Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးနှုန်း၊ဈေးကွက် အခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်းသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ဒီဇင်ဘာလပထမပတ်အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင်(၇၀၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၇၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီး အကွဲအနာကင်းလျှင် ဈေးနှုန်းပိုမိုရရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှ ထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။

   နိုဝင်ဘာလနောက်ဆုံးပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလပထမပတ်အတွင်း ပဲတီစိမ်း ရိုးရိုးတစ်တင်းလျှင်(၅၀၀၀)ကျပ်နှင့် ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင်(၅၀၀၀)ကျပ် ကျဆင်းသွားကြောင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ အစေ့ထုတ်ပြောင်း ဈေးနှုန်း၊ဈေးကွက်အခြေအနေ

    မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည် နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်းဝင်ရောက်လျက်ရှိကြောင်း သိရသည်။

    အစေ့ထုတ်ပြောင်းကို မေလကုန်တွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလဆန်းမှစ၍ ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးများကို အများဆုံးစိုက်ပျိုးကြ ကြောင်း၊ ဒီဇင်ဘာလပထမပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် ငွေကျပ်(၂၀၀၀၀)ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသော အစေ့ထုတ် ပြောင်းများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့များရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ အစေ့ထုတ်ပြောင်း ဈေးနှုန်းသည် ယခုပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင်(၅၀၀)ကျပ် မြင့်တက်လာကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်တွင် နှမ်းနက်ဈေးနှုန်းမြင့်တက်၍၊နှမ်းဖြူဈေးနှုန်းကျဆင်း

    မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည် နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံများလည်း စိုက်ပျိုးကြကြောင်း သိရသည်။

    ယခုအခါ နှမ်းများဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ကန့်ဘလူခရိုင်၌ဖြစ်ပေါ်နေသော နှမ်းဈေးနှုန်းမှာ ဒီဇင်ဘာလပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၁၀၀၀၀)ကျပ်၊ နှမ်းဖြူ (ဂျပန်)တစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှ ထွက်ရှိသောနှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ယခုပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်းများသည် ယခင်ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)တစ်တင်းလျှင်(၁၀၀၀၀)ကျပ်မြင့်တက်၍၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၄၀၀၀၀)ကျပ် ကျဆင်းလာကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

    ဒီဇင်ဘာလပထမပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ် ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ မြှားကမ္ဘာ(50)kg တစ်အိတ် လျှင် (၁၁၃၀၀၀)ကျပ်၊ အာမို၊ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ(50)kg တစ်အိတ်လျှင်(၁၇၅၀၀၀)ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီ တစ်ဘူးလျှင် (၁၆၅၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီ တစ်ဘူးလျှင်(၄၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင်း ပန်းဖူး(50)kg တစ်အိတ်လျှင် (၁၃၀၀၀)ကျပ်ကျဆင်း၍၊ ရွှေတောနစ်(၅၀၀)စီစီတစ်ဘူးလျှင် (၁၅၀၀)ကျပ်နှင့် အာမို၊ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ(50)kg တစ်အိတ်လျှင်(၅၀၀၀)ကျပ် မြင့်တက်၍အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ကွမ်းသီးဈေးနှုန်း၊ဈေးကွက်အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကန့်ဘလူခရိုင်တွင် ရောင်းချနေသည့် ကွမ်းသီးများကို ကန့်ဘလူခရိုင်အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်း ဝယ်ယူ၍ ကွမ်းသီးမှ ကွမ်းသီးစိတ်များထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလပထမပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းသီးစိတ်ဈေးနှုန်းများအနေဖြင့် အရည်အသွေးပေါ်မူတည်၍ ကွမ်းသီးစိတ်လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ်(၁၇၀၀၀မှ၁၇၅၀၀)ဖြင့်လည်းကောင်း၊ လက်လီဈေးတစ်ပိဿာလျှင် ငွေကျပ်(၁၈၀၀၀)ဖြင့် လည်းကောင်း၊ ကွမ်းသီးစိတ်(ပယ်)တစ်ပိဿာလျှင် ငွေကျပ်(၈၀၀၀)ဖြင့်လည်းကောင်း၊ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသည့် ကွမ်းသီးစိတ်များကို ကန့်ဘလူမြို့ပေါ်ရှိဆိုင်များ ၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာနှင့် ကျွန်းလှမြို့နယ်များသို့ လက်လီ/လက္ကားဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း  ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကွမ်းသီးစိတ်ရောင်းဝယ်ရေးလုပ်ငန်းရှင်၏ ပြောပြချက်အရ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်တွင် ကွမ်းအထွက်နည်းလာ၍ ဈေးနှုန်းများမြင့်တက်လျက်ရှိ

 မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်းကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

   ယခုလိုဆောင်းရာသီတွင် ကွမ်းရွက်များအထွက်နည်းလာ၍ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလပထမပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀၀မှ ၂၂၀၀၀ ဖြင့်လည်းကောင်း၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ဖြင့်လည်းကောင်း၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ ဖြင့်လည်းကောင်း၊ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့်   ကန့်ဘလူမြို့နယ်မှထွက်ရှိသည့် ကွမ်းရွက်များကို ကန့်ဘလူမြို့ ၊ ကျွန်းလှမြို့ နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး ယခင်အပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလပထမပတ်အတွင်း ကွမ်းရွက်ဈေးနှုန်းများ ဆက်လက်မြင့်တက်လာကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မိုးညိုမြို့နယ်တွင်ပဲပုပ်များကိုစတင်ထွက်ရှိ

              ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သည်သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိသော မြို့နယ်ဖြစ်သည်။ ယခုအခါတွင် ပဲပုတ်သီးနှံများဖြစ်ထွန်းအောင်မြင်နေပြီဖြစ်ရာ ပဲပုတ်စိုက်တောင်သူများအနေဖြင့် မြို့ပေါ်ကုန်သည်များထံသို့ ၎င်းနီးစလပ်ရာမြို့များသို့ သွားရောက်ရောင်းချခြင်းဖြင့်လည်းကောင်း  ၊မြို့ပေါ်ကုန်သည်များ ကွင်းအရောက်ဆင်းကာဝယ်ယူခြင်းဖြင့်လည်းကောင်း၊ အရောင်းအဝယ်ဖြစ်နေလျက်ရှိပါသည်။ မြို့ပေါ်ကုန်သည်ကြီးများအနေဖြင့် တောင်သူများထံမှပွဲရုံအရောက် ပိဿာ (၂၀) တစ်တင်း  လျှင် ၁၄၄၀၀ကျပ်ဖြင့် ဝယ်ယူပေးလျက်ရှိပြီး ယခုအခါမြို့ပေါ်ကုန်သည်ကြီးများအနေဖြင့် တစ်နေ့လျှင် အိတ်ရေ (၃၀၀၀) ခန့်ဝယ်ယူရရှိနေပါသည်။ ဝယ်ယူရရှိသောပဲပုတ်များအား ရန်ကုန်မြို့ရှိထောက်ကြန့် အစာစပ်စက်ရုံ  (CP)စာစက်ရုံသို့၎င်း၊ မြောင်းတကာ ကြက်၊ ဝက်အစာစက်ရုံများသို့လည်းကောင်း၊ အိတ်လုံးရေ(၂၅၀)အိတ်ဆန့်တွဲကားကြီးများဖြင့်လည်းကောင်း၊ အိတ်လုံးရေ(၃၅၀) အိတ်ဆန့်ကားများဖြင့်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိရာ ပေါက်ဈေးပိဿာ (၂၀)တစ်တင်း လျှင်(၁၇၄၀၀) ကျပ်ဈေးဖြင့်ရောင်းချရကြောင်း မိုးညိုမြို့ပေါ်ရှိ ပွဲရုံများသို့ကွင်းဆင်း ဆောင်ရွက်မှုများအရ သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ပဲဈေးကွက်မှာ ဘိုကိတ်ပဲသစ်အဝင်ရှိနေပြီး ဈေးမြင့်တက်လျက်ရှိ

              ပြည်ပဲဈေးကွက်သို့ ဘိုကိတ်ပဲသစ်များ အထွက်လှိုင်လာသည့်အတွက် ဝင်ရောက်မှုအနေဖြင့် တစ်ရက်အိတ် (၁၀၀)ကျော်ဝင်ရောက်လာခဲ့ပါသည်။ မင်းတုန်း၊ ကံမ၊ ပန်းတောင်းမြို့နယ်များမှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းလက်လီသမားများသည် နေ့စဉ်အဝယ်ရှိနေသလို လက်ကားဝယ်ယူမှုများလည်းရှိကြောင်း သိရပါသည်။ ကုန်ဈေးနှုန်းအနေဖြင့် တစ်တင်းကို ၁၁၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိခဲ့သောကြောင့် ပဲဈေးကွက်အတွင်း ပြည်ပဝယ်လိုအားများသော မတ်ပဲ၊ ပဲစင်းငုံသီးနှံများ နည်းတူဈေးကောင်းရနေခဲ့သော ပဲသီးနှံဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းအခြေအနေ

     ၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊  ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ဒေသထွက် ခရမ်းချဉ်သီးများနှင့်ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    ခရမ်းချဉ်သီးများသည် ယခုအချိန်အခါကာလဖြစ်သည့် ဆောင်းရာသီတွင် မိမိတို့ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်ကာ လှိုင်လှိုင်ထွက်ရှိလာသည့်အတွက် ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ အနည်းငယ်သာမှာ ယူရောင်းချရပါသည်။ ရှမ်းပြည်၊ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများမှာ ရာသီမရွေးဝယ်ယူ စားသုံးနိုင်ပြီး အခွံလည်းထူ၍ အချဉ်အရသာနည်းသည့်အပြင် အလုံးအရွယ်အစားလှခြင်း၊ အထားခံခြင်းတို့ကြောင့် လူအများက ပိုမိုကြိုက်နှစ်သက်ကြပါသည်။ ဒေသထွက် ခရမ်းချဉ်သီးမှာ အချိန်ကြာမြင့်စွာထားလျှင် ပုပ်လွယ်ပြီး အထားမခံသည့်အတွက် အကြိုက်နည်းကြပေမဲ့ ဈေးနှုန်းအနေဖြင့် သက်သောသောကြောင့် ဒေသထွက်ခရမ်းချဉ်သီးများကိုသာ လှိုင်လှိုင်ဝယ်ယူ ရောင်းချလျက်ရှိကြောင်း  ယခင်နိုဝင်ဘာလတွင် ခရမ်းချဉ်သီးဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၈၀၀၀/ ၁၀၀၀၀)ကျပ် ဈေးနှုန်ုးတို့ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

     ယခု ဒီဇင်ဘာလ ပထမအပတ်တွင် ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့်  တစ်ပိဿာ လျှင်(၅၅၀၀/၆၀၀၀)ကျပ် (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်နှင့် ရှမ်းပြည်ဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင်(၇၀၀၀/၈၀၀၀)ကျပ် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဆောင်းပဲတီစိမ်းသစ်များပြည်ပဲဈေးကွက်မှာ ဝင်ရောက်မှုများလာ

             ပြည်ဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်များ အောက်တိုဘာလကုန်ပတ်တွင် စတင်ဝင်ရောက်လာခဲ့ပြီး ယခုတစ်ပတ်မှာတော့ ပြည်အနီးတဝိုက်နှင့် မင်းတုန်း၊ ကံမဘက်မှ ဝင်ရောက်မှုများလာခဲ့သည့်အတွက် တစ်ရက်အဝင် အိတ်၇၀၀/ ၈၀၀ကျော် ဝင်ရောက်လာခဲ့ပါသည်။ ပဲဈေးနှုန်းအနေဖြင့် ပိဿာ(၂၀)တစ်တင်း ၉၆၀၀၀ကျပ် မှ ၉၇၀၀၀ကျပ်ထိ ဈေးမြင့်တက်အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ ပဲသစ်ပေါ်စအချိန်က တစ်တင်းလျှင် ကျပ် ၇၀၀၀၀ ဝန်းကျင်ဖြင့် ရောင်းဝယ်ခဲ့သည့်အတွက် ပဲဈေးကွက်မှာ အခြားပဲများနှင့်းယှဉ်လျှင် ဈေးနိမ့်နေခဲ့၍ ယခုကာလတွင်ပဲသစ်အဝင်လှိုင်ချိန်မှာတော့ ပဲဈေးနှုန်းလည်းမြင့်တက်လာသည်ကို တွေ့ရပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဝင်ရောက်မှုရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ရန်ကုန်ဝယ်လက် အဝယ်ရှိခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း