Main menu

ပုသိမ်မြို့နယ်အတွင်း ရေဘဝဲဈေးကွက် တည်ငြိမ်မှုရှိနေ၍ ငါးသယံဇာတ ထွက်ရှိမှု ကောင်းမွန်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ငါးဈေးကွက်များတွင် လက်ရှိ အချိန် အထိ ရောင်းချနေသော ရေဘဝဲဈေးကွက်သည် ယခင်လများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း အတန် အသင့် တည်ငြိမ်မှုရှိပြီး ရောင်းဝယ်ရေး အဆင်ပြေနေကြောင်း ဈေးသည်များနှင့် စားသုံးသူများထံမှ သိရှိရသည်။

  စက်တင်ဘာလသည် မုတ်သုန်လေ ကောင်းစွာတိုက်ခတ်ရန် ကျန်ရှိသည့်ကာလ ဖြစ်သော်လည်း ပင်လယ်ပြင်သို့ ငါးဖမ်းရန်ထွက်ခွာနိုင်သည့် ရက်များအနည်းငယ်ရှိသေးသဖြင့် ငါးသယံဇာတ ထုတ်လုပ်နိုင်မှု ကောင်းမွန်နေဆဲဖြစ်သည်။ ထို့ကြောင့် ပုသိမ်မြို့နယ် ကုလားကုန်းဈေး ၊ ဘူတာဈေးအပါအဝင် ဈေးကြီးများတွင် လတ်ဆတ်သော ရေဘဝဲများကို ပုံမှန်ဈေးနှုန်းဖြင့် ရရှိနိုင်သည်။

      လက်ရှိဈေးနှုန်းများအရ အရွယ်အစားအလိုက် တစ်ပိဿာ ကျပ် (၄၅,၀၀၀) မှ (၇၅၀၀၀) အထိ ရှိကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ်လက မိုးသည်းထန်စဉ်ကာလကထက် ဈေးနှုန်း အနည်းငယ် ကျဆင်းလာကြောင်း သိရသည်။ ယင်းမှာ မိုးရာသီအတွင်း ပင်လယ်ပြင်သို့ သွားရောက်ငါးဖမ်းနိုင်မှု နည်းပါးခဲ့ခြင်းကြောင့် ဈေးမြင့်တက်ခဲ့ရခြင်း ဖြစ်သည်။

     ဒေသခံ ငါးသည် တစ်ဦးဖြစ်သူ ဦးကျော်မြင့်စိုးက "အခုလို စက်တင်ဘာလဆန်းမှာတော့ လေပြင်း သိပ်မတိုက်တော့တဲ့အတွက် ရေဘဝဲတွေ ဖမ်းဖို့ အဆင်ပြေနေပါတယ်။ ဒါကြောင့် ဈေးကွက်မှာလည်း ရေဘဝဲတွေ မပြတ်လပ်ဘဲ ရနေတယ်။ ဈေးကလည်း သိပ်မကြီးဘူး။ လတ်လတ်ဆတ်ဆတ်ရှိတယ်" ဟု ပြောကြားသည်။

     သို့ရာတွင် လာမည့် အောက်တိုဘာလနှောင်းပိုင်းနှင့် နိုဝင်ဘာလများသို့ ရောက်ရှိပါက မုတ်သုန်လေပြင်းများ တိုက်ခတ်ကာ ပင်လယ်ပြင် လှိုင်းလုံးကြီးမည်ဖြစ်သဖြင့် ငါးဖမ်းရန် ခက်ခဲလာမည်ကို စိုးရိမ်နေကြသည်။ ထိုအခါ ရေဘဝဲအပါအဝင် ပင်လယ်ငါးများ၏ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာနိုင်သည့်အတွက် စားသုံးသူများအနေဖြင့် လက်ရှိ တည်ငြိမ်နေသော ဈေးနှုန်းဖြင့် လတ်ဆတ်သည့် ရေဘဝဲများကို ဝယ်ယူစားသုံးနိုင်ကြောင်း သိရှိရသည်။

DOCA (ဧရာဝတီ)