Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဇလွန်မြို့နယ်မှ စီးပွားဖြစ် ဂန္ဓမာပန်းစိုက်ပျိူးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် တွင် တောင်သူအချို့သည် မိုးရာသီ၌ ပန်းစိုက်ပျိုးခြင်းကို ဆောင်ရွက်ကြပြီး ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဂန္ဓမာအုပ်စုဝင် စူပါကျောက်စိမ်း နှင့် မြနှင်းပုလဲ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး ၇၉၁ ဧက စိုက်ပျိုးထားရှိပါသည်။ စူပါကျောက် စိမ်းမျိုးသည် အဖြူရောင်အပွင့်တွင် အစိမ်းရောင်ဝတ်ဆံရှိပြီး မြနှင်းပုလဲသည် အဖြူရောင်အပွင့်တွင် ခရမ်းရောင်သန်းသည့်ဝတ်ဆံရှိပါသည်။

          ဇလွန်မြို့နယ်၊ သဲကုန်းကျေးရွာမှ ကျောက်စိမ်းပုလဲ အပင် ၅၀၀၀ စိုက်ပျိုးသူ တောင်သူ ဦးနိုင်လင်းဦးနှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို ကွင်းဆင်းစုံစမ်းခဲ့ရာ စူပါကျောက် စိမ်း ဂန္ဓမာ ပန်းမျိုးများကို ပန်းပွဲစားများမှတဆင့် ပြင်ဦးလွင်မှ မှာယူရပြီး ပျိုးတစ်ပင်လျှင် ၃၀ ကျပ်မှ ၃၅ ကျပ်ခန့်ပေးရပါသည်။ အပင် ငါးထောင်စိုက်ပျိုးရန်အတွက် ပျိုးပင်ဘိုး တစ်သိန်းခွဲ ကျပ်၊ ပျိုးဘောင်ဘိုး နှင့် စိုက်ခ အတွက် တစ်သိန်းကျပ်၊ပန်းမိုးပလတ်စတစ် တစ်စအတွက် တစ်သိန်းခွဲ ကျပ်၊ မှိုသတ်ဆေး၊ ပိုးသတ်ဆေးနှင့် မြေဩဇာဘိုး နှစ်သိန်းခွဲကျပ်ခန့်နှင့် ညအလင်းရောင်ပေးရန် အတွက် ၁၃ ဝပ် မီးသီးအလုံး ၃၀ နှင့် မီးကြိုးမီခေါင်းဘိုး တစ်သိန်းခွဲကျပ် စုစုပေါင်း ရှစ်သိန်းကျပ်ခန့် ကုန်ကျပါသည်။ မီးသီး၊ မီးခေါင်းနှင့် မီးကြိုးများကို နောက်နှစ်စိုက်ချိန်တွင်ပြန်လည်အသုံးပြုနိုင် ပါသည်။

          စူပါကျောက်စိမ်း ဂန္ဓမာပန်းကို ဇွန်လတွင်စတင်စိုက်ပျိုးပြီး ၄ လအကြာ အောက်တိုဘာလ ကုန် စက်တင်ဘာလဆန်းတွင် စတင်ခူးရပါသည်။ အပင်သက် ၁၅ ရက်တွင်ထိပ်ဖြတ်၍ အတက် ၃ တက် ဖြာထွက်ပြီး တစ်တက်လျှင် ၃ ပွင့်မှ ၄ပွင့်ထိ ပွင့်နိုင်ပါသည်။ပန်းပွင့်အရွယ်အစားကိုလိုက်၍ ခူးရ ပြီး အပင် ငါးထောင်အတွက် စခူးချိန်မှ အပင်ကုန်ခူးပြီးချိန်ထိ ၁၅ ရက်ခန့်ကြာမြင့်ပါသည်။ စူပါ ကျောက်စိမ်း ဂန္ဓမာပန်း နှစ်ပင် (အပွင့် ၂၀ခန့်) ပါတစ်စီးကို ၂၀၂၄ ခုနှစ် တွင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ် ထိရောင်းချရပြီး အပင် ၅၀၀၀ ပန်းတစ်ခင်းလျှင် တစ်ဆယ့်ငါးသိန်းခန့် ဝင်ငွေရရှိနိုင်ပြီး ခုနှစ်သိန်း ကျပ်ခန့် အမြတ်ရရှိနိုင်ပါသည်။

          ဇလွန်မြို့နယ်မှ ထွက်ရှိသော စူပါကျောက်စိမ်း ဂန္ဓမာပန်းများကို ရန်ကုန် သီရိမင်္ဂလာဈေး နှင့် ဟင်္သာတ ၊ ပုသိမ်၊ မြန်အောင်မြို့များသို့တင်ပို့ရောင်းချကြပါသည်။ ဂန္ဓမာအပင် ၅၀၀၀ စိုက်ပျိုး ရန်အတွက် အလျား ပေ ၄၀၊ အနံ ၇၅ ပေခန့် ကျယ်ဝန်းသော မြေကွက် တွင် စိုက်ပျိုးနိုင်ပြီး တစ်ဧက ၏ ၁၄ ပုံ ၁ပုံကျယ်ဝန်းသော မြေကွက်သာ လိုအပ်ပါသည်။ မြေတစ်ဧကတွင် အပင် ၇၀၀၀၀ မှ ၈၀၀၀၀ ကြားထိ စိုက်ပျိုးနိုင်ပါသည်။ မြေအကျယ် နည်းနည်းတွင် အရင်းအနှီးနည်းနည်းဖြင့် ထက်ဝက်ခန့်အကျိုးအမြတ်ရှိပြီး ဈေးကွက်ဝယ်လိုအားရှိသော ဇလွန်မြို့နယ်မှ ဂန္ဓမာပန်း စိုက်ပျိုး ခြင်းကို လေ့လာတင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)

မြင်းခြံဒေသထွက်ဖရဲသီးများဈေးနှုန်းကျဆင်းလာခြင်း

            မြင်းခြံမြို့သည် ဆည်ရေသောက်ဧရိယာ အသင့်အတင့်ရှိပြီး သစ်သီးဝလံပင်များ စိုက်ပျိုးလျက်ရှိရာ ဖရဲသီးအသေးမျိုးကို ရွာသာရွာ၊ ဖရင်းကျေးရွာများတွင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ၎င်းရွာများမှ ထွက်ရှိသည့် ဖရဲသီးများကို ဒေသတွင်းစားသုံးရန်နှင့် တောင်သာမြို့သို့လည်း တင်ပို့်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလပထမပတ်တွင် မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသော ဖရဲသီးတစ်လုံးလျှင် (၁၀၀၀-၁၅၀၀) ကျပ်ခန့်ပေါက် ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်လဩဂုတ်လပထမပတ်တွင် ဖရဲသီးတစ်လုံးလျှင် (၁၅၀၀-၂၀၀၀) ကျပ် ပေါက်ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ဖရဲသီးတစ်လုံးလျှင်  (၅၀၀) ကျပ်ခန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ အရွယ်အစား အကြီးအသေး နှင့် အသီးလတ်ဆတ်မှု အပေါ်မူတည်၍ ဈေးနှုန်းများကွာခြားမှုရှိကြောင်း၊ စားသုံးသူများပြားသဖြင့် ဈေးကွက်အတွင်း တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။   ရေဓာတ်ပြည့်ဝသော ဖရဲသီးသည် ကိုယ်ခံအားကိုတိုး၍ အအေးမိတုပ်ကွေး ရောဂါများသက်သာစေကြောင်း၊ အခွံတွင်ပါဝင်သော ရေဓာတ်သည် ကျောက်ကပ်ရောဂါသက်သာကြောင်း လေ့လာသိရှိရသည်။

DOCA(မန္တလေး)

မုံရွာမြို့တွင် ရောင်းချနေသော  ကြက်ဥ၊ ဘဲဥများကို ဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင်  ဈေးကွက်  အတွင်း  ကြက်ဥ၊ ဘဲဥများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ ဈေးနှုန်းမှာ အသေး (၄၀၀)ကျပ်၊ အလက် (၅၀၀) ကျပ်နှင့် အကြီး(၅၅၀) ကျပ် အထိ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊  ဘဲဥ ဈေးနှုန်းမှာ (၆၀၀-၇၀၀) ကျပ်အထိ ရောင်းချလျက်ရှိကြောင်း ကြက်ဥ နှင့် ဘဲဥရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

မုံရွာမြို့ ဈေးဟောင်းရှိ ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီး များကို  မိမိတို့နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မုံရွာမြို့ ပေါ်ရှိ ဈေးဟောင်းနှင့်ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချ လျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၈၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၂၀၀)ကျပ်၊ ခဆော့သီးတစ် (၁)ဘူးလျှင် (၄၀၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၂၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချသည့် အလုပ်ဖြင့် အသက် မွေးဝမ်းကြောင်းပြုရာမှ ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးကို မိမိတို့‌ဒေသ တွင်း ထွက်ရှိသည့်သီးနှံများကိုရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

             ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ရွှေဖရုံသီး ဈေးနှုန်းများမှာ အလုံးကြီးတစ်လုံးလျှင် (၁၅၀၀)ကျပ်နှင့် အလုံးသေးတစ်လုံးလျှင် (၈၀၀)ကျပ်၊  ကျောက်ဖရုံသီး ဈေးနှုန်းအနေဖြင့် အကြီးတစ်လုံးလျှင် (၄၅၀၀)ကျပ်၊ ကျောက်ဖရုံသီး သေးတစ်လုံးလျှင်(၃၀၀၀)ကျပ်နှင့် ကျောက်ဖရုံသီး တစ်စိတ်လျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချ နေသော ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီး ဈေးနှုန်း

               စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊မန်ကျည်းပင်ဈေးအတွင်းတွင်ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီး တို့သည် အေး၍ စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသော ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါ သည်။

            ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  သစ်သီး ဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၁၅၀၀) ကျပ် ၊  ကဗလာသီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၇၅၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့  မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင်ရောင်းချနေသော ကန်စွန်းဥဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များ တွင်  ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ကန်စွန်းဥသည် သဲနုန်းမြေနှင့် မြေပွများတွင်ကောင်းစွာ ဖြစ်ထွန်းပါသည်။ကန်စွန်းဥကို မီးဖုတ်၍သော်လည်းကောင်း၊ပြုတ် ၍သော်လည်းကောင်း၊ အုံးနို့သာကူ၊ ပူတင်းတို့တွင်ထည့်၍ လည်းကောင်း သရေစာအဖြစ် ပြုလုပ်စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ  ဒုတိယပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်း ရတနာဈေးတို့တွင်   ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၄၀၀)ကျပ်၊ လက်လီ (၁)ပိဿာလျှင်(၂၆၀၀)ကျပ်ဖြင့်  ရောင်းဝယ်လျက်ကြောင်း ကန်စွန်းဥ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျိုက်မရောမြို့နယ်တွင် မိုးစပါးစိုက်ဧက ၅၆၆၂၄ ဧကလျာထားစိုက်ပျိုးပြီးစီး

     မွန်ပြည်နယ်  ကျိုက်မရောမြို့နယ်တွင် စပါးအထွက်နှုန်းတိုးတက်မြင့်မားစေရေးအတွက် ချောင်းပိတ်မြောင်းပိတ် စနစ်ဖြင့် ၂၀၂၅ခု ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးလျာထားဧက (၅၆၆၂၄) ရှိပြီး ယခုအခါ ၄၁၅၄၅ ဧက ကျော် စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

      ကျိုက်မရောမြို့နယ်အတွင်း ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံရေးနှင့်စပါးစိုက်ပျိုး ထုတ်လုပ် မှုကဏ္ဍ ဖွံဖြိုးတိုးတက်စေရန်  တောင်သူများအား နှစ်စဥ်မျိုးသန့်မျိုးစေ့ပံ့ပိုးခြင်း၊ ပေါင်ပျိုးစနစ်၊ မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးမှုစနစ်များဖြင့်  ဇွန်လ ကုန်ထိ စိုက်ပျိုးပြီး ဧကစုစုပေါင်း ၄၁၅၄၅ ဧက စိုက်ပျိုးပြီးစီး၍ စိုက်ပျိုးရန် ဧက (၁၅၀၇၉) ကျန်ရှိနေပြီး စက်တင်ဘာလကုန်ထိ ဆက်လက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)

ကျောင်းကုန်းမြို့နယ်၌ ဒေသထွက် ငရုတ်သီးစိမ်းများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေ

     ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်၌ ဒေသထွက် ငရုတ်သီးစိမ်းများ ဝယ်လိုအား ကောင်းပြီး  အရောင်းအဝယ်ကောင်းမွန်နေကြောင်း    ကျောင်းကုန်းမြို့နယ်မှ ကုန်စိမ်းရောင်းဝယ် ရေးပွဲရုံ လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဌေးဌေး၏ ပြောပြချက်အရ သိရသည်။

          ကျောင်းကုန်းမြို့နယ်  ဒေသထွက် ငရုတ်သီးစိမ်းများသည် ဇွန်လနောက်ဆုံးပတ်မှ စတင်၍ ဝယ်လိုအားကောင်းလာခြင်းဖြစ်ပြီး ယခုအခါ တစ်ရက်လျှင် ငရုတ်သီးစိမ်းပိဿာ ၁၅၀၀၀ မှ ၂၀၀၀၀  အထိအရောင်းအဝယ်     ကောင်းမွန်လျက်ရှိသည်။"လက်ရှိ  ငရုတ်သီးစိမ်းတွေက  ဒေသတွင်းမှာကို အရောင်းအဝယ်ကောင်းနေတယ်။ ဒေသဈေးကွက်အပြင် ကျုံပျော်၊ ပုသိမ်နဲ့ တခြား ဒေသတွေက ငရုတ်သီးစိမ်းဝယ်လိုအား ကောင်းနေလို့ အရောင်းအဝယ်ကောင်းနေတာပါ။ ကျောင်းကုန်းမြို့နယ်က  ငရုတ်သီးအရောင်းအဝယ် သမားတွေက  ဒေသထွက်ငရုတ်သီးတွေကို မှာယူတဲ့ဒေသအထိ လိုက်လံပို့ဆောင်ပေးတာပါ"ဟု ဒေါ်ဌေးဌေးကပြောသည်။

          ကျောင်းကုန်းမြို့နယ်၌ ကုန်စိမ်းရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများသည် ဒေသ ထွက်ကုန် ငရုတ်သီးစိမ်းများကို  တခြားဒေသများသို့ စနစ်တကျထုပ်ပိုး တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါငရုတ်သီးများ     အရောင်းအဝယ်ကောင်းလာ သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် သူများ၊ ကုန်သည်များ၊ ပွဲရုံလုပ်ငန်း လုပ်ကိုင်သူများနှင့်  လုပ်သားများ အဆင်ပြေလာကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ကျွန်းလှမြို့တွင် ရောင်းချနေသော တီလားဗီးယားငါး နှင့် ငါးလေးဒေါင့် ဈေးနှုန်း

            ကျွန်းလှမြို့တွင်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါး များကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် တီလားဗီးယားငါး ဈေးနှုန်းများ အနေဖြင့် (အကြီး)()ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်၊ အသေး()ပိဿာ လျှင် (၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ငါးလေးဒေါင့် ဈေးနှုန်းအနေဖြင့် အကြီး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်း အဝယ် လုပ်ကိုင်သူ ထံမှ သိရ ပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း