Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိတ္ထီလာမြို့ရှိအုန်းသီးဈေးကွက်

           မိတ္ထီလာမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိပြီး အုန်းပင်စိုက်ပျိုးထွက်ရှိမှုနည်းသည့်အတွက် အုန်းသီးကို ရန်ကုန်မြို့မှတဆင့် ဝယ်ယူရောင်းချရကြောင်းသိရသည်။ မိတ္ထီလာမြို့၊ မြိုမဈေးသို့ ၂/၃ရက်ခြားတစ်ကြိမ်လျင် အုန်းသီးအလုံးရေအနေဖြင့် အခွံချွတ်ပြီး(၁၀၀၀)လုံးခန့်၊ ပွဲဝင်အုန်းသီး အလုံးရေ(၅၀၀)လုံးမှ (၁၀၀၀)လုံးခန့်ဝင်ရောက်လျက်ရှိပါသည်။ အုန်းသီးဈေးကွက်အနေဖြင့် အခွံချွတ်ပြီးအုန်းသီးမှာ မုန့်ပဲသရေစာပြုလုပ်ရန်အတွက် ဝယ်လိုအားရှိခြင်းကြောင့် ပုံမှန်အရောင်းဝယ်ဖြစ်ပြီး ပွဲဝင်အုန်းသီးမှာ ဝါမဝင်မှီ၊ ဝါကျွတ်ကာလများ၌ အိမ်တွင်းအုန်းဆွဲရန်၊ အလှူမင်္ဂလာပွဲများတွင် ကန်တော့ပွဲထိုးရန်တို့အတွက် ရောင်းပိုမိုတွင်ကျယ်ကြောင်းသိရသည်။ မိတ္ထီလာဈေးကွက်တွင် ရောင်းဝယ်ဖြစ်သော ဈေးနှုန်းများမှာ အခွံချွတ်အုန်းသီးမှာ အလုံးအကြီး/ အသေးပေါ်မူတည်၍ တစ်လုံး (၃၅၀၀-၅၀၀၀)ကျပ်၊ ပွဲဝင်အုန်းသီးမှာ (၆၀၀၀-၇၀၀၀)ကျပ်တို့ရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)

စက်တင်ဘာလ ပထမပတ်တွင်ဖြစ်ပေါ်နေသော ကယားပြည်နယ် ဆန်ဈေးနှုန်း

     ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း စက်တင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများမှာ ငစိန်ဆန်တစ်ပြည်(၃၈၀၀)ကျပ်၊ တစ်အိတ်လျှင် (၉၁၀၀၀)ကျပ်၊ ဧည့်မထ (မနောသုခ)ဆန် တစ်ပြည် လျှင်(၃၅၀၀)ကျပ်၊ တစ်အိတ်လျှင်(၈၄၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေး ဆန်(ရွှေဘို) တစ်ပြည်(၇၁၀၀)ကျပ်၊ တစ်အိတ်လျှင်(၁၇၀၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဧရာ) တစ်ပြည်လျှင် (၄၅၀၀)ကျပ်၊ တစ်အိတ်လျှင် (၁၀၅၀၀၀)ကျပ်၊ ရွှေရင်အေးဆန် တစ်ပြည်လျှင် (၆၀၀၀)ကျပ်၊ တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်နှင့် ဇီယာရှယ် တစ်ပြည်လျှင် (၃၅၀၀)ကျပ်၊ တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

        ဩဂုတ်လပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် ငစိန်ဆန် တစ်ပြည်(၂၀၀)ကျပ်၊ တစ်အိတ်လျှင်(၄၈၀၀)ကျပ်၊ ဧည့်မထ(မနောသုခ)ဆန် တစ်ပြည်လျှင်(၃၀၀) ကျပ်၊ တစ်အိတ်လျှင်(၇၂၀၀)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ရွှေဘို) တစ်ပြည်(၁၄၀၀)ကျပ်၊ တစ်အိတ်လျှင် (၃၃၆၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းသွားကြောင်း၊ ဈေးနှုန်းများ ကျဆင်းရခြင်းမှာ ဆန်ရည်ညွှန်း ဈေးနှုန်းဖြင့် ဝယ်ယူရခြင်းကြောင့် ဈေးနှုန်းကျဆင်းသွားရခြင်းဖြစ်ကြောင်းနှင့် ကျန်ဆန်ဈေးနှုန်းများ တည်ငြိမ်နေကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ဆန်ဆိုင်များမှ သိရှိရပါသည်။

DOCA(ကယား)

 

 လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

      ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည်ဖွင့်လှစ် ရောင်းချနေကြပြီး ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၈၀၅)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၈၇၀)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၀၃၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၄၂၀) ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။

     ယခင်တစ်ပတ်ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၇၉၅)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၈၈၅)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၀၀၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၃၉၅) ကျပ်ဖြင့် ရောင်းချခဲ့ကြပြီး ဈေးနှုန်းများနှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီတာလျှင် (၁၀)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၃၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ လျှင်(၂၅)ကျပ်ဖြင့် ဈေးနှုန်းများ အသီးသီးမြှင့်တက်လာပြီး Octane(95)တစ်လီတာလျှင်(၁၅)ကျပ် ဈေးနှုန်းကျဆင်းလာကြောင်း စက်သုံးဆီရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ကယား)

မိတ္ထီလာမြို့ပြည်သာယာဈေးရှိခရမ်းချဉ်သီးဈေးကွက်

         မိတ္ထီလာမြို့ပြည်သာယာဈေးရှိ ခရမ်းခဉ်သီးဈေးကွက်တွင် စက်တင်ဘာလပထမပတ်၌ ဈေးနှုန်းကျဆင်းလာကြောင်းသိရသည်။ ခရမ်းချဉ်သီးကိုဈေးကွက်၌ ဗမာခရမ်းချဉ်သီး၊ တိုင်ထောင်ခရမ်းချဉ်သီး ဟူ၍ရောင်းချသည် ကိုတွေ့ရပါသည်။ ဩဂုတ်လစတုတ္ထပတ်က ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ တိုင်ထောင်ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ် ဈေးရှိခဲ့ရာမှ ယခုတပတ်တွင် ဗမာခရမ်းချဉ်သီးမှာ(၄၀၀၀)ကျပ်၊ တိုင်ထောင်ခရမ်းချဉ်သီးမှာ(၂၀၀၀)ကျပ်ဈေးရှိပါသည်။ မိတ္ထီလာမြို့ပြည်သာယာဈေးရှိ ခရမ်းချဉ်သီးရောင်းချသည့် ဈေးသည်များမှာမြို့မဈေး၊ ဖြိုးဝေဈေးတန်းရှိ ခရမ်းချဉ်သီးပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။ ခရမ်းချဉ်သီးမှာ မိတ္ထီလာမြို့နယ်ရှိ ခရမ်းချဉ်စိုက်ကျေးရွာများမှ ထွက်ရှိနေသောကြောင့် အဝင်များသဖြင့်ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းကျဆင်းကြောင်း ဈေးကွက်မှသိရပါသည်။

DOCA(မန္တလေး)

ကယားပြည်နယ် စားဖိုဆောင်သီးနှံဈေးနှုန်းအခြေအနေ

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရီမင်္ဂလာဈေးတွင်ဖြစ်ပေါ်နေသော စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီတစ်ပိဿာ လျှင်(၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ လျှင်(၇၀၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ဆားတစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ငရုတ် သီးခြောက်(အရှည်) တစ်ပိဿာ လျှင်(၁၇၀၀၀)ကျပ်၊ ငရုပ်သီးခြောက်(အပု)တစ်ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ ကန်စွန်းရွက်တစ် စည်းလျှင်(၅၀၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင်(၁၅၀၀) ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၂၀၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ပဲတောင့်ရှည် တစ်စည်းလျှင်(၆၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင်(၁၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီရိမင်္ဂလာဈေး အတွင်းရှိ ဈေးသည်များထံမှ သိရှိရပါသည်။

    ယခင်တစ်ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင်  ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၅၀၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး ကျဆင်းသွားရခြင်းမှာ ဒေသတွင်း စိုက်ပျိုးမှုများလာခြင်းကြောင့်ဖြစ်ပြီး အာလူး တစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၅၀၀)ကျပ်၊ ပဲတောင့်ရှည် တစ်စည်းလျှင်(၁၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင်(၅၀၀)ကျပ်စီဖြင့် ဈေးနှုန်းများ တက်သွား ကြောင်းနှင့် ဈေးနှုန်းများတက်ရခြင်းမှာ ရာသီဥတုဒဏ်ကြောင့် ရေများမြှင့်တက်လာပြီး စိုက် ခင်းများ ပျက်စီးမှုများလာသောကြောင့် ဈေးနှုန်းများ မြှင့်တက်ရခြင်းဖြစ်ကြောင်း သုံးသပ်မိပါသည်။

DOCA(ကယား)

မိတ္ထီလာဘိလပ်မြေဈေးကွက်

         မိတ္ထီလာဈေးကွက်အတွင်း ယခုစက်တင်ဘာ လပထမအပတ်တွင် အပါချီဘိလပ်မြေ တစ်အိတ်လျှင် (၁၅၀၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင်(၁၇၀၀၀)ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ် လျှင်(၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် ကာလတူ နှိုင်းယှဉ်လျှင် အပါချီဘိလပ်မြေတစ်အိတ်လျှင်(၃၀၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် (၁၀၀၀)ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ်လျှင်(၃၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်းသိရသည်။ မိုးရာသီဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်းများမှအဝယ်နည်းသဖြင့် အရောင်းအဝယ်ပါး၍ ဈေးငြိမ်နေ ကြောင်း၊ ဈေးကွက်အနေဖြင့် မိတ္ထီလာမြို့သို့ သာစည်မြို့နယ်၊ ပြည်ညောင် ကျေးရွာမှ အပါချီဘိလပ်မြေ၊ ကျောက်ဆည်မြို့မှ ကြံ့နှစ်ကောင်နှင့် Alpha ဘိလပ်မြေများဝင်ရောက်ပြီး၊ မိတ္ထီလာမြို့မှ သာစည်၊ ဝမ်းတွင်း၊ မလှိုင်မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဈေးကွက်မှသိရသည်။

DOCA(မန္တလေး)

မြန်မာ့ပျားရည်တင်ပို့မှု ၄ လအတွင်းတွင် အမေရိကန်ဒေါ်လာ ၁ သန်းကျော်ရရှိ

                 မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ပျားရည်တန်ချိန် ၇၀၀ကျော် တင်ပို့ခဲ့ ရာ အမေရိကန်ဒေါ်လာ ၁.၀၆ သန်း ရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနလက်အောက်ရှိ ပျားမွေးမြူရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၄ ရက်နေ့က ပြောကြားခဲ့ပါသည်။

          ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်သည် ပျားရည်တန်ချိန် ၁၈၀၀ ကျော် တင်ပို့နိုင်ခဲ့ ကြောင်း ၄င်းက ပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့သည် ပျားရည်အများဆုံးထွက်ရှိသော ဒေသများဖြစ်ကြောင်း ဖြည့်စွပ်ပြောကြားခဲ့ပါသည်။

          မြန်မာနိုင်ငံ၏ ပျားရည်ထုတ်လုပ်မှုသည် နှစ်စဉ်တန်ချိန် ၄၀၀၀ ကျော်မည်ဟု ခန့်မှန်းထားပြီး ၆၀ ရာခိုင်နှုန်း ပြည်ပဈေးကွက်သို့ တင်ပို့ကြောင်း သတင်းရရှိပါသည်။

DOCA (ရန်ကုန်)

မိတ္ထီလာ ခဝဲသီး ဈေးနှုန်း/ဈေးကွက်အခြေအနေ

            မိတ္ထီလာခရိုင်တွင်း သာစည်မြို့နယ်ရှိ ချမ်းသာကြီးကျေးရွာတွင် ခဝဲသီးကိုစီးပွားဖြစ်စိုက်ပျိုးကြရာ ယခင်က မြေပြင်တွင်ကြဲချ၍စိုက်ပျိုးခဲ့ရာမှ ယခုအခါတွင် စင်တင်စနစ်၊ ဝါးတန်းထိုးစနစ်ဖြင့် စိုက်ပျိုးလာကြကြောင်း၊ ခဝဲသီးကိုမိုးရာသီ  ဇွန်လတွင် စိုက်ပျိုးကြပြီး ဇူလိုင်လတွင်စတင်ခူးဆွတ်ကြကာ စက်တင်ဘာလကုန်လောက်ထိ(၃)လလောက်ခူးဆွတ်ရကြောင်း သိရပါသည်။

           တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၃သိန်း၊ ၄သိန်းကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ၅သိန်း၊ ၆သိန်းရှိပါသည်။ ခဝဲသီးကို ကြော်ချက်၍စားသုံးကြရာ ကြာဇံဖြင့်ရော၍ ကြော်မည်ဆိုလျင် အရံဟင်းတစ်ခွက်အနေဖြင့် ထမင်းမြိန်သည့်အတွက် စားသုံးသူများ ကြိုက်နှစ်ကြပါသည်။

         ခဝဲသီးလှိုင်လှိုင်ထွက်တဲ့ ယခုလိုမိုးရာသီတွင် ဈေးနှုန်းအနေဖြင့် လက်ကားပိဿာဈေး တစ်ပိဿာ(၂၀၀၀/)ကျပ်၊ လက်လီပိဿာဈေး တစ်ပိဿာ (၃၀၀၀/၃၅၀၀)ကျပ် ၊ တစ်တောင့်လျှင် (၈၀၀/၁၀၀၀)ကျပ်ဈေးဖြင့် ဈေးကွက်တွင်ပေါပေါများများ ဝယ်ယူနိုင်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်၌ မိုးနှောင်းဝါသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်  လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာမှ စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်သည့် မိုးနှောင်းဝါသီးနှံများကိုစိုက်ပျိုးကြကြောင်း၊ သာစည်မြို့နယ်တွင် မိုးနှောင်းဝါ စိုက်ဧက( ၄၀၁၇) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦီးစီးဌာနစာရင်းအရ သိရှိရပါသည်။

           မိုးနှောင်းဝါကို ဩဂုတ်လဆန်းတွင် စိုက်ပျိုးကြပြီး ရက်ပေါင်း(၁၂၀)အကြာတွင် စတင်ပေါ်ကြောင်း၊ မိုးနှောင်းဝါသီးနှံကိုသီးသန့်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသည့် ဝါအမျိုးအစားမှာ ချည်မျှင်ရှည်ဝါများဖြစ်ပြီး ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကစုစုပေါင်း ငွေကျပ်( ၈ )သိန်းကျော် ကုန်ကျကြောင်း၊ ယခင်မိုးကြိုဝါမှာ  မိုးများ၍ အထွက်နှုန်းနည်းခဲ့ပြီး ဝါအရည်အသွေးညံ့သဖြင့်တောင်သူများ ဈေးမရကြကြောင်း၊ မိုးနှောင်းဝါ ယခင်နှစ် အထွက်နှုန်းအနေဖြင့်တစ်ဧကလျှင်(၃၀၀-၄၀၀)ပိဿာခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း ဝါကြိတ်စက်များ၊ သီးနှံပွဲရုံများမှတစ်ဆင့် မန္တလေး CYT နှင့် စိန်ကမ္ဘာချည်စက်များသို့ အဓိကတင်ပို့ ရောင်းချကြကြောင်း၊ ယခုအချိန်တွင် စိုက်ပျိုးထားသည့်မိုးနှောင်းဝါများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး၊ မိုးလေဝသနှင့်ရာသီဥတုကောင်းမွန်ပါက အထွက်နှုန်းကောင်းမွန်နိုင်ကြောင်း၊ ဝါ ပေါ်ချိန်တွင်လည်း ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များစွာရရှိနိုင်မည်ဟုမျှော်မှန်ထားကြောင်း ဝါစိုက်တောင်သူများ ထံမှသိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာ ဈေးကွက်တွင် အာလူးဈေးအနည်းမြင့်တက်လျက်ရှိ

           အာလူးကို ရှမ်းပြည်တောင်ပေါ်‌ဒေသများအပြင် မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင်လည်း စိုက်ပျိုးကြပါသည်။ အာလူးသည် အာဟာရတန်ဖိုးအမြင့်မားဆုံးပါဝင်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်။ အာလူးကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိတောင်ပေါ်ဒေသများတွင် အနည်းငယ်စိုက်ပျိုးကြကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သာစည်မြို့နယ်အာလူး(မိုး)စိုက်ဧက (၁၂၅)ဧက စိုက်ပျိုးကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦီးစီးဌာနစာရင်းအရ သိရပါသည်။

         မိတ္ထီလာခရိုင်တွင် ဒေသတွင်းမှအနည်းငယ်သာထွက်ရှိသဖြင့် ဈေးကွက်အတွင်း အာလူးကို ရှမ်းပြည်နယ် ဟဲဟိုး၊ အောင်ပန်း၊ သိမ်ကုန်း၊ တောင်နီ၊ သံသေ၊ ဆင်တဲ၊နောင်တရားမြို့များမှ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုအပတ်အတွင်း ဈေးကွက်အတွင်း အားလူးအဝင်နည်းသဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊ ယခုစက်တင်ဘာလပထမပတ်တွင် ပွဲရုံများ၌ လက္ကားဈေး တစ်ပိဿာလျှင်(၄၀၀၀-၅၅၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လက်လီဈေး တစ်ပိဿာ လျှင်(၄၅၀၀-၆၀၀၀)ကျပ်ဈေးရှိပြီး ယခင်လနှင့်ကာတူနှိုင်းယှဉ်လျှင် အာလူးတစ်ပိဿာ လျှင်(၁၀၀၀) ကျပ်ခန့် မြင့်တက်လာကြောင်း အာလူးပွဲရုံများမှ သိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း