Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိတ္ထီလာ ဈေးကွက်တွင် အာလူးဈေးအနည်းမြင့်တက်လျက်ရှိ

           အာလူးကို ရှမ်းပြည်တောင်ပေါ်‌ဒေသများအပြင် မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင်လည်း စိုက်ပျိုးကြပါသည်။ အာလူးသည် အာဟာရတန်ဖိုးအမြင့်မားဆုံးပါဝင်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်။ အာလူးကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိတောင်ပေါ်ဒေသများတွင် အနည်းငယ်စိုက်ပျိုးကြကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သာစည်မြို့နယ်အာလူး(မိုး)စိုက်ဧက (၁၂၅)ဧက စိုက်ပျိုးကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦီးစီးဌာနစာရင်းအရ သိရပါသည်။

         မိတ္ထီလာခရိုင်တွင် ဒေသတွင်းမှအနည်းငယ်သာထွက်ရှိသဖြင့် ဈေးကွက်အတွင်း အာလူးကို ရှမ်းပြည်နယ် ဟဲဟိုး၊ အောင်ပန်း၊ သိမ်ကုန်း၊ တောင်နီ၊ သံသေ၊ ဆင်တဲ၊နောင်တရားမြို့များမှ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုအပတ်အတွင်း ဈေးကွက်အတွင်း အားလူးအဝင်နည်းသဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊ ယခုစက်တင်ဘာလပထမပတ်တွင် ပွဲရုံများ၌ လက္ကားဈေး တစ်ပိဿာလျှင်(၄၀၀၀-၅၅၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လက်လီဈေး တစ်ပိဿာ လျှင်(၄၅၀၀-၆၀၀၀)ကျပ်ဈေးရှိပြီး ယခင်လနှင့်ကာတူနှိုင်းယှဉ်လျှင် အာလူးတစ်ပိဿာ လျှင်(၁၀၀၀) ကျပ်ခန့် မြင့်တက်လာကြောင်း အာလူးပွဲရုံများမှ သိရပါသည်။

DOCA(ရန်ကုန်)

ရမည်းသင်းမြို့နယ်၌ မိုးမြေပဲများ လှိုင်လှိုင် ပေါ်လျက်ရှိ

          မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်းရှိ သရက်ပင်၊ မြို့လှ၊ ပဲ့ပင်၊ အင်းတော်၊ တွင်းကျ၊ ကျောက်ဖူး၊ ရွာတန်းကျေးရွာများတွင်  လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာမှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲကိုအများဆုံးစိုက်ပျိုးကြကြောင်း၊ ရမည်းသင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးမြေပဲကို(၁၉၂၀၀)လျာထားသော်လည်း စိုက်ဧက( ၂၀၅၁၃)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦီးစီးဌာနစာရင်းအရ သိရှိရပါသည်။

          မိုးမြေပဲကို ဇွန်လဆန်းပိုင်းတွင် စိုက်ပျိုးကြပြီး ဩဂုတ်လဒုတိယပတ်တွင် မိုးမြေပဲကို  စတင်ရိတ်သိမ်းကြကြောင်း၊ မိုးမြေပဲကို သီးသန့်တန်းချစနစ်ဖြင့်စိုက်ပျိုးကြသဖြင့် တစ်ဧကလျှင် မျိုး(၂၄) ပြည် ကုန်ကျကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကစုစုပေါင်း ငွေကျပ်(၃)သိန်းကျော်ကုန်ကျကြောင်း၊  ယခုနှစ်အထွက်နှုန်းမှာ တစ်ဧကလျှင်(၇၀) တင်းခန့်ထွက်ရှိ၍ အကျိုးအမြတ်ရရှိကြောင်း မြေပဲစိုက်တောင်သူများထံမှ သိရပါသည်။

           ရမည်းသင်းမြို့ပေါ်ရှိသီးနှံပွဲရုံများတွင် နေ့စဉ် မိုးမြေပဲများလှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုစက်တင်ဘာလပထမပတ်တွင် မိုးမြေပဲအတောင့်တစ်တင်း လျှင် (၂၉၄၀၀)ကျပ်၊ မြေပဲလုံးဆတစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ဆီဆံတစ်ပိဿာလျှင်(၇၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းဆီကြိတ်စက်များအပြင် မန္တလေးမြို့သို့ အဓိကတင်ပို့ရောင်းချကြကြောင်း သိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာကုန်စည်ဒိုင်တွင်ဖြစ်ပေါ်နေသော သီးနှံဈေးနှုန်းများ

           မိတ္ထီလာကုန်စည်ဒိုင်တွင် ယခုစက်တင်ဘာလပထမပတ်တွင်ဖြစ်ပေါ်နေသော ဆီထွက်သီးနှံ ဈေးနှုန်းများမှာ နှမ်းညိုတစ်တင်းလျှင် (၈၅၀၀၀-၈၇၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၉၀၀၀၀-၉၂၀၀၀) ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင်(၅၈၀၀-၆၀၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀)ကျပ်၊ နှမ်းဆီ(၁၃၀၀၀-၁၅၅၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင်(၁၈၀၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၇၅၀-၂၈၀၀)ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ဆီထွက်သီးနှံ ဈေးနှုန်းများတည်ငြိမ်နေပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါသည်။

       ပဲမျိုးစုံဈေးကွက်တွင် V2 ကုလားပဲတစ်တင်းလျှင် (၈၃၀၀၀)ကျပ်၊929တစ်တင်းလျှင် (၈၀၀၀၀) ကျပ်၊ ပဲတီစိမ်းတစ်တင်းလျှင်(၈၈၀၀၀-၉၀၀၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် ပဲဈေးနှုန်းများလည်းတည်ငြိမ်နေကြောင်း သိရပါသည်။

         စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီတစ်ပိဿာလျှင်(၈၀၀-၉၀၀)ကျပ်၊ ငရုတ်သစ် တစ်ပိဿာလျှင်(၁၀၀၀၀-၁၂၀၀၀)ကျပ်ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် ငရုတ်သစ်နှင့် ကြက်သွန်နီဈေးနှုန်းများမှာ တည်ငြိမ်နေကြောင်းသိရပါသည်။

          ဈေးကွက်အနေဖြင့် ဆီထွက်သီးနှံနှမ်းနှင့်ပဲမျိုးစုံကို ဒေသတွင်းဆီကြိတ်စက်များ၊ ပဲခွဲစက်များအပြင်  ရန်ကုန်၊ မန္တလေးမြို့များသို့တင်ပို့ရောင်းချကြကြောင်း၊ ငရုတ်၊ကြက်သွန်ကို ရန်ကုန်၊ ပဲခူး၊ မြဝတီ၊ တာချီလိတ်၊ ဘားအံ့၊ မော်လမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။

DOCA(မန္တလေး)

ရမည်းသင်းမြို့နယ်၌ မိုးနေကြာသီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိ

           မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်  လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာမှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာများစိုက်ပျိုးကြကြောင်း၊ ရမည်းသင်းမြို့နယ်တွင် မိုးနေကြာစိုက်ဧက ( ၄၂၀၈) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦီးစီးဌာနစာရင်းအရ သိရှိရပါသည်။

          မိုးနေကြာကို ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးကြပြီး စက်တင်ဘာ၊ အောက်တိုဘာလ များတွင်ရိတ်သိမ်းကြကြောင်း၊ မိုးနေကြာသီးနှံကိုသီးသန့်စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကစုစုပေါင်း ငွေကျပ်( ၂ )သိန်းကျော် ကုန်ကျကြောင်း၊ မိုးနေကြာမှာ ယခင်နှစ် အထွက်နှုန်းအနေဖြင့်တစ်ဧကလျှင် (၂၄) တင်းခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းဆီကြိတ်စက်များသို့ အဓိကတင်ပို့ရောင်းချကြကြောင်း၊ ယခုအချိန်တွင် စိုက်ပျိုးထားသည့်မိုးနေကြာများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး၊ မိုးလေဝသနှင့် ရာသီဥတုကောင်းမွန်ပါက အထွက်နှုန်းကောင်းမွန်နိုင်ကြောင်း၊ နေကြာပေါ်ချိန်တွင်လည်း ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များစွာရရှိနိုင်မည်ဟု မျှော်မှန်ထားကြောင်း နေကြာစိုက်တောင်သူများ ထံမှသိရပါသည်။

DOCA(မန္တလေး)

“မြစ်သားမြို့နယ်တွင်မိုးနှမ်း စိုက်ဧကအားလုံးရိတ်သိမ်းပြီးစီး”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆီထွက်သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် မိုးနှမ်းသီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြစ်သားမြို့နယ်တွင်(၄၂၀၀)ဧက စိုက်ပျိုးပြီး ၎င်းဧကများအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ မိုးနှမ်း(၁)ဧကစိုက်ပျိုးလျှင် မျိုးအနေဖြင့်(၂-၃) ပြည်စိုက်ပျိုးရကြောင်း(၁)ပြည်လျှင် (၈၀၀၀/-)ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ မိုးနှမ်းစိုက်ပျိုးမှု (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၅၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးသောမျိုးများမှာ နှမ်းညို၊ နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ ရိုးကန်၊ ကျားတွင်း၊ နွားလျှာရိုးရွာများဖြစ်ကြောင်း၊  ယခုအချိန်တွင် နှမ်းဖြူ တစ်တင်းလျှင်(၉၇၀၀၀/-)ကျပ်၊ နှမ်းညို တစ်တင်း လျှင် (၈၂၀၀၀/-)ကျပ်၊ နှမ်းနက်တစ်တင်းလျှင်(၈၂၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ (၁)ဧက အထွက်နှုန်းအနေဖြင့် (၁၁-၁၂)တင်းခန့်ထွက်ရှိခဲ့ပြီး အကျိုးအမြတ်အနေဖြင့် (၈၆၇၀၀၀/-)ကျပ်မြတ်ခဲ့ကြောင်း မိုးနှမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ခရမ်းကြွပ်သီးဈေးနှုန်းဈေးကွက်”

             မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံမျိုစုံ စိုက်ပျိုးသည့်အပြင် ကုန်စိမ်းသီးနှံဖြစ်‌သော ခရမ်းကြွပ်သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ ခရမ်းကြွပ်သီးအပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ ခရမ်းကြွပ်သီးစိုက်ပျိုးမည်ဆိုပါက မျိုးစေ့ကို ပျိုးထောင်ခြင်းနှင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးနည်းဟူ၍ နှစ်မျိုးစိုက်ပျိုးလျက်ရှိပါသည်။ ခရမ်းကြွပ်သီးကို ပျိုးထောင်ပြီး စိုက်ပျိုးမည်ဆိုပါက ပျိုးသက် တစ်လခွဲသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ()()လ အကျော်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး တစ်ပတ်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ပြီးမှ တစ်ပတ်နှင့် တစ်ပတ်အထွက်နှုန်းပိုမိုလာကြောင်း၊ သက်တမ်းအနေဖြင့် ()လခန့်အထိ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် လုပ်သားခ၊ မျိုး၊ သွင်းအားစုအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်အနေ ဖြင့် (၉၀၀၀၀၀-၁၀၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ခရမ်းကြွပ်သီး လက်ကားဈေးအနေဖြင့် တစ်ပိဿာ လျှင် (၂၀၀၀/-)ကျပ်၊ လက်လီဈေးအနေဖြင့် တစ်ပိဿာလျှင် (၂၂၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၁၀၀၀၀၀၀/-) အမြတ်ရရှိကြောင်း၊ ခရမ်းကြွပ်သီးကို ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူပြီး ကျောက်ဆည်မြို့ရှိ မြို့မဈေး၊ အေးမြကြည်လင်ဈေး၊ စဉ့်ကိုင်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ရှမ်းမြေပဲထောင့်အစိုများ ဈေးကွက်အတွင်းသို့ဖြိုင်ဖြိုင်ဝင်ရောက်”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကုန်စိမ်းပွဲရုံများသို့ ရှမ်းမြေပဲထောင့်အစိုများ ဈေးကွက်အတွင်းသို့ ဖြိုင်ဖြိုင်ဝင်ရောက်လာပြီး အရောင်းအဝယ်ကောင်းနေကြောင်း သိရှိရပါသည်။ မြေပဲထောင့်အစိုများသည် ယခုအချိန်တွင် မြေပြန့်ဒေသများမှ  ထွက်ရှိမှုနည်းပါးပြီး  တောင်ပေါ်ဒေသများဖြစ်သည့် ပင်းတယ၊ အောင်ပန်း၊ ရေဦး၊ ရွာငံဒေသများမှ အဓိကအများဆုံး ဝင်ရောက်လာကြောင်း၊  မြေပဲစိုက်ပျိုးရာတွင် မြေပဲပင်များကို ကျင်းတူးကာ တစ်ကျင်းလျှင် နှစ်စေ့နှုန်းဖြင့် တစ်တောင်ခြားစိုက်ပျိုးကြကြောင်း၊ တစ်ပတ်အကြာတွင် အညှောင့်များ စတင်ထွက်ရှိပြီး သုံးလအကြာတွင် စတင်နှုတ်ယူ၍ရကြောင်း၊ သဲနှုန်းမြေပေါ်တွင် စိုက်ပျိုးပါက အထွက်နှုန်းတိုး ကြောင်း၊ မြေပဲများအား နှုတ်ယူပြီးပါက မြေပဲတောင့် အစိုများကို  ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချကြပါကြောင်း၊ ရောင်းချရာတွင် လက်ကားဈေးအနေဖြင့်  မြေပဲအစို (၁)ပြည်လျှင် (၂၀၀၀/-)ကျပ်၊ လက်လီဈေး(၁)ပြည်လျှင်(၂၅၀၀/-)ကျပ် များဖြင့် ရောင်းဝယ်ဖြစ်နေကြောင်း၊ ဈေးသည်များမှလည်း ရှမ်းမြေပဲများကိုဝယ်ယူ၍ အစိမ်းရောင်းချသလို ပြုတ်၍လည်း ရောင်းချလျက်ရှိကြောင်း၊ မြေပဲကို ပြုတ်ပြီးပြန်လည်ရောင်းချပါက အစို(၁)ပြည်လျှင်(၂၅၀၀/-)ကျပ်ဈေးဖြစ်ပြီး၊ ပြုတ်၍ရောင်းချပါက (၁)ဗူးလျှင်(၅၀၀/-)ကျပ်နှင့်  (၁)ပြည်လျှင်(၄၀၀၀/-)ကျပ်ရရှိသောကြောင့် ပိုမိုအကျိုးမြတ်ဖြစ်ထွန်းကြောင်း၊ မြေပဲစားသုံးခြင်းဖြင့် ပရိုတိန်းဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်တို့ ပါဝင်ကြောင်း၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးကြောင်း အဆစ်ရောင်ရမ်းခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးကြောင်း လေ့လာသိရှိရပါသည်။ ကျန်းမာရေး အကျိုးကျေးဇူးရှိသော မြေပဲကို ဝယ်ယူစားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ထန်းလက်ကုလားထိုင်ပြုလုပ်ခြင်းဖြင့်မိသားစုအပိုဝင်ငွေရရှိ”

         ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အသေးစား၊ အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောက်ဆည်မြို့နယ်၊ကျောင်းကုန်းကျေးရွာရှိ ထန်းလက်ကုလားထိုင် ပြုလုပ်ရောင်းလျက်ရှိသည့်လုပ်ငန်းအား  ကွင်းဆင်းလေ့လာခဲ့ပါသည်။ ၄င်းလုပ်ငန်းအား  မိသားစုတစ်နိုင် တစ်ပိုင်အပိုဝင်ငွေရရှိရေးပြုလုပ်ရောင်းချလျက်ရှိပါသည်။ ကျောင်းကုန်းကျေးရွာတွင် ထန်းလက်ကုလားထိုင်လုပ်ငန်းကို မိရိုးဖလာအဖြစ် ရှေးယခင်မှစ၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ထန်းလက်ကုလားထိုင်ပြုလုပ်ရန်အတွက် ထန်းကြီးလက်ဖျားကို ထန်းပင်မှခုတ်ယူပြီး နေပူခံကာအခြောက်လှမ်းထားရကြောင်း၊ ယင်းသို့နေပူခံကာ အခြောက်လှမ်းထားသော ထန်းလက်ကုလားထိုင်သည် ရေရှည်ခိုင်ခံ့မှု ရှိမည်ဖြစ်ကြောင်း၊ ထန်းလက်ကုလားထိုင်တစ်လုံး ပြုလုပ်မည်ဆိုပါက ထန်းအလက်(၃၀)ကုန်ကျမည်ဖြစ်ပြီး (၁)လက်လျှင်(၁၀၀/-)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ကုလားထိုင်တစ်လုံးအား ထန်းလက်များဖြင့်သာပြုလုပ်ထားပြီး ကုလားထိုင်ခိုင်ခန့်ရန် အတွက်သံမှိုကိုအသုံးပြု၍ထိန်းထားကြောင်း၊ ကုလားထိုင် တစ်လုံးလျှင် (၁)လက်မသံနှင့်(၅)မတ်သံ (၅)ကျပ်သားကုန်ကျမည်ဖြစ်ပြီး သံမှိုစျေးအနေဖြင့်(၇၀၀/-)ကျပ်ကုန်ကျကြောင်း၊ လူတစ်ဦး(၁)ရက်လျှင် ကုလားထိုင်တစ်လုံးပြီးစီးကြောင်း၊ ကုလားထိုင်တစ်လုံးပြုလုပ်ရာတွင် အပြီးအစီး (၄၅၀၀-၅၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ကျေးရွာအတွင်း ပြန်လည်ရောင်းချပါက တစ်လုံးလျှင်(၁၀၀၀၀/-) ကျပ်အထိရှိပြီး ပြုလုပ်ရောင်းချသူများအနေဖြင့် နေ့စားလုပ်အားခနှင့်ယှဉ်လျှင် တွက်ခြေကိုက်ကြောင်း၊ မပြုလုပ်နိုင်သူများမှ ငွေကြိုတင်‌ပေး၍ ဆိုင်ကယ်ဖြင့် လှည့်လည်ရောင်းချကြကြောင်း၊ ကြိုတင်ပေးယူ၍ ပြန်လည်ရောင်းချသောကြောင့် ကုလားထိုင်တစ်လုံးလျှင်(၁၁၀၀၀/-)ကျပ်ပေးဝယ်၍ ပြန်လည်ရောင်းချကြကြောင်း၊ လူတစ်ဦးလျှင် (၁)ရက် တစ်လုံးခန့် ပြုလုပ်၍ရောင်းချပါက တစ်လအကျိုးအမြတ်အနေဖြင့် (၁၄၀၀၀၀-၁၅၀၀၀၀)ကျပ်အထိရရှိနိုင်ကြောင်း၊ ကျောင်းကုန်းကျေးရွာမှ ထန်းလက်ကုလားထိုင်ပြု လုပ်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“တိုင်ထောင်ပဲထောင့်ရှည်စိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်း၌ရှိသော တောင်သူများသည် စပါးနှင့် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးကြသော်လည်း ဝယ်လိုအားရှိပြီး နေ့စဉ်ဝင်ငွေရရှိရေးအတွက်  သီးပင်စားပင်များကိုလည်း စိုက်ပျိုးရောင်းချလျက်ရှိရာ ကျောင်းကုန်း၊ ကလိုင်ကျော်နှင့် မြောင်းဘောင်ကျေးရွာတွင် စိုက်ပျိုးလျက်ရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။ ပဲထောင့်ရှည်စိုက်ပျိုးမှုအနေဖြင့် တိုင်ထောင်ဝါး၊မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ပဲထောင့်ရှည်မျိုးအနေဖြင့် အစိမ်းရောင်မျိုး၊ ကတီပါရောင်ဟူ၍ နှစ်မျိုးရှိရာ အများဆုံးစိုက်ပျိုးသောမျိုးမှာ အစိမ်းရောင်မျိုးကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း၊ တိုင်ထောင်ပဲသည် စိုက်ပျိုးပြီး တစ်လအတွင်း ထွက်ပေါ်သောကြောင့် ရာသီမရွေး၊ အချိန်မရွေးစိုက်ပျိုးကြကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၅၀၀)ပိဿာခန့် ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၇၅၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း၊ ပဲထောင့်ရှည်များ လှိုင်လှိုင်ခူးဆွတ်နေရပြီး ရောင်းဈေးအနေဖြင့် ပွဲရုံသွင်းဈေး တစ်ပိဿာလျှင် (၂၅၀၀/-)ကျပ် သွင်းရပြီး၊ လက်လီရောင်းဈေးအနေဖြင့် တစ်ပိဿာလျှင် (၃၀၀၀/-) ကျပ်ဖြင့် ရောင်းချကြကြောင်း၊ နေ့စဉ်ခူးဆွတ်ပြီး ရောင်းချရသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ပဲထောင့်ရှည်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ကင်ပွန်းချဉ်ပင်စိုက်ပျိုးခြင်းဖြင့်မိသားစုအပိုဝင်ငွေရရှိ”

          ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဲမျိုးစုံနှင့်နှမ်း၊ နေကြာစသည့် ဆီထွက်သီးနှံများအပြင် မိသားစုအပိုဝင်ငွေရရှိရေးအတွက် ကျေးလက်တောရွာများ၌ သဘာဝအလျှောက်ပေါက်ရောက်သည့် စားသုံးပင်ဖြစ်သလို ခြံစည်းရိုးများတွင်စိုက်ပျိုးသည့် ဆူးခြုံပင်တစ်မျိုးဖြစ်သော ကင်ပွန်းချဉ်ပင်ကိုလည်း စိုက်ပျိုးလာကြပါသည်။ ကင်ပွန်းချဉ်ပင်စိုက်ပျိုးရာတွင် အစေ့မှမျိုးယူ၍စိုက်ပျိုးရကြောင်း သိရှိရပါသည်။

        ကင်ပွန်းချဉ်ရွက်သည် အစာအိမ်ရောဂါနှင့် ဝမ်းချုပ်ခြင်းကိုလည်းသက်သာစေကြောင်း၊ ဆံသားပျက်စီးမှုကို သဘာဝအတိုင်းပြန်လည်ကုသပေးနိုင်ခြင်း၊ ကင်ပွန်းချဉ်ရွက်ကို ခေါင်းလျော်ရည်နှင့် ရေချိုးဆပ်ပြာများပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်ပါကြောင်း၊ အရေပြားရောဂါများကုသရာတွင်လည်းအသုံးပြုနိုင်ပါကြောင်း ကျန်းမာရေးဗဟုသုတများအရသိရှိရပါသည်။ ကျောက်ဆည်မြို့၊ အေးမြကြည်လင်စျေးတွင် ကင်ပွန်းချဉ်ရွက်(၁၀) ကျပ်သားလျှင်(၁၅၀၀/-)ကျပ်၊ (၁)ပိဿာလျှင်(၁၂၅၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။ ကင်ပွန်ချဉ်ရွက်ကိုကြော်စားခြင်း၊ ဟင်းချိုချက်၍သောက်သုံးခြင်း၊ အချဉ်ရည်ဟင်းပြုလုပ်၍လည်း ချက်ပြုတ်စားသုံးကြသောကြောင့် မိသားစုအပိုဝင်ငွေရရှိရေးအတွက် စိုက်ပျိုးထားသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း