Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ကြီးမြို့ပေါ်ရှိ WELINK FIBER INTERNET SERVICE CENTER အင်တာနက်ဝန်ဆောင်မှုအား ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း          

      စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးရှိ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးခွန်ကျော်ဌေး ဦးဆောင်သောဝန်ထမ်းများသည် (၁၈-၁၂-၂၀၂၅)ရက်နေ့  နေ့လယ် (၁၃:၃၀)အချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍  WELINK FIBER INTERNET SERVICE CENTER သွားရောက်၍ ဆက်သွယ်ရေး ဝန်ဆောင်မှု ကဏ္ဍနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထိုသို့ စစ်ဆေးရာတွင် တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့်အဖွဲ့သည် ဆက်သွယ်ရေး ဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)လုပ်ငန်းရှင်များအား မိမိတို့ဝန်ဆောင်မှုပေးသော လုပ်ငန်းများ တွင် မိမိတို့ဆိုင်များမှ ပေးအပ်သည့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက်ခြင်း၊ သတင်းအချက်အလက်များကို ကြိုတင်အသိပေး ဖော်ပြစေရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုအပ်သော သတင်းအချက်အလက်ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင် အသိပေးဆောင်ရွက်ခြင်းတို့ကြောင့် စားသုံးသူများ၏ နေ့စဉ်ကိစ္စရပ်များ အဆင်ပြေချောမွေ့ပြီး အခွင့်အရေးကို ပြည့်ဝစွာ ရရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (18) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မိုးနဲမြို့ပေါ်ရှိ ရွှေဥယျာဉ်သောက်ရေသန့် စက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် သောက်ရေသန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားအရ ထည့်သွင်း ပေးရမည့် အမျိုးအမည်၊ အရွယ်အစား၊ ထားသိုသိမ်းဆည်းမှုအညွှန်းများကို ထည့်သွင်းပေးရမည် ဖြစ်ကြောင်း၊ ယခုအချိန်၌ ဈေးကွက်အတွင်းတွင် မိမိစက်ရုံထုတ် ရေသန့်ဗူးခွံများ မဟုတ်သည့် အခြားစက်ရုံထုတ်ရေသန့်ဗူးခွံများရှိ အမှတ်တံဆိပ်များကိုခွာပြီး မိမိတံဆိပ်များကပ်၍ ရောင်းချခြင်း များရှိနေသဖြင့် ရေသန့်လုပ်ငန်းရှင်အချင်းချင်း စည်းကမ်းရှိရှိ စောင့်ထိန်းဆောင်ရွက်နိုင်စေရန် ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

       ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့၊ နေ့လယ် (၁၆:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ ရပ်ကွက် (၁)အတွင်းရှိ ကမ္ဘောဇဘဏ် (KBZ BANK)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် ဘဏ်ဝန်ထမ်း စုစုပေါင်း (၂၈)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

          ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ဘဏ်ဝန်ထမ်းများအား အသိပညာပေး ဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး နှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏ တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည် တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသော အစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွ ပြသခဲ့ပါသည်။

          ယင်းနောက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)အကြောင်း ရှင်းလင်းပြောကြားကာ Consumer Call Center ဖြစ်သည့် (၁၅၃၅) သို့ လက်တွေ့ခေါ်ဆိုမှု ပြုလုပ်ဆောင်ရွက်ခဲ့ပြီး  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို  (၁၇:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ရှမ်း)

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၂) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့နယ်ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ပင်းတယမြို့၊ ဈေးတန်းရပ်ကွက်ရှိ   ဒေါ်အေးအေးသက် ကုန်စုံဆိုင်တွင် စည်သွပ်ဗူးအမျိုးမျိုးအား စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာ၌ A1 Boss နှင့် A1 Flying Fish ဆာဒင်းငါးသေတ္တာ စည်သွပ်ဗူးနှင့် တခြားကုန်စည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားကြောင်း တွေ့ရှိ ရပြီး အဆိုပါ စီးပွား‌ရေးလုပ်ငန်းရှင်အား စားသုံးသူ ဘေးအန္တရာယ် ဖြစ်စေနိုင်သော ကုန်စည် များရောင်းချခြင်း မပြုရန်၊ သတ်မှတ်စံချိန် စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့်ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာ ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ပင်းတယမြို့ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍(၁၇.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၁၀)အချိန်တွင် ပင်းတယမြို့ရှိ ဆန်ဆိုင်များအား ဒေသအတွင်း ဈေးကွက်ဈေးနှုန်း တည်ငြိမ်စေရန်အတွက် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိ/ မရှိ၊  ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေး ၊ အလေးချိန်မှန်ကန်စွာဖြင့် ချိန်တွယ် ရောင်းချမှုများရှိ /မရှိ နှင့် ဆန်သိုလှောင်မှုအခြေအနေ လက်ကျန်ဆန်အိတ်အရေအတွက်၊ လုပ်ငန်းလိုင်စင် ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ပင်းတယမြို့နယ်အတွင်းရှိ စားအုန်းဆီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊  ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် ဒီဇင်ဘာ (၁၆) ရက်နေ့တွင် ပင်းတယမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိတို့ရရှိသောခွဲတမ်းများကို စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချ ပေးပြီး စာအုပ်မရှိသော စစ်ဘေးရှောင်များကိုလည်း ရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်း မြှင့်တင် ရောင်းချ ခြင်းမရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချပေးပါကြောင်း၊ သိုလှောင်ထား ရှိခြင်းလည်း မရှိပါကြောင်း၊ ရောင်းချမှုလက်ခံစာရင်းဇယားများလည်း စနစ်တကျထားရှိပါကြောင်း စစ်ဆေး တွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း/ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရောင်းချရမည့် ကျေးရွာများကိုလည်း စဉ်ဆက်မပြတ် ရောင်းချပေးနိုင်ပါရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကျောက်ပန်းတောင်းမြို့ရှိ ဆန်ဆိုင်များသို့ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချစေရေးကွင်းဆင်း

                                                   စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဦးဆောင်၍ မိတ်ဖက်ဌာနများ ဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများနှင့်ကျောက်ပန်းတောင်းမြို့၊ဈေးကွက်သစ်ရပ်ကွက်ရှိကောင်မြတ်ဆန်ပွဲရုံသို့ ၁၇.၁၂.၂၀၂၅ ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

                     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ကောင်မြတ်ဆန်ပွဲရုံ ဆန်လက်လီ၊လက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ  ရွှေဘိုပေါ်ဆန်းသစ်(၂၄)ပြည်တစ်အိတ်လျှင်(၁၇၅၀၀၀)ကျပ်၊ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ် လျှင်(၁၅၅၀၀၀) ကျပ်၊ ဆင်းသုခ (၂၄)ပြည်တစ်အိတ် လျှင်(၆၀၀၀၀)ကျပ်နှင့် ဖန်သီးသုခ(၂၄)ပြည် တစ်အိတ်လျှင်(၇၈၀၀၀)ကျပ်များဖြင့် သင့်တင့်မျှတသော ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်ပိုင်ရှင် ဒေါ်အိအိတုံအားဈေးကွက်အတွင်း ဆန်များပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ကြစေရေးတို့အား ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့တွင် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီး မှူး)နှင့်ဝန်ထမ်းများသည် (၁၈-၁၂-၂၀၂၅)ရက်နေ့၊နံနက်(၀၈:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ရှိ စားအုန်းဆီလက်ကားကိုယ်စားလှယ် ဦးသန်းဝင်း၏စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

            စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းကို Vinyl များချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကို လည်း (၂%)အမြတ် ထက်ကျော်လွန်၍ ရောင်းချခြင်းများမရှိစေရေး၊ အရည်အသွေး၊ အလေးချိန် အချင်အတွယ်မှန်ကန်စွာဖြင့်ပြည်သူများလက်ဝယ်သို့သတ်မှတ်သောနှုန်းထားဖြင့်အမှန်တကယ်တိုက်ရိုက်ရောင်းချစေရေး၊ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်၍ လုပ်ငန်းရှင်များအနေဖြင့် ရောင်းဝယ်မှုပြုရာတွင် မှန်(၆)မှန်ဖြစ်သော လက်ကား/ လက်လီစာရင်းမှန်ရန်၊ နေရာမှန်ရန်၊ အချိန်မှန်ရန်၊ ဈေးနှုန်းမှန်ရန်၊ အရေအတွက်မှန်ရန်နှင့် အချိန်အတွယ်နှင့်အရည်အသွေးမှန်ကန်ရန် စသည့်အချက်များနှင့်ကိုက်ညီစွာလုပ်ကိုင်ဆောင်ရွက်လိုအပ်ပါ ကြောင်း အသိပေး၍ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်တွင် ဆန်လက်လီ၊ လက္ကားရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့“မြို့မဈေး”ရှိ ဆန်လက်လီ၊လက်ကား ရောင်းချသည့်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဆန်လက်လီ/ လက္ကားအရောင်းဆိုင်များရှိ ဆန်အမျိုးအစားနှင့် ဈေးနှုန်းအခြေအနေတို့အားစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း၊ ထို့နောက် တာဝန်ရှိသူများသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေတို့အားစစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးအလို့ငှာ ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့် အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်ပါက မိမိတို့၏ သိုလှောင်ရုံများကို Myanmar Rice Online (MyRo)-www.myro.com.mm တွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ရန် အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်ရှိ စားသုံးသူများမှ Consumer Call Center (1535)သို့ဖုန်းခေါ်ဆို

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ် တာဝန်ခံဦးမျိုးဝင်းသန်းသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ ဖြင့်စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲ၊ လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

      အဆိုပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ သိရှိလိုသည်များကို Consumer Call Center (၁၅၃၅)ကို ရုံးဖွင့်ရက်များမှာ ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျက်ရှိရာ (၁၈.၁၂.၂၀၂၅) ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ စားသုံးသူတစ်ဦးက Consumer Call Center (၁၅၃၅) လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆို၍ စားသုံးသူ၏အခွင့်အရေးများနှင့် အွန်လိုင်းရောင်းဝယ်မှု မှတ်ပုံတင်ခြင်းအကြောင်းတို့အား ဖုန်းခေါ်ဆိုမေးမြန်းခဲ့ရာ  Consumer Call Center မှတာဝန်ရှိသူများက စားသုံးသူသိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ