Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းများအား သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဝန်ထမ်းတို့သည်   ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော််မတီ၏ ညွှန်ကြားချက်အရ သက်ဆိုင်ရာဌာနများဖြင့်ပူး‌ပေါင်း၍ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ( ၂၅ )ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မုံရွာမြို့နယ်၊ မုံရွာမြို့ပေါ်ရှိ " သန့်"  စားသောက်ကုန်လုပ်ငန်းနှင့် ကောင်းကြိုက် စားသောက်ကုန်လုပ်ငန်းများသို့ MSME - လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      အဆိုပါကွင်းဆင်းရာတွင် ထုတ်လုပ်သော ကုန်စည်နှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ(၄၁)၊ (၄၃)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ပတ်သက်၍ ပြုလုပ်ရေးသားဖော်ပြရန်နှင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင် စားသုံးသူ စိတ်ကျေနပ်မှုရှိစေရေး၊ လုပ်ငန်းခွင်တွင် သန့်ရှင်းသပ်ရပ်စေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရ မှုရှိစေရေးတို့အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား၂၀၂၆ ခုနှစ်၊ စက်တင် ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းများသည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ငွေအိုး” ဆေးနှင့်ဆေးပစ္စည်းဆိုင်အား  ဈေးနှုူန်းမြှင့်တင် ရောင်းချခြင်းရှိ/မရှိနှင့် ဆေးဝါးများပြတ်လပ်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူရရှိမှုအခြေအနေ၊ ရောင်းချနေသည့် ဈေးနှုန်းများမြင့်တက်ခြင်းရှိ/ မရှိနှင့် ဆေးလက်ကျန်တို့အား အဓိကစစ်ဆေးခဲ့ကြောင်း၊ ဆက်လက်၍ ဆေးဝါးများ၏ ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ၊ စံမညီဆေးဝါးများကို ရောင်းချခြင်းမပြုရန် လုပ်ငန်းရှင်များအား အသိပညာပေးခဲ့ကြောင်း၊ ထို့အပြင် ဆေးဝါးများကို စည်းကမ်းတကျ သိုလှောင်ထားရှိမှုရှိ/မရှိ၊ ဆေးဆိုင်လိုင်စင် တရားဝင်ရှိ/မရှိတို့ကိုလည်း စစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်း မြှင့်တင်ရောင်းချရန်အလို့ငှာ သိုလှောင်ခြင်းများ ပြလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး မြို့မဈေးရှိ ဆန်ဆိုင်များအား ကွင်းဆင်း

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၂)ဦးတို့သည် ကန့်ဘလူမြို့မဈေးရှိ ဆန်လက်လီ၊လက်ကား ရောင်းချသည့်ဆိုင်များအား ဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်သိုလှောင်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ကြောင်း၊ ထို့နောက်တာဝန်ရှိသူများသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေ အနေတို့အား စစ်ဆေးခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်တန်ချိန် ၂၅ သို့မဟုတ် စပါးတင်း ၂၅၀၀နှင့် အထက် သိုလှောင်ရုံပိုင်ဆိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် Myanmar Rice Online(MyRo)- www.myro.com.mmတွင်မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးပြောကြားကာ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီကားရောက်ရှိမှုနှင့် လက်လီအရောင်းဆိုင်များအား      ပုံမှန်ကွင်းဆင်းစစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူခရိုင်မှ တာဝန်ခံဦးမျိုးဝင်းသန်းသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုနှင့် စားအုန်းဆီ လက်လီအရောင်းဆိုင်များအား   အချိန်အတွယ်မှန်ကန်မှု ရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ကန့်ဘလူမြို့နယ်၌ ပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိရာ  လက်လီအရောင်းဆိုင်များမှ စားအုန်းဆီကို ရည်ညွှန်းဈေးနှုန်းနှင့် ၂% အမြတ်တို့ဖြင့်  အိမ်ထောင်စုတစ်စု(စာအုပ်တစ်အုပ်)လျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း၊ သယ်ယူပို့ဆောင်ရေး လမ်းခရီးအခြေအနေအရ ဆီရောက်ရှိမှုအပေါ်မူတည်၍ အိမ်ထောင် စုတစ်စု(စာအုပ်တစ်အုပ်)လျှင် သတ်မှတ်ထားသည့် (၂)ပိဿာနှုန်းပြည့်မီအောင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း လက်လီအရောင်းဆိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့အကောက်ခွန်(ကင်းစခန်း)၌ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းထားပြီး အများပြည်သူသုံးစွဲရန်မသင့်သော ပိတ်ပင်တားမြစ်ကုန်ပစ္စည်းများအား မီးရှို့ဖျက်ဆီး

    (၂၃.၉.၂၀၂၆) ရက်နေ့တွင် တမူးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ ကလေးမြို့ အကောက်ခွန် (ကင်းစခန်း) ၌ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းထားပြီး အများပြည်သူသုံးစွဲရန်မသင့်သော ပိတ်ပင်တားမြစ်ကုန်ပစ္စည်းအား မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ တမူးမြို့မှ ဦးလှိုင်ဝင်းကျော် ( လ/ထအကောက်ခွန်မှူး ) မှ ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနတို့ပူးပေါင်း၍  ကလေးမြို့အကောက်ခွန် (ကင်းစခန်း) တွင် မီးရှို့ဖျက်ဆီးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         မီးရှို့ဖျက်ဆီးရာတွင် တမူးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ ကလေးမြို့ အကောက်ခွန် (ကင်းစခန်း) တွင် ( ၂−၈−၂၀၂၆ ) ရက်နေ့တွင် သိမ်းဆည်း အရေးယူဆောင်ရွက်ခဲ့ပြီး ( ၃၁−၈−၂၀၂၆ ) ရက်နေ့တွင် သိမ်းဆည်းမိန့်ထုတ်ပြန်ထားပြီးဖြစ်သည့် အများပြည်သူသုံးစွဲရန်မသင့်သော ပိတ်ပင်တားမြစ် ကုန်ပစ္စည်းဖြစ်သည့် Brand; ESSE Speical Gold Cigaretes, ( 1×10U×50 Ctn ), ( 26 ) Pkgs, 1300 Ctn, C/O – S/Krea ခန့်မှန်းတန်ဖိုးအနေဖြင့် ကျပ် ( ၃၂,၅၀၀၀,၀၀၀ ) အား နံနက် ( ၁၀:၀၀) နာရီအချိန်မှ စတင်၍ ( ၁၂:၄၃၀ ) နာရီအချိန်ထိ ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့နယ်၊ နတ်(ပျဉ်း)အုပ်စု၊ နတ်ကြီးကုန်းကျေးရွာသို့ မိတ်ဖက်အဖွဲ့များဖြင့် အသိပညာပေးဟောပြော

        (၂၃.၉.၂၀၂၆ ) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကလေးမြို့ရှိ မိတ်ဖက်ဌာနများဖြစ်သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့သည် ကလေးမြို့နယ်၊ နတ်(ပျဉ်း)အုပ်စု၊ နတ်ကြီးကုန်းကျေးရွာနေ ပြည်သူ ( ၃၀ ) ဦးအား အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

      အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် ဌာနများအလိုက် မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြပြီး ချေးငွေရယူနိုင်မှုအခြေအနေများ၊ ကုန်ထုတ်လုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းခင်းနိုင်မှုအခြေအနေများစသည်ဖြင့် ကျေးရွာနေပြည်သူများအနေဖြင့် ရယူနိုင်သည့် အခွင့်အလမ်းများကို ပြောကြားခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သိမ့်သိမ့်ထွန်း ( ဒု−ဦးစီးမှူး ) သည် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး ( ၈ ) ချက်နှင့် ကုန်အညွှန်းအမှတ်အသားများကြည့်ရှု၍ ရွေးချယ်ဝယ်ယူတတ်စေရန်နှင့် မိမိတို့အခွင့်အရေးများဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဖြန့်ဝေပေးနိုင်ရန်အတွက် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်တွင် တရားမဝင်ကုန်သွယ်မှုစစ်ဆေးရေးအဖွဲ့ Mobile Team ကွင်းဆင်းစစ်ဆေး

      ( ၂၂.၉.၂၀၂၆ ) ရက်နေ့တွင် ခရိုင်ရဲတပ်ဖွဲ့မှူးမှ ဦးဆောင်၍ တရားမဝင်ကုန်သွယ်မှု စစ်ဆေးရေးအဖွဲ့ဝင်များဖြစ်သည့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မိတ်ဖက်ဌာနများသည် ကလေးမြို့ပေါ်ရှိ ကားအရောင်းစင်တာ၊ ကားဂိတ်များ၊ ဂိုထောင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက် ပွင့်လင်းမြင်သာမှုရှိစေ၍ သယ်ဆောင်သည့်လမ်းကြောင်းတွင်သာမက သိုလှောင်သည့် အဆောက်အဦများရောင်းချသည့် ဈေးဆိုင်များအထိပါ စစ်ဆေးအရေးယူနိုင်မည့်နည်းလမ်းများ ဖော်ထုတ်စစ်ဆေး အရေးယူနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စက်တင်ဘာလအတွင်း မန္တလေးတိုင်းဒေသကြီးမှ  ကုန်အညွှန်းအမှတ်အသား စိစစ်ပေးနိုင်မှု

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေ သကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲသည် စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်း ရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့် မားသည့် ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

          ထိုသို့ ကုန်အညွှန်းအမှတ်အသားများ စိစစ်ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်ပစ္စည်းထုတ်ပိုးမှုအပေါ် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက် အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အချက်အလက်များအား ပြည့်စုံစွာ ပါဝင်မှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလအတွင်း လုပ်ငန်းရှင် (၃၈)ဦးမှ လာရောက်လျှောက်ထားသော စားသောက်ကုန် (၁၄၇)မျိုး၊ အလှကုန်(၆၂)မျိုး၊ နှင့် လူသုံးကုန်(၁) စုစုပေါင်း(၂၁၀)မျိုးနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လပတ်တွင် လုပ်ငန်းရှင်(၂၂၅)တို့အား စားသောက်ကုန် (၈၄၂)၊ လူသုံးကုန် (၁၀)၊ အလှကုန် (၉၃) စုစုပေါင်း (၉၄၅)ကုန်အညွှန်းအမှတ်အသားများစိစစ်ခွင့်ပြုပေးခဲ့ကြောင်းသတင်းရရှိပါသည်။ DOCA(မန္တလေး)                                                                                                    

မြင်းခြံမြို့ရှိ အေးမြသီတာဈေးတွင် ကုန်စည်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး 

         မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် မြင်းခြံမြို့၊ အေးမြသီတာဈေး အတွင်းအပြင်ရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကုန်စည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိစေရေး ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင် ဦးစီးမှူး ဦးတင်ဇော်ထွေး ဦးဆောင်၍ စစ်ဆေးရေးမှူးများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၂၄.၉.၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြ ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့်ဝန်ထမ်းများသည် ရောင်းချ လျက်ရှိသော ကုန်စည်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှု ရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထား သောအချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ထုတ်လုပ်ရောင်းချကြရန်၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များအား လိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့် အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့်ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် များအား အစဉ်တစိုက်လိုက်နာ ရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြ ပါသည်။

            ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်သူ၊ ရောင်းချသူများပါ ဥပဒေပါပြဌာန်းချက်များကို လိုက်နာလာခြင်း၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့် အညီရောင်းချလာခြင်းကြောင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ လျော့နည်းပပျောက်လာခြင်း ဖြစ်ပေါ်စေမည်မှာ အမှန်ပင်ဖြစ်ပါသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေး MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

              ၂၀၂၆ ခုနစ်၊ စက်တင်ဘာလ(၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်း မြို့ နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေးနှင့် MSME စက်မှုလုပ်ငန်း သုံးစားအုန်းဆီများ လုပ်ငန်းခွင်များတွင်အမှန်တကယ်အသုံးပြုစေရေးအတွက် စားသုံးသူရေးရာဦးစီး ဌာန၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်တာဝန်ခံရုံးရှိဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကျင်းပခဲ့ပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က MSME လုပ်ငန်းများအတွက်အသုံးပြုရန် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှ ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလည်းဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး၊ MSME လုပ်ငန်းများ တွင်  အမှန်တကယ်အသုံးပြုရမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည် အမျိုးအစား တွင် ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် ပြန်လည်သယ်ယူရောင်းချခွင့် မရှိ ပါကြောင်း၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်လစဉ် လိုအပ်ချက်စားအုန်းဆီများကိုလည်း ကွင်းဆင်း စိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများ ထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင် စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကူညီပေးခြင်း၊ MSME လုပ်ငန်းများ ကြီးထွားလာစေရန်၊ လုပ်ငန်း အမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာ များ၊ အရင်းအနှီးချေးငွေရရှိရေး၊ ပြပွဲပြိုင်ပွဲတွင်ပါဝင်ပြသနိုင်ရေး စသည့်လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိ ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

          ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များဆွေးနွေး မေးမြန်းရာ မြို့နယ်တာဝန်ခံက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်(၆၀) ဦးတက်ရောက် ခဲ့ကြောင်းနှင့်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေး နွေးပွဲအခမ်းအနားကို နေ့လည် ၁၁:၄၅  နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ