Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပေါက်ခေါင်းမြို့နယ်တွင် ကြံများစတင်ထွက်ရှိ

         ပေါက်ခေါင်းမြို့နယ်အနေဖြင့် ကြံစိုက်ဧက (၂၀၀၀၀) ကျော်စိုက်ပျိုးထားပြီး ယခုအခါ ကြံများ စတင်ခုတ်သိမ်းလျက်ရှိပါသည်။ ထွက်ရှိလာသောကြံများအား ပေါက်ခေါင်းမြို့နယ် အင်ငါးခွသကြား စက်နှင့် ပြည်နဝဒေးသကြားစက်သို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် ကြံ (၁) တန် လျှင် (၁၇၀၀၀၀) ကျပ်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။ အထွက်နှုန်းအနေဖြင့် (၁) ဧကလျှင် တန် (၃၅) တန် ဝန်းကျင်ထွက်ရှိကြောင်း သိရှိရပါသည်။ (၁) ဧက ကုန်ကျစရိတ်အနေဖြင့် (၂၅၀၀၀၀) ကျပ် ပတ်ဝန်းကျင်ကုန်ကြ၍ ကြံစိုက်တောင်သူများ အနေဖြင့် (၁)ဧကလျှင် အကျိုးအမြတ် (၂၅၀၀၀၀) ကျပ်မှ (၃၀၀၀၀၀) ကျပ်အထိရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရာသီပေါ် ရွက်ကျပင်ပေါက် (သို့) ဘောက်သီးဘုရားပန်းအကြောင်း

      ရွက်ကျပင်ပေါက်သည် မြန်မာပြည်အနှံ့အပြားတွင် ပေါက်ရောက်သောအပင် တစ်မျိုးဖြစ် ပါသည်။ အရည်ရွမ်းသော နှစ်ရှည်ခံပင်ငယ်သက်ပြင်မျိုးလည်းဖြစ်ပါသည်။ ထူးခြားချက်မှာ ရွက်ဖျား ပတ်ပတ်လည်အရွက်ပိုလေးများသည် မြေသို့ကျရာမှ မျိုးစေ့သဖွယ်အပင်ပြန်ပေါက်၍ ကြွေကျသော အရွက်မှ ပေါက်တတ်သော အပင်တစ်မျိုးဖြစ်သောကြောင့် ရွက်ကျပင်ပေါက်ဟု ခေါ်ဆိုကြောင်း သိရှိရပါသည်။ ဒီဇင်ဘာလ ပထမပတ်မှစတင်၍ ရွက်ကျပင်ပေါက် (သို့) ဘောက်သီးဘုရားပန်းများ ကို ဈေးကွက်တွင် ရာသီပေါ်ပန်းအဖြစ် စတင်ရောင်းချနေပြီး ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။ အဆိုပါပန်းများကို ပြည်မြို့အနီးတဝှိက်ရှိ တစ်ပိုင်တစ်နိုင် ပန်းစိုက်ပျိုးသူများနှင့် ပြည်မြို့အနီး တဝှိက်ရှိ ကျေးရွာများမှ ဖြစ်သော မှော်ဇာ၊ အင်းမ၊ ဝက်ပုတ် အစရှိသော နယ်ဘက်များမှလည်း ပြည်မြို့ မြို့မစည်ပင်သာယာဈေး ကြီးနှင့် အခြားဈေးများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ အရွက်မှအပင်များပြန်ပေါက် တတ် သောကြောင့် တချို့အိမ်များတွင် တကူးတကဝယ်ယူကာ ရွက်ကျပင်ပေါက်ပန်းကို ပန်းအိုးဖြင့်အလှ စိုက်ပျိုးကြပြီး ဆေးဘက်ဝင်သော အပင်တစ်မျိုးလည်း ဖြစ်ပါသည်။ ယခုအချိန်သည် ပန်းပေါ်စဖြစ်၍ ရန်ကုန်သို့တင်ပို့ရောင်းချခြင်းမျိုးမရှိသော်လည်း နယ်ဘက်တွင် ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းရသောကြောင့် ပြည်မြို့နှင့်အခြားသော နယ်မြို့များ ၌သာ တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။ ရာသီပေါ်ပန်းဖြစ်သည့် ရွက်ကျပင်ပေါက် (သို့) ဘောက်သီးဘုရားပန်းတစ်စီးလျှင် ကျပ် (၃၀၀၀) ရှိပြီး ရေလဲပေးပါက ကြာရှည်ခံသော ပန်းတစ်မျိုး ဖြစ်၍ လူကြိုက်များပြီး အရောင်းအဝယ်လည်း ဖြစ်ကြောင်း သိရှိ ရပါသည်။

DOCA(ပဲခူး)

ပြည်နှင့်ရွှေတောင်ဒေသထွက် ဖရဲသီးဈေးကွက်

        ဖရဲသီးကို ဒေသမရွေးနေရာအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ဖရဲပင်သည် နွယ်အမျိုး အစားဖြစ်ပါသည်။ အနွယ်ရောအရွက်ပါ အစိမ်းရောင်ရှိပါသည်။ အရွက်မှာ (၄)လက်မမှ (၆) လက်မ ခန့်ရှည်လျားသည့် လက်ခြားအရွက်များရှိပါသည်။ပင်စည်နှင့် အရွက်များတွင် အမွှေးများ ဖုံးလွှမ်း ထားပါသည်။ အသီးပုံသဏ္ဍာန်မှာ လုံးဝိုင်းပုံ၊ လုံးရှည်ပုံ၊ ဘဲဥပုံ အစရှိသည့် ပုံသဏ္ဍာန် အမျိုးမျိုးရှိကြပါသည်။ စိုက်ပျိုးရန်သင့်လျော်သော မြေအမျိုးအစားမှာ သဲနှုန်းမြေ ဖြစ်ပါသည်။ မိုးရာသီကုန်ဆုံးချိန်တွင် ကျွန်းမြေ၊ လက်ကွက်များတွင် အများအားဖြင့် စိုက်ပျိုးကြပါသည်။

      နေရောင်ခြည်ပြည့်ဝစွာရရှိပြီး လေစိုထိုင်းစနည်းသော ဒေသများတွင် ဖရဲစိုက်ပျိုးလျှင် ဖရဲသီး အထွက်နှုန်းကောင်စွာဖြစ်ထွန်းပါသည်။ ဖရဲသီးအား အောက်တိုဘာလမှ ဖေဖေါ်ဝါရီလ များတွင် အများအားဖြင့် စိုက်ပျိုးကြပါသည်။ ဖရဲစိုက်ပျိုးရာတွင် ဖရဲစေ့ကို မြေပြင်တွင် တိုက်ရိုက် စိုက်ပျိုးခြင်း၊ မျိုးစေ့ဖြင့် ပျိုးထောင်စိုက်ပျိုးခြင်းတို့ဖြင့်လည်း စိုက်ပျိုးကြပါသည်။ ဖရဲစိုက်ပျိုးရာ ဒေသများမှာ ပြည်မြို့နယ်ဒေသတစ်ဝိုက်နှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် တစ်ပိုင်တစ်နိုင်အဖြစ် စိုက်ပျိုးကြပါသည်။

      ဖရဲစိုက်ပျိုးပြီးနောက်အလုံးသေးမျိုးတွင် ပန်းပွင့်ပြီး (၂၅)ရက်မှ (၃၀)ရက်အကြာတွင် အသီးများစတင်သီးလာပြီး ခူးဆွတ်နိုင်ပါသည်။ ဖရဲသီးအတွင်းအခွံမှာ အစိမ်းရောင်ဖြစ်ပြီး အတွင်း အသားမှာအနီရောင်၊ အဝါရောင်သားများရှိကြသည်။ အသားမှာ အရည်ရွှမ်းပြီးစားလျှင် အရသာ ချိုမြိန်ပါသည်။အသားကို နွားနို့၊ သကြားနှင့်ရောပြီးဖျော်ရည်အဖြစ်ပြုလုပ်ပြီး သောက်သုံးကြ ပါသည်။

   ဖရဲကို ပြည်ပကိုတင်ပို့လျှင် စရိတ်ခကြီးသဖြင့် ဖရဲစိုက်တောင်သူများမှာ ပြည်တွင်းဈေးကွက် တွင် ဈေးကောင်းရရှိရန် မျှော်မှန်းစိုက်ပျိုးကြောင်းသိရပါသည်။

          ယခုအခါတွင် ဈေးကွက်အတွင်း ရောင်းချနေသည့် ဖရဲသီးဈေးနှုန်းများမှာ ဖရဲသီးအသေး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၃၅၀၀)ကျပ်နှင့် ဖရဲသီးစိတ် တစ်စိတ်လျှင် (၅၀၀) ကျပ်တို့ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသထွက် ကွမ်းရွက်ဈေးကွက်

      ကွမ်းစိုက်ပျိုးရာတွင် မျိုးအဖြစ် ကွမ်းညွန့်များကို အပိုင်းများဖြတ်တောက်ပြီး စိုက်ပျိုးကြပါသည်။ ကွမ်းခြံစိုက်တောင်သူများမှ မိမိတို့ကွမ်းခြံများမှလည်း ပြန်လည်မျိုးယူပြီး ကွမ်းညွန့်များကို တစ်ပေခွဲစီဖြတ်ယူပြီး ပြန်လည်စိုက်ပျိုးပါသည်။ ကွမ်းပင်စိုက်ပျိုးရာတွင် ဘောင်အလျားလိုက် မြောင်း(၂)မြောင်းဖေါ်ယူကာ (၁)မြောင်းနှင့်(၁)မြောင်းအကြား အကွာအဝေး(၁)ပေခွာစိုက်ပျိုးရ ပါသည်။ စိုက်ပျိုးပြီးတက်လာသည့် အညွန့်များကို အပေါ်သို့ အညွန့်များတက်ရန်အတွက် ကွမ်းပင်ကို (၇)ပေအမြင့် ဆောက်ထားရပြီး ဝါးလုံးများကိုသာ တိုင်အဖြစ်အသုံးပြုပြီး အပေါ်တွင် အမိုးအကာအဖြစ် အုန်းလက်၊ မြက်ခြောက်များကို အသုံးပြုပြီးနေမပူစေရန် အမိုးအဖြစ် အသုံးပြုကြပါသည်။

    စိုက်ပျိုးထားပြီး ကွမ်းပင်များအား ပိုးမကျစေရန်အတွက် သဘာဝအတိုင်းဆေးရွက်ကြီး၊ ထုံးမှုန့်တို့ဖြင့် ရောစပ်ပြီး ပိုးမကျစေရန် ဖြန်းပက်ရာတွင် အသုံးပြုရပါသည်။ ကွမ်းပင်များပိုးကျလျှင် တစ်ခြံလုံးပြုတ်သည့်အတွက်ကြောင့် နေ့စဉ်ကွမ်းပင်များအား ပိုးမကျစေရန် စစ်ဆေးပေးရပါသည်။

    ကွမ်းပင်များအား စိုက်ပျိုးသည့်ဒေသများမှာ ပြည်မြို့ဒေသအတွင်းရှိ ဖုမ္မသိမ်ကျေးရွာမှ ကွမ်းရွက်များအား (၁၅)ရက် တစ်ပတ်ခူးကြရပါသည်။

    ကွမ်းရွက်များသည် ယခုရာသီတွင် တောင်သူများအခေါ် ကွမ်းခွေသည့် ရာသီဖြစ်သည့်အတွက် ကွမ်းဈေးနှုန်းမှာ ယခင်လများထက် ဈေးနှုန်းအနည်းငယ်မြင့်တက်ကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသည့် ကွမ်းဈေးများမှာ ကွမ်းရွက် တစ်ပိဿာလျှင် ၈၀၀၀- ၁၀၀၀၀ ကျပ်ဖြစ်သော်လည်း ယခုလများမှာ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်ထိဈေးနှုန်း မြင့်တက်ကြောင်း သိရှိရပါသည်။

 

DOCA(ပဲခူး)

ပြည်မြို့တွင် ရောင်းချနေသော ငုံးဥနှင့် ငုံးသား ဈေးနှုန်းများ

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့သစ်ဈေးတွင် ငုံးသားများ ရောင်းချနေကြောင်း တွေ့ရသည်။ စားသုံးသူများက ငုံးဥများ စားသုံးခြင်းအပြင် ငုံးသားများကိုလည်း ချက်ပြုတ် စားသောက်ကြသည်။ ကမ္ဘာ့နာမည်ကြီး ဟင်းလျာများတွင် ငုံးဥသည် မပါမဖြစ် ပါဝင်ပစ္စည်း တစ်ခုဖြစ်ပြီး ငုံးသားမှာလည်း အလွန်နူးညံ့သောကြောင့် လူကြိုက်များလှသည်။မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆဌမမြောက် ငုံးဥ အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း သိရသည်။ ငုံးဥကို သရေစာအဖြစ် စားသုံးခြင်း၊ ဟင်းချက်ရာတွင် ထည့်ခြင်းများပြုလုပ်ပြီး ငုံးကင်နှင့် ငုံးကြော်များလည်း လူအများကြိုက်နှစ်သက်သော အစားအစာဖြစ်သည်။ ငုံးသားတွင် ဗီတာမင် B3 နှင့် B6 များကြွယ်ဝ စွာပါဝင်ကြောင်းသိရသည်။ ငုံးများကို မွေးမြူခြင်းဖြင့် အာဟာရပြည့်ဝသော အသား၊ ဥများရရှိ နိုင်သည့်အပြင် ငုံးချေးများကိုလည်း သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်ကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ဒုတိယပတ်တွင် ရောင်းချသော ငုံးဥဈေးနှုန်းများမှာ (၁)လုံးလျှင် (၁၀၀)ကျပ်၊ (၁၀)လုံးယူလျှင် (၉၀၀)ကျပ်နှင့်ရောင်းချပြီး ငုံးသားများမှာ တစ်ကောင်လျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရသည်။

DOCA(ပဲခူး)

ကျောင်းကုန်းမြို့နယ်၌ ပိန်းဥများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

  ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်၌   ပိန်းဥများ   ဝယ်လိုအားကောင်းပြီး အရောင်း အဝယ်ကောင်းမွန်နေကြောင်း ကျောင်းကုန်းမြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေး ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ များထံမှ သိရှိရပါသည်။ကျောင်းကုန်းမြို့နယ်မှ  ဒေသထွက် ပိန်းဥများ   အရောင်းအဝယ်ကောင်းမွန် နေကြောင်း၊ အဆိုပါပိန်းဥများ  တစ်ရက်လျှင် ပိဿာ  ၂၅၀၀ မှ ၅၅၀၀ အထိ အရောင်းအဝယ် ကောင်းမွန် နေကြောင်း  သိရသည်။

          ကျောင်းကုန်းမြို့နယ်မှထွက်ရှိသည့် လယ်ယာသီးနှံများသည် ဒေသဈေးကွက်၌ အရောင်း အဝယ် ရှိပြီးသားဖြစ်ပြီး လက်ရှိ ဝယ်လိုအားများနေကြောင်း၊ လက်ရှိရောင်းချနေသည့် ပိန်းဥများမှာ အရည်အသွေးကောင်းမွနသောကြောင့် ဒေသထွက်ပိန်းဥများကို ရန်ကုန် ဈေးကွက်မှ   ဝယ်လိုအားများ နေသဖြင့်   တင်ပို့အားတက်နေကြောင်း သိရှိရပါသည်။ကျောင်းကုန်းမြို့နယ်၌  ပိန်းဥများ အရောင်းအဝယ် ကောင်းလာသည့်အတွက် တောင်သူ များ၊ ကုန်သည်များ၊ ကုန်တင်၊ ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှား လိုက်သူများ အလုပ် အကိုင် အခွင့်အလမ်း ရလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ရာသီစာ ဗုံလုံသီး စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ဗုံလုံသီးကို သီးနှံထွက်ချိန် ရာသီမှီ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါ သည်။ ဗုံလုံသီးကို မိုးဦးကာလဖြစ်သည့် မေလနှင့်ဇွန်လများတွင်လည်းကောင်း၊ အောက်တိုဘာ လနှင့် နိုဝင်ဘာလများတွင်လည်းကောင်း  စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ရေသွင်း ရေတင် စနစ် ဖြင့် ဘောင်ခတ်စိုက်ပျိုးခြင်းအပြင် စိုက်ကျင်းတူး၍လည်း စိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး တစ်လခန့် အကြာတွင် စင်ထိုး၍ ဗုံလုံသီးအနွယ်(အညွန့်)များကို စင်ပေါ်တင်ပေးရပြီး နှစ်လခန့်အကြာတွင် အသီး များ ခူးဆွတ်ရပါသည်။ ဧကဝက် စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့်  မျိုး၊သွင်းအားစု၊လုပ်သားခ အပါ အဝင် ၅ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအနေအထားနှင့် အပင်ဖြစ်ထွန်း အောင် မြင်ဖြစ်ထွန်းမှုအပေါ်မူတည်၍ အတောင့်ရေ ၂၀၀၀ နီပါးထွက်ရှိကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် အောက်တိုဘာလတတိပတ်တွင် လက်ကားဈေးတစ်တောင့်လျှင် ၆၅၀ ကျပ်နှုန်းဖြင့် ရောင်းချရ ကြောင်း၊  အကျိုးအမြတ်အနေဖြင့် ရာသီကုန်ချိန်တွင် ၈ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့နယ်အတွင်း ရောင်းချမှုအပြင်  ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိရာ တောင်သူများ အနေဖြင့် အကျိုးအမြတ်များရရှိကာ ဗုံလုံသီး များကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုး လာကြကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ရာသီစာ ပန်းဂေါ်ဖီပွင့်များ အရောင်းသွက်လျက်ရှိ

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်းရာသီစာ ပန်းဂေါ်ဖီများကို မိမိဥယျာဉ်ခြံမြေများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။ နိုဝင်ဘာလတွင် စတင်အရောင်းသွက်လာသော ပန်းဂေါ်ဖီပွင့်များကို ရန်ကုန်မြို့ သီရိမင်္ဂလာဈေးမှ မှာယူရောင်းချကြသလို ဒေသထွက် ပန်းဂေါ်ဖီပွင့်များကိုလည်း ရောင်းချလျက်ရှိပါသည်။ပန်းဂေါ်ဖီသည် အမျှင်ဓာတ်နှင့်အာဟာရ ဓာတ်များစွာ ကြွယ်ဝပြီး ဟင်းလျာမျိုးစုံတွင် အသုံးပြု နိုင်သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ အေးမြသောဆောင်းဦးရာသီအစတွင် ပန်းဂေါ်ဖီကို ဈေးကွက်ထဲတွင် အများအပြားတွေ့ရှိနိုင်ပြီး ပန်းဂေါ် ဖီများကို ဈေးဝယ်သူအိမ်ရှင်မများ၊ မြန်မာထမင်းဆိုင်နှင့်အကြော်အလှော်များ ရောင်းချနေသော စား သောက်ဆိုင်များမှ ဝယ်ယူလျက်ရှိပြီး ရာသီစာ အစားအစာအဖြစ် အရောင်းသွက်လျက်ရှိကြောင်း၊ ပန်းဂေါ်ဖီအသေး ၁ ထုပ်လျှင် ၁၀၀၀ ကျပ်၊ အလတ် ၁ ထုပ်လျှင် ၁၅၀၀ ကျပ်၊ ပန်းဂေါ်ဖီပွင့်အကြီး ၁ ထုပ်လျှင် ၂၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ်အတွင်း ဂန္ဓမာပန်းအဝါ စိုက်ပျိုးဖြစ်ထွန်း၍ ဈေးကောင်းရ

   ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာများတွင်သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ အပိုဝင်ငွေရရှိရန်အတွက် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးမှုပုံစံအနေဖြင့် မြေဘောင်တင်စနစ်၊ မြေအောက်ရေတင်စနစ်တို့ဖြင့် စိုက်ပျိူးကာ မြေအကျယ်အဝန်း ပေ ၄၀ ပတ်လည်တွင် အပင်အ‌ရေအတွက် ၅၀၀၀ခန့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

     ဂန္ဓမာပန်းအဝါကို ဩဂုတ်လတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၄လအကြာ နိုဝင်ဘာလ ပထမပတ်တွင် စတင်ခူးဆွတ်၍ ရောင်းချနေပြီဖြစ်ကြောင်း၊ မျိုးအနေဖြင့် ဂန္ဓမာပန်းအဝါ မျိုးကို ရှမ်းပြည်နယ်(တောင်ကြီး)ဒေသမှ ဝယ်ယူစိုက်ပျိုးခြင်းနှင့် ပျိုးခင်းတွင် (၁၅)ရက်ကြာ ပျိုးထောင် ကာ ကြီးထွားမှုအပေါ်မူတည်၍ မြောင်းအတွင်း တစ်ပင်နှင့်တစ်ပင်ကြား (၆)လက်မ အကွာအဝေးခြား၍     စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ စိုက်ပျိုးပြီး ပန်းပင်များကို  ၅ရက်-၇ရက်ခြား တစ်ကြိမ် ပိုးသတ် ဆေး ဖြန်းပေးရပြီး ဂန္ဓမာပန်း စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မြေဘောင်တင်ခြင်း၊ မြေပြုပြင်ခြင်း၊ သွင်းအားစု၊ ရေတင်သွင်းခြင်း၊ လုပ်သားခအပါအဝင် စုစုပေါင်း ငွေကျပ် ၁၂ သိန်းဝန်းကျင်ခန့် ကုန်ကျ ကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့်  ပန်း(၁)ခိုင်လျှင် ၆၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း၊  ပန်းစပွင့် သည်မှ ၇ ရက်ခြား တစ်ကြိမ်ခူးဆွတ်နိုင်ကြောင်း ယခုနှစ်တွင် ပန်းများ ဈေးကောင်းရရှိသဖြင့် အကျိုးအမြတ်(၁၅)သိန်းဝန်းကျင်ခန့် ရရှိပါသည်။ ဒေသထွက် ဂန္ဓမာပန်းအဝါများကို ဒေသတွင်း ရောင်းဝယ်မှု၊  ပန်းအဝယ်ဒိုင်များ၊အခြားမြို့နယ်များမှလည်း  စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ထို့မှတစ်ဆင့် ပန်းဈေးကွက်များသို့ ပြန်လည်၍ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၀၆၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ  ၂  ရက်နေ့မှ  ၈ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,060 ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။       

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်  ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ကြောင်း သိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏  Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း