Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိတ္ထီလာဈေးကွက်ရှိ တောင်ငူဒေသထွက် သီးမွှေး ဈေးကွက်

        မိတ္ထီလာမြို့ရှိ ငှက်ပျောသီးဈေးကွက်တွင် ဖီးကြမ်း၊ သီးမွှေး၊ ပြည်ဖီး တို့မှာ အရောင်းအဝယ် သွက်ရာ သီးမွှေးကို စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်နှင့် တောင်ငူတို့မှ ဝင်ရောက် ကြောင်းသိရသည်။ သီးမွှေးငှက်ပျောသီးမှာ ဈေးကွက်သို့ အခိုင်လိုက်ဝင်ရောက်ခြင်းမရှိပဲ အဖီး အနေဖြင့် ဝင်ရောက်ပါသည်။ တောင်ငူနယ်မှ ဝင်ရောက်သော သီးမွှေးမှာ အခွံတွင် ရွှေရောင်ရှိပြီး စစ်ကိုင်းနယ်မှ ဝင်ရောက်သော အသီးမှာ အခွံစိမ်းသည်ကို တွေ့ရသည်။ မိတ္ထီလာဈေးကွက်သို့ တောင်ငူမှ ၄-၅ ရက်ခြား တစ်ကြိမ် အဖီး (၁၀၀) ခန့် ဝင်ရောက်နေပြီး တစ်ဖီးလျှင် လက်လီဈေး (၇၀၀၀-၈၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ သီးမွှေးငှက်ပျောသီးမှာ အချိုပွဲအနေဖြင့်ရော အစာပြေအနေဖြင့်ပါ လတ်လတ်ဆတ်ဆတ်စားသုံးနိုင်သော သစ်သီးဝလံဖြစ်သည့်အပြင် တောင်ငူ သီးမွှေးမှာ အရောင်အားဖြင့် လှပသည့်အပြင် အရသာမှာလည်း ချိုမွှေးသည့်အတွက် ဈေးကွက်တွင် နေရာရသော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မုံရွာမြို့ရှိ ဩဇာသီး၊ ဂွေးသီးနှင့် မာလကာသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ နှစ်ရှည်သီးနှံဖြစ်သည့် ဂွေးပင်၊ မာလကာသီးပင်၊ ဩဇာသီးပင်၊ သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်နှင့် မန်ကျည်းသီးပင်များကိုလည်း မိမိတို့ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက် ရှိကြပါသည်။ စိုက်ပျိုးရရှိသော သီနှံများထဲမှ  ဩဇာသီး၊ ဂွေးသီးနှင့် မာလကာသီးမျာကို မုံရွာမြို့၊ ချင်းတွင်းရတနာဈေး၊ သံလမ်းဈေးနှင့် ဈေးဟောင်းတို့တွင်  လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင် ဩဇာသီးဈေးနှုန်းများမှာ အရွယ်အစားအလိုက် ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၉၀၀)ကျပ်၊ အရွယ်သေး အလုံးသေး (၁)လုံးလျှင်(၆၀၀)ကျပ်ဖြင့်လည်းကောင်း၊  ကီလိုမာလကာသီးဈေးနှုန်းများအနေဖြင့် အကြီးတစ်လုံးလျှင် (၆၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၄၀၀) ကျပ်ဖြစ်ပြီး အကြီးအသေး ပေါ်မူတည်ပြီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ ကျောက္ကာလမ်းဘေးတစ်လျောက်ရှိ အုန်းသီးနှင့်ရှောက်ပန်းသီးဈေးနှုန်း

       မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျောက်တွင် တွင်းမဒေသထွက် အုန်းသီးများ အဓိက ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။  အုန်းပင်ကို  အရွက်အလက်မှစ၍ အုန်းမြစ်အထိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးလည်း ပြုလုပ်နိုင်ပါသည်။ အုန်းသီးအသားကို စားသောက်ကုန်အမျိုးမျိုး အသုံးပြုနေကြပြီး အုန်းစိမ်းရည်ကို ကျန်းမာရေးအရ ဆေးဖက်ဝင်အဖြစ် သောက်သုံးနေကြပြီးလည်း ဖြစ်ကြောင်း သိရသည်။

        မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် အောက်တိုဘာလ စတုတ္ထပတ်၌ ဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်းများမှာ အုန်းစိမ်းရေသောက် အုန်းသီး အနု/အရင့်၊  အကြီး/ အသေးပေါ်မူတည်၍  အုန်းသီးတစ်လုံးလျှင် (၂၅၀၀)ကျပ်မှ (၃၂၀၀)ကျပ်အထိလည်း‌ကောင်း၊ ရှောက်ပန်းသီး တစ်လုံးလျှင် (၂၂၀၀)ကျပ်မှ (၂၅၀၀)ကျပ်ဖြင့်လည်းကောင်း မုံရွာမြို့၊ ကျောက္ကာလမ်း‌ဘေး တစ်လျောက်တွင်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့မန်ကျည်းပင်ဈေးနှင့် သာစည်ဈေးရှိ သင်္ဘောသီးနှင့် ဂွေးချိုသီးဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ရာသီပေါ်ခြံထွက်သီးနှံများ နှစ်ရှည်သီးနှံပင်များနှင့် စားသောက်ကုန်များ အများအပြား စိုက်ပျိုးရောင်းဝယ်လျက်ရှိသည်။ စိုက်ပျိုးရရှိသော သင်္ဘောသီးများနှင့် ဂွေးချိုသီးများကို မုံရွာမြို့ပေါ်ရှိ မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် လာရောက်ရောင်းချကြကြောင်း သိရှိပါသည်။ သင်္ဘောသီးအစိမ်းမှာ သွေးကျဲစေသော ဓာတ်တစ်မျိုးပါရှိပြီး အမှည့်မှာ မျက်စိအမြင်အာရုံအား ကောင်းစေပါသည်။ သင်္ဘောသီသည် သင်္ဘောသီးဖျော်ရည်၊ သင်္ဘောသီးသုပ်နှင့် အိမ်ရှင်မများ အကြိုက်ဟင်းလျာများတွင် အများအပြားထည့်သွင်းအသုံးပြုကြသော အဖိုးတန်သစ်သီး တစ်မျိုးဖြစ်ပါသည်။

          အောက်တိုဘာလ စတုတ္ထပတ်တွင် မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် သင်္ဘောသီးအစိမ်းတစ်လုံးလျှင် (၈၀၀/၁၃၀၀) ကျပ်နှင့် အမှည့်တစ်လုံးလျှင် (၃၈၀၀/၄၅၀၀) ကျပ်၊  ဂွေးချိုသီး (၁၈)လုံးပါ တစ်ထုပ်လျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းလျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ရှောက်သီးနှင့် သံပုရာသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးနှင့် သံလမ်းဈေးတို့တွင် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက်ရောင်းချသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

         သံပုရာသီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သံပုရာယို၊ သံပုရာ ဖျော်ရည်နှင့် အသုပ်များတွင် ထည့်သွင်းစားသုံးရပြီး ရှောက်သီးမှာ ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသည့်အတွက် အသုံးဝင်းသော အသီးပင်ဖြစ်ပါသည်။

          အောက်တိုဘာလ စတုတ္ထပတ်တွင် မုံရွာမြို့ မြသလ္လာဈေး၊ သံလမ်းဈေးနှင့် ရပ်ကွက် ဈေးတို့၌ သံပုရာသီးဈေးနှုန်းမှာ အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံးလျှင် (၁၅၀/-) ကျပ်မှ (၈)လုံးလျှင် (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ရှောက်သီး(အသေး) (၁)လုံး လျှင် (၃၀၀)ကျပ်နှင့် ရှောက်သီး(အကြီး)(၁)လုံးလျှင်(၄၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြေပဲစိုက်ပျိုးထုတ်လုပ်မှု တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်

 

          ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ မြေပဲ (၅၇၁၉) ဧက စိုက်ပျိုးခဲ့ပြီး စက်တင်ဘာလ(၃၀)ရက်နေ့အထိ (၁၉၄)ဧက ရိတ်သိမ်းပြီးစီးကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ (၃၀-၉-၂၀၂၅)ရက်နေ့အထိ စာရင်းအရ သိရှိရပါသည်။

          ကယားပြည်နယ်၌ ဒေသနှင့်ကိုက်ညီသော မြေပဲများကို အဓိကထားစိုက်ပျိုးကြပါသည်။ မြေပဲစိုက်ပျိုးသည့် တောင်သူများမှာ တစ်ဧကအထွက်နှုန်းတိုးတက်စေရန် မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊ သွင်းအားစုများ၊ နွားချေး၊ ကွန်ပေါင်း၊ ဓာတ်မြေဩဇာ၊ မြေတွင်းအောင်းပိုးသတ်ဆေး စုစုပေါင်းတစ်ဧကကုန်ကျစရိတ်မှာ(၇၅၀၀၀၀)ခန့် ကုန်ကျကြောင်း တောင်သူကြီးများထံမှ သိရှိရပါသည်။

          ယခု ၂၀၂၅ ခုနှစ်တွင် မြေပဲ တစ်ဧကအထွက်နှုန်းမှာ တင်း(၄၆.၄၅)တင်းခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ ယခုမြေပဲ လက်ကားဈေးတစ်တင်းလျှင်(၄၀၀၀၀)ကျပ် ခန့်မှန်းပေါက်ဈေးအရောင်း အဝယ်ရှိပြီး မြေပဲတင်း(၄၆.၄၅)တင်းကို (၄၀၀၀၀)ကျပ်နှုန်းဖြင့် ရောင်းလျှင်(၁၈)သိန်းကျော်ခန့် ရရှိကာ တစ်ဧကစိုက်ပျိုးလျှင်( ၁၀)သိန်းကျော်ခန့် အမြတ်အစွန်းရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ကယား)

သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ရှောက်ချိုသီးနှင့် သလဲသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် ‌ရှောက်ချိုသီးနှင့် သလဲသီးများ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ရှောက်ချိုသီးများကို ကျောက်မဲနှင့် သီပေါနယ်များမှ ဝင်ရောက်လျက်ရှိပြီး သလဲသီးများကို မုံရွာမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင် သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော  ရှောက်ချိုသီးဈေးနှုန်းများမှာ ရှောက်ချိုသီးတစ်လုံးလျှင် (၄၀၀)ကျပ်မှ (၇၀၀)ကျပ်ဖြင့်လည်းကောင်း၊ သလဲသီးဈေးနှုန်းမှာ သလဲသီးအကြီး(၁)လုံးလျှင် (၁၀၀၀) ကျပ်၊ အသေး (၁) လုံးလျှင်(၆၀၀)ကျပ် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင် ရောင်းချနေသော ကန်စွန်းဥဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင်အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ကန်စွန်းဥသည် သဲနုန်းမြေနှင့်မြေပွများတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ ကန်စွန်းဥကို မီးဖုတ်၍သော်လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်း၊ အုံးနို့သာကူ၊ ပူတင်းတို့တွင် ထည့်၍လည်းကောင်း သရေစာအဖြစ် ပြုလုပ်စားသုံးကြကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ  စတုတ္ထပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတို့တွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၃၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ကြောင်း ကန်စွန်းဥ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက်အသီးအရွက်များဖြစ်သည့်   မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင်  ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်နေသော  မန်ကျည်းသီးအစိမ်းဈေးနှုန်းမှာ  နို့ဆီဘူး (၁)ဘူးလျှင် (၅၀၀)ကျပ်၊ တစ်ပြည်လျှင် (၄၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ မန်ကျည်းသီးအမှည့်ဈေးနှုန်းများမှာ မန်ကျဉ်းသီးမှည့် အစေ့လွတ် (၁) ပိဿာလျှင် (၇၀၀၀) ကျပ် မှ (၈၀၀၀) ကျပ်၊ မန်ကျဉ်းသီးမှည့်အစေ့ပါ(၁) ပိဿာ လျှင် (၅၀၀၀) ကျပ်မှ (၅၅၀၀) ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သာစည်ဈေးရှိ ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီးနှင့် ပဲတောင့်ရှည် ဈေးနှုန်း

          မုံရွာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ သာစည်ဈေးအတွင်းသို့ ရာသီစာ အသီးအရွက်များအပြင် ဗုံလုံးသီးနှင့် ပဲတောင့်ရှည်များလည်း လာရောက်ရောင်းချကြပါသည်။ ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီးများကို ပုစွန်ဖြင့်အစာသွပ်၍လည်းကောင်း၊ ကြက်ဥဖြင့်ရောမွှေ၍ ကြောက်ချက်၍သော်လည်းကောင်း၊ ဝက်သားဖြင့် ရောက်ချက်၍လည်းကောင်း စားသုံးနိုင် ကြပါသည်။ ပဲတောင့်ရှည်သည် လူတိုင်းကြိုက်ကြသည့် အသီးတစ်မျိူးလည်းဖြစ်ပြီး အကြော်၊ အတို့၊ အမြုပ်၊ သီးစုံပဲဟင်း စသည်တို့ဖြင့် အမျိုးမျိုး စားသုံးကြသည်။

          မုံရွာမြို့၊ သာစည်ဈေးတွင်  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္တပတ်တွင် ဖြစ်ပေါ် နေသော  ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၁၂၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ်တစ်တောင့်လျှင် (၉၀၀) ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေးတစ်တောင့်လျှင်(၇၀၀)ကျပ်ဖြစ်ပြီး ပဲတောင့်ရှည် စျေးနှုန်းမှာ တစ်ပိဿာလျှင် ၂၄၀၀- ၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း