင်တစ်ကြိမ် ရေသွင်းပြုစုပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်းနိုင်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တောင်သာမြို့နယ်၏၂၀၂၅-၂၀၂၆ခုနှစ်၊ ဖူးစားပြောင်း(မိုး)သီးနှံစိုက်ပျိုးထားရှိမှု

         တောင်သာမြို့နယ်ရှိ မိုးကောင်းသောက် ဧရိယာများတွင် ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ပြောင်းနှင့် ကြက်သွန်နီသီးနှံများစိုက်ပျိုးလျက်ရှိရာ ဖူးစားပြောင်း(မိုး)များကိုလည်း စိုက်ပျိုးထားကြောင်း သိရှိရသည်။ ဖူးစားပြောင်း(မိုး)သီးနှံကို ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင် စိုက်ပျိုးပြီး၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့၌ ရိတ်သိမ်းထွက်ပေါ် မည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဖူးစားပြောင်း(မိုး) သီးနှံကို စီးမံကိန်းဖြင့် (၄၉၅)လျာထားဧကတွင် စိုက်ပျိုးပြီး ဧက(၁၃၆၃) ဧကစိုက်ပျိုးထားကြောင်း၊ လျားထားချက်ထက်(၈၆၈)ဧက ကျော်ပိုမိုစိုက်ပျိုး ထားကြောင်း၊ ကျောက်ဖူးရွာ၊ ချောင်းဆုံရွာ၊ ခါးတက်ကုန်းရွာနှင့် ထန်းပင်ကန်ရွာများတွင် စိုက်ပျိုးထားကြောင်း၊ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် ပြောင်းဖူး (၈၀၀၈၂၅၀) ဖူးထွက်ရှိကြောင်း၊ ရာသီဥတုနှင့် မြေအမျိုးအစား၊ စိုက်နည်းစနစ်၊ သွင်းအားစုနှင့် အပင်ပြုစုမှုကောင်းမွန်ပါက အထွက်နှုန်းကောင်းနိုင်မည်ဖြစ်ကြောင်း ဖူးစားပြောင်း စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်၏၂၀၂၅-၂၀၂၆ခုနှစ်၊ ဖရဲပင်(မိုး)စိုက်ပျိုးထားရှိမှု

       မြင်းခြံမြို့နယ်သည် ဆည်ရေသောက်အသင့်အတင့်ရှိပြီး သစ်သီးဝလံမျိုးစုံ စိုက်ပျိုးလျက်ရှိရာဖရဲသီး သီးနှံကိုလည်းစိုက်ပျိုးထားကြောင်း၊ ၎င်းကို ရွာသာရွာ၊ ဖရင်းရွာ၊ သစ်ရုံရွာနှင့် ပတ္တာကျေးရွာတို့တွင် စိုက်ပျိုးထားကြောင်း၊ အပူပိုင်းဒေသ မိုးနည်းရပ်ဝန်းဖြစ်သာ ဖရဲ(မိုး)ကို မေလမှစ၍ ဖေဖော်ဝါရီလအထိ စိုက်ပျိုးကြောင်း၊ ပူလွန်းသောအချိန်တွင်စိုက်ပျိုးပါက အချိုဓာတ်လျော့နည်းကြောင်း၊ ၂၀၂၅/၂၀၂၆ခုနှစ်၊ ဖရဲပင်(မိုး)သီးနှံကို စီမံကိန်းလျာထားချက်( ၉၁၂)ဧက ရှိသည့်အနက် စိုက်ပျိုးဧက(၁၀၄၀) စိုက်ပျိုးထားကြောင်း၊ လျာထားဧကထက် (၁၂၈)ဧကကျော် ပိုမိုစိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ဖရဲပင်သည် သဲနှုန်းမြေအမျိုးအစားတွင် စိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ပျိုးထောင်၍စိုက်ပျိုးပြီး ပျိုးပင်ပေါက်များကို (၁၀-၁၅)ရက်အတွင်း စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၇၈၉) လုံးထွက်ရှိကြောင်း၊ ရာသီဥတုကောင်းမွန်ပြီး စိုက်နည်းစနစ်၊ သွင်းအားစုနှင့် အပင်ပြုစုမှုများ ကောင်းပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်းနိုင်ကြောင်း ဖရင်းကျေးရွာမှ ဖရဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တ‌လေး)

တောင်သာမြို့နယ်၏၂၀၂၅-၂၀၂၆ခုနှစ်၊ နေကြာ(မိုး)စိုက်ပျိုးထားရှိမှု

         တောင်သာမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံရေးအတွက် အရေးကြီးသီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာများစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။ နေကြာ(မိုး)သီးနှံအား ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းထွက် ပေါ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်းသိရှိရသည်။  ၂၀၂၅/၂၀၂၆ ခုနှစ်၊ နေကြာ(မိုး)ကို တစ်မြို့နယ်လုံးအနေဖြင့် စီမံကိန်းလျာထားဧက (၄၇၅)ဧက ရှိသည့်အနက် စိုက်ဧက (၅၀၂) ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ စီမံကိန်းလျာထားဧကထက် (၂၇)ဧကကျော် ပိုမိုစိုက်ပျိုးထားကြောင်း၊  မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏စာရင်းများ အရသိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့်(၂၃)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် ဆီနေကြာတစ် ပိဿာလျှင် (၆၅၀၀)ကျပ်ခန့် ပေါက်ဈေးများရှိခဲ့ကြောင်း၊ နေကြာ(မိုး)သီးနှံကို ကျွဲဇင်းရွာ၊ ခါးတက်ကုန်းရွာ၊ ငါးပင်စင်ရွာ၊ ဆည်ကုန်းရွာနှင့် ဆုံးကုန်းရွာ တို့တွင်စိုက်ပျိုးထားရှိကြောင်း၊ တောင်သူများအနေဖြင့် ဆင်းရွှေကြာ-၂နှင့် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးကို အဓိကစိုက်ပျိုးကြကြောင်း၊ စိုက်နည်းစနစ်၊ အပင်ပြုမှု၊ သွင်းအားစုနှင့် ရာသီဥတုကောင်းပါက အထွက်နှုန်းကောင်းနိုင်ကြောင်း နေကြာစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

တောင်သာမြို့နယ်၏ ၂၀၂၅/၂၀၂၆ ကြက်သွန်နီ(မိုး)စိုက်ပျိုးထားရှိမှု

         တောင်သာမြို့နယ်ရှိ ကြက်သွန်နီ(မိုး)သီးနှံများကို ထန်းပင်ကန်ရွာ၊ ခါးတက်ကုန်းရွာ၊ ကြာပို့ရွာ၊ ဇရပ်ကြီးရွာ၊ ဘုရားလှရွာနှင့် ရုံးစည်ကြီးကျေးရွာစသည်တို့တွင် စိုက်ပျိုးထားရှိကြောင်း၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ကြက်သွန်နီ(မိုး)ကို စတင်စိုက်ပျိုးပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅/၂၀၂၆ခုနှစ်တွင် ကြက်သွန်နီ (မိုး) စိုက်ပျိုးထားရှိမှုမှာ (၂၈၀)ဧက စိုက်ပျိုးထားရှိပြီး၊ ယခင်နှစ်စိုက်ဧကထက် ယခုနှစ်တွင် (၅၅) ဧကကျော် ပိုမိုစိုက်ပျိုးထားရှိကြောင်း၊ အစိုဓာတ်ရှိသော မြေအမျိုးအစားတွင် စိုက်ပျိုးဖြစ် ထွန်းကြောင်း၊ ပျိုးထောင်၍စိုက်ပျိုးကြောင်း၊ ပျိုးပင်သက် (၄၅-၅၀)ရက်သားတွင် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးကြောင်း၊ ပင်ကြား၊ တန်းကြား(၃လက်မ) အကွာအဝေးဖြင့် စိုက်ပျိုးကြောင်း၊ ယခင်နှစ် ကြက်သွန်နီ(မိုး) တစ်ဧက အထွက်နှုန်းအနေဖြင့် (၂၁၀၀) ပိဿာခန့် ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် ကြက်သွန်နီမိုး တစ်ပိဿာလျှင် (၈၀၀-၂၀၀၀) ကျပ်ခန့် ပေါက်ဈေးများရှိခဲ့ကြောင်း၊ ကြက်သွန်နီ (မိုး)သည်  ကြက်သွန်နီ (ဆောင်း) သီးနှံကုန်ဆုံးချိန်တွင် စားသုံးရန်အတွက် အစားထိုးစိုက်ပျိုးသော သီးနှံဖြစ်ကြောင်း၊ ယခုနှစ်ကြက်သွန်နီ (မိုး)သီးနှံများ စိုက်ပျိုးချိန်တွင် မိုးများသောကြောင့် စိုက်ခင်းတွင်နောက်ကျ၍ စိုက်ပျိုးရကြောင်း၊ မြေအမျိုးအစား၊ စိုက်ပျိုးသည့် နည်းစနစ်၊ သွင်းအားစုနှင့် အပင်ပြုစုမှုကောင်းမွန်ပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်းနိုင်မည်ဖြစ်ကြောင်း ကြက်သွန်စိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

              အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ နိုဝင်ဘာလ(၁၂)ရက်နေ့မှ နိုဝင်ဘာလ(၁၈)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၈၀၀ မှ ၂၅၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၁၀၀၀ မှ ၂၀၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၁၀၀၀ မှ ၂၀၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၆၀၀၀ မှ ၇၀၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၀၀၀၀ မှ ၁၃၀၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၃၀၀၀ မှ ၄၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၂၅၀၀ မှ ၅၀၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၁၀၀ မှ ၁၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၅၀၀၀ မှ ၇၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၁၃၀၀၀ မှ ၁၃၅၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၃၀၀၀ မှ ၅၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၃၀၀ မှ ၅၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၁၅၀ မှ ၂၅၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၁၅၀၀ မှ ၂၅၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၅၀ မှ ၁၅၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၃၀၀၀ မှ ၄၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၆၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက် သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (1620500)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (73790) ကျော်၊ ဗူးသီးအလုံးပေါင်း (25220)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(14383)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (233450)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (125360)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ)ပေါင်း (15675) ကျော်၊ ဖရဲသီးလုံးပေါင်း(29750)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း