
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကြက်အူချောင်း/ဝက်အူချောင်းများကို ကိုယ်တိုင် ပြုလုပ်၍ ဈေးများတွင် ရောင်းချသကဲ့သို့ နာမည်ကြီး ဒေါ်ကျင်မြကဲ့သို့ ကြက်အူချောင်း/ ဝက်အူချောင်းရောင်းချနေသည့် လုပ်ငန်းရှင်များလည်းအများအပြားရှိပါသည်။ ကြက်အူချောင်း/ ဝက်အူချောင်းသည် ချက်ပြုတ်ရန် မြန်ဆန်လွယ်ကူသည့်အတွက် အချိန်ကုန်သက်သာစေသော အစားအစာတစ်မျိုးအဖြစ် လူကြိုက်များပါသည်။
ကြက်အူချောင်း/ဝက်အူချောင်းများကို မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များမှ လည်းကောင်း၊ အိမ်ရှင်မများ ဟင်းလျာများ ချက်ပြုတ်ရာတွင်လည်းကောင်း အများဆုံး အသုံးပြုနေကြကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ရောင်းချ ခဲ့သော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်း(၁)ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင် (၃၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၆၀၀၀)ကျပ် ရှိခဲ့ပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ စက်တင် ဘာလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်း(၁) ပိဿာလျှင် (၆၅၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၃၂၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၆၅၀၀) ကျပ်အထိ ဖြစ်လျက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။ ယခင်အပတ်နှင့် နှိုင်းယှဉ် ပါက ပိဿာချင်း (၅,၀၀၀)ကျပ်၊ ကျပ်သားချင်း (၅၀)ကျပ်မှ (၂၅၀၀)ကျပ် အထိ ဈေးနှုန်း အနည်းငယ် မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။
ဈေးနှုန်းမြင့်တက်ရခြင်း၏ အကြောင်းရင်းမှာ ကုန်ကြမ်းဈေးနှုန်းများမြင့်တက်လာခြင်း နှင့် သယ်ယူပို့ဆောင်ခွင့်စရိတ်တို့ကြောင့် ဖြစ်နိုင်ကြောင်း ရောင်းချသူများက ဆိုပါသည်။ သို့ရာတွင် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်လှသော အစားအစာဖြစ်သည့်အတွက် ဈေးနှုန်းအနည်းငယ် မြင့်တက်လာသော်လည်း ရောင်းအားကောင်းမွန်ဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)